Switch Mode

အပိုင်း( ၅၂၃)

မှော်နက်သခင်၏ဆက်ခံသူ

အဝေးမှ လူတစ်အုပ်များစွာက မြန်ဆန်စွာ ပြေးလာ နေကြသည်။ သူတို့အားလုံး ရီဖူရှင်းနောက်မှ လိုက်လာကြခြင်း ဖြစ်သည်။ လူသားကမ္ဘာနှင့် ဓားကျေးရွာမှ ယန်ချူတို့က အမြန်ဆုံး ဖြစ်သည်။ သူတို့အားလုံးက ရီဖူရှင်းကို အေးစက်စွာ ကြည့်ကြသည်။ သူတို့အားလုံးက အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်၏ လှည့်စားခြင်းကို ခံကြရ၏။

နန်ဟောင်လည်း ရောက်လာသည်။ ရွှေဝါရောင် အလင်းများဖြင့် သူကား နတ်ဘုရား တစ်ပါးနှယ်..။

လူတိုင်းက ရှေးဟောင်း နန်းတော် နေရာကို ကြည့်နေကြသည်။ သူတို့ အားလုံး၏ နောက်ခံ အင်အားများက တောင့်သည်။ ထို့ကြောင့် တခြားလူများ မသိသော အရာများကို သူတို့ သိသည်။ သူတို့အားလုံးက ရီဖူရှင်းကို စောင့်ကြည့် နေကြသည်။ ရီဖူရှင်းတွင် တံဆိပ်ပြား လုံလုံလောက်လောက် ရှိသောအခါ သူတို့က သူ့ထံမှ လုယက်ကြမည် ဖြစ်သည်။ သူတို့အတွက် ရီဖူရှင်းက ရန်သူမဟုတ်ပေ။ အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်အား သူတို့အတွက် ရှေးဟောင်း နယ်မြေကို ဖွင့်လှစ်စေခြင်းက မဖြစ်နိုင်ပေ။ သူတို့၏ တကယ့်ရန်သူများက ထိပ်သီးအင်အားစု အချင်းချင်း ဖြစ်သည်။

သို့သော်လည်း ရီဖူရှင်းက ရှေးဟောင်း နယ်မြေကို သူကိုယ်တိုင် ဖွင့်လှစ်ခဲ့ခြင်း မရှိပေ။ သူက နောက်တစ်ယောက်ကို ကိုယ်စား ဖွင့်လှစ်စေခဲ့၏။

မွေးကတည်းက ဤသို့တစ်ခါမှ အလိမ်မခံဖူး။ အထူးသဖြင့် နန်ဟောင်အတွက် အရှက်ရဖွယ်ရာ ကောင်း၏။ သူက ရိုးရိုး လက်စွပ်တစ်ကွင်း အတွက် လုယက် တိုက်ခိုက်ခဲ့ရသည်။

နန်ဟောင်တို့ အုပ်စုက ဧရာမမီးတောက် နတ်ဘုရား ပုံရိပ်ကြီးအား ကြည့်ကြသည်။ အဆိပ်မီးတော်မြို့ကား တော်ဝင်ကျဲ နန်းတော်မှ မီးဓာတ်တွင် ကျွမ်းကျင်သော ပညာရှင် ရှန့်ထိုတန်ခိုးရှင်များက နှောင်းလူများအတွက် ချန်ထားရစ်သော မျိုးဆက်အမွေ ဖြစ်သည်။

တော်ဝင်လမ်းမှ ရှေးဟောင်း နေရာများက တော်ဝင်ကျဲ နန်းတော်၏ ဘိုးဘေးများ ချန်ထားခဲ့သော အမွေအနှစ်များ ဖြစ်ကြသည်။ သူတို့ သေဆုံးသွားပြီးနောက် တော်ဝင်လမ်း၏ လမ်းခွဲတစ်ခုစီ ဖြစ်သွားခဲ့ကာ ဆက်ခံသူများကို စောင့်လင့်ခဲ့ကြသည်။ သာမန်လူများက တော်ဝင်ကျဲ နန်းတော်၏သမိုင်းကြောင်းကို နားလည်မည် မဟုတ်ပေ။

“ကျုပ်ကို တံဆိပ်ပြားပေးတဲ့ ဘယ်သူမဆို ရှေးဟောင်း နယ်မြေထဲကို တန်ခိုးကျင့်ဖို့ ဝင်လို့ ရတယ်…” ရီဖူရှင်းက ကျယ်လောင်စွာ ပြောသည်။ သူက မီးနတ်ဘုရား ပုံရိပ်ကြီး၏ အလယ်ဗဟိုတွင် ရပ်လျက်ကာ အဝေးမှပင် ကြားနိုင်လောက်အောင် အော်ပြောသည်။ တံဆိပ်ပြားများကို ပေးအပ်ခဲ့ကြသော လူများအားလုံးက စိတ်လှုပ်ရှား ပျော်ရွှင် သွားကြသည်။

ရီဖူရှင်းက ဧရာမ ရှေးဟောင်း နယ်မြေကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကာ သူတို့အပေါ် ပေးထားသော ကတိကို တည်ရန် အဆင်သင့် ဖြစ်နေပြီ။ သည်တစ်ခေါက်မူကား ရှေးဟောင်း နယ်မြေကို ဝင်ရောက်မည့် လူများကို ကန့်သတ်ထားသည်။ သူ့အား တံဆိပ်ပြား ပေးအပ်သူများသာလျှင် ဝင်ခွင့်ရမည်။ ယခင်က သူက အားလုံးကို သူနှင့်အတူ အကျိုးအမြတ် မျှဝေခံစား စေခဲ့သော်လည်း ယခုတစ်ခေါက်က ကွဲပြား ခြားနားပေသည်။ တော်ဝင် တံဆိပ်ပြားကို ပုံအပ်ကာ ယုံကြည်ပေးခဲ့သူများ သာလျှင် ဤသို့သော အခွင့်အရေးကို ရမည်။

တံဆိပ်ပြား မပေးခဲ့သူများက ရှေးဟောင်းနယ်မြေ ဖွင့်လှစ်သောအခါ ယခင်ကကဲ့သို့ သူတို့က လွတ်လပ်စွာ ဝင်ရောက် လေ့ကျင့်နိုင်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် သူတို့ မှားယွင်းခဲ့သည်။

ရီဖူရှင်းကို တံဆိပ်ပြား ပေးခဲ့သူများက ရှေးဟောင်း နယ်မြေထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်ကြသည်။ ထိုအခိုက်တွင် ယန်ချူက ဓားကို ဝှေ့ယမ်းလျှင် ပျံသန်းလာသည်။ ကောင်းကင်တွင်လည်း မရေမတွက်နိုင်သော ဓားများ ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးအား တစ်ခုက ကောင်းကင်တွင် ရုတ်တရက် မွေးဖွားလာ၏။

ယန်ချူက ရီဖူရှင်းကို စိုက်ကြည့်ကာ သူ၏လက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် မဆုံးနိုင်သော ဓားများက တစ်နေရာတည်းတွင် စုစည်းလျက် ရီဖူရှင်းထံကို တိုးဝင်လာကြသည်။ ယန်ချူနှင့် ရီဖူရှင်းတို့၏ အကွာအဝေးက အနည်းငယ် လှမ်းသော်လည်း ဓားများက သတ်မှတ်နေရာကို တိတိကျကျ ရောက်လာသည်။

ရှေးဟောင်း နယ်ထဲမှ မီးဓာတ် အမျှင်တန်းများက ရီဖူရှင်း၏ ပတ်ဝန်းကျင်ကို လာရောက် လှည့်ပတ်ကာ တိုးဝင်လာသော ဓားများအား တားဆီးကြသည်။ ဓားများက ရုတ်တရက် မရေမတွက်နိုင်သော မီးတော်များအကြား နစ်မြုပ်သွားသည်။ ထို့နောက် တဖြည်းဖြည်း အရည်ပျော် လောင်ကျွမ်း ပျောက်ကွယ် သွားသည်။

ယန်ချူ လက်မလျှော့ပေ။ သူက ရှေ့ကို တိုးသွားသည်တွင် သူ့နောက်၌ ကြောက်မက်ဖွယ် ကောင်းသော အရိပ်သဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။ ရုတ်တရက် ဓားတန်ခိုးရှင်တစ်ပါး ဆင်းသက်လာသလို ပြင်းထန် အားကောင်းသော ဓားအသိတစ်ခု မွေးဖွားလာသည်။

မဆုံးနိုင်သော ဓားအသိများက ဆင်းသက်လာကာ ရီဖူရှင်းထံသို့ တိုးဝင် လာနေသည်။ ထိုဓားအသိကို မြင်သည်တွင် ရီဖူရှင်း၏မျက်နှာက အေးစက် သွားသည်။ ထိုအချိန်တွင်ပင် ပလွေသံကို ကြားရခြင်း ဖြစ်သည်။ ရှောင်ကျွမ်ရီက ရီဖူရှင်း၏ဘေးတွင် ပလွေကို ငြိမ်သက်စွာ မှုတ်လိုက်သည်။ ပလွေသံမှ ဖြစ်ပေါ်လာသော အလင်းများက ဓားအသိနှင့် ရင်ဆိုင်ကာ အားလှိုင်း နှစ်ခုလုံးက ပျောက်ပျက် သွားသည်။

ရှောင်ကျွမ်ရီ၏ သံစဉ်က လူအများအား စိတ်ဝင်စား သွားစေသည်။ သူ တီးမှုတ်လိုက်သော သံစဉ်က မုန်တိုင်း တစ်ခုအလား ဖြစ်ပေါ်လာကာ ပိုမို အားကောင်း လာနေသည်။ ထိုစဉ်မှာပင် သူ၏ခန္ဓာကိုယ် အနီးမှ သံစဉ်မုန်တိုင်းက ရုတ်တရက် ရီဖူရှင်း၏ စိတ်ထဲသို့ တိုးဝင် သွားကြသည်။ သံစဉ်၏ အင်အားက အတုမဲ့သည်။ ရှောင်ကျွမ်ရီက မတိုက်ခိုက်မီက မည်သည့်သံသယ ဖြစ်ဖွယ်ရာ အမူအရာမှ မရှိပေ။ ရီဖူရှင်းက တိုက်ခိုက် ခံရသည်ဟု ရှေးဟောင်း နယ်မြေအတွင်းမှ ဘယ်သူကမှလည်း မမြင်ရကြပေ။ သို့သော်လည်း ဂီတသံစဉ်က စိတ်ဝိညာဉ် တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲကို စိမ့်ဝင်သွားကြသည်။ ရှောင်ကျွမ်ရီက ယန်ချူကို မျက်နှာချင်းဆိုင် ရပ်နေဆဲ ဖြစ်သည်။ သူ၏အကြည့်က သုန်မှုန်သော်လည်း သူကား ချောမော ခန့်ညားဆဲ ဖြစ်သည်။

မှော်ဂီတသံစဉ်များက ရီဖူရှင်း၏ ခေါင်းထဲကို ဝင်ရောက်လာကာ ကြောက်မက်ဖွယ် အနက်ရောင် အားလှိုင်းများ အဖြစ် ပြောင်းလဲ သွားကြသည်။ ရီဖူရှင်း၏ စိတ်ဝိညာဉ်က ကြီးစွာသော ထွေပြားဝေဝါးမှု ဖြစ်သွားသည်။ အေးစက်မှုက သူ၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာသည်။ ရှေးဟောင်းနယ် ဖွင့်လှစ်ပြီးနောက် သူက တန်ခိုးအဆင့် တက်ရန်ကိုသာ စောင့်ဆိုင်းရန် လိုတော့သည်ဟု ရီဖူရှင်းက တွေးထင်ခဲ့သည်။ သို့သော် ဤသို့သော သေစေနိုင်သော လုပ်ကြံမှု ဖြစ်ပေါ်လာမည်ဟု သူမထင်ထားပေ။

သူက တော်ဝင်လမ်းမှ ပါရမီရှင်များကို တွက်ချက်နေသော အချိန်တွင် တခြား လူများကလည်း သူ့နည်းတူ တွက်ချက် နေကြသည်။ ရီဖူရှင်း တောက်လျှောက် ကြိုးစားခဲ့သမျှအား နောက်ဆုံး အချိန်ကျမှ လုယက် သတ်ဖြတ်ရန် ကြံစည်နေသူ တစ်ယောက် အမှန် ရှိနေခဲ့သည်။

သူ၏သံစဉ်ထဲတွင် သေဆုံးခြင်း အငွေ့အသက်များ စတင် လွှမ်းခြုံ လာနေသည်။ ထိုအခိုက်တွင် ရီဖူရှင်းက သူ၏စိတ်တစ်ခုလုံး ပြိုလဲလာနေသလို ခံစားရသည်။ သူ့အား ရှေးဟောင်း နယ်မြေ၏ စွမ်းအားများကို သုံးစွဲခွင့် မပေးပေ။ လူသေ အငွေ့အသက်များက သူ၏ ခန္ဓာကိုယ်က စတင် လှည့်ပတ် လာနေသည်။ သူ၏မျက်နှာက နက်မှောင်လာကာ ခန္ဓာကိုယ် တစ်ခုလုံး ခြောက်သွေ့ လာသည်။

“ဘာဖြစ်တာလဲ…” ရီဖူရှင်း၏ အမူအရာကို မြင်သည်တွင် လူအများအပြားက အံ့အားသင့် ကြသည်။ ထို့နောက်တွင် ရီဖူရှင်း၏ ပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ် အနက်ရောင် အားလှိုင်းများက ရစ်ပတ်နေသည်ကို မြင်ကြရသည်။

“ရှောင်ကျွမ်ရီ…” လူအများအပြားက သိမ်မွေ့ ချောမောသော လူငယ်ကို လှမ်းကြည့် ကြသည်။ ရှာဟူ၏ မျက်နှာက လေးနက် တည်ကြည် သွားသည်။ သူက ရှောင်ကျွမ်ရီနှင့် တိုက်ခိုက်ဖူးသည်။ ရှောင်ကျွမ်ရီ၏ ကြောက်မက်ဖွယ် စွမ်းအားကို သူသိသည်။ ထိုသို့သော လူက ရီဖူရှင်း၏ နောက်လိုက် လုပ်မည် မဟုတ်ပေ။ သူက ကောင်းကောင်း ဟန်ဆောင် နိုင်ခဲ့သည်။

ယိရှောင်ရှီက ရှေ့ကို လှမ်းသွားလိုက်သည်။ ချက်ချင်းပင် ရွှေရောင် နွယ်ပင်များက ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် ရှောင်ကျွမ်ရီထံကို တိုးဝင်သွားသည်။ သို့သော် ရှောင်ကျွမ်ရီက ပလွေကို ငြိမ်သက်စွာ မှုတ်နေဆဲ ဖြစ်သည်။ သည်တစ်ကြိမ် တွင်ကား သူ၏ ပတ်ဝန်းကျင်တွင် အနက်ရောင် အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ ယိရှောင်ရှီ၏ နွယ်ပင်များက အနက်ရောင်အဖြစ် ပြောင်းလဲသွားကာ ကြေပျက် သွားကြသည်။

“အဲဒါ သေဆုံးခြင်း စွမ်းအင်ပဲ…”

ထိုမြင်ကွင်းက အားလုံးကို ထိတ်လန့်စေကာ မြို့ထဲ၌ လူများ ထူးဆန်းစွာ သေဆုံးရသော အဖြစ်အပျက်များကို ပြန်သတိရ လာကြသည်။ တရားခံကား ရှောင်ကျွမ်ရီ ဖြစ်သည်။ သူတို့အားလုံး တုန်လှုပ် သွားကြသည်။ ရှောင်ကျွမ်ရီကား ချောမောကာ ကောင်းမွန်သော ဟန်အမူအရာ ရှိသည်။ သူ၏ တန်ခိုးအဆင့်နှင့် ပါရမီကလည်း အလွန်အမင်း ကောင်းသည်။ သို့သော် ရှောင်ကျွမ်ရီက မှော်နက်မိစ္ဆာ ဖြစ်နေမည်ဟု တစ်ယောက်မှ မထင်ထား။

“သူက မှော်နက်မိစ္ဆာ တစ်ယောက်ပဲ…” ထိပ်သီး ပါရမီရှင်များပင် ထိတ်လန့်ကြရသည်။ သူတို့က ပလွေအား မှုတ်နေဆဲ ဖြစ်သော ရှောင်ကျွမ်ရီကို ကြည့်ကြသည်။ ရီဖူရှင်း၏ မျက်နှာကား လုံးဝ နက်မှောင်နေပြီ ဖြစ်သည်။ သေဆုံးခြင်း စွမ်းအင်က သူ၏ခန္ဓာကိုယ်အား တစ်စတစ်စ တိုက်စား သွားနေသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဉ်အားလည်း ရှေးဟောင်း နယ်မြေနှင့် ဆက်သွယ် မရအောင် အဆက် ဖြတ်ထား၏။

သို့သော် ရုတ်တရက် အလင်းရောင် တချို့ ရီဖူရှင်း၏အနီးတွင် ပေါ်လာသည်။ သူ၏မျက်နှာက သွေးရောင်များ ပြန်လွှမ်းလာကာ ရီဖူရှင်း၏စိတ်ကို စွမ်းအားတစ်ခုက ကာကွယ် ထားသည်ဟု ရှောင်ကျွမ်ရီက ခံစားရသည်။

ဟူး…

ကြောက်မက်ဖွယ် မီးတောက်က ရုတ်တရက် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ တောက်လောင် လာကာ သေဆုံးခြင်း စွမ်းအင်များကို လောင်ကျွမ်း သွားစေသည်။ ထို့နောက် သူက မျက်လုံးကို ဖွင့်လိုက်ကာ ရှောင်ကျွမ်ရီကို အေးစက်စွာ ကြည့်သည်။ ရှေးဟောင်း နယ်မြေမှ အလင်းတန်းများက ရှောင်ကျွမ်ရီ၏ စိတ်ထဲကို တိုးဝင်သွားသည်။ ရှောင်ကျွမ်ရီက အင့်ခနဲ ညည်းကာ နောက်ကို လွင့်စဉ်သွားသည်။ သူက ပလွေအား ချလိုက်ကာ ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းအား ထူးဆန်းသော စွမ်းအင်တစ်ခုက ကာကွယ်ထားသည်။ ထို့ကြောင့် သူ မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်တွင် ကြောက်မက်ဖွယ် မီးတောက်များက ရှောင်ကျွမ်ရီထံကို ဆက်တိုက် တိုးဝင်လာကြသည်။ သေဆုံးခြင်း စွမ်းအင်များက ရုန့်ရင်းစွာ ထွက်ပေါ်လာကာ ရှောင်ကျွမ်ရီအား ကာကွယ်ကြပြီး တစ်ဖက်ကလည်း ရှောင်ကျွမ်ရီက အဝေးကို ပြေးထွက် သွားသည်။ မီးတောက်များက အမှန်ပင် အရာအားလုံးကို လောင်ကျွမ်း စေနိုင်သည်။ ပေါက်ကွဲသံများနှင့်အတူ အနက်ရောင် အငွေ့အသက်များကပါ မီးတောက်များအကြား တစ်စတစ်စ ပျောက်ကွယ် သွားသည်။ ထိုအချိန်တွင် ရှောင်ကျွမ်ရီကား အဝေးကို ရောက်သွားပြီ ဖြစ်သည်။

ရှောင်ကျွမ်ရီက ရီဖူရှင်းကို ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ သူ၏ကျရှုံးခြင်း အတွက် ခံစားရဟန်မရဘဲ နောက်လှည့်ကာ ထွက်သွားရန် ဟန်ပြင်သည်။

“မှော်နက်သခင်နဲ့ မင်းက ဘယ်လို ပတ်သက်တာလဲ…” ရှာဟိုက လျှောက်လာကာ ရှောင်ကျွမ်ရီကို မေးသည်။

ရှောင်ကျွမ်ရီက သူ့ကို လျစ်လျူရှုကာ ထွက်သွားသည်။ ရှာဟိုက ရှေ့ကို တက်လာကာ သူ၏လက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် အဆုံးမဲ့သော မီးတောက်များ ဖြစ်ပေါ်လာ၏။ ရှောင်ကျွမ်ရီကလည်း သူ၏ပလွေကို ထုတ်ကာ မှုတ်လိုက်သည်။ အနက်ရောင် ပုံသဏ္ဌာန်များက အဝေးမှ ရောက်လာကာ ရှာဟိုထံ ပြေးဝင် လာကြသည်။

ရှာဟိုက မျက်မှောင်ကြုတ်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ မီးတောက်များက ထိုပုံသဏ္ဌာန်များကို ဖုံးအုပ် သွားသော်လည်း အမှန်တကယ်အားဖြင့် အလုပ်မဖြစ်ပေ။ ထိုပုံရိပ်များက သူ့ထံကို ပြေးဝင်လာကြဆဲ ဖြစ်သည်။

“မှော်နက်တွေ…” ရှာဟို၏မျက်နှာက နက်မှောင်သွားသည်။ သူက လက်ကို ဝှေ့ယမ်းကာ လက်ဝါးတံဆိပ် တစ်ခု ထုတ်လွှတ်လိုက်သည်။ ထိုပုံရိပ်များအားလုံး လောင်ကျွမ်း သွားကြသည်။ သို့သော် ရှောင်ကျွမ်ရီကား မရှိတော့။ သူက ရှာဟိုနှင့် တိုက်ခိုက်ရန် စိတ်ဝင်စားပုံ မရပေ။

“သူက မှော်နက်တွေကို ထိန်းချုပ်နိုင်တယ်… သူက မှော်နက်သခင်ရဲ့ ဆက်ခံသူဖြစ်မယ်…” သင်္ဘောပျံပေါ်မှ ပိုင်ရီက ပြောသည်။

နန်ဟောင်၊ ယန်ချူနှင့် ယန်ကျင်းတို့ အားလုံးက အလွန်အမင်း စွမ်းအားမြင့်သူများ ဖြစ်ကြသည်။ ယခု မှော်နက်သခင်၏ ဆက်ခံသူလည်း အာရုဏ်လမ်းတွင် ရှိသည်။ မှော်နက်သခင်ကား ယုတ်မာ ကောက်ကျစ်ကာ ကြောက်မက်ဖွယ် ကောင်းသည်ဟု နာမည်ကြီးသည်။ မရေမတွက်နိုင်သော လူများက မှော်နက်သခင်၏ လက်ထဲတွင် သေဆုံးကြရသလို နာမည်ကျော် တန်ခိုးရှင်များကလည်း သူ့ကို သတ်လိုကြသည်။ သို့သော် မှော်နက်သခင်ကို သတ်ရန်ကြံသူများက အဆုံးသတ် ကောင်းမွန်ခြင်း မရှိပေ။ မှော်နက်သခင်ကား ကောင်းကင်မြေရိုင်း အဆင့်တွင် ကြောက်မက်ဖွယ် နာမည်ဆိုးတွင်သော လူတစ်ယောက် ဖြစ်သည်။

ရီဖူရှင်း၏ပါရမီက အလွန် ကောင်းသည်။ သို့သော် သူ၏ တန်ခိုးအဆင့်က နိမ့်လွန်းသည်။ သူက တော်ဝင်လမ်းတွင် များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များနှင့် ရင်ဆိုင်နေရသည်။ အာရုဏ်လမ်းကား တော်ဝင်လမ်း ရှစ်လမ်းတွင် တစ်လမ်းသာ ဖြစ်သည်။ သူက တော်ဝင်လမ်းကို ဖြတ်ကျော်သွားပြီး တော်ဝင်ကျဲ နန်းတော်ကို ရောက်သောအခါ တခြားလမ်းမျာမှ ဝင်ရောက်လာသော ထိပ်သီး ပါရမီရှင်များနှင့် ထပ်ဆုံရပေဦးမည်။

ရီဖူရှင်းက ရှေးဟောင်းနယ်မြေ၏ စွမ်းအားကို ပိုင်ထားသော်လည်း ရှောင်ကျွမ်ရီကို အနိုင်မယူနိုင်ခဲ့ပေ။ သူကား အမှန်ပင် မီးနှင့် ဆော့ကစားနေခြင်း ဖြစ်သည်။ ရှေးဟောင်း နယ်မြေက သူ့အား တန်ခိုးကျင့်ခြင်းတွင် အကူအညီ ပေးနိုင်သည်။ သို့သော် အနာဂတ်တွင်ရော…။ သူက အမြဲတမ်း ဉာဏ်ကောင်း နိုင်မည်လား။ တော်ဝင်လမ်းတွင် ရီဖူရှင်းက သူ၏ အသက် ဆုံးရှုံးနိုင်ချေ အလွန် များပေသည်။

“အသက် အန္တရာယ်ရှိတဲ့ အခြေအနေမှာ စွမ်းအား မြင့်တက်တာက ဘာမှ မဟုတ်ဘူး… သွားစို့…” ပိုင်ရီက ရီဖူရှင်းကို တစ်ချက် ကြည့်ကာ ထွက်သွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset