Switch Mode

အခန်း (၁၀၄)

ဆေးဖော်စပ်နည်းမှ ပြဿနာတစ်ခု

အဂ္ဂိရတ်ဂိုဏ်း၏ဆုလာဘ်များမှာ အလွန်ရက်ရောလှသည်။

ထိပ်ဆုံးအယောက်နှစ်ဆယ်က အဂ္ဂိရတ်ဂိုဏ်းကိုဝင်ရောက်နိုင်သည်။

အဂ္ဂိရတ်ဂိုဏ်း၏စံနှုန်းသတ်မှတ်ချက်က အလွန်မြင့်မားလှသည်။ အဂ္ဂိရတ်ဂိုဏ်းသည် တိုက်နယ်တစ်ခွင်မှာ ရှေးဦးအဂ္ဂိရတ်ဂိုဏ်းဖြစ်၏။ သူတို့တွင် အမွေအနှစ်များနှင့် ဆေးဖော်စပ်နည်းများ ဘယ်လောက်တောင်ရှိလိုက်လေမလဲ။

ထိုအရာများမှာ အဂ္ဂိရတ်ပညာရှင်များ အိပ်မက်မက်နေကြရသည့်အရာဖြစ်ပြီး အဂ္ဂိရတ်ဂိုဏ်း၏အခြေခံအုတ်မြစ်လည်းဖြစ်၏။

တတိယအဆင့်မှာ အလွန်ရှာပါးလှသောရတနာဖြစ်သည့် ကောင်းကင်စိတ်ဝိညာဉ်မြက်ကို ရမည်ဖြစ်၏။

မြေကမ္ဘာအဆင့်ဆေးဝါးတော်တော်များများတွင် ထိုပစ္စည်းကိုလိုအပ်သည်။ ထိုအရာမှာ လိုက်လံရှာဖွေ၍မရပါဘဲ ကံကောင်းထောက်မမှသာ မမျှော်လင့်ဘဲတွေ့နိုင်လေသည်။

ဒုတိယအဆင့်ကမူ မြေကမ္ဘာအဆင့်ဆေးမီးဖိုပင်။

ပထမနေရာအတွက် ချီးမြှင့်မည့်ဆုမှာ စိတ်ဝိညာဉ်ကိုထိုးဖောက်ကျော်လွှားနိုင်ရန်ကူညီပေးမည့် အမြုတေစိတ်ဝိညာဉ်ဆေးဝါးဖြစ်၏။

ဤသည်မှာ ချန်းယွမ်အဆင့်ပညာရှင်တစ်ယောက် အာကာသနတ်ဘုရားအဆင့်ကို ထိုးဖောက်ကျော်လွှားနိုင်ရန် အသုံးဝင်ရုံသာမကပေ။

အဂ္ဂိရတ်ပညာရှင်များအတွက်မူ ဆေးမီးဖိုနှင့် ဆေးဖော်စပ်နည်းများထက်စာလျှင် အရေးကြီးဆုံးအရာမှာ စိတ်ဝိညာဉ်စွမ်းအားဖြစ်၏။

စိတ်ဝိညာဉ်စွမ်းအားမှာ မြှင့်တင်ရန်ခက်ခဲပေသည်။ အမြုတေစိတ်ဝိညာဉ်ဆေးဝါးက စိတ်ဝိညာဉ်ဘုံအဆင့်ကို တိုက်ရိုက်ဖြတ်ကျော်နိုင်ပြီး ဂမ္ဘီရစိတ်ဝိညာဉ်ဘုံအဆင့်လမ်းတစ်ဝက်ကို ဝင်ရောက်နိုင်ပေသည်။

ဤသည်မှာ အလွန်အမင်းဆွဲဆောင်အားကောင်းလှသည်။

ပါဝင်ယှဉ်ပြိုင်ကြသော အဂ္ဂိရတ်ပညာရှင်များအားလုံး၏မျက်ဝန်းထဲတွင် အရူးအမူးဖြစ်သွားသောအရိပ်အယောင်များနှင့် ပြည့်နှက်သွားလေသည်။

ကြည့်ရှုသူထိုင်ခုံထဲတွင် တော်ဝင်မိသားစုနှင့်ဂိုဏ်းများမှလူများက အဂ္ဂိရတ်ပညာရှင်များကိုအပြုအမူများကို လေ့လာအကဲခတ်နေကြသည်။

ထိပ်ဆုံးအယောက်နှစ်ဆယ်ကို သူတို့သိမ်းသွင်းစည်းရုံခြင်းမပြုနိုင်သော်ငြား ထိပ်ဆုံးအယောက်နှစ်ဆယ်ကလွဲလျှင် ကျန်လူများကို သူတို့စည်းရုံးသိမ်းသွင်းနိုင်သည်။

တော်ဝင်မိသားစုနှင့်ဂိုဏ်းများအတွက် အဂ္ဂိရတ်ဆရာသခင်တစ်ယောက်မရှိဘဲ ရှေ့ဆက်၍မဖြစ်နိုင်ချေ။

မုဝမ်အာကလည်း မုမိသားစု၏အရှိမ်အဝါကြောင့် စီစဉ်ပေးထားကြသော ပွဲကြည့်ရာနေရာရှိ အထူးသီးသန့်ထိုင်ခုံတစ်ခုတွင်ထိုင်နေလေသည်။

“အမ် ကျွန်မ ဦးလေးကိုတွေ့ပြီ”

မုဝမ်အာက သွားပေါ်အောင်ရယ်လျက် လူအုပ်ကြီး၏အလယ်ကို လက်ညှိုးထိုးပြလေသည်။

ဦးလေးလီကလည်း လှည့်ကြည့်လိုက်သော်ငြား သူ့အမူအရာကမူ အလွန်တည်ငြိမ်လှသည်။

စတုတ္ထအဆင့်အဂ္ဂိရတ်ဆရာသခင်တစ်ယောက်က သူ့ဆီကအကြည့်များပို ပိုမိုခံယူနိုင်ရန် မလုံလောက်သေးပေ။

လုချန်ရှန်းကမူ သူ့ရှေ့ရှိပစ္စည်းများကိုကြည့်နေချေသည်။

ထိုပစ္စည်းများမှာ သုံးစုံစာသာရှိ၏။ အဓိပ္ပါယ်မှာ သူတို့တွင် အခွင့်အရေးသုံးကြိမ်သာရှိသည်ဟုပင်။

ပါဝင်ပစ္စည်းများကို အကုန်သုံးပစ်ပြီး ဆေးဝါးဖော်စပ်နိုင်လိုက်သော်လည်း မအောင်မြင်ခဲ့ပါက သူတို့၏ကိုယ်ပိုင်ပစ္စည်းများကိုလည်း မသုံးရပေ။ ဤသည်မှာ စည်းကမ်းဖောက်ဖျက်ခြင်းပင်။

လုချန်ရှန်း ဆေးဝါးဖော်စပ်နည်းကို ကြည့်လိုက်သည်။

တစ်ကျော့ပြန်မီးတောက်ဆေးဝါးမှာ မီးဆန္ဒကိုကျင့်ကြံနေသောကျင့်ကြံသူများအတွက် အလွန်ကောင်းမွန်လှသည့်ကျင့်ကြံရေးဆေးဝါးဖြစ်သည်။

၎င်းမှာ အဆင့်မြင့်စိတ်တန်ခိုးရှင်အဆင့်ဖြစ်ပြီး စိတ်တန်ခိုးရှင်အဆင့်ဆေးဝါးများထဲတွင် ဖော်စပ်ရခက်သောဆေးဟု ဆိုနိုင်လေသည်။

အခြားလူများက ဆေးဖော်စပ်နည်းကိုကြည့်ပြီး ချင့်ချိန်တွေးဆနေပေသည်။

ယုံကြည်မှုရှိသောအပြုံးမျိုးဖြင့် စတင်ဖော်သပ်နေသူများပင်ရှိ၏။

လုချန်ရှန်းကမူ တိတ်ဆိတ်နေဆဲသာ။

ဟူချင်းက ထိုအခြင်းအရာကိုမြင်သောအခါ စိတ်မပူပေ။

လုချန်ရှန်းမှာ တစ်ကျော့ပြန်မီးတောက်ဆေးဝါးမျှဖြင့် အကျပ်ရိုက်နေမည့်လူမဟုတ်။

မုဝမ်အာက သူ(မ)၏လက်ချောင်းကို နှုတ်ခမ်းပေါ်တင်၍ သိချင်စိတ်ဖြင့်မေးလိုက်မိသည်။

“ဦးလေး ရှင် ဘာလို့စမလုပ်သေးတာလဲ”

ဦးလေးလီက ခပ်ပေါ့ပေါ့ပင်ပြောလာသည်။

“သူ့အတွက် ခက်လို့နေမှာပေါ့။ တစ်ကျော့ပြန်မီးတောက်ဆေးဝါးဆိုတာ စတုတ္ထအဆင့်အဂ္ဂိရတ်ဆရာသခင်တစ်ယောက်အတွက် ခက်ခဲနေတုန်းပဲလေ”

သေချာပေါက်ပင် ဦးလေးလီ မှားပေသည်။

၎င်းမှာ လုချန်ရှန်းအတွက် မခက်ခဲပေ။ ယခင်က သူ တစ်ကျော့ပြန်မီးတောက်ဆေးဝါးကို တစ်ခါမှမမြင်ဖူးခဲ့သောကြောင့်ပင်။

သူက ဆေးဝါးဂုဏ်သတ္တိကိုကြည့်ပြီး ပါဝင်ပစ္စည်းများနှင့်နှိုင်းယှဉ်ကာ မည်သို့မွမ်းမံဖော်စပ်ရမလဲဆိုသည်ကို ကောက်ချက်ချလိုက်သည်။

“ဟင်… ဒါ အလုပ်ဖြစ်လောက်မှာပါ”

“ဒါပေမဲ့ ပြီးပြည့်စုံမှာတော့မဟုတ်ဘူး”

အချိန်များ တဖြည်းဖြည်းကုန်ဆုံးသွားချေသည်။

တစ်စုံတစ်ယောက်၏ဆေးမီးဖိုမှာ အနက်ရောင်မီးခိုးများထုတ်လွှတ်လာသည်။

ဆေးမီးဖိုများ ပေါက်ကွဲပြီး ဒဏ်ရာရသွားသူများလည်းရှိ၏။ သူတို့၏မျက်နှာထက်တွင် ရှုပ်ထွေးမှုများအထင်းသားပင်။ သူတို့လည်း ဆေးဖော်စပ်နည်းအတိုင်း ရှင်းရှင်းလင်းလင်းလိုက်နာထားခြင်းပင်။ သူတို့ ဘာကြောင့်များကျရှုံးရတာပါလိမ့်…

“မင်းတို့ပေးတဲ့ဆေးဖော်စပ်နည်းက မှားနေတာမလား။ ဒီဆေးဖော်စပ်နည်းအတိုင်းလိုက်လုပ်တာကို ဘာလို့မအောင်မြင်ရတာလဲ”

လူတစ်ယောက်က အော်ကြီးဟစ်ကျယ်မေးခွန်းထုတ်လေသည်။

အကြီးအကဲများထဲကတစ်ယောက် မြင်သောအခါ ခပ်ပေါ့ပေါ့လေးပြောလာလေ၏။

“အဂ္ဂိရတ်ပညာရှင်တစ်ယောက်က ဖော်စပ်နည်းကို ကိုယ့်ဘာသာမချင့်ချိန်တတ်ဘူးဆိုရင် ကိုယ်ပိုင်အရည်အချင်းပြည့်ဝဖို့ခက်ခဲလိမ့်မယ်။ ဒီအတိုင်းသာဆိုရင်တော့ သူ ကျရှုံးမှာပဲ”

ထိုလူ၏အမူအရာမှာ ရုပ်ဆိုးအကျည်းတန်သွားချေသည်။ သူက အေးစက်စွာနှာမှုတ်ပြီး အင်္ကျီလက်ကိုဝှေ့ယမ်းကာ ပြိုင်ပွဲကျင်းပရာနေရာမှ ထွက်ခွါသွားလေသည်။

တဖြည်းဖြည်း လူတော်တော်များများကျရှုံးသွားသည်။ အောင်မြင်သူများလည်း သေချာပေါက်ရှိ၏။

လူတစ်ယောက်က သက်စောင့်ဆေးတစ်လုံးကိုကိုင်ကာ အကြီးအကဲများရှိရာထိုင်ခုံဆီသို့ ယုံကြည်မှုရှိသောအပြုံးတစ်ပွင့်ဖြင့် လျှောက်သွားလိုက်လေသည်။ ကြည့်ရှုသူထဲကတစ်ယောက်က ထိုလူကို သတိပြုမိသွားသည်။

“သူက အလယ်ပိုင်းဒေသက သတ္တမအဆင့်အဂ္ဂိရတ်ဆရာသခင် ကျုံးလီမဟုတ်လား”

“ကျုံးလီကို မိသားစုနဲ့ဂိုဏ်းတော်တော်များများက စည်းရုံးသိမ်းသွင်းဖို့ကြိုးစားပေမဲ့ သူက လက်မခံခဲ့ဘူးလို့ကြားထားတာပဲ”

“သေချာတာပေါ့။ ကျုံးလီက အဂ္ဂိရတ်ဂိုဏ်းကိုပဲဝင်ချင်တာလေ”

ကျုံးလီက ဆေးကို အကြီအကဲများအား ပေးလိုက်ပြီဖြစ်၏။

အကြီးအကဲကလည်း ၎င်းကိုယူ၍ ကြည့်လိုက်သည်။ သူ အသာအယာခေါင်းညိတ်ပြီး ပြောလာသည်။

“တစ်ကျော့ပြန်မီးတောက်ဆေးဝါး၊ မသန့်စင်မှု ၄၀ရာခိုင်နှုန်း၊ အောင်မြင်ပါတယ်”

မသန့်စင်မှုမှာ ၄၀ရာခိုင်နှုန်းမျှသာ။

တစ်ကျော့ပြန်မီးတောက်ဆေးဝါးမွမ်းမံရာတွင် မသန့်စင်မှုကို ၅၀ရာခိုင်နှုန်းအောက် ဖိနှိပ်ထားရန်မှာ အလွန်အမင်းခက်ခဲလှပေသည်။

ကျုံးလီကပြုံးလျက် တရိုတသေဦးညွှတ်လိုက်သည်။ ထို့နောက် ပြိုင်ပွဲကျင်းပရာနေရာမှထွက်သွားပြီး ကြည့်ရှုသူနေရာ၌ သွားထိုင်နေ၏။

ပထမအချီကား သူ့အတွက်မခက်ခဲလှပေ။

ချက်ချင်းဆိုသလိုပင် အခြားလူတချို့လည်း ပြီးမြောက်သွားကြသည်။

“တုချိုးယင်း၊ မသန့်စင်မှု ၅၀ရာခိုင်နှုန်း၊ အောင်မြင်ပါတယ်”

“ယန်မို၊ မသန့်စင်မှု ၄၀ရာခိုင်နှုန်း၊ အောင်မြင်ပါတယ်”

“ရှဲ့ယွမ်ရန်၊ မသန့်စင်မှု ၃၀ရာခိုင်နှုန်း၊ အောင်မြင်ပါတယ်”

၃၀ရာခိုင်နှုန်းတဲ့လား…

ရှဲ့ယွမ်ရန်မှာ အလယ်ပိုင်းဒေသတွင် လွှမ်းမိုးမှုရှိသောပုဂ္ဂိုလ်တစ်ဦးဖြစ်၏။

သူသည် လူတိုင်း စည်းရုံးသိမ်းသွင်းချင်နေသောပစ်မှတ်လည်းဖြစ်၏။ သို့သော် ထိုလူကလည်း အဂ္ဂိရတ်ဂိုဏ်းကိုသာ စိတ်ဝင်တစားရှိလေသည်။

ကျုံးလီကလည်း ရှဲ့ယွမ်ရန်ကိုကြည့်လိုက်သည်။

ရှဲ့ယွမ်ရန်ကလည်း ကျုံးလီကို ရန်စလိုဟန်ဖြင့်ပြန်ကြည့်လေသည်။

သူတို့နှစ်ယောက်က အချင်းချင်းသိနေကြသည်မှာ အသိသာချည်းပင်။

ထိုအချိန်တွင် အကြီးအကဲက မိုးပေါ်သို့မျှော်ကြည့်ကာပြောလိုက်၏။

“အချိန်က အမွှေးတိုင်တစ်တိုင်ထွန်းစာပဲကျန်တော့တယ်။ အချိန်ပြည့်တာနဲ့ မပြီးသေးတဲ့လူတွေကို အရည်အချင်းမပြည့်မီဘူးလို့သတ်မှတ်ပါမယ်”

ထိုစကားကိုကြားလိုက်ရသူအပေါင်းမှာ မျက်နှာပျက်ကုန်ကြလေသည်။

တချို့လူများက ပို၍ပင်ဖိအားများသွားကြသည်။

ရလဒ်အနေနှင့် ဆေးဝါးဖော်စပ်သည့်နောက်ဆုံးအဆင့်၌ အာရုံပျက်ပြားပြီး ရှုံးနိမ့်သွားလေသည်။

အကြီးအကဲများကလည်း သူ့ကို ဒုတိဟအခွင့်အရေးမပေးချေ။

ဖြောင့်မတ်မှန်ကန်မှုဆိုသည်မှာ အဂ္ဂိရတ်ပညာရှင်များအတွက် အရေးကြီးလှသည်။

ထိုအချိန်တွင် မုဝမ်အာက လုချန်ရှန်းရှိရာကိုကြည့်၍ ပြောလိုက်၏။

“ဦးလေး.. အခုထိမပြီးသေးဘူးလား။ အချိန်ပြည့်တော့မှာကို”

ဦးလေးလီက ခေါင်းကို ခပ်ဖြည်းဖြည်းခါယမ်းလိုက်သည်။

နောက်ကျမှ စလုပ်မည်ဖြစ်ရာ မပြီးသေးသည်မှာ သဘာဝကျလှသည်။

ဟူချင်း၏မျက်နှာထက်တွင် စိတ်ဖိစီးမှုများပေါ်ပေါက်လာသည်။

လုချန်ရှန်း ဘာလုပ်နေတာလဲ….

“ဟမ်… အခုထိစမလုပ်ရသေးတဲ့လူရှိတယ်ပေါ့”

“တစ်ကျော့ပြန်မီးတောက်ဆေးဝါးကို သူ ဘယ်လိုသန့်စင်ရမလဲဆိုတာ မသိဘူးလို့တော့လာမပြောနဲ့နော်”

“ဟူး.. ဒီနေ့ခေတ်အဂ္ဂိရတ်ပညာရှင်တွေက ပိုပိုပြီးပုံကြီးချဲ့တတ်လာပါလား”

ထိုအချိန်တွင် လုချန်ရှန်းက စဉ်းစားနေဆဲပင်။

“ဒီတစ်ကျော့ပြန်မီးတောက်ဆေးဝါးက ကျင့်ကြံသူတစ်ဦးရဲ့မီးဆန္ဒကျင့်ကြံရေးအရှိန်ကို မြှင့်တင်ပေးနိုင်တယ်ဆိုတော့ ဒီပစ္စည်းတွေက တအားမညင်သာလွန်းဘူးလား”

“ဟုတ်တယ် နှစ်စုံစာလောက်သုံးကြည့်ကြတာပေါ့”

“အာ.. ငါ ဒီပါဝင်ပစ္စည်းကိုထည့်လို့မရဘူးပဲ။ ဆေးဖော်စပ်နည်းက မှားနေတာများလား”

လုချန်ရှန်းလည်း ဆေးဖော်စပ်နည်းတွင် တစ်ခုခုမှားနေကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူ ခေါင်းခါယမ်း၍ သူ့ကိုယ်ပိုင်အတွေးအတိုင်း စတင်ဖော်စပ်ထုတ်လုပ်တော့သည်။

ယခုလေးတင်မှ စတင်လိုက်သောသူ့ကို လူတိုင်းလှမ်းကြည့်လိုက်ကြသည်။

“အိုး.. ပါဝင်ပစ္စည်းတွေကို အိုးထဲ အဲဒီလိုမျိုးအကုန်ပစ်ထည့်လိုက်တာပဲလား”

“သူ့မှာ အချိန်မရှိတော့လို့ လောင်းကြေးထပ်လိုက်တာများလား”

“အဲ့ဒီတော့ရော ဘာအရေးလဲ။ ဒီဖော်စပ်ရေးနည်းလမ်းက သေချာပေါက်ကျရှုံးမှာ”

အပြင်လူများ မည်သို့တွေးသလဲဆိုသည်ကို လုချန်ရှန်းဂရုမစိုက်ချေ။

သူ ပစ္စည်းများကို တစ်ခုပြီးတစ်ခု အဆီအနှစ်ထုတ်ယူလိုက်သည်။

ထို့နောက် သူ စတင်ဖော်စပ်တော့သည်။

“ဟမ်”

“မွမ်းမံသန့်စင်တာက ပြီးသွားပြီလား”

“မြန်လိုက်တာ။ အဆီအနှစ်ထုတ်ယူတာက မကျရှုံးဘူးလား”

ဦးလေးလီလည်း အံ့သြသွားဟန်ပင်။

မုဝမ်အာက ထိုမြင်ကွင်းကို မမှိတ်မသုန်ငေးကြည့်နေလေ၏။

ဟူချင်းကတော့ အမှားတစ်စုံတစ်ရာမဖြစ်ပေါ်လာစေရန် မျှော်လင့်လျက် လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ ၎င်းကို ဒုတိယတစ်ခေါက်ထပ်မွမ်းမံရန် အချိန်မလောက်တော့ပေ။

အမွှေးတိုင်တစ်တိုင်ထွန်းစာတစ်ဝက်ခန့် ကြာသွားလေပြီ။

လုချန်ရှန်း၏ဆေးမီးဖိုဆီမှ သက်စောင့်ဆေးရနံ့တစ်ခုကို တဖြည်းဖြည်းထုတ်လွှတ်လာပေသည်။ သူက ဆေးကျိုအိုးကိုရိုက်လိုက်လေရာ ဆေးလုံးတချို့ထွက်ပေါ်လာပေသည်။ ထိုဆေးများကိုယူပြီး အကြီးအကဲများထိုင်နေသည့်နေရာကို လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် အခြားလူများမှာ အောင်မြင်သူများရှိသလို ကျရှုံးသူများလည်းရှိ၏။

လုချန်ရှန်းက စစ်ဆေးမှုကို နောက်ဆုံးပြီးမြောက်ခဲ့သူပင်။

အောင်မြင်မလား၊ ကျရှုံးမလားဆိုသည်မှာ အကြီးအကဲများ၏ဆုံးဖြတ်ချက်အပေါ်သာ မူတည်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset