သိုးသားရေစာလိပ်သုံးခုပေါ်တွင် စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါး၊ ချီစွမ်းအင်ပေါင်းစည်းရေးဆေးဝါးနှင့် အစစ်အမှန်ယန်စွမ်းအင်ဆေးဝါးတို့ရှိ၏။
ထိုဆေးသုံးမျိုးလုံးဟာ စိတ်တန်ခိုးရှင်အဆင့်ဆေးဝါးများဖြစ်ကြသည်။
စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါးမှာ အဆင့်နိမ့်ဆေးဝါးပြီး ချီစွမ်းအင်ပေါင်းစည်းရေးဆေးဝါးက အလယ်အလတ်အဆင့်ဖြစ်သည်။ အစစ်အမှန်ယန်စွမ်းအင်ဆေးဝါးကမူ အဆင့်မြင့်ဆေးဝါးဖြစ်သည်။
လုချန်ရှန်း တစ်ချက်ကြည့်လိုက်ပြီးနောက် စဉ်းစားမနေဘဲ စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါးကို ရွေးချယ်လိုက်သည်။
ဟူချင်း : “…”
မည်သို့ပင်ဖြစ်စေ သူ အဂ္ဂိရတ်ဆရာသခင်တစ်ယောက်ဖြစ်ရန်သာလိုပေသည်။
သူ ဘာလို့ ပိုခက်တဲ့တစ်ခုကိုရွေးလိုက်တာလဲ…
အဘိုးအိုက ဘာမှပြောမလာချေ။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ့သိုလောင်ရေးလက်စွပ်ထဲမှ ပစ္စည်းများကိုထုတ်လိုက်သည်။
“ပစ္စည်းတွေက ငါးစုံစာရှိတယ်။ ဒီငါးကြိမ်အတွင်း မင်း ဆေးဝါးဖော်စပ်မှုကိုအောင်မြင်ရင်ရပြီ”
လုချန်ရှန်းက ဆေးဖော်စပ်နည်းကိုကြည့်လိုက်သည်။
ထို့နောက် သူ ပစ္စည်းများကိုကောက်ကိုင်လိုက်ပြီး စတင်ဖော်စပ်တော့သည်။
ဤဆေးကို သူ ယခင်က တစ်ခါမှမဖော်စပ်ဖူးချေ။
သို့သော် ဝိညာဉ်ရေးရာချီစွမ်းအင်ကိုအားဖြည့်ရန်အတွက် အသုံးပြုသောဆေးဖြစ်နေလေရာ လုချန်ရှန်းကလည်း ထိုဆေးနှင့်ဆင်တူသောအရာကို ယခင်ကဖော်စပ်ဖူးထားသည်။
ယဲ့ချိုးပိုင်၏ဝိညာဉ်ရေးရာချီစွမ်းအင်ကို ချက်ချင်းသက်သာလာစေနိုင်ခဲ့သည့်ဆေးဝါးကို လုချန်ရှန်းဖော်စပ်ခဲ့ခြင်းပင်။
၎င်းတို့မှာ အတူတူနီးပါးပင်။
ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် လုချန်ရှန်း ပစ္စည်းများကိုကောက်ယူလိုက်ပြီး စတင်မွမ်းမံလေတော့သည်။
“ဟမ်.. ဒီပစ္စည်းတွေက မှားနေသလိုပဲ။ ဒါကိုမွမ်းမံလိုက်ရင် အသုံးပြုသူကို များများစားစားသက်သာလာစေမှာမဟုတ်ဘူး”
“ဒါ ငါ့ကိုစမ်းသပ်နေတာများလား”
“ဒါဆိုလည်း ငါကပဲ ပြောင်းပစ်လိုက်ရသေးတာပေါ့”
ဤသို့ဖြင့် လုချန်ရှန်းက သူ့သိုလှောင်ရေးလက်စွပ်ထဲက ပစ္စည်းနှစ်မျိုးကိုထုတ်ယူလိုက်ပြီး ၎င်းတို့နှင့်အစားထိုးလိုက်သည်။
အဘိုးအိုက ထိုအခြင်းအရာကိုမြင်သောအခါ မတတ်သာဘဲ မှင်တက်သွားရလေသည်။
“သူ ဘာလုပ်နေတာလဲ။ စိတ်ဝိညာဉ်ကုသရေးမြက်ကိုသုံးတာ ငါနားလည်နိုင်သေးတယ်။ ဒါပေမဲ့ မီးဒြပ်စင်မှော်နျူကလိယက သောက်ကျိုးနည်းဘာတုန်းဟ”
ထိုစကားကိုကြားသည့်တိုင် ဟူချင်းကတော့ မအံ့သြမိပေ။ သူ ခပ်ဖွဖွပြုံးလိုက်ပြီး အဘိုးအို၏ပခုံးကိုပုတ်လိုက်သည်။
“ကောင်းပါပြီ။ ရလဒ်ကိုစောင့်ကြည့်ကြတာပေါ့”
သူ လုချန်ရှန်းအကြောင်း ကောင်းကောင်းသိသည်။
သူ တချို့ဆေးဝါးများဖော်စပ်၍မရလေတိုင်း လုချန်ရှန်းကိုမေးတတ်သည်။
လုချန်ရှန်းကလည်း သင့်တော်သောရှင်းပြချက်တစ်ခုကို အမြဲပေးနိုင်လေသည်။
ဤတစ်ခေါက် ပစ္စည်းများလဲလိုက်ရခြင်းအတွက်လည်း သူ့ကိုယ်ပိုင်အကြောင်းပြချက်များ သေချာပေါက်ရှိသည်။
ချက်ချင်းဆိုသလိုပင် လုချန်ရှန်းက ထိုပစ္စည်းများအားလုံးကို အဂ္ဂိရတ်ဖိုထဲသို့ ပစ်ထည့်လိုက်၏။
သူက မီးတောက်များကို လွှတ်ထုတ်လိုက်ပြီး အမြုတေကို စတင်ထုတ်ယူလေတော့သည်။
‘ဒါ အလုပ်ဖြစ်မှာလား’
အဘိုးအိုခမျာ တစ်ဖန်ကြက်သေသေသွားပြန်သည်။
ဆေးဝါးတချို့တွင် ရှုပ်ထွေးသောဂုဏ်သတ္တိများရှိသည်သာ။
ဥပမာအားဖြင့် မီးဒြပ်စင်မှော်နျူကလိယကို ထုတ်ယူသည့်အခါ မီးတောက်များ ထုတ်လွှတ်တတ်သည်။ ၎င်းက အခြားပါဝင်ပစ္စည်းများကိုလောင်ကျွမ်းစေနိုင်သည်။
သို့သော် ထိုပစ္စည်းအားလုံးကို လုချန်ရှန်းထုတ်ယူလိုက်သောအခါတွင် အဘိုးအိုခမျာ ပါးစပ်ပိတ်သွားချေသည်။
သူက အလွန်အမြင်ကျဉ်းလှသည်သာ…
နောက်တစ်ဆင့်မှာ ၎င်းတို့ကိုပေါင်းစပ်ရန်ပင်။
ဆေးကား ပုံပေါ်လာချေပြီ။
ဤသည်မှာ အရေးကြီးဆုံးအဆင့်ဖြစ်သည်။
သို့သော် မျှော်လင့်မထားသောတစ်စုံတစ်ရာ ဖြစ်ပွါးသွားလေသည်။
အဂ္ဂိရတ်ဖိုထဲတွင် မီးလျှံစွမ်းအားတစ်ခု ဆူပူအုံကြွလာလေသည်။
ဤသည်မှာ မီးဒြပ်စင်မှော်နျူကလိယဖြစ်၏။
အဘိုးအိုမှာ ခေါင်းခါယမ်းလျက်ပြောလာလေသည်။
“မရတော့ဘူး။ အထဲကပစ္စည်းတွေအကုန် လောင်ကုန်တော့မှာပဲ”
“ဟူချင်း.. မင်းရဲ့ခန်းမအရှင်လုက ဆေးဝါးမွမ်းမံနည်းကို သိပုံမရပါဘူး”
သူက ဆေးဝါးမွမ်းမံနည်းကို မသိဘူးတဲ့လား…
ဟူချင်း၏မျက်ဝန်းထောင့်လေးများမှာ တွန့်ကွေးသွားရချေသည်။
လုချန်ရှန်းသာ ဆေးဝါးမွမ်းမံနည်းကိုမသိဘူးဆိုပါက အခြားသူများမှာ ဆေးဝါးဆိုသည့်စကား၏အဓိပ္ပါယ်ကိုပင် နားလည်နိုင်မည်မဟုတ်။
“ကောင်းပြီ။ သေချာစောင့်ကြည့်ကြရုံပေါ့ဗျာ”
အဘိုးအိုမှာ ဆွံ့အသွားရချေသည်။
ဘာကြည့်နေစရာရှိလို့လဲ…
သူတို့ နောက်ဆုံးရလဒ်ကိုပင် ကြေညာ၍ရနေလေပြီ။
အဘိုးအိုက ထိုသို့တွေးတောနေဆဲမှာပင်
ဆေးရနံ့တစ်မျိုးက ဆေးမီးဖိုထဲမှ ထွက်ပေါ်လာလေသည်။
“ရပြီလား”
အဘိုးအိုက တအံ့တသြလှည့်ကြည့်လိုက်၏။
သူ ကျရှုံးတော့မဲ့ဟာကို ဘာလို့ ဆေးနံ့ထွက်လာတာလဲ….
ချက်ချင်းဆိုသလို လုချန်ရှန်းက ဆေးကျိုအိုးကို ပုတ်လိုက်သည်။
မီးလျှံမီးတောက်များဆီမှ ရောင်ခြည်တန်းသုံးတန်း ပစ်လွှတ်ခံလိုက်သည်။
လုချန်ရှန်းက အတော်ကြာကြာကတည်းက သူပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းတစ်လုံးကိုထုတ်ပြီး ၎င်းကိုဖမ်းလိုက်၏။
ထို့နောက် သူ မီးတောက်မီးလျှံများကို ငြှိမ်းသတ်လိုက်ပြီး ပြောလေသည်။
“ရပြီ။ ကြည့်ကြည့်ပါဦး”
ဤသို့ဖြင့် သူသည် ကျောက်ကစိမ်းပုလင်းကို အဘိုးအိုဆီသို့ကမ်းပေးလိုက်၏။
အဘိုးအိုမှာ အနည်းငယ်မျှမှင်တက်သွားပြီး အလျင်အမြန်လှမ်းယူလိုက်သည်။
သူ တကယ်ပဲအောင်မြင်သွားတာလား…
ကျောက်စိမ်းပုလင်းထဲက ဆေးသုံးလုံးကို သူထုတ်ယူလိုက်သည်။
“ဘာလို့သုံးလုံးရှိနေတာလဲ”
လုချန်ရှန်းက စိတ်ရှုပ်ထွေးလျက်မေးလိုက်၏။”သုံးလုံးကများလို့လား”
ပုံမှန်ဆိုလျှင် သူ ဒယ်အိုးတစ်လုံးစာဖော်စပ်တတ်သည်။
ဟူချင်းကမူ မျက်နှာကို လက်နှင့်အုပ်လိုက်မိသည်။ လုချန်ရှန်း၏အသိအရဆိုလျှင် သုံးလုံးက အမှန်တကယ်နည်းလွန်းလှသည်။
အဘိုးအိုခမျာ ဆွံ့အသွားပြီး ထိုဆေးကိုကြည့်လိုက်၏။
ဆေးဝါးမှာ ဝိုင်းစက်နေသည်။
ပတ်ပတ်လည်တွင် လှည့်လည်စီးဆင်းနေသော ဆေးရနံ့တစ်မျိုးလည်းရှိသည်။
တကယ်တမ်းတွင် ဆေးလုံး၏အလယ်နားတွင် မီးတောက်ပုံစံတစ်ခုလည်း ရှိသေးသည်။
“ဒီဆေး.. ဒါက စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါးလား”
ထိုအကြောင်းကိုကြားသော် လုချန်ရှန်းက လက်ဖြန့်ကားလျက် ပြောလိုက်သည်။
“ဟုတ်မဟုတ်တော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ အတူတူလောက်ပါပဲ”
အဘိုးအိုက ခေါင်းညိတ်ပြသည်။
ထို့နောက် ဆေးကို သူမျိုချလိုက်၏။
လျှပ်တပြက်အတွင်း…
အဘိုးအိုမှာ သူ့ခန္ဓာကိုယ်ထဲတွင်ပြည့်နှက်သွားသော ဝိညာဉ်ရေးရာချီစွမ်းအင်များကို ခံစားလိုက်ရသည်။
ဤသည်မှာ စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါး၏အကျိုးသက်ရောက်မှုပင်။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ”
“ပါဝင်ပစ္စည်းတွေက ဆေးဖော်စပ်နည်းထဲကနဲ့လုံးဝမတူတာကြီးကို”
ဟူချင်းလည်း လုချန်ရှန်းကိုကြည့်လိုက်သည်။ သူလည်း သိချင်နေသည်မှာအသိသာချည်းပင်။
လုချန်ရှန်း ခဏမျှစဉ်းစားပြီး ပြောလိုက်သည်။
“ကောင်းပြီ။ တိမ်တိုက်စိတ်ဝိညာဉ်အမြစ်ကို စိတ်ဝိညာဉ်ကုသရေးမြက်နဲ့လဲသလိုက်တာက တိမ်တိုက်စိတ်ဝိညာဉ်အမြစ်မှာပါတဲ့ ဝိညာဉ်ရေးရာချီစွမ်းအင်က တအားညင်သာလွန်းတယ်။ ဒီလိုမျိုးဖော်စပ်ထားတဲ့ စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါးရဲ့အကျိုးသက်ရောက်မှုက သိပ်မကောင်းဘူး။ ပြန်လည်သက်သာလာတဲ့အရှိန်က အရမ်းနှေးတယ်”
“မီးဒြပ်စင်မှော်နျူကလိယကရော”
အဘိုးအိုက မေးခွန်းထုတ်လေသည်။
“မီးဒြပ်စင်မှော်နျူကလိယဖြစ်နေလို့ပဲလေ။ ဘာလို့လဲဆိုရင် စိတ်ဝိညာဉ်ကုသရေးမြက်ရဲ့ဂုဏ်သတ္တိတွေက အရမ်းအရောအနှောများတယ်။ မသန့်စင်မှုတွေကို ဖယ်ရှားဖို့အတွက်ကတော့..”
“မီးဒြပ်စင်မှော်နျူကလိယက တခြားပစ္စည်းတွေကိုလောင်ကျွမ်းသွားအောင်လုပ်မိမှာစိုးရင်တော့ သေချာထိန်းချုပ်ပေါ့”
သေချာထိန်းချုပ်..
လုချန်ရှန်း၏ သက်သောင့်သက်သာအမူအရာကိုကြည့်ရသည်မှာ ၎င်းက မခက်ခဲလှသည့်အလားပင်။
အကယ်၍ သူသာ ထိုသို့ဖော်စပ်ကြည့်ပါက ဆေးကျိုအိုးတစ်ခုလုံးပေါက်ကွဲသွားပေလိမ့်မည်။
အဘိုးအိုက အထင်ကြီးသွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ။ ဒါဆို မင်းအောင်တယ်။ တစ်ကြိမ်တည်းနဲ့အောင်သွားပြီး ဆေးသုံးလုံးမွမ်းမံနိုင်ခဲ့တယ်”
“ဒါပေမဲ့ ဒါက အဆင့်နိမ့်စိတ်တန်ခိုးရှင်အဆင့်ဆေးဝါးဖြစ်တဲ့အတွက် အဂ္ဂိရတ်ဆရာသခင်စတုတ္ထအဆင့်ကိုပဲ ပေးနိုင်တယ်”
လုချန်ရှန်း ခေါင်းညိတ်ပြလိုက်၏။
သူ့အဆင့်ဘယ်လောက်လဲဆိုသည်ကို မည်သူကဂရုစိုက်မှာလဲ။ သူ အဂ္ဂိရတ်ဆရာသခင်ဖြစ်နေသရွေ့ ရပြီသာ။
ဟူချင်းကတော့ အနည်းငယ်ဆွံ့အသွားရချေသည်။
ဤကလေးက သေချာပေါက် အဂ္ဂိရတ်ဆရာသခင်နဝမအဆင့်ရထိုက်ပေသည်။
ညံ့ချင်ဟန်ဆောင်ဖို့ရာအတွက် သူက အရိုးရှင်းဆုံးဆေးဝါးကိုသာ ဖော်စပ်ခဲ့ပေသည်။
ထိုအဖြစ်က သူ့အား ကူကယ်ရာမဲ့စေသည်။
“ကောင်းပြီ။ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်”
အဘိုးအိုက ခေါင်းညိတ်ပြသည်။
“မင်း အဂ္ဂိရတ်ညီလာခံကိုတက်မှာမလား။ မြန်မြန်သွား”
ဤသို့ဖြင့် နှစ်ယောက်သား ထွက်ခွါသွားလေတော့သည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက်မှာ အဂ္ဂိရတ်ခန်းမထဲတွင် ပေါက်ကွဲမှုတစ်ခု ရုတ်ခြည်းဖြစ်ပွါးခဲ့လေသည်။
အဘိုးအိုမှာ ကြက်သေသေသွားပြီး အမြန်ပြေးလေတော့သည်။
“အဆင်ပြေရဲ့လား လူအိုကြီးယွီ။ ဆေးကျိုအိုးက ထပ်ပေါက်ကွဲပြန်ပြီလား”
လူအိုကြီးယွီက ပြာမှုန်များကြားက စိတ်ဓာတ်ကျနေဟန်ဖြင့်ထွက်လာလေသည်။
“ဟုတ်တယ်။ ငါ အခုထိမအောင်မြင်သေးဘူး။ မြန်မြန်လေး.. ငါ့ကို ကုသရေးဆေးလုံးပေးဦး”
အဘိုးအိုခမျာ သင်္ကာမကင်းဟန်ဖြင့် လုချန်ရှန်းလုပ်ထားသော”စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါး”ကို ပေးလိုက်သည်။
လူအိုကြီးယွီကလည်းယူပြီး မျိုချလိုက်သည်။
ချက်ချင်းပင် ဝိညာဉ်ရေးရာချီစွမ်းအင်က လူအိုကြီးယွီ၏ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်သွားပေသည်။
မူလက စိတ်ဓာတ်ကျနေသော လူအိုကြီးယွီဟာ ထိုအခိုက်အတန့်တွင် လုံးဝသက်သာလာဟန်ပင်။
လူအိုကြီးယွီ ထိတ်လန့်သွားပြီး ပြောလိုက်လေသည်။
“ဒီဆေးဝါးက သိပ်တန်ဖိုးကြီးတယ်မလား။ ဘယ်ကရတာလဲ”
အဘိုးအိုခမျာလည်း မှင်တက်သွားချေသည်။ “ဒါက သာမန်စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါးပါ”
“သောက်ကျိုးနည်း”
လူအိုကြီးယွီက ဆူပူလေတော့သည်။
“မင်း ငါ့ကိုအရူးလာလုပ်နေတာလား။ စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါးမှာ ဒီလိုအကျိုးသက်ရောက်မှုမျိုးရှိလို့လားဟ”
“ငါ့ရဲ့ဝိညာဉ်ရေးရာချီစွမ်းအင်က ချက်ချင်းပြန်ကောင်းသွားတာကွ”
အဘိုးအိုမှာ ကြက်သေသေသွားလေသည်။
မတိုင်မီ သူ ဆေးကိုစမ်းသပ်စစ်ဆေးစဉ်က သူ ဒဏ်ရာမရထားပေ။ ထို့ကြောင့် သူ လူအိုကြီးယွီလိုမခံစားခဲ့ရချေ။
ချန်းယွမ်အဆင့်ပညာရှင်တစ်ယောက်၏ ဝိညာဉ်ရေးရာချီစွမ်းအင်ကို ချက်ချင်းသက်သာလာစေသည့် ဆေးဝါးတစ်မျိုး။
ဤသည်မှာ စိတ်ဝိညာဉ်နှိုးဆွရေးဆေးဝါး စွမ်းဆောင်နိုင်သောအရာမဟုတ်ပေ။
“မင်းမှာ ရှိသေးလား။ ငါ့ကိုပြစမ်းပါ”
အဘိုးအိုလည်း ဆေးကိုထုတ်ပေးလိုက်သည်။
လူအိုကြီးယွီက တစ်ချက်ကြည့်ပြီးပြောလိုက်၏။
“ဒါ..ဒါက ဘာဆေးလဲ။ ဘယ်ဆရာသခင်က မွမ်းမံခဲ့တာလဲ”
“ဟမ်… လုချန်ရှန်းလုပ်တာ”
“လုချန်ရှန်းလား။ မင်း သူ့ကို အဆင့်ဘယ်လောက်ပေးလိုက်လဲ”
“စတုတ္ထအဆင့်..”
လူအိုကြီးယွီခမျာ ချက်ချင်း ဒေါသတကြီးပြောလေတော့သည်။
“စတုတ္ထအဆင့်တဲ့လား။ စတုတ္ထအဆင့်မှာရှိတဲ့တစ်ယောက်ယောက်ကများ ဒီလိုဆေးမျိုးကို ဖော်စပ်နိုင်မှာတဲ့လား”