ပိုမိုသော စွမ်းအားမြင့် တန်ခိုးရှင်များက ကောင်းကင်တွင် နေရာယူထားကြကာ ရီဖူရှင်းကို ကာကွယ် ထားကြသည်။ သူ့ထံတွင် တော်ဝင် တံဆိပ်ပြားများ ရှိနေသေးသည်။ အကယ်၍ တံဆိပ်ပြားများကိုသာ ယူဆောင်သွားခြင်း ခံရပါက သူတို့ ကြိုးစားထားသမျှ သဲထဲ ရေသွန် ဖြစ်ရပေတော့မည်။
ထိပ်သီး အင်အားများက ရှေးဟောင်း နယ်မြေကို ဖွင့်လှစ်ပါက သူတို့က ကိုယ်တိုင် အကျိုးအမြတ်များကို ခံစားကာ တခြားလူများကို မျှဝေမည် မဟုတ်ပေ။ ရီဖူရှင်းမူကား မတူပေ။ သူက ဖွင့်သမျှ ရှေးဟောင်း နယ်မြေများကို တခြား လူများနှင့်အတူ မျှဝေသည်။ ထို့ကြောင့်လည်း သူတို့အားလုံးက ရီဖူရှင်း အပေါ်တွင် အလောင်းအစား လုပ်ထားကြခြင်း ဖြစ်သည်။
သည်အင်အားကြီးများက ဝင်ရောက် တိုက်ခိုက်သော အခါတွင်မူကား သူတို့၏ အခွင့်အလမ်းက မည်မျှ သေးငယ်သည်ကို ရိပ်မိလိုက်ကြသည်။
နန်ဟောင်က နတ်ဘုရား တစ်ပါးလို ဝင့်ကြွားစွာ လှုပ်ရှားလိုက်သည်။ သူက ဖြည်းညင်းစွာ လာနေခြင်း ဖြစ်သည့်တိုင် သူ၏ ခြေတစ်လှမ်းစီတိုင်းက လူအများ၏ ရင်ဘတ်ကို နင်းခြေနေသလို ခံစားကြရသည်။ လူအများအပြားက မျက်နှာများ ပြာနှမ်း သွားကြသလို အချို့က သွေးများပင် အန်ကြသည်။ သတ္တမ အတန်းအစား နိုဘယ်များက သူ၏ခြေလှမ်းမှ သယ်ဆောင်လာသော ကြောက်မက်ဖွယ် ဖိအားကို ခံစားကြရသည်။
ဘုန်း… နန်ဟောင်က တတိယ ခြေလှမ်းကို လှမ်းလိုက်သည်။ သူ့အနီးမှ သတ္တမ အတန်းအစား နိုဘယ်များက သွေးများ အန်လာသော အချိန်တွင် တခြား နိုဘယ်များက ဒဏ်ရာ ပြင်းထန်စွာ ရသည်။
နိုဘယ်အဆင့်တွင် အတန်းအစား ကိုးမျိုး သတ်မှတ်ထားကာ ပထမ အတန်းအစားက စွမ်းအား အမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့် တန်ခိုး အဆင့်များအကြား ကွာဟမှုက ပိုမိုကြီးမား လာသည်မှာ ပြောနေစရာပင် မလို။ သတ္တမအဆင့် နိုဘယ်များသာ ထိုဖိအားများကို အနည်းငယ်မျှသာ ခံနိုင်ရည်ရှိရာ နဝမအတန်းအစား နိုဘယ်များကိုမူ ပြောနေစရာပင် မလိုတော့။ အကယ်၍ နန်ဟောင်သာ လူသတ်လိုပါက သူ့ရှေ့ကို ရောက်လာသူ မှန်သမျှကို သတ်လိုက်၍ ရသည်။
နန်ဟောင်က အောက်ကို ဆင်းလာသည်ကို မြင်လျှင် ရွယ်ယွန်ပိုကျင်က သူ၏ပုဆိန်နှစ်လက်ကို စွဲကိုင်ကာ ကောင်းကင်ခွင်း ပုဆိန်တိုက်ကွက်ဖြင့် ခုတ်ချလိုက်သည်။ ထိုအခိုက်တွင် အမှန်တကယ်ပင် လေဟာနယ်က ထက်ခြမ်းကွဲသွားပြီး လွန်စွာ ထက်ရှကာ ကြီးမားသော အားလှိုင်းက နန်ဟောင်ထံကို ပြေးဝင်သွားသည်။ စီဝူကျိ၊ ချန်ရန်နှင့် တခြားလူများ အားလုံးကလည်း စတင် တိုက်ခိုက်ကြ တော့သည်။ ရီဖူရှင်းကို စောင့်ကြပ်နေသူများ အားလုံးက နန်ဟောင်ရှေ့ကို တက်လာသည်ကို တားရန်သာ စိတ်ထဲ ရှိကြသည်။
နန်ဟောင်၏အမူအရာက ပြောင်းလဲခြင်း မရှိပေ။ သူက သူ့ထံကို ရောက်လာသော တိုက်ခိုက်မှုများ အားလုံးကို လျစ်လျူရှု ထားသည်ဟုပင် ပြော၍ရသည်။ သူ့ရှေ့တွင် အရံအတား တစ်ခုပေါ်လာကာ ကောင်းကင်ကိုပင် ထက်ခြမ်းခွဲနိုင်သော ပုဆိန်ခုတ်ချက်က သည်အတိုင်း ပျောက်ကွယ် သွားသည်။
သို့သော် တန်ပြန်ကန်အားကို ခံနိုင်ရည် မရှိသော ရွယ်ယွန်ပိုကျင်မူကား အဝေးကို လွင့်စဉ်သွားကာ မြေပြင်ပေါ်ကို ကျသည်။ စီဝူကျိ၊ ချန်ရန်နှင့် တခြားလူများကလည်း အခြေအနေ သိပ်မကောင်းပေ။ အားလုံးက ဒဏ်ရာ အနည်းနှင့် အများ ရကြကာ နန်ဟောင်ကို တင်းမာ ခက်ထန်စွာ ကြည့်ကြသည်။ သူ၏ ခြေလှမ်းတိုင်းက ပိုမို အားကောင်း လာဟန်ရသည်။ သူ့ရှေ့တွင် မည်သူကမှ ရပ်နိုင်မည် မဟုတ်သည်က သေချာသည်။
ထိပ်သီးအဆင့် ပါရမီရှင် ဆိုသည်မှာ ဤသို့သော ဖြစ်တည်ခြင်းမျိုး ဖြစ်သည်။ သူတို့က တန်ခိုး အဆင့်တူ အတွင်းတွင် ပြိုင်ဘက် ကင်းနိုင်သည်။ သူတို့အား တားဆီးနိုင်သူ မရှိပေ။
ရီဖူရှင်းက ကောင်းကင် ပျက်စီးခြင်းနှင်တံကို ဆုပ်ကိုင်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော ကြယ်တာရာ မုန်တိုင်းတစ်ခု သူ့ကို ရစ်ပတ်သွားသည်။ နန်ဟောင်က နောက်ထပ် တစ်လှမ်း မလှမ်းခင် သူ့ကို တစ်ချက် ကြည့်သည်။ ရီဖူရှင်းက သူ့ထံကို ဧရာမဘီလူးကြီး တစ်ကောင်က သူ၏ရင်ဘတ်ပေါ် လာရောက် တက်နင်းသကဲ့သို့ ခံစားရသည်။ တဝုန်းဝုန်း မြည်သံနှင့်အတူ သူ၏ကြယ်တာရာ မုန်တိုင်းက ပြယ်လွင့်လာနေသည်။ ဥက္ကာခဲများက အပိုင်းအပိုင်း အစစ ဖြစ်ကြသည်။
နန်ဟောင်က လေထဲတွင် တည်ငြိမ်စွာ ရပ်ကာ ပြောသည်… “ပုရွက်ဆိတ် တစ်ကောင်က သစ်ပင်ကို လှုပ်ခတ်အောင် ကြိုးစားနေတယ်… မင်း ခေါင်းထဲမှာ ဘာရှိနေတာလဲ… တော်ဝင် တံဆိပ်ပြားတွေ ဘယ်မှာလဲ…”
နန်ဟောင်က ယမန်နေ့ ကတည်းက တော်ဝင် တံဆိပ်ပြားကို လူလွှတ်ကာ တောင်းခိုင်းခဲ့သည်။ သူက ရှေးဟောင်း နယ်မြေကို ဖွင့်လှစ်သောအခါ သူ့အား အကျိုးအမြတ် တချို့ကို ခွဲဝေပေးမည်။ ထို့နောက် တော်ဝင်ကျဲ နန်းတော်ကို ဝင်ခွင့်ရအောင် လုပ်ပေးမည်။ သို့တိုင်အောင် ရီဖူရှင်းက သူ၏စေတနာကို နားမလည်။ ရှေးဟောင်း နယ်မြေကို ကိုယ်တိုင် ဖွင့်လှစ်လိုသည်။ နန်ထျန်းအိမ်တော်၊ လူသားကမ္ဘာနှင့် တခြား အင်အားစုများက နန်ဟောင်ကို ကြည့်နေကြသည်။ ဤသို့သော မြင်ကွင်းက သူတို့အားလုံးကို အံ့အားသင့်စေသည်။ နန်ဟောင်က ကိုယ်တိုင် လှုပ်ရှားသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးပေ။ ရီဖူရှင်းက ခုခံနိုင်မည် မဟုတ်သည်မှာ သေချာသည်။ သူကား အမှန်ပင် မဖြစ်နိုင်သည်ကို လုပ်ရန် ကြိုးစားနေခြင်းပင်။ အရာအားလုံးက ခန့်မှန်းထားသလို ဖြစ်လာခဲ့သည်။
တဝုန်းဝုန်း အသံများ ကြားရကာ မြေပြင်က တုန်ခါသည်။ ရွှေလူဝံကြီး တစ်ကောင်က ရီဖူရှင်းထံသို့ ပြေးသွားနေသည်။ ထိုသားရဲကောင်ကြီး၏ ဆန္ဒက ရှင်းလင်းပေသည်။ သူကလည်း ရီဖူရှင်း၏လက်ထဲမှ တော်ဝင် တံဆိပ်ပြားများကို ရယူလိုသည်။
ဓားကျေးရွာမှ ယန်ချူကလည်း ဓားအဖြစ် အသွင်ပြောင်းကာ လေကိုခွင်း၍ ပြေးဝင်လာသည်။ နန်ဟောင်က သူတို့ လှုပ်ရှားသည်ကို ခံစားမိသည်။ သူက မျက်မှောင်ကြုတ် လိုက်ကာ ရီဖူရှင်းကို ခေါ်သွားမည်ဟု ကြံလိုက်စဉ်မှာပင် လူငယ်လေး၏ မျက်နှာပေါ်မှ ငေါ့တော့တော့ အပြုံးကို မြင်ရသည်။ ရီဖူရှင်းက လက်စွပ်ကို သူ့ထံသို့ ပြေးဝင်လာသော ယန်ကျင်းထံ ပစ်ပေးလိုက်သည်။
“မင်းက သေချင်နေတာပဲ…” နန်ဟောင်က အေးစက်စွာ ပြောသည်။ သူက ရီဖူရှင်းကို ဂရုမစိုက်အားတော့ဘဲ လက်စွပ်ပစ်လွင့်သွားရာ ဘက်ကို လမ်းကြောင်း ပြောင်းကာ ပျံသန်း သွားလိုက်သည်။
ယန်ကျင်းကတည်း တစ်ချိန်တည်းတွင် ရောက်လာသည်။ သူက နန်ဟောင်ထံသို့ ရွှေရောင်လက်ဝါး ရိုက်ချက် တစ်ချက် ထုတ်လွှတ် လိုက်သည်တွင် လေထုက တုန်ခါသွားသည်။ ရွှေလူဝံကား တိုက်ခိုက်အား ခုခံအားတွင် အမြင့်ဆုံး၌ရှိသော ဖြစ်တည်မှုပင်။ ယန်ကျင်း၏လက်ဝါးက နန်ဟောင်နှင့် တိုက်ရိုက် ရင်ဆိုင်တိုးကာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားသည်။
ယန်ကျင်းက တခြား လက်တစ်ဖက်ဖြင့် လက်စွပ်ကို လှမ်းကာ ဖမ်းဆုပ်သည်။ ထိုစဉ်မှာပင် ဓားအလင်း တစ်ချက်က ကြောက်မက်ဖွယ် အေးစိမ့်သော အားလှိုင်းနှင့်အတူ လက်စွပ်အား ရိုက်ခတ်သွားကာ အဝေးကို လွင့်စဉ်သွားသည်။ ထိပ်သီးပါရမီရှင် သုံးယောက်က ယခု လက်စွပ် တစ်ကွင်းအတွက် တိုက်ခိုက် နေကြသည်။
တခြားတစ်ဖက်တွင် ရီဖူရှင်းအား မည်သူမှ ဂရုမစိုက်ကြတော့။ အားလုံးက လက်စွပ်ကိုသာ လောဘဇော ကပ်လျက် ကြည့်နေကြသည်။ လက်စွပ်ထဲတွင် သူတို့ လိုချင်သည်က အမှန်တကယ် ရှိသည် မရှိသည်ကို မည်သူမှ မသိပေ။ သို့သော် မည်သူကမှလည်း ထိုအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
ထိုအခိုက်တွင်ပင် ရီဖူရှင်းက သူ၏လှေပျံကို ထုတ်လိုက်ကာ လျှပ်စီးအလား အဝေးကို ပျံသန်း ထွက်ခွာ သွားသည်။
“ပြီးရင် ငါ့ကို လာရှာ…” ရီဖူရှင်းက ချန်ရန်နှင့် တခြားသူ၏အဖွဲ့မှ လူများကို ပြောကာ အဝေးကို ပျောက်ကွယ် သွားသည်။ လူသားကမ္ဘာမှ နတ်မိမယ် နှစ်ယောက်က လှေပျံ၏ အမြန်နှုန်းကို ကြည့်ကာ မျက်နှာ ပျက်သွားကြသည်။ ထိုလှေပျံက သူတို့၏သင်္ဘောပျံထက်ပင် ပိုမို၍ မြန်ဆန်သည်။
သို့သော် တစ်စုံတစ်ခု မူမမှန်ဟုလည်း သူတို့က ခံစားနေရသည်။
“သူ့ကို အဝေး မရောက်စေနဲ့…” တစ်ယောက်က စိုးရိမ်စွာ အော်ဟစ်သည်။ ထို့နောက် လူအချို့က ရီဖူရှင်း၏နောက်မှ ပျံသန်း လိုက်ပါ သွားကြသည်။
ထိပ်သီးပါရမီရှင် သုံးယောက်က လက်စွပ်အတွက် တိုက်ခိုက် နေကြစဉ်မှာပင် လက်စွပ်က လွင့်စဉ်သွားကာ တခြား တစ်ယောက်ထံသို့ ကျသွားသည်။ ထိုစဉ်မှာပင် ထိပ်သီးပါရမီရှင် သုံးယောက်က တစ်ချိန်တည်းအားဖြင့် ထိုလူထံ ပြေးဝင် သွားကြသည်။ ကံမကောင်းရှာသော သကောင့်သားက လက်စွပ်အား ထိုလူများထံ အမြန်ပစ်ပေးကာ ပြောသည်… “ဒါက ရိုးရိုးလက်စွပ်ပဲ…”
သူတို့သုံးယောက်လုံး ထိတ်လန့် သွားကြသည်။ နန်ဟောင်က လက်စွပ်ကို ဖမ်းကာ ကြည့်လိုက်သည်နှင့် သူ၏မျက်နှာက လွန်စွာ အရုပ်ဆိုး အကျည်းတန် သွားသည်။ သူတို့အားလုံး အလိမ်ခံရပြီ။
လက်စွပ်ကား သိုလှောင်လက်စွပ်ပင် မဟုတ်ပေ။ သူက ယန်ချူထံသို့ လက်စွပ်ကို ပစ်ပေးလိုက်ကာ ကြောက်မက်ဖွယ် ကောင်းအောင် ထွက်ပေါ်လာသော လူသတ်လိုသော အငွေ့အသက်များနှင့်အတူ နောက်လှည့် သွားသည်။
ရီဖူရှင်းက အမှန်ပင် အဝေးကို ပြေးသွား နိုင်မည်ဟု ထင်နေသည်လော။ အကယ်၍ သူကသာ သတ်လိုလျှင် ရီဖူရှင်းက တော်ဝင်လမ်းတွင်သာ သေဆုံးရမည်မှာ သေချာသည်။
ဘုန်း…
ကောင်းကင်နှင့် မြေပြင်က တုန်ခါသွားသည်။ သူတို့အားလုံး အသံလာရာ အရပ်ကို ကြည့်လိုက်သည်နှင့် အလင်းတန်းများက တိမ်များသို့အထိ ထိုးတက် သွားသည်ကို မြင်လိုက်ကြရသည်။
နန်ဟောင်၏လူသတ်လိုသော စိတ်က ပျောက်ကွယ် သွားသည်။ သို့သော် သူ၏မျက်လုံးက အလွန်အမင်း အေးစက်သွားသည်။ တော်ဝင် တံဆိပ်ပြားက ရီဖူရှင်းထံတွင် တစ်ခါမှ ရှိမနေခဲ့သည်ကို နားလည်လိုက်သည်။ သူက လက်စွပ်အတုကို ကိုင်ထားသော အချိန်တွင် နောက်တစ်ယောက်က လက်စွပ် အစစ်ဖြင့် ရှေးဟောင်း နယ်မြေကို သွားရောက် ဖွင့်လှစ်နေသည်။
ထိုကျယ်လောင်သော အသံနှင့် အလင်းတန်းများက ရှေးဟောင်းနယ်မြေ ဖွင့်လှစ်ပြီး ဖြစ်သည့် သင်္ကေတဖြစ်သည်။ ထိပ်သီး အင်အားစုများ အပြင် လူတိုင်းက ရီဖူရှင်း၏လိမ်ညာမှုကို ခံလိုက်ရသည်။
ချန်ရန်နှင့် တခြားလူများ အားလုံး အံ့အားသင့် သွားကြသည်။ ထိုအခါမှ ရီဖူရှင်းနှင့် အမြဲတမ်း တစ်ချိန်လုံး ရှိနေသည့် လူများအားလုံး ယခု ရှိမနေသည်ကို သိလိုက်ကြရသည်။ ယူချင်း၊ ရီဝူချင်း၊ မူကျိချူတို့ ပျောက်နေသည်။ အားအကောင်းဆုံး ယိရှောင်ရှီသာ ကျန်သည်။
ရှေးဟောင်း နယ်မြေများစွာကို သူတစ်ယောက်တည်း ဖွင့်လှစ်လာခြင်း ဖြစ်သည်။ အားလုံးက ဧရာမရှေးဟောင်း နယ်မြေကိုလည်း သူကသာ ဖွင့်မည်ဟု တွေးထားခဲ့ကြသည်။ သူက နောက်တစ်ယောက်ကို ဖွင့်ခိုင်းမည်ဟု မည်သူကမှ မထင်ထား။
သို့သော် ရီဖူရှင်းက လုပ်ခဲ့သည်။ လူတိုင်း၏ အတွေးကို သူက သိသည်။ သူက နောက်ဆုံး လုံးဝ ခုခံအား မရှိတော့သော အချိန်တွင် လက်စွပ်အား နန်ဟောင်ထံကို ပစ်ပေးလိုက်သည်။ တံဆိပ်ပြားများက လက်စွပ်တွင်း ရှိသည် မရှိသည်ကို မည်သူမှ အရေးမစိုက်အား။ အားလုံးက ထိုအခွင့်အရေးကို လက်လွတ်မခံနိုင်။ တခြား တစ်ဖက်တွင် သူကား အဝေးကို ထွက်ပြေး ပျောက်ကွယ်သွားပြီး ဖြစ်သည်။
ထို့နောက်တွင် သူတို့အားလုံး အလင်းတန်းများအဖြစ် ပြောင်းလဲ သွားကြကာ ရီဖူရှင်း၏နောက်သို့ ပျံသန်း လိုက်ပါ သွားကြသည်။ ထိုနေရာကား ရီဖူရှင်း ပထမဆုံး သွားကြည့်ခဲ့သော ကျောက်တုံး အပျက်အစီး နေရာဖြစ်သည်။
ရီဖူရှင်းက ထိုနေရာကို ရောက်သောအခါ သူ မူလက မြင်ထားသော မြင်ကွင်းနှင့် ကွဲပြားခြားနား နေသည်ကို မြင်ရသည်။ မဆုံးနိုင်သော မီးတောက်များ နေရာအနှံ့တွင် တောက်လောင် နေသည်။ ကြောက်မက်ဖွယ် မီးတောက်များက ဝင်္ကပါပုံစံ ကျောက်တုံးများတွင် ထွန်းလင်းနေကာ လှပခမ်းနားသော မီးလျှံနန်းတော်ပုံစံ တစ်ခုဖြစ်နေသည်။
အဆိပ်မီးတော်မြို့…။ ရီဖူရှင်းက ဤမြို့၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်။ ကြောက်မက်ဖွယ် မီးတောက်များက ကောင်းကင်ယံသို့အထိ ထိုးတက်နေကြကာ လူသားများကို ငုံ့ကြည့်နေသော မီးနတ်ဘုရား သဏ္ဌာန်အလား ထင်မှတ်ရသည်။
ယူချင်းက ထိုမီးနတ်ဘုရား သဏ္ဌာန်၏ အလယ်ဗဟို တည့်တည့်တွင် ရပ်နေကာ သူ့ခန္ဓာကိုယ်တွင်လည်း မဆုံးနိုင်သော စွမ်းအားများ စီးဆင်း နေသည်ကို မြင်ရသည်။ ရီဝူချင်း၊ လို့လန်ရွှီ၊ မူကျိချူနှင့် သိမ်းငှက်နက်တို့လည်း ထိုနေရာတွင် ရှိနေကြသည်။
သူ့တွင် လုံလောက်သော တံဆိပ်ပြားများကို စုဆောင်း နိုင်သောအခါ ထိုထိပ်သီး အင်အားစုများက သူ့ထံမှ လုယက်မည်ကို ရီဖူရှင်း သိခဲ့သည်။ သူတို့အားလုံးက သူ့ကို အာရုံစိုက် နေကြရာ သူက တခြားလူ တစ်ယောက်အား ကိုယ်စား ဖွင့်လှစ်စေခဲ့သည်။ ထို့ကြောင့် သူက ယူချင်းအား ထိုတာဝန်ကို ပေးခဲ့၏။
လှေပျံက အတွင်းသို့ တိုးဝင်သွားသည်။ သူ့ခန္ဓာကိုယ်အား ကြယ်တာရာ အလင်းများ ကာကွယ်ထားသည့်တိုင် မီးနန်းတော် အတွင်းမှ မီးလျှံများက သူ့အတွက် ပူပြင်းလွန်း လှသည်။
“မင်း ဘယ်လို ခံစားရလဲ…” ရီဖူရှင်းက ယူချင်းကို ပြုံးလျက် ပြောသည်။
“ဒီနေရာကို ဖွင့်တဲ့လူက မင်း ဖြစ်သင့်တယ်…” ယူချင်းက ဖြေသည်။
“ငါတို့က ဒါတွေကို ပြောနေစရာမှ မလိုတာ…” ရီဖူရှင်းက ပြုံးသည်။ သူ၏ပိုင်ဆိုင်မှုက ယူချင်း၏ ပိုင်ဆိုင်မှုလည်း ဖြစ်သည်။ ထို့အတူ ယူချင်းကလည်း သူ့အတွက်ဆိုလျှင် အသက်ပေးရန် ဝန်မလေးသော ဖြစ်တည်မှု တစ်ခုဖြစ်သည်။
“အင်း…” ယူချင်းက ခေါင်းညိတ်သည်… “ဒါကိုတော့ မင်း ယူမှ ရမယ်…” အလင်းတန်း တစ်ခုက သူ၏ခန္ဓာကိုယ်မှ ဖယ်ခွာ ထွက်သွားကာ ရီဖူရှင်း၏ ခန္ဓာကိုယ်သို့ စီးဆင်းသွားသည်။ ထိုအရာကား ရှေးဟောင်း နန်းတော်ကို ဖွင့်လှစ်ရာတွင် ရခဲ့သော အလင်းတန်း ဖြစ်ပြီး သည်နေရာ၏ ပိုင်ရှင်ကို ကိုယ်စားပြုသော အရာလည်း ဖြစ်သည်။
အလင်းတန်းက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို စီးဆင်းသွားသည်နှင့် ရှေးဟောင်း နန်းတော်မှ ရောင်စဉ်ရောင်ဝါများ ရီဖူရှင်းထံကို ကျဆင်း လာကြသည်။ ရီဖူရှင်းက ထူးခြားသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ ဤနေရာမှ အရာအားလုံးကို သူ ထိန်းချုပ်နိုင်သော ခံစားမှု ဖြစ်သည်။
ရီဝူချင်းနှင့် လို့လန်ရွှီတို့အတွက် သည်မြင်ကွင်းမျိုးက ထူးဆန်းသည် မဟုတ်ပေ။ ရီဝူချင်းပင်လျှင် ရီဖူရှင်းနှင့် သေဖော်သေဘက် ရဲဘော်များ ဖြစ်ကြသည်။ သူတို့အကြား စီးဆင်းနေသော ဆက်နွှယ်မှုက သာမန်လူများ၏ အမြင်ဖြင့် တိုင်းတာ၍ မရပေ။ မူကျိချူကား စိတ်လှုပ်ရှား သွားသည်။ သည်နှစ်ယောက်က ဘာများလဲဟု သူမတွေးမိသည်။ ရှေးဟောင်း နန်းတော်၏ ပိုင်ဆိုင်မှုအား သူက နောက်တစ်ယောက်ကို ဤသို့ အလွယ်တကူ ပေးရသလား…။
ရီဖူရှင်းက ပြုံးသည်။ ယူချင်းက အမြဲ ဤသို့ပင်။ အမှန်တကယ်ကား ယူချင်းက အမြဲတမ်း ဉာဏ်ကောင်းခဲ့သည်။ သူကား ရိုးသားလွန်းရာ လူအများက သူ့ကို တုံးအသည်ဟုပင် ထင်ကြရသည်။
***