တောင်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်၌…
လုချန်ရှန်း ဘာမှလုပ်စရာရှိမနေသည့်အတွက် ကျောင်းတော်ထဲသို့ လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။
သူ့ကိုတွေ့သည့်ကျောင်းသားတိုင်းက ဦးညွှတ်ပြီး စီနီယာလုဟု တရိုတသေခေါ်ကြသည်။
သူတို့က သူ့ကိုဘာမှမပေးသော်ငြား ထိုခေါ်သံကိုကြားရသောအခါ သူ အလွန်စိတ်ကျေနပ်သွားရချေသည်။
သေချာပေါက်ပင် ထိုကျေနပ်မှုကိုတော့ မျက်နှာပေါ်မှာထုတ်မပြပေ။ သူ့အနေနှင့် ခပ်လျှိုလျှိုနေရမည်သာဖြစ်၏။
ဟူး.. ခပ်လျှိုလျှိုလေး…
လုချန်ရှန်း၏အမည်နာမမှာ ကျောင်းတော်ထဲတွင် ပျံ့နှံ့သွားပြီး ကျော်စောလာပေသည်။
အချို့လူများဆိုလျှင် “မင်း လျှို့ဝှက်တာအိုကျောင်းတော်မှာ ကျောင်းအုပ်ကြီးကိုမသိလည်းဖြစ်တယ်။ ဒါပေမဲ့ လုချန်ရှန်းကိုတော့ သိကိုသိနေရမယ်”ဟုပင် ပြောနေကြသေးသည်။
ဤ…
လုချန်ရှန်း ကျောင်းတော်တစ်ဝိုက်လမ်းလျှောက်နေရင်း တပည့်အချို့ထွက်လာသည်။
ထိုတပည့်များက သူ့ကို တရိုတသေနှုတ်ဆက်ကြ၏။
“စီနီယာလု”
ထိုအချိန်မှာ လုချန်ရှန်းက ပြုံးပြရင်းခေါင်းညိတ်ပြလိုက်သည်။
ဆေးဝါးခန်းမ၏နယ်မြေထဲကို ရောက်ခါနီးမှာ လုချန်ရှန်းခမျာ ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် တစ်ဖက်ကိုလှည့်ပြေးကာ ထွက်ခွါရန်အသင့်ပြင်လိုက်သည်။
သို့မဟုတ်ပါက ထိုအကြီးအကဲက သူ့ကိုဆွဲခေါ်ပြီး မေးခွန်းများထပ်မေးနေပေဦးမည်။
သို့သော် တစ်ခါတစ်ရံတွင် ပုန်းဖို့ကြိုးစားလေလေ ပုန်းကွယ်ဖို့ခက်လေလေပင်။
ထိုအချိန်၌ ဆေးဝါးခန်းမအကြီးအကဲကလည်း လမ်းလျှောက်ထွက်လာလေသည်။
ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်းခမျာ ဆတ်ခနဲတုန်ယင်သွားပြီး ထွက်ပြေးရန်ပြင်လိုက်၏။
“အယ်ရိုးးး… အဲ့ဒါ လုချန်ရှန်းမလား”
ဆေးဝါးခန်းမအကြီးအကဲက လုချန်ရှန်းကိုမြင်သောအခါ ဝမ်းသာသွားလေသည်။
အကြောင်းမသိသူများဆိုလျှင် ဆေးဝါးခန်းမအကြီးအကဲ၏လိင်စိတ်တိမ်းညွတ်မှု၌ ပြဿနာတစ်စုံတစ်ရာရှိနေသည်ဟုပင် ထင်လောက်သည်။
“မဟုတ်ဘူး။ ခင်ဗျားလူမှားနေပြီ”
ဆေးဝါးခန်းမအကြီးအကဲမှာ ကူကယ်ရာမဲ့စွာပြောလာလေသည်။
“မပြေးစမ်းပါနဲ့ကွာ။ ငါ့မှာ မင်းနဲ့ဆွေးနွေးစရာကိစ္စတစ်ခုရှိတယ်”
သူ မလွတ်မြောက်နိုင်တော့သည်ကို မြင်သောအခါ လုချန်ရှန်းက တစ်ဖက်ကိုပြန်လှည့်လိုက်ပြီး မေး၏။
“ပြောပါဦး။ အခုတစ်ခေါက်ကရော ဘာပြဿနာတက်တာလဲ”
“ဒီတစ်ခေါက်က ပြဿနာမဟုတ်ဘူး”
ဆေးဝါးခန်းမအကြီးအကဲက ရှေ့ကိုတိုးလာပြီး “အဂ္ဂိရတ်ဂိုဏ်း”ဟူသောစာလုံးကို ရေးထွင်းထားသည့် သိုးသားရေစာလိပ်တစ်လိပ်ကို ထုတ်လိုက်သည်။
“အဂ္ဂိရတ်ဂိုဏ်းအကြောင်းတော့ မင်းသိလောက်မှာပါ ဟုတ်တယ်မလား”
လုချန်ရှန်း ခေါင်းကုတ်လိုက်မိသည်။
“ကျွန်တော် သိလို့လား”
ဆေးဝါးခန်းမအကြီးအကဲက ပြောလာသည်။
“အဂ္ဂိရတ်ဂိုဏ်းဆိုတာ တိုက်နယ်ကြီးထဲမှာ အဂ္ဂိရတ်ဆရာတွေနဲ့ဖွဲ့စည်းထားတဲ့ တစ်ခုတည်းသောဂိုဏ်းပဲ။ အဲ့ဒီဂိုဏ်းကို သမားရိုးကျအဂ္ဂိရတ်ဂိုဏ်းလို့ အများက အသိအမှတ်ပြုထားကြတာ”
လျှို့ဝှက်ဓားသွားဂိုဏ်းက ဓားသိုင်းကျင့်ကြံသူများမွေ့လျော်ရာနယ်မြေဆိုပါက အဂ္ဂိရတ်ဂိုဏ်းသည်ကား အဂ္ဂိရတ်ဆရာများအားလုံးကို ဆွဲဆောင်နိုင်သောအဖိုးတန်နယ်မြေပင်ဖြစ်သည်။
“အဲ့ဒီတော့”
“အဂ္ဂိရတ်ဂိုဏ်းက အလယ်ပိုင်းဒေသမှာအဂ္ဂိရတ်ညီလာခံကို ဆယ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတယ်။ အဂ္ဂိရတ်သခင်အဆင့်ကိုရောက်ပြီးတဲ့လူတိုင်း ညီလာခံတက်ရောက်ခွင့်ရှိတယ်”
အဂ္ဂိရတ်ဆရာများကို အလုပ်သင်၊ ဆရာသခင်နှင့် မဟာသခင်ဟူ၍ခွဲခြားထားသည်။
အလုပ်သင်အထက်ရှိအဆင့်များကို အဆင့်ကိုးဆင့်အထိ ခွဲခြားထား၏။
ဆေးဝါးခန်းမအကြီးအကဲမှာ စတုတ္ထအဆင့်အဂ္ဂိရတ်ဆရာသခင်ဖြစ်သည်။
လုချန်ရှန်းက သူ့ကိုယ်သူလက်ညှိုးထိုး၍မေးလိုက်သည်။
“ကျွန်တော့်ကို အဂ္ဂိရတ်ညီလာခံတက်ရောက်စေချင်နေတာတော့မဟုတ်ပါဘူးနော်”
“အရင်ဆုံး ရှင်းရှင်းလင်းလင်းလုပ်ထားပါရစေ။ ကျွန်တော်မသွားဘူး”
ဆေးဝါးခန်းမအကြီးအကဲက လေးလေးနက်နက်ပြောလာလေသည်။
“ချန်ရှန်း.. မင်းရဲ့အဂ္ဂိရတ်ပညာစွမ်းကို ငါတို့သိတယ်။ တကယ်လို့ မင်းသာသွားရင် သေချာပေါက်အဆင့်တစ်ခုတော့ရမှာ”
“အဆင့်တစ်ခုရလိုက်ပြီဆိုတာနဲ့ ငါတို့ရဲ့တောင်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်က ဂုဏ်တက်သွားမှာ”
“အဲ့ဒီအချိန်ကျရင် ငါတို့ဆေးဝါးခန်းမကို လူတွေအများကြီးဝင်လာ… အိုး မဟုတ်ဘူး။ ငါတို့တောင်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်ကို လူတွေအများကြီးဝင်လာလိမ့်မယ်။ မင်းရော အဲ့လိုမထင်ဘူးလား”
“တောင်ပိုင်းဒေသရဲ့အဂ္ဂိရတ်ဆရာတွေက အဂ္ဂိရတ်ညီလာခံမှာ ဘယ်တုန်းကမှအဆင့်မရဖူးဘူး”
“သေချာတာပေါ့။ မင်းရဲ့ကျော်ကြားမှုနဲ့ဆိုရင် စံအိမ်တော်ကို ပါရမီရှင်တွေထပ်ဖြည့်လို့ရတာပေါ့”
နောက်ဆုံးစာကြောင်းကိုကြားလိုက်ရသည့်အခါ လုချန်ရှန်း တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
“မရဘူး။ စံအိမ်တော်က ကောင်းကောင်းလည်ပတ်နေတာပါ။ လူသစ်တွေထပ်ထည့်စရာမလိုပါဘူး”
လာနောက်နေတာလား။ စံအိမ်တော်မှာ လူများလာရင် လုပ်စရာအလုပ်တွေလည်း ပိုလာမှာပေါ့…
သူ့အနေနှင့် သူတို့ကို သိုင်းကျင့်စဉ်များသင်ပေးရမည့်အချက်ကို ဘေးဖယ်ထားလိုက်လျှင်ပင် ထိုတပည့်များက ယဲ့ချိုးပိုင်ကဲ့သို့ ပြဿနာရှာရင်းအလုပ်များနေလိမ့်မည်မဟုတ်လား။
ဆေးဝါးခန်းမအကြီးအကဲမှာ ကူကယ်ရာမဲ့သွားချေသည်။
လုချန်ရှန်းလိုလူတစ်ယောက်နှင့် မည်သို့မည်ပုံဆက်ဆံရမလဲဆိုသည်ကို သူ မသိတော့ပေ။
သို့သော် ဤသည်မှာ ပုံမှန်ပင်။
ယခုလက်ရှိတွင် စံအိမ်တော်၌ ယဲ့ချိုးပိုင်၊ဟုန်ရင်နှင့် နင်ချန်းရှင်းတို့အပြင် ယခုဆိုလျှင် အနှိုင်းမဲ့ကိုယ်ထည်ကိုပိုင်ဆိုင်ထားသောမဟူရာပါ ရှိနေလေပြီ။
သူတို့လေးယောက်က တောင်ပိုင်းဒေသ၏အကျော်အမော်များကို လွယ်လင့်တကူအနိုင်ယူနိုင်လေ၏။
ဤသို့သောတပည့်တစ်ယောက်ရှိနေရုံမျှဖြင့် လုံလောက်လေပြီ။
သူ့မှာတော့ လေးယောက်တောင်ရှိပေသည်။
ဆေးဝါးခန်းမအကြီးအကဲက သူ့ကို ဆက်လက်ဖျောင့်ဖျနေဆဲပင်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ မင်းသွားမယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိ ငါ့ရဲ့ဆေးဝါးခန်းမကိုလာပြီးစာသင်ပေးစရာမလိုတော့ဘူး”
ထိုစကားကိုကြားသော် လုချန်ရှန်း၏မျက်ဝန်းအစုံ တောက်ပသွားလေသည်။
ဆယ်ရက်ကြာတိုင်း ချင်းထျန်းနျန်က လုချန်ရှန်းကို အတင်းအကျပ်ဆွဲခေါ်သွားပြီး ခန်းမအသီးသီးမှာ တာအိုပညာသင်ကြားပို့ချပေးရန် ခိုင်းတတ်သည်။
ထိုအဖြစ်က သူ့ကိုခေါင်းကိုက်စေသည်။
ယခုမူ ဆေးဝါးခန်းမအကြီးအကဲဘက်က ဤအပေးအယူကိုလုပ်လာသည့်အတွက် လုချန်ရှန်း နည်းနည်းတော့ဆွဲဆောင်ခံလိုက်ရသည်။
“ခင်ဗျား ဒီလိုဆုံးဖြတ်လို့ရလို့လား”
ဆေးဝါးခန်းမအကြီးအကဲက သူ့ရင်ဘတ်ကိုပုတ်ပြပြီးပြောလာသည်။
“ငါ ခေါင်းဆောင်နဲ့စကားပြောလိုက်မယ်။ မင်းသာ အဂ္ဂိရတ်ညီလာခံကိုတက်မယ်ဆိုရင်ပေါ့”
လုချန်ရှန်း ခဏမျှတွေးပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ။ ခင်ဗျားပြောတာနော်”
“ငါပြောတာပါ”
“ဘယ်အချိန်လောက် သွားမှာလဲ”
“ဒါဆို မင်း တောင်ပိုင်းဒေသထဲက အဂ္ဂိရတ်ဂိုဏ်းရဲ့ရုံးချုပ်ကိုသွားပြီး အဂ္ဂိရတ်ဆရာအဆင့်ကို အရင်ဆုံးဖြတ်မှရမယ်”
“အဂ္ဂိရတ်ညီလာခံကိုတက်ရောက်နိုင်ဖို့ အနိမ့်ဆုံးလိုအပ်ချက်က အဂ္ဂိရတ်ဆရာသခင်အဆင့်ပဲ”
လုချန်ရှန်း ခေါင်းညိတ်ပြပြီးပြောလိုက်၏။
“ကောင်းပြီ။ ကျွန်တော် စံအိမ်တော်ကို အရင်သွားလိုက်ဦးမယ်”
ဆေးဝါးခန်းမအကြီးအကဲက လုချန်ရှန်းကိုတားပြီးပြောလိုက်သည်။
“ဘာလို့ပြန်နေမှာလဲ။ အဲ့ဒါက မနက်ဖြန်ဆိုစတော့မှာ။ အခုသွားပြီး အဂ္ဂိရတ်ဆရာအဆင့်ကိုသွားဖြေ။ မဟုတ်ရင် ငါတို့အချိန်မရှိတော့ဘူး”
ထို့နောက် လုချန်ရှန်းဘက်ကငြင်းပယ်မှုကို စောင့်ဆိုင်းမနေပါဘဲ သူက သူ့ကို လျှို့ဝှက်တာအိုကျောင်းတော်ထဲမှ ဆွဲထုတ်လာခဲ့လေတော့သည်။
အဂ္ဂိရတ်ဂိုဏ်းတွင် အဂ္ဂိရတ်ဆရာများအတွက် နယ်မြေလေးခုစလုံးမှာ စစ်ဆေးရေးဌာနတစ်ခုစီရှိသည်။
ထိုအချိန်တွင် ဆေးဝါးခန်းမအကြီးအကဲက လုချန်ရှန်းနှင့်အတူရောက်ချလာသည်။
လုချန်ရှန်းခမျာ ဆွံ့အနေရချေသည်။
တံခါးပေါက်၌စောင့်ဆိုင်းနေသော အဘိုးအိုတစ်ယောက်ရှိ၏။
“ဟူချင်း.. မင်းရဲ့အဂ္ဂိရတ်ပညာက ထပ်တိုးတက်လာပြီပေါ့။ မင်းက ပဉ္စမအဆင့်အဂ္ဂိရတ်ဆရာသခင်အကဲဖြတ်ပွဲကို တက်ရောက်ချင်တာလား”
ဟူချင်းက လုချန်ရှန်း၏လက်ကိုမြှောက်လိုက်ပြီး အပြုံးလေးဖြင့်ပြောလေသည်။
“ကျွန်တော်မဟုတ်ပါဘူး။ သူပါ။ လုချန်ရှန်းက ကျွန်တော်တို့လျှို့ဝှက်တာအိုကျောင်းတော်က ခန်းမအရှင်လေ”
“အိုး”
လုချန်ရှန်း၏အမည်နာမသည် တောင်ပိုင်းဒေသအနှံ့ ပျံ့နှံ့ထားပြီးဖြစ်၏။
စံအိမ်တော်မှာ တပည့်သုံးယောက်မျှသာရှိသော်လည်း ထိုသုံးယောက်စလုံးက ပါရမီရှင်များဟု ဆိုုကြလေသည်။
ပြင်ပလောကကြီးကမူ မဟူရာ၏တည်ရှိမှုကို မသိကြသေးပေ။
“ခန်းမအရှင်လုအကြောင်းကို ငါသိပါတယ်။ ဒါပေမဲ့…”
အဘိုးအိုက လုချန်ရှန်း၏အဂ္ဂိရတ်ပညာစွမ်းနှင့်ပတ်သက်ပြီး သံသယဖြစ်နေသည်မှာ သိသာလှသည်။
ဟူချင်းကလည်း ပြုံးလိုက်၏။
“အဲ့ဒါနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုပါဘူး။ ဒီကလေးရဲ့အဂ္ဂိရတ်အစွမ်းက ကျွန်တော့်ထက်သာတယ်”
“အိုး”
အဘိုးအိုခမျာ အံ့အားသင့်သွားလေသည်။
တောင်ပိုင်းဒေသတွင် ဟူချင်း၏အဂ္ဂိရတ်အစွမ်းက ထိပ်တန်းပင်။
သို့မဟုတ်ပါက သူ့အနေနှင့် အဂ္ဂိရတ်ခန်းမ၌ အကြီးအကဲဖြစ်လာလိမ့်မည်မဟုတ်ချေ။
“ဒါဆို ခန်းမအရှင်လုရဲ့ခွန်အားကို ငါကြည့််ချင်ပါသေးတယ်။ အရင်ဆုံး အထဲဝင်ခဲ့ပါ”
အဂ္ဂိရတ်ဆရာများအတွက် အကဲဖြတ်ရေးနည်းလမ်းမှာ အလွန်ရိုးရှင်းလှသည်။
အကယ်၍ သူသာ အလုပ်သင်အဆင့်ဖြစ်နေလျှင် ကောင်းကင်ဘုံရတနာများအပေါ် သိနားလည်မှုအကြောင်းကို ဖြေဆိုနိုင်မည်ဖြစ်ပြီး အဝါရောင်အဆင့်ဆေးဝါးကို သန့်စင်ပြရန်လိုပေသည်။
သို့သော် အဂ္ဂိရတ်ဆရာသခင်တစ်ယောက်ကစိတ်တန်ခိုးရှင်အဆင့်ဆေးဝါးများကို သန့်စင်ပြရမည်ဖြစ်၏။
မဟာသခင်များကမူ ကမ္ဘာမြေအဆင့်ဆေးဝါးများကို သန့်စင်ရပေမည်။
သူတို့၏အဆင့်များကတော့ အောင်မြင်မှုနှုန်းနှင့် ဆေးဝါးထဲတွင်ပါရှိသောမသန့်စင်မှုပမာဏအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်၏။
ဥပမာအားဖြင့် ဟူချင်းမှာ စတုတ္ထအဆင့်အဂ္ဂိရတ်ဆရာသခင်တစ်ဦးဖြစ်သည်။
သူ့အနေနှင့် စိတ်တန်ခိုးရှင်အဆင့်ဆေးဝါးများကို သုံးကြိမ်အတွင်း သန့်စင်ပြရမည်။
တစ်ချိန်တည်းမှာပင ထိုဆေးဝါးတွင်ပါရှိသော မသန့်စင်မှုများကလည်း ငါးဆယ်ရာခိုင်နှုန်းထက်မကျော်ရပေ။
သူတို့သုံးယောက်သား ခန်းမထဲရှိ အဂ္ဂိရတ်အခန်းထဲသို့ရောက်လာကြသည်။
အဘိုးအိုက အလယ်နားရှိ အဂ္ဂိရတ်ဖိုကိုလက်ညှိုးထိုးပြပြီး ပြောလေသည်။
“ခန်းမအရှင်လု.. ဒီနေရာမှာ ဆေးဝါးသန့်စင်လို့ရတယ်”
“ဘာကိုသန့်စင်မလဲဆိုတာကတော့ ဒီမှာ ရွေးချယ်စရာသုံးခုရှိတယ်”
ဤသို့ဖြင့် သူ့လက်ကိုဖြန့်ပြလိုက်လေရာ သိုးသားရေစာလိပ်သုံးခုက လေထဲပေါလောပေါ်လာလေသည်။
ထိုသိုးသားရေစာလိပ်များတွင် ဖော်စပ်ရမည့်ဆေးဝါးသုံးမျိုးရှိပေသည်။။