အပိုင်း (၅၂၀)

အားလုံးကို မေ့ပေးမယ်

ကျိုးကျွမ် မျက်နှာ ပျက်သွားသည်။ ရီဖူရှင်း၏စကားက သူ၏အရှိုက်ကို ထိသွားသည်။

ကျိုက်ရှင်းတောင်၌ ရီဖူရှင်းက ကျိုးကျွမ်၏တိုက်ပွဲ အကူသာ ဖြစ်ခဲ့သည်။ ထိုစဉ်က သူကား အကာနာအဆင့် ခုနစ်မျှသာ ရှိသော အရေးမပါသောလူ ဖြစ်သည်။ ယခု တော်ဝင်လမ်းတွင် သူ၏ အဆင့်အတန်းက ရုတ်တရက် ပြောင်းလဲသွားရာ သူ့အား များစွာ မပျော်မရွှင် ဖြစ်စေခဲ့သည်။

တကယ်တမ်း သူ့အား ပိုမိုဒေါသ ထွက်စေခဲ့သည်မှာ ရီဖူရှင်းက သူတို့အား တခြား သူစိမ်းလူများကဲ့သို့ တန်းတူ ဆက်ဆံခြင်းကိုပင်။ သူတို့က ရီဖူရှင်းကို တော်ဝင်လမ်းသို့ ကာကွယ်ကာ ခေါ်ယူခဲ့သည်။ သို့သော် သူက ကျေးဇူး တင်ရမည့်အစား ဘဝမြင့်ကာ မိမိ၏နေရာကိုပင် မသိတော့။

ထို့ကြောင့် ကျိုးကျွမ်က လီစွမ်းကို ဆွဲဆောင် သိမ်းသွင်းကာ လှုပ်ရှားခဲ့သည်။ လီစွမ်းကလည်း အောင်မြင်မှုကို ဆာလောင်ကာ မကောင်းသော အတွေးအကြံများ ရှိနေသည်တွင် သူတို့က နန်ဟောင်၏ လက်အောက်ကို ဝင်ရန် သဘောတူညီခဲ့ကြ၏။

သို့သော် သူ၏တိုက်ခိုက်မှုက ရီဖူရှင်း အပေါ်ကို ကျဆင်း လာသောအခါ ရီဖူရှင်းက သူထင်သလို ပျော့ညံ့သူ မဟုတ်ကြောင်း သလိုက်ရသည်။ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုတွင် ရီဖူရှင်းက သူ့ထက် အဆပေါင်းများစွာ သာလွန်၏။ သူက ထိုနေရာတွင်ပင် ရပ်ကာ သူ၏တိုက်ခိုက်မှုကို အေးအေးသက်သာ ခံယူသော်လည်း ခြေရာမျှပင် မထင်။ ရီဖူရှင်းက မည်မျှ သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားသည်ကို ကျိုးကျွမ် မတွေးတတ်တော့။ သူ၏တိုက်ခိုက်မှုက နဝမအတန်းအစား နိုဘယ်ကိုပင် ဒဏ်ရာပြင်းစွာ ရနိုင်ပေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်ကား တော်ဝင် ပညာရပ်ကို လေ့ကျင့်ထားရာ ကြောက်မက်ဖွယ် ကောင်းအောင် မာကျောသည်။ သူရိယနေမင်း ကျောင်းမှ ရှီတန်ခိုးရှင်၏ တိုက်ခိုက်မှုကြောင့် သူ၏ အကြောအရိုးများက အသစ်တစ်ဖန်ပြန်လည် မွေးဖွားကာ ကုစားခဲ့ရာ မူလထက်ပင် ပိုမို အားကောင်းခဲ့သည်။ နိုဘယ်အဆင့်အောက်မှ​ လူများ၏တိုက်ခိုက်မှုက သူ့အတွက် ဘာမှ မဟုတ်ပေ။

ကျိုးကျွမ်က မိမိကိုယ်ကို အထင်ကြီးလွန်းသည်။ ရီဖူရှင်းကား သူ့ကို တစ်ခါမှ မျက်လုံးထဲ ထည့်ထားခဲ့သည် မဟုတ်ပေ။

လက်ဆန့်တန်းကာ ရီဖူရှင်းက ကျိုးကျွမ်၏ လည်ပင်းကို လှမ်းဆွဲ ကိုင်လိုက်သည်။ ကျိုးကျွမ်၏မျက်လုံးက အံ့အားသင့်နေဟန်မှ ချက်ချင်း ကြောက်ရွံ့ ထိတ်လန့်ဟန်များ ပေါ်လာကာ ရှောင်ဖယ်ရန် ကြိုးစားသော်လည်း ထိုမျှ အနီးကပ် အခြေအနေတွင် ရီဖူရှင်း၏လက်ကို မည်သို့ ရှောင်ဖယ်မည်နည်း။

“ငါက မင်းအပေါ် အကြွေး တင်နေတယ်လို့ မင်းက ထင်နေတယ်မလား … မင်းက ငါ့အတွက် ဘာလုပ်ပေးခဲ့လဲ စဉ်းစားစမ်း…” ရီဖူရှင်းက ကျိုးကျွမ်ကို ရွံရှာစွာ ကြည့်သည်။ ထို့နောက် သူ၏လက်ကို အနည်းငယ် အားစိုက်ကာ ဖျစ်ညှစ်လိုက်သည်တွင် အကျိုးအချို့ ကျိုးအက်သံနှင့်အတူ ကျိုးကျွမ်၏မျက်လုံးက ပြူးကျယ်သွားကာ အသက်မဲ့သော ခန္ဓာကိုယ်က ပျော့ခွေသွားပြီး မြေပြင်ပေါ်ကို ကျသည်။

လီစွမ်းက ထိုမြင်ကွင်းကို မြင်သည်။ သို့သော် သူက ကျိုးကျွမ် အတွက် ဝမ်းနည်း စိတ်မကောင်းဟန်များ မရှိပေ။ သို့သော် သူက အံ့အားသင့်ရသည်။ ရီဖူရှင်းကား အလွန် အားကောင်းသည်။ သူက အကာနာအဆင့် အမြင့်ဆုံးမှ ကျိုးကျွမ်အား အလွယ်တကူ သတ်ဖြတ်နိုင်၏။

မြို့ရိုးဖြူမြို့မှ လူများအားလုံးက ရီဖူရှင်း၏စွမ်းအားကို ကြည့်ကာ အံ့အားသင့်ကြရသည်။ ထို့အတူ ရီဖူရှင်းသာ မဟုတ် သူ၏စီနီယာ အစ်ကိုကလည်း အလွန်အမင်း အားကောင်းလွန်း ရကား မိုကျွမ်ကိုပင် ယှဉ်တိုက်နိုင်သည်။

ထိုစဉ် အဝေးမှ ပျံသန်း လာသံများကို ကြားရသည်။ သိသာစွာပင် တိုက်ပွဲကြောင့် တခြားလူများက သတိထားမိကာ အပြေးလာနေဟန် ရသည်။ မိုကျွမ်နှင့် လီစွမ်းတို့၏ လူများက ရီဖူရှင်းကို ချက်ချင်း ဝန်းရံကာ တိုက်ခိုက် လိုက်ကြသည်။ သူတို့တွင် အချိန်မရှိတော့သည်ကို သိကြသည်။ သူတို့က ရီဖူရှင်းကို အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟု တွေးခဲ့ကြသည်။ သို့သော် လက်ရှိ အခြေအနေက သိပ်မဟန်တော့။

အလင်း တစ်ချက်နှင့်အတူ ရီဖူရှင်း၏လက်ထဲကို ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ရောက်လာသည်။ ကြယ်အလင်းများနှင့်အတူ ကြယ်တာရာမုန်တိုင်းက ဖြစ်ပေါ်လာသည်။ ဥက္ကာခဲများ ရီဖူရှင်းအနီးတွင် လှည့်ပတ်လာ၏။

ထိုနေရာ တစ်ခုလုံးကို ကြီးစွာသော မြေဆွဲအားတစ်ခု ဆင်းသက်လာကာ တန်ခိုးရှင်များ အားလုံးကို လေးလံ ထိုင်းမှိုင်းစေသည်။ နှင်တံအား ဝှေ့ယမ်းလျက်​ ရီဖူရှင်းက သူ့ထံကို ပြေးဝင်လာသော နိုဘယ် တစ်ယောက်အား လှမ်းရိုက် ချလိုက်သည်။

ဝုန်း…

လေထုပင် နှစ်ခြမ်း ကွဲသွားပုံရသည်။ ထိုနိုဘယ်ကား အဋ္ဌမ အတန်းအစား နိုဘယ် ဖြစ်သော်လည်း နှင်တံရိုက်ချက် အောက်တွင် မည်သို့မှ ခုခံနိုင်စွမ်းမရှိဘဲ ဦးခေါင်း ကြေမွသွားသည်။

လူတိုင်းက ထိတ်လန့် သွားကြသည်။ လီစွမ်း၏မျက်လုံးက မယုံကြည်နိုင်ခြင်း များစွာဖြင့် ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းကား အဋ္ဌမအတန်းအစား နိုဘယ်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်လား။

ကြယ်မင်းကျောင်းမှ တပည့်များ၊ ချန်ရန်နှင့် ကျန်သော အုပ်စုများ အားလုံးက ရီဖူရှင်း ရှိနေရာသို့ ရောက်လာကြသည်။ သူတို့ ရောက်လာသည်နှင့် ဘာမှ မေးမြန်းခြင်း မရှိဘဲ ရန်သူများကို ကြမ်းတမ်းစွာ တိုက်ခိုက် ကြတော့သည်။

“နောက်ဆုတ်…” မိုကျွမ်က အမိန့်ပေးသည်။ သူက ဆက်လက် မတိုက်ခိုက်လိုတော့။ ယိရှောင်ရှီ၏ တန်ခိုးအဆင့်က သူ့ထက် နိမ့်သည့်တိုင် အနိုင်ရရန် အန်မတန် ခက်ခဲနေသည်။ သူ့လူများကလည်း ရီဖူရှင်းကို အနိုင်မယူနိုင်ကြ။ ဆက်လက် တိုက်ခိုက်ပါက သူ့အတွက် ပြန်လမ်းမရှိ ဖြစ်သွားနိုင်သည်။

ယိရှောင်ရှီက သူ့ကို ကြည့်သည်။ အစိမ်းရောင်နှင့် ရွှေရောင် နွယ်ပင်များက မိုကျွမ်၏ ပြေးလမ်းများကို ပိတ်ဆို့ထားသည်။

မိုကျွမ်က ယိရှောင်ရှီကို အေးစက်စွာ ကြည့်သည်။ မဆုံးနိုင်သော အလင်းတန်းများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ယိရှောင်ရှီထံသို့ တိုးဝင်သွားသည်။

မိုကျွမ်ကား ဆက်လက် တိုက်ခိုက်လိုခြင်း မရှိတော့ပေ။ နောက်ထပ် ရောက်လာသူများကို ကြည့်ကာ သူ၏နောက်တွင် အလွန် လင်းလက် တောက်ပမှု တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအလင်းက ရုတ်တရက် ပေါက်ကွဲသွားကာ အရိပ်သဏ္ဌာန်အလား သူက လေထုကို ခွင်းလျက် ကောင်းကင်သို့ ပျံတက်သွားသည်။ သူကား မြန်ဆန်လွန်းရကား ခဏအတွင်းတွင် လေထုထဲ ပျောက်ကွယ် သွားကာ ကောင်းကင်ထက်တွင် ပေါ်လာသည်။

“ဘယ်လောက် အားကောင်းတဲ့ ဓမ္မလဲ…” လူအများအပြားက မိုကျွမ်ကို ကြည့်ကာ မှတ်ချက် ချကြသည်။ မိုကျွမ်ကား တော်ဝင်လမ်းတွင် အလွန် အားကောင်းကာ သူ၏စွမ်းရည်များက ပြိုင်ဘက်ကင်း လှသည်။ သို့တိုင်အောင် သူက ရီဖူရှင်းကို သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ သူ့အား ဖတ်တီးက တားဆီးခဲ့သည်။

ကြည့်ရသည်မှာ သူတို့က အမှန်ပင် ထိုပေါတောတောပုံစံ ဖက်တီးကို အထင်သေးခဲ့ကြပြီ။ သူကား အမှန်ပင် စွမ်းအား ကြီးသည်။

“လီစွမ်း…” လီစွမ်းကို လေထဲတွင် မြင်သည်တွင် ချန်ရန်တို့က အခြေအနေကို နားလည် လိုက်ကြသည်။ သူတို့၏ မျက်နှာများက ဒေါသခိုးများ ဝေလာကြသည်။

လီစွမ်းက သူတို့ကို သစ္စာဖောက်ကာ ရီဖူရှင်းကို လုပ်ကြံခဲ့သည်။ နန်ဟောင်၏လက်အောက်ခံ မိုကျွမ်က သည်နေရာကို ရောက်လာကာ ရီဖူရှင်းတို့အား တိုက်ခိုက်နေသည် ဆိုမှတော့ လီစွမ်းက နန်ဟောင်၏ လက်အောက်ကို ဝင်ရောက် သွားသည်မှာ ထင်ရှားသည်။

“တကယ်ပဲ လူကြီးလူကောင်း တစ်ယောက်ပဲ…” ကျွေ့ချိန်ချူက ပြုံးလျက် ခေါင်းယမ်းသည်။ လီစွမ်းက ဟန်ဆောင် ကောင်းလွန်း လှသည်။ လီစွမ်းက ချုပ်ကိုင်ထားသော လီချန်းရီကို ကြည့်ကာ သူက သက်ပြင်းချသည်။ မိန်းကလေးကား သူမ၏အစ်ကိုကြောင့် ဆိုးဝါးသော အခြေအနေများကို ကြုံတွေ့နေရသည်။

“ရီဖူရှင်း… အရင်လို မင်းကြိုက်သလို ထင်သလို လုပ်နေမယ်ဆိုရင် မင်းအတွက် ဒုက္ခပဲ များလိမ့်မယ်…” လီစွမ်းက လေထဲမှ သူ့ကို ပြောသည်။

“ဟ… ငါထင်သလို ကြိုက်သလို လုပ်တယ်တဲ့လား…” ရီဖူရှင်းက လီစွမ်းကို ဒေါသတကြီး ကြည့်သည်… “ကျုပ်ရဲ့ အပြုအမူကို မင်းက ဝေဖန်နေစရာ မလိုဘူး…”

ထို့နောက် ရီဖူရှင်းက လီစွမ်းကို လျစ်လျူရှုလိုက်ကာ အဆောက်အဦဝင်း အပြင်ဘက်ကို လျှောက်သွားသည်။

“သူ ဘာလုပ်ချင်တာလဲ…” လူအများအပြား၏ အကြည့်များက ရီဖူရှင်းထံကို ချက်ချင်း ရောက်သွား ကြသည်။

“သူက…” အားလုံးက စိတ်လှုပ်ရှား သွားကြသည်။ ရီဖူရှင်းက လုံလောက်သော တံဆိပ်ပြားများကို စုဆောင်းပြီး ဖြစ်ဟန်ရသည်။ သူက ဧရာမ ရှေးဟောင်း နယ်မြေကြီးကို ဖွင့်လှစ်တော့မည်လား…။

မိုကျွမ်၏ မျက်လုံးများက အရောင်လက် သွားသည်။ သူက ကောင်းကင်မှ တစ်ဆင့် ရီဖူရှင်း၏နောက်ကို လိုက်ပါသွားသည်။ အဆောက်အဦကြီး၏ အတွင်းနှင့်အပြင်မှ လူများအားလုံးက ရီဖူရှင်း​၏နောက်မှ လိုက်ပါ သွားကြသည်။

မကြာမီ ကြောက်မက်ဖွယ် ကောင်းသော လူအုပ်ကြီးက အဆိပ်မီးတောက် မြို့ထဲတွင် သွားနေကြသည်။ ရီဖူရှင်း၏နောက်တွင် မရေမတွက်နိုင်သော လူအုပ်ကြီး လိုက်ပါလာ၏။

သူတို့နှင့် အနည်းငယ် ဝေးကွာသော အရပ်မှ အလင်းတန်းများက မြန်ဆန်စွာဖြင့် ရွေ့လျား လာနေသည်။ ရီဖူရှင်းတို့ထံသို့ သင်္ဘောပျံကြီးက ဦးဆုံး ရောက်ရှိလာသည်။ ပိုင်ရီနှင့် ချူရှမ်းတို့ကလည်း ရီဖူရှင်းတို့ အုပ်စုနောက်မှ လိုက်ပါ လာကြသည်။

ထို့နောက် ဓားကျေးရွာမှ ယန်ချူ၊ ထို့နောက် ရှာဟို၊ နန်ထျန်းအိမ်တော်မှ လူများ၊ တူရန်ထျန်းတောင်မှ တန်ခိုးရှင်များနှင့် တခြား စွမ်းအားမြင့် တန်ခိုးရှင်များအားလုံး ရောက်လာကြသည်။

“မိုကျွမ်နဲ့ နန်ဟောင်က ဒီလို ကြားဖြတ်ခုတ်တာ သင့်တော်သလား…” တူရန်ထျန်းတောင်မှ ကုဖေးရန်က ဒေါသတကြီး ပြောသည်။ နန်ဟောင်က သူတို့အားလုံး၏ရှေ့မှ အလျင် တံဆိပ်ပြားများကို လုယက်ခဲ့သည်မှာ ထင်ရှားသည်။

“မင်းက ဒါကို ပြဿနာလို့ ထင်လား…” အလင်းရောင်များ ထွန်းလင်း တောက်ပလျက် နန်ဟောင်က ရထားလုံး စီးနင်းကာ ရောက်လာသည်။

နန်ဟောင်က သူ့ကို ကြည့်သည်။ မိုကျွမ်က မအောင်မြင်ခဲ့သည့် အတွက် သူက အနည်းငယ် အံ့အားသင့် ရသည်။ တစ်ဖက်လူကလည်း အခြေအနေကို ကြိုတင်ပြင်ဆင် ထားဟန် ရသည်။

ယခင်က လီစွမ်းက သူ့လက်အောက်ကို လာလိုသည် ဆိုပါကလည်း သူက အရေးလုပ်မည် မဟုတ်ပေ။ သို့သော် သူ၏အကြံက အမှန်ပင် ကောင်းမွန်နေပြီး ပင်ပန်းနေစရာ မလိုဘဲ တံဆိပ်ပြားများကို အလွယ်တကူ ရမည်ဖြစ်ရာ လက်ခံခဲ့သည်။

ယခု အချိန်မူကား လှုပ်ရှားရန် အကောင်းဆုံး အချိန်အခါ ဖြစ်ဟန်ရသည်။ ရီဖူရှင်းက လုံလောက်သော တံဆိပ်ပြားများကို စုဆောင်းခဲ့ပြီး ဖြစ်ကာ ဧရာမရှေးဟောင်း နယ်မြေကို ဖွင့်လှစ်တော့မည် ဖြစ်သည်။ တစ်ခုတည်းသော ပြဿနာကား ရီဖူရှင်းက တံဆိပ်ပြားများကို လက်လွှတ်လိုခြင်း ရှိဟန်မရပေ။

“ကျုပ်ကို တံဆိပ်ပြားတွေပေး… ဒါဆို ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးကို ကျုပ်က မေ့လိုက်မယ်… မင်း ဘေးကင်းစေဖို့ ကျုပ် အာမခံတယ်…” နန်ဟောင်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ ရီဖူရှင်းက သူ့ကို ငြင်းပယ်ခဲ့သည်ကို သူက စိတ်ထဲ မထားတော့။

ရီဖူရှင်းက နန်ဟောင်ကို အံ့အားသင့်စွာ ကြည့်သည်​။ ဤမျှ မျက်နှာပြောင်သော လူကို သူမတွေ့ဖူးပေ။ တကယ်တမ်း လူလွှတ်ကာ လုပ်ကြံရန် ကြိုးစားခဲ့သည်က နန်ဟောင်ဖြစ်ကာ ယခု သူက ဖြစ်ပျက်ခဲ့သမျှကို မေ့ပေးမည်ဟု ပြောနေသည်။

သို့သော် ရီဖူရှင်းက အရေးမစိုက်ပေ။ သူက ရှေ့ကိုသာ ဆက်သွားနေသည်။ မရေမတွက်နိုင်သော လူများက သူ့နောက်မှ လိုက်နေရာ ပတ်ဝန်းကျင် တစ်ခုလုံးကလည်း တင်းမာနေသည်။ ကောင်းကင်မှ လူတိုင်းက ကြောက်မက်ဖွယ် ကောင်းအောင် စွမ်းအားမြင့်သူများ ဖြစ်ကြသည်။ မြေရိုင်းဒေသတွင် ဤလူများက အကောင်းဆုံး အတော်ဆုံးလူများ ဖြစ်ကြသည်။ ထိုလူများက တော်ဝင်ကျဲ နန်းတော်ကို သေချာပေါက် ဝင်ခွင့်ရမည့်လူများ ဖြစ်ကြသည်။

ယခု လူတိုင်းက ရီဖူရှင်းကို စူးရဲစွာ ကြည့်နေကြကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။

***

စာစဉ်(၃၅) ပြီးပါပြီ

ဆက်ပါဦးမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset