အပိုင်း (၅၂၁)

စစ်ပွဲကြီး

ကောင်းကင် တစ်ခုလုံးက များပြားသော စွမ်းအားမြင့် တန်ခိုးရှင်များဖြင့် ပြည့်နှက် နေသည်။ သူတို့ အားလုံးက ရီဖူရှင်းကို ကြည့်နေ ကြသည်။

“ရီဖူရှင်း… ကိုယ် ဘာလုပ်ရမယ် ဆိုတာကို သိတဲ့လူက ဉာဏ်ကောင်းတဲ့လူပဲ… တော်ဝင် တံဆိပ်ပြားတွေကို ပေးပါ… မင်းက အသက်ရှင်လိမ့်မယ်…” မိုကျွမ်၏ဘေးမှ လီစွမ်းက ပြောသည်။ သူက လုပ်ကြံသည့် အစီအစဉ်ဖြင့် နန်ဟောင်၏ နောက်လိုက် ဖြစ်လိုသော်လည်း ယခု ထိုကိစ္စက မအောင်မြင်ရာ သူ၏အနာဂတ်ကလည်း စိုးရိမ်စရာ ကောင်းနေသည်။

“အရှက်မရှိတဲ့အကောင်…. ငါက မင်းမိတ်ဆွေ ဖြစ်ခဲ့ဖူးတာကို နောင်တရတယ်…” ရွယ်ယွန်ပိုကျင်က လီစွမ်းကို ကြည့်ကာ မာန်မဲသည်။

လီစွမ်းကား ကျိုးရှင်းတောင်၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့ကာ ကျိုးရှင်းတောင် ရှီတန်ခိုးရှင်များ ကိုယ်တိုင် ရွေးချယ်ခဲ့သောသူ ဖြစ်သည်။ ယခု သူက သစ္စာဖောက်ကာ နန်ဟောင်၏ နောက်လိုက် ဖြစ်သွားသည်။

လီစွမ်းကလည်း ရွယ်ယွန်ပိုကျင်ကို အေးစက်စွာ ကြည့်သည်။ သူလုပ်ခဲ့သည်များကို ရှက်ရွံ့ခြင်း မရှိပေ။ သူ၏ အယူအဆအရ ပိုမို အားကောင်းရန် စွမ်းအားကြီးသော လူများနှင့် ပူးပေါင်းရန် လိုသည်။ ထိုလူများ၏ နောက်ကို လိုက်ခြင်းဖြင့်သာ သူ၏ အသိအမြင်များ ကျယ်ကာ အခွင့်အလမ်းများ ရလာမည်။ ကျိုးရှင်းတောင်က သူ့အတွက် အကန့်အသတ် ရှိသည်။ ယခု သူက အတော်ဆုံး လူတစ်ယောက်နှင့် အတူလက်တွဲခွင့် ရတော့မည် ဖြစ်သည်။ ဤအခွင့်အရေးက နှစ်ခါ မလာနိုင်။

လီစွမ်းက ကျိုးကျွမ်၏ ဆွဲဆောင် သိမ်းသွင်းမှုကြောင့် လုပ်ကြံရာတွင် ပူးပေါင်းခဲ့ခြင်း မဟုတ်ပေ။ အမှန်တကယ်အားဖြင့် သူက အကျိုးအပြစ်များ အားလုံးကို ဆင်ခြင် တွက်ဆပြီးမှ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

“ရှေးလူတွေ ပြောတာကတော့ လူတွေက ဥစ္စာအာဏာ နောက်ကို လိုက်ရင်း သေကြရတယ်တဲ့… တော်ဝင် တံဆိပ်ပြားတွေက မင်းအတွက် ဖိအား များလွန်းတယ် ဆိုတာကို သိသင့်တယ်… မင်းက ဘာလို့ အတင်း လုပ်နေရတာလဲ…” တူရန်ထျန်းတောင်မှ ကုဖေးရန်က ပြောသည်။

“ဟုတ်တယ်… အခွင့်အလမ်းကိုပဲ မြင်ပြီး အန္တရာယ်ကို မမြင်လို့ သေသွားတဲ့လူတွေ မနည်းဘူး…” ရှာဟိုက ပြုံးသည်။ သူက ထိုသို့သော လူများစွာကို မြင်ဖူးပြီး ရီဖူရှင်းကလည်း ထိုအထဲမှ လူတစ်ယောက်ဟု သတ်မှတ်၍ ရသည်။

ကံမကောင်းသည်က ရီဖူရှင်းက မြေရိုင်းဒေသ၏ အကောင်းဆုံး အတော်ဆုံး ပါရမီရှင်များနှင့် တွေ့ဆုံနေရခြင်း ဖြစ်သည်။ ရီဖူရှင်း၏ အဆင့်မျှဖြင့် ဤနေရာမှ အသက်ရှင် ထွက်သွားရန် လွယ်ကူမည် မဟုတ်ပေ။

“ရီဖူရှင်း… မင်းသာ အရင်တုန်းက ငါ ကမ်းလှမ်းတာကို လက်ခံရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး… ဘာလို့ ဒီလို စွန့်စား နေရတာလဲ…” ချူရှမ်းက ပြောသည်။ သူမက ရီဖူရှင်း၏ပါရမီ တစ်စွန်းတစ်စကို နားလည်ထားသည်။ လူငယ်က တော်ဝင်လမ်းတွင် ဤသို့ သေဆုံးသွားမည်က နှမြောစရာ ကောင်းလွန်းပေသည်။

ရီဖူရှင်းက ချူရှမ်းကို ကြည့်ကာ ပြုံးသည်။ သူမ၏လေသံက စိတ်သဘောထား ကောင်းမွန်စွာဖြင့် ပြောဟန် ရနေသော်လည်း ချူရှမ်းတို့ သူ့ထံကို လာသည့် ရည်ရွယ်ချက်ကလည်း တောင်ဝင် တံဆိပ်ပြား အတွက်သာ ဖြစ်သည်ကို သူသိသည်။

“တောင်ဝင်လမ်းမှာ ခင်ဗျားတို့ အဖွဲ့တိုင်းက မြို့တွေကို အပိုင်စီးကြတယ်… ကျုပ်ထင်တယ်… တစ်ဖွဲ့စီက ထောင်ကျော်တဲ့ တော်ဝင် တံဆိပ်ပြား ရှိကြလိမ့်မယ်… ဒါပေမဲ့ ခင်ဗျားတို့က အချင်းချင်း တိုက်ခိုက်ကြမယ့်အစား ကျုပ်ဆီကို လာကြတယ်… ဘာလို့လဲ… ကျုပ်က အားနည်းတယ် ထင်လို့ ခင်ဗျားတို့က လာပြီး အနိုင်ကျင့်တာ… ဟ… ကြည့်လိုက်ရင် ခင်ဗျားတို့ကပဲ ကျုပ်ကို အခွင့်အရေး ပေးနေသလိုလို…”

“တန်ခိုးရှင်လောက ဆိုတာ ဒီလိုပဲ မဟုတ်ဘူးလား… အားနည်းတဲ့လူက အားကြီးတဲ့လူရဲ့ အစာပဲ… ရှင်က အခု အဲဒါကို နားလည်တယ် ဆိုမှတော့ တံဆိပ်ပြားတွေကို ပေးပြီး ခွေးလို မသေတာလဲ…” လူသားကမ္ဘာမှ ပိုင်ရီက ပြောသည်။ ချူရှမ်းက သူ့အား ကောင်းကောင်းမွန်မွန် ပြောသည်ကို ရီဖူရှင်းက အပြစ်တင် နေသည်။

ရီဖူရှင်းက ပြုံးလိုက်သည်။ ပိုင်ရီ ပြောသည်ကား မှန်သည်။ အားနည်းသူက အားကြီးသူ၏ အစာဖြစ်သည်။ ထို့ကြောင့် သူ့အား အားနည်းသည် ထင်ကာ သူ၏ တံဆိပ်ပြားများကို လာလုယက်ကြခြင်း ဖြစ်သည်။

“မင်းတို့အားလုံး အမြဲ အားကောင်း နေပါစေလို့ ကျုပ် မျှော်လင့်နေတယ်…” ရီဖူရှင်းက ပြုံးသည်။

“နတ်မိမယ် ပိုင်ရီ… ကြည့်ရတာ ဒီအကောင်က ကျုပ်တို့ရဲ့ စကားကို လက်ခံရ ကောင်းမှန်း သိပုံမရဘူး…” တူရန်ထျန်းတောင်မှ ကုဖေးရန်က ပြောသည်။ ထို့နောက် သူက ရီဖူရှင်းကို ကြည့်ကာ ရုတ်တရက် ပြေးဝင် သွားသည်။ သူ့ထံမှ သဘာဝ စွမ်းအင်များ ပေါက်ကွဲ ထွက်လာ၏။

ကုဖေးယွန်က စတင် တိုက်ခိုက် လိုက်သည်မှာ ထင်ရှားသည်။ ရီဖူရှင်း၏ဘေးမှ လူများကလည်း ကိုယ်ရောင် ကိုယ်ဝါများ အားကောင်းစွာဖြင့် အပေါ်ကို ပျံတက် သွားကြသည်။

ကုဖေးရန်၏ ဘေးပတ်လည်တွင် မြေဓာတ် သဘာဝ စွမ်းအားများ ဖြစ်ပေါ်လာကာ ဧရာမတောင်ကြီးများ အနေဖြင့် မွေးဖွားလာသည်။ လင်းလက် တောက်ပနေသော ရှေးဟောင်း တောင်ကြီးများက စောက်ထိုးများ အဖြစ် ဆင်းသက်လာ၏။

ကြယ်မင်းကျောင်းမှ နိုဘယ် တန်ခိုးရှင်များကလည်း လေထက်ကို တက်ကာ ကြယ်တာရာ ပညာရပ်များဖြင့် တားဆီးကြသည်။ ဥက္ကာခဲများ လေထဲတွင် ပေါ်လာကာ တောင်များကို တားဆီးရန် ကြိုးစားကြသည်။

ကုဖေးရန်က အပေါ်မှ ဆက်လက် ကျဆင်းလာသည်။ ဥက္ကာခဲများက သူ့ကို မတားဆီးနိုင်ပေ။ ဧရာမ တောင်ကြီးများက မြေပြင်နှင့် နီးကပ်လာသည်နှင့် ကြယ်မင်းကျောင်းမှ တပည့်များက ကြီးစွာသော ဖိအားကို ခံစားရကာ လှုပ်ရှား၍ မရတော့သလို ခံစားလိုက်ကြ ရသည်။

လူအများအပြားက လေထက်ကို ပျံတက်ကာ တိုက်ခိုက်ကြ သော်လည်း ဧရာမ တောင်ကြီး အနီးကို ရောက်သည်နှင့် ကြီးစွာသော ဖိအားကို ခံစားကြရကာ နောက်ကို လွင့်စဉ် သွားကြရသည်။

ထိပ်သီး ပါရမီရှင်များကား စစ်တပ်များကိုပင် တစ်ယောက်တည်း ဖြိုခွင်းနိုင်သူများ ဖြစ်ကြသည်။ သူတို့က နိုင်ငံများကို သိမ်းပိုက်နိုင်စွမ်းသော တည်ရှိမှုများ ဖြစ်ကြ၏။

ဤမတိုင်မီက တိုက်ခိုက်ခဲ့ဖူးသော မိုကျွမ်ကလည်း ထပ်မံ၍ တိုက်ခိုက် လိုက်သည်။ သူ၏ဓမ္မ မွေးဖွားလာကာ ကောင်းကင်က လျှပ်စီးများဖြင့် ပြည့်နှက်သွားသည်။ လျှပ်စီးထုထည်ကြီးက ဧရာမ သတ္တဝါတစ်ကောင် အဖြစ် ပြောင်းလဲသွားကာ သူ၏လမ်းကြောင်း တစ်လျှောက်မှ လူများကို အစိတ်အစိတ် အပိုင်းပိုင်း ဖြစ်သွားစေသည်။

မိုကျွမ်က ထိုလျှပ်စီး သတ္တဝါဆန်းကြီးကို စီးနင်းကာ ရီဖူရှင်းထံသို့ တိုက်ရိုက် ပျံသန်း သွားသည်။ သူ၏မျက်လုံးများက ရီဖူရှင်း၏ဘေးမှ ယိရှောင်ရှီကို အေးစက်စွာ ကြည့်နေသည်။

“မင်း သတိထား…” ယိရှောင်ရှီက ရီဖူရှင်းကို ပြောကာ တိမ်များ အကြားသို့ ပျံတက် သွားသည်။

အစ်မနှစ်က သူ့အား မြေအောက်လမ်းမှ မသွားခိုင်းဘဲ အာရုဏ်လမ်းကို လာခိုင်းခြင်းက သူ့အား စောင့်ရှောက်ရန် ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်း၏ ပြဿနာများက ထင်သည်ထက် ကြီးနေသည်။ သို့သော်လည်း ဤနည်းက ရီဖူရှင်း၏ပုံစံများသာ ဖြစ်သည်ကို ယိရှောင်ရှီ သိသည်။ ကောင်လေးကား ငြိမ်သက်စွာ မနေတတ်ပေ။

နန်ဟောင်က ယိရှောင်ရှီနှင့် မိုကျွမ်တို့၏ တိုက်ပွဲကို ကြည့်သည်။ ယိရှောင်ရှီကား အလွန် အားကောင်းသည်။ မိုကျွမ်က ရီဖူရှင်းကို အဘယ်ကြောင့် လုပ်ကြံ၍ မအောင်မြင်သည်ကို သူ နားလည်လိုက်သည်။

“ဟူး…” ရှာဟိုကလည်း သူ၏စွမ်းအားမြင့် တန်ခိုးရှင်များနှင့်အတူ ကောင်းကင်မှ ဆင်းသက် လာသည်။ သူ၏ ခန္ဓာကိုယ်တွင်လည်း ပျက်စီးခြင်း မီးတောက်များ​ လောင်ကျွမ်းနေသည်။ ထိုမီးတောက် အမျိုးအစားကား မည်သည့်အရာနှင့်မှ ငြှိမ်းသတ်၍ မရဘဲ သေသည်အထိ လောင်ကျွမ်း တတ်သည်ဟု နာမည်ကြီးသည်။

လူအများအပြားက ရှာဟို၏အနီးကို သွားလိုခြင်း မရှိကြပေ။ ပျက်စီးခြင်း မီးတောက်ကား အန္တရာယ်များလွန်း လှသည်။

ရှောင်ကျွမ်ရီ၏လက်တွင် ပလွေတစ်လက် ပေါ်လာသည်။ သူက ပါးစပ်တွင်တေ့ကာ ပလွေအား မှုတ်လိုက်သည်နှင့် မမြင်ရသော အားလုံးက အပေါ်မှ ကျဆင်းလာသော ပျက်စီးခြင်း မီးတောက်ကို ရစ်ပတ်သွားသည်။ ထို့နောက် ပျက်စီးခြင်း မီးတောက်က အမှန်တကယ်ပင် ဘာမှ မရှိခဲ့သလို ပျောက်ကွယ် သွားတော့သည်။

ထိုမြင်ကွင်းက ရိုးရှင်းသည့်တိုင် အားလုံးက ရှောင်ကျွမ်ရီကို ထိတ်လန့်စွာ ကြည့်ကြသည်။ ရေဓာတ် စွမ်းအားများဖြင့်ပင် ငြှိမ်းသတ်၍ မရသော နာမည်ကျော် ပျက်စီးခြင်း မီးတောက်အား ရှောင်ကျွမ်ရီက အလွယ်တကူ ငြှိမ်းသတ်ခဲ့သည်။

ရှာဟိုကလည်း ရှောင်ကျွမ်ရီကို အံ့အားသင့်စွာ ကြည့်သည်။ ရှောင်ကျွမ်ရီကား အလွန်အမင်း အားကောင်းသော ပါရမီရှင်တစ်ယောက် ဖြစ်သည်ကို သူ သိလိုက်သည်။

ဘုန်း… နောက်ထပ် ပြင်းထန်သော မီးတောက်မီးလျှံများ ထပ်မံ ဖြစ်ပေါ်လာကာ ရှာဟိုအား မီးနတ်ဘုရားဟု ထင်မှတ် သွားရစေသည်။ အရာအားလုံးကို လောင်ကျွမ်းလျက် သူက ရှောင်ကျွမ်ရီထံကို ပြေးဝင်လာ၏။

ရှောင်ကျွမ်ရီကား တည်ငြိမ်စွာပင် ပလွေကို မှုတ်နေသည်။ သံစဉ်၏ဝမ်းနည်းမှုက ပတ်ဝန်းကျင်ကို သက်ရောက်နေကာ မမြင်ရသော အားလှိုင်းက သူ၏အနီးတွင် မုန်တိုင်းအလား ဖြစ်ပေါ် လာနေ၏။

မမြင်ရသော မုန်တိုင်းက ရှာဟို၏ မီးတောက်များနှင့် ရင်ဆိုင်မိသည်တွင် ဘုန်းခနဲမြည်ကာ ရှာဟို နောက်ကို လွင့်စဉ်သွားသည်။ ရှာဟို မျက်နှာပျက် သွားသည်။ လူမသိ သူမသိသော လူတစ်ယောက်က သူ့အား အမှန်ပင် အသာစီးရအောင် တိုက်ခိုက်နိုင်သည်။

သူသည်လည်း တော်ဝင်လမ်းတွင် မထင်မရှားသော ထိပ်သီးပါရမီရှင် တစ်ယောက် ဖြစ်နေသည်။ ရှာဟိုကား သူ့ကို ဘာမှ မလုပ်နိုင်။

“စိတ်ဝင်စားစရာပဲ…” နန်ထျန်းအိမ်တော်မှ လူများက မလှုပ်ရှားကြသေးပေ။ နန်ဟိုက စိတ်ဝင်စားစွာ ကြည့်သည်။ တော်ဝင်လမ်း ဖွင့်သည်နှင့် မထင်မရှား ပါရမီရှင်များ ကလည်း နာမည်ကျော်ကြား လာတတ် ကြပေသည်။ ယခုလည်း သာမန်လူများ အထဲမှ ရှောင်ကျွမ်ရီ ကဲ့သို့သော ထိပ်သီးပါရမီရှင် တစ်ယောက်လည်း ပေါ်လာပြန်သည်။

ပိုင်ရီနှင့် ချူရှမ်းတို့ မျက်နှာ သိပ်မကောင်းကြ။ သို့သော် နန်ဟောင်က ရှောင်ကျွမ်ရီကို တစ်ချက်မျှသာ ကြည့်ပြီး ရီဖူရှင်းဘက်ကို လှည့်လိုက်သည်။

နန်ဟောင်က ရထားလုံးထဲမှ ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က အလွန်အမင်း လင်းလက် တောက်ပလာကာ သူ၏ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားဝတ်စုံ၊ ချောမောသော မျက်နှာ၊ မာနဝင့်ထည်သော မျက်လုံးများက သူ့ကို နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရစေသည်။ သူက ရီဖူရှင်းထံသို့ လျှောက်လာသည်တွင် လေထုက တုန်ခါကြသည်။

“နန်ဟောင် တိုက်ခိုက်ပြီ…” နန်ဟောင်ကား တားဆီး မရနိုင်သောလူဟု သိကြကာ အားလုံးက ထိတ်လန့် သွားကြသည်။

ချန်ရန်၊ ရွယ်ယွန်ပိုကျင်၊ စီဝူကျိနှင့် တခြားလူများ အားလုံးက ရီဖူရှင်း၏အပေါ်မှ ပေါ်လာကာ သူတို့၏ အားကောင်းသော စွမ်းရည်များကို ထုတ်ဖော်ကြသည်။

နန်ဟောင်က သူတို့အား အေးစက်စွာ ကြည့်သည်။ တချို့၏ တိုက်ကွက်များက နန်ဟောင်အား အတန်ကြာ အဟန့်အတား ဖြစ်စေခဲ့သည်။ သို့သော် နန်ဟောင်က ကြီးမားသော ခြေလှမ်း တစ်လှမ်းတွင် လူတိုင်း၏ စိတ်နှလုံးက တုန်ခါရသည်။ လုံလောက်သော စိတ်အင်အား မရှိသူများကား ချက်ချင်း ပြိုလဲကြရကာ သူတို့အားလုံး၏ ပါးစပ်မှ သွေးများ စီးကျလာကြသည်။

တော်ဝင်လမ်းတွင် အတော်ဆုံး သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်ဆိုသော စကားက ဟာသ မဟုတ်ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset