Switch Mode

အခန်း (၉၈)

တောင်ပိုင်းဒေသ၏လျှို့ဝှက်အန္တရာယ်

ချင်းထျန်းနျန် ဤအဖြစ်ကို လုံးဝမမျှော်လင့်ထားပေ။

လုချန်ရှန်း၏တပည့်အသစ်မှာ အလွန်အစွမ်းထက်လှသည်။

ထို့ပြင် ဤသည်မှာ သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားမျှသာဖြစ်၏။

ဝိညာဉ်ချီစွမ်းအင်ကိုသုံးမထားသည့်အတွက် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က မည်မျှသန်မာလေကြောင်း မြင်နိုင်လေသည်။

စံအိမ်တော်ထဲတွင် လေလှိုင်းလုံးများ ဆက်လက်ပေါက်ကွဲနေချေသည်။

ဖုန်မှုန်းများကလည်း နေရာအနှံ့လွင့်စဉ်ကုန်၏။

ချင်းထျန်းနျန်၏အမူအရာလည်း ပြောင်းလဲသွားသည်။

လက်ရှိတွင် မဟူရာမှာ သာမန်ဆန်ပြီးရိုးသားသောအသွင်အပြင်လေးမှ သတ်ဖြတ်ရေးယန္တရားကြီးအဖြစ် ပြောင်းလဲသွားလေပြီ။

ဤလက်သီးချက်တစ်ချက်မျှကပင် ခုခံကာကွယ်ရေး၌ သူ့အတွက်အစွမ်းထက်လှပြီဖြစ်၏။

ထိုအချိန်တွင် မဟူရာက သူ့လက်သီးကိုပြန်ရုပ်ကာ တစ်ဖန်မြှောက်လိုက်ပြီး ချင်းထျန်းနျန်ကို တိုက်ခိုက်လေသည်။

ထိုအခြင်းအရာကိုမြင်သော် ချင်းထျန်းနျန်၏အမူအရာမှာ တစ်ဖန်ပြောင်းလဲသွားပြန်လေ၏။

သူ့လက်ဖဝါးကိုထုတ်ကာ အလောတကြီးတိုက်ခိုက်လိုက်ရသည်။

ဤတစ်ကြိမ်တွင် ချင်းထျန်းနျန် ခုခံနိုင်စွမ်းမရှိတော့ပေ။ သူ့ပါးစပ်ထဲမှ သွေးများထွက်လာပြီး နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။

ထိုအခြင်းအရာကိုမြင်သောအခါ လုချန်ရှန်းသည် ချင်းထျန်းနျန်၏အနောက်သို့ ချက်ချင်းသွားကာ မြေပြင်ပေါ်သို့မကျအောင် လက်ဝါးဖြင့်တွန်းကန်ပေးထားလိုက်ရသည်။

ထို့နောက် သန့်စင်သောဝိညာဉ်ချီစွမ်းအင်များကို ချင်းထျန်းနျန်၏ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပြီး သူ့မျှခြေကိုပြုပြင်ပေးလိုက်သည်။

ဒဏ်ရာများကိုကုစားရန်အတွက်လည်း ချင်းထျန်းနျန်၏ပါးစပ်ထဲကို ဆေးတစ်လုံးထည့်ပေးလိုက်သည်။

ထိုအခါမှသာ ချင်းထျန်းနျန်ပြန်လည်သက်သာလာပေသည်။

ထိုအချိန်တွင် မဟူရာသည် ဆင်ခြင်တုံတရားပျောက်ဆုံးနေဟန်တူ၏။ သူ့မျက်လုံးများဟာ အဆုံးမဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ ကိန်းအောင်းနျေလသည်။

မိစ္ဆာသဘာဝများကလည်း သူ့ခန္ဓာကိုယ်တစ်ဝိုက် လွှမ်းခြုံထားသည်။

သူသည် ကြောက်ခမန်းလိလိမိစ္ဆာတစ်ကောင်အလားပင်။

သူက ချင်းထျန်းနျန်ဆီသို့ ချီတက်လာပြန်လေသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ လုချန်ရှန်းက ချင်းထျန်းနျန်၏အရှေ့၌ရပ်ကာ လက်ချောင်းတစ်ချောင်းကိုထုတ်လိုက်လေသည်။

လက်သီးဆုပ်က လုချန်ရှန်း၏လက်ချောင်းပေါ်ကို သက်ဆင်းသွားချိန်မှာ ရှေ့မဆက်နိုင်တော့ပေ။

ထိုအချိန်မှာ လုချန်ရှန်းက ရုတ်တရက်အော်လိုက်သည်။

“သတိဝင်စမ်း”

ထိုအသံဟာ မဟူရာ၏စိတ်အာရုံထဲသို့ ဝင်ရောက်သွားသည်။

မိစ္ဆာသဘာဝသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။

သူ့မျက်ဝန်းထဲရှိ တိုက်ခိုက်လိုသောဆန္ဒများကလည်း ထိုအချိန်မှာပင် ပျောက်ကွယ်သွားသည်။

“အမ်”

မဟူရာ၏မျက်လုံးများမှာ ပြန်လည်ရှင်းလင်းသွားသည်။ သူက ခေါင်းကိုကုတ်လျက် သူ့ဘေးရှိမြင်ကွင်းကိုကြည့်လိုက်သည်။

“ဘာဖြစ်တာလဲဟင်”

ထိုစကားကိုကြားသောအခါ လုချန်ရှန်းက မေးခွန်းထုတ်လိုက်သည်။

“မင်း ဘာမှမမှတ်မိဘူးလား”

မဟူရာခမျာတော့ ပဟေဠိဖြစ်နေရလေသည်။ သူ ခေါင်းကိုခါယမ်းပြီးပြောလိုက်သည်။

“ကျွန်တော် မမှတ်မိဘူး”

လုချန်ရှန်း ခေါင်းညိတ်ပြလိုက်သည်။

ကြည့်ရပုံထောက်လျှင် တိုက်ပွဲအတွင်း မဟူရာက ဆင်ခြင်တုံတရားပျောက်ဆုံးသွားဟန်ပင်။

၎င်းမှာ သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကြောင့်ဖြစ်နိုင်လောက်သည်။

ဘေးဘက်မှာတော့ ချင်းထျန်းနျန်က မဟူရာ့ကို တအံ့တသြစိုက်ကြည့်နေမိသည်။

ထို့နောက် သူ လုချန်ရှန်းကိုမေးလိုက်သည်။

“မင်း နောက်ထပ်တပည့်တစ်ယောက်ကို ဘယ်ကထပ်ရှာလာတာလဲ။ သူကရော ဘာလို့ဒီလောက်ကြောက်ဖို့ကောင်းနေရတာလဲ”

လုချန်ရှန်းက လက်ကိုဖြန့်ကားလျက်ပြောလိုက်၏။

“ကျွန်တော် ခဏလေးအပြင်ထွက်လိုက်တာနဲ့ကြုံပြီးတွေ့လာတာ”

ဤသည်မှာ စနစ်၏မစ်ရှင်ဖြစ်ကြောင်း ပြောပြ၍မရနိုင်ဘူးမဟုတ်လား…။

ချင်းထျန်းနျန် : “…”

ဤဆင်ခြေကို သူမယုံပေ။

သူ အပြင်ထွက်လိုက်တိုင်း ယဲ့ချိုးပိုင်၊ဟုန်ရင်နှင့် နင်ချန်းရှင်းကိုရှာတွေ့ခဲ့ပြီး ယခုလည်း မဟူရာရောက်လာပြန်သတဲ့လား။

သို့သော် လုချန်ရှန်းဘက်က ပြောပြချင်ပုံမပေါ်သဖြင့် ချင်းထျန်းနျန် ထပ်မမေးတော့ပေ။

သူ့မှာ ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်ရုံသာတတ်နိုင်၏။

“ကောင်းပြီ။ ကောင်းပြီ။ မင်း သူ့ကို တပည့်အဖြစ်လက်ခံထားပြီဆိုမှတော့ ကောင်းကောင်းသင်ပြပေးလိုက်။ သူတို့တွေအကုန်လုံးက မျိုးစေ့ကောင်းလေးတွေ။ အလကားမဖြစ်စေနဲ့”

လုချန်ရှန်းကလည်း သာမန်ကာလျှံကာပြန်ပြောလိုက်သည်။

“သိပါပြီ”

ထိုအချိန်တွင် လုချန်ရှန်း တွေးတောနေမိသည်။

ယဲ့ချိုးပိုင်ချက်သောငါးက အရသာရှိလှသည်။

ဟုန်ရင်က စွပ်ပြုတ်လုပ်ပေးပြီး နင်ချန်ရှင်းက အသီးအရွက်ဟင်းများကို ချက်ပေးသည်။ သို့ဖြစ်လေရာ မဟူရာက ဘာလုပ်လိမ့်လေမလဲ။

ချင်းထျန်းနျန်က လုချန်ရှန်း၏ပခုံးကိုပုတ်ရင်း ပြောလာသည်။

“ငါ ဒီကိုလာတာ ကိစ္စတစ်ခုရှိလို့”

“ကျွန်တော် မအားဘူး”

လုချန်ရှန်းကလည်း မဆိုင်းမတွပြန်ဖြေလိုက်သည်။

ချင်းထျန်းနျန် : ” …”

“အဲ့ဒီတော့ဘာဖြစ်လဲ။ ငါ့ကို နည်းနည်းလောက်အချိန်ပေးစမ်းပါ။ ဒါက အရမ်းအရေးကြီးတယ်”

လုချန်ရှန်း၏စရိုက်နှင့်ပတ်သက်ပြီး ချင်းထျန်းနျန်သိထားပြီးလေပြီ။

သူ သူ့ကိုအလွတ်မပေးနိုင်ချေ။

သူ ပြောလိုက်၏။

“ဒါက တောင်ပိုင်းဒေသရဲ့လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စ”

“တောင်ပိုင်းဒေသမှာ စွန့်ပစ်နယ်မြေကြီးတစ်ခုရှိတာ မင်းသိတယ်မလား”

လုချန်ရှန်း ခေါင်းခါပြလိုက်သည်။

“မသိပါဘူး”

သူ စံအိမ်တော်ထဲက လုံးဝမထွက်ခဲ့ဖူးပေ။ သူ ဘယ်လိုလုပ်သိမှာတဲ့လဲ။

“တောင်ပိုင်းဒေသရဲ့တောင်ဘက်အပိုင်းမှာ တော်တော်လေးမငြိမ်မသက်ဖြစ်နေတဲ့အရှိန်အဝါတစ်ခုက စွန့်ပစ်နယ်မြေကြီးတစ်ခုမှာ ပေါ်ပေါက်လာတယ်။ အချိန်မရွေးပေါက်ကွဲသွားတော့မလိုမျိုးနဲ့ ပတ်ဝန်းကျင်လေထုကိုတောင် သက်ရောက်မှုရှိတယ်”

“လျှို့ဝှက်နယ်မြေ ထွက်ပေါ်လာတော့မယ်လို့ ငါတို့ယူဆမိတယ်”

လုချန်ရှန်း ရှုပ်ထွေးသွားရသည်။

“အဲ့ဒါက ကောင်းတဲ့ကိစ္စလား”

“မကောင်းဘူး”

ချင်းထျန်းနျန်၏အမူအရာမှာ တည်ငြိမ်နေချေသည်။

“လျှို့ဝှက်နယ်မြေသာဆင်းသက်လာရင် တောင်ပိုင်းဒေသရဲ့လေထုက သေချာပေါက်ဖျက်ဆီးခံရမှာ။ အဲ့ဒီအချိန်ကျရင် တောင်ပိုင်းဒေသတစ်ဝက်လောက်လည်း ဖျက်ဆီးခံရလိမ့်မယ်”

“အဲ့ဒါကြောင့် တောင်ပိုင်းဒေသရဲ့ပညာရှင်တွေကိုစေလွှတ်ပြီး လေထုကိုတည်ငြိမ်အောင်လုပ်ခိုင်းဖို့ ဆုံးဖြတ်ထားတယ်။ တစ်ချိန်တည်းမှာပဲ ငါတို့ အက်ကွဲကြောင်းသေးသေးလေးကိုဖန်တီးပြီး ဝင်ရောက်ရှာဖွေရလိမ့်မယ်”

လုချန်ရှန်း ရှုပ်ထွေးသွားရပြန်သည်။

“အဲ့ဒါ အန္တရာယ်များတယ်မလား။ ဘာလို့ အထဲကိုဝင်ချင်နေသေးတာလဲ”

ထိုစကားကိုကြားသော် ချင်းထျန်းနျန်မှာ ခေါင်းခါယမ်းလျက်ပြောလိုက်၏။

“လူသားတွေအကုန်လုံးက လောဘကြီးကြတာချည်းပဲ။ အဲ့ဒီလောက်နေရာအကျယ်ကြီးကိုဖြန့်ကြက်ဖို့ဆိုရင် သေချာပေါက်ရိုးရှင်းမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ဒီဆုံးဖြတ်ချက်ကိုချလိုက်တာ”

အကျိုးအမြတ်နှင့်ပတ်သက်လာလျှင် လူတိုင်းလောဘကြီးကြသည်။

သိုင်းပညာကျင့်ကြံသူများအကြားမှာလည်း ထိုကဲ့သို့သောလျှို့ဝှက်ချက်တစ်ခုနှင့် ကြုံတွေ့လိုက်ရချိန်မှာ တစ်မူထူးနေဖို့ဟူသည် မဖြစ်နိုင်ပေ။

ချင်းထျန်းနျန်က လုချန်ရှန်းထံမှစကားပြန်အလာကိုပင် မစောင့်တော့ဘဲ ပြောလိုက်သည်။

“ကောင်းပြီ။ ငါမင်းကိုလာနှိုးပါ့မယ်။ ပုန်းသာပုန်းမနေနဲ့”

ဤသို့ဖြင့် သူ ထွက်ခွာသွားလေတော့သည်။

လုချန်ရှန် : “…”

အခြားတစ်ဖက်တွင် အလယ်ပိုင်းဒေသရှိ လျှို့ဝှက်ဓားသွားဂိုဏ်း၌…

တပည့်များဟာ တောင်ထိပ်ပိုင်းကိုကြည့်နေကြသည်။

ကောင်းကင်ထိတိုင်ဆန်တက်နေသောဓားဆန္ဒများပင်။

သူသည် ပေငါးရာအထိရောက်နေလေပြီ။

“လျှို့ဝှက်တာအိုကျောင်းတော်ကလာတဲ့ ဒီတပည့် ဘယ်လောက်ဝေးဝေးထိသွားနိုင်လောက်လဲ”

“သူ ခံနိုင်ရည်ဂိတ်ဆုံးကိုရောက်နေပြီထင်တယ်။ မလှုပ်တာ တော်တော်ကြာနေပြီ”

“ဘာပဲဖြစ်ဖြစ် ဒါက သူ ပထမဆုံးလာဖူးတဲ့အခေါက်လေ။ သူက လူတိုင်းကိုကျော်တက်သွားတာပဲ”

“စီနီယာအစ်ကိုလျန်တောင်မှ ပထမဆုံးအကြိမ်မှာ ဆယ်မီတာပဲသွားနိုင်ခဲ့တာ”

ဂိုဏ်းခေါင်းဆောင်၏ခန်းမထဲတွင်..

လျန်ဖန်းက ထိုမြင်ကွင်းကိုမြင်သောအခါ ကြက်သေသေသွားရချေသည်။

ကောင်းပြီ.. ကွာခြားချက်က သိပ်ကြီးတာပဲ…

သူ့ဓားဆန္ဒကို ကောင်းကင်အထက်ပေတစ်ရာအထိ ထုတ်လွှတ်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။

ယဲ့ချိုးပိုင်မှာ မီတာငါးဆယ်အထိရောက်လာခဲ့ပြီဖြစ်၏။

နံဘေးရှိ လင်းရူဖုန်းက ပြုံးလျက်ပြောလာလေသည်။

“ဒီကလေးရဲ့ဓားသိုင်းတာအိုစွမ်းရည်က ရိုးရှင်းပုံမရဘူး။ ငါတို့လျှို့ဝှက်ဓားသွားဂိုဏ်းကို သူလာဖို့ဖြစ်နိုင်လောက်လား”

ထိုစကားကိုကြားသော် လျန်ဖန်း မှင်တက်သွားရလေသည်။

ထို့နောက် သူ ခေါင်းခါယမ်းလျက်ပြောလိုက်၏။

“ကျွန်တော်လည်းမသိဘူး။ ဒါပေမဲ့ သူ့မှာ ဆရာရှိပြီးသား”

“အိုး”

လင်းရူဖုန်း တခစ်ခစ်ရယ်မောလိုက်သည်။

“ဒါဆို ဓားသိုင်းတာအိုကို ဒီလောက်အထိထူးချွန်တဲ့ပါရမီရှင်မျိုးကို ပျိုးထောင်ပေးနိုင်တာဘယ်သူလဲဆိုတာ ငါမြင်ချင်သေးတယ်”

လုချန်ရှန်းက အထိန်းတော်မင်နှင့် သံချပ်ကာယန္တရားတပ်ကို သိုင်းကွက်နှစ်ကွက်မျှဖြင့် သတ်ပစ်ခဲ့သည်။

လျန်ဖန်းခမျာ ခါးသက်သက်ပြုံးလိုက်မိပြီးပြော၏။

“သူက ဆရာ့ထက်အဆင့်မနိမ့်ဘူးထင်တာပဲ ဆရာ”

မည်သို့ပင်ဖြစ်စေ လင်းရူဖုန်းမှာ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းတွင် ဒုတိယနေရာရထားသူဖြစ်၏။

“ဒါဆို ဒီကလေးကို ဂိုဏ်းထဲဆွဲသွင်းလို့မရတော့ဘူးပေါ့”

သူတို့နှစ်ယောက်သားဆွေးနွေးနေစဉ်မှာ ဓားဆန္ဒဟာ တစ်ဖန်မြင့်တက်လာပြန်သည်။

ဤတစ်ခေါက်တွင် ၎င်းမှာ အလွန်အမင်းမြန်ဆန်လှသည်။

လျှပ်တပြက်အတွင်းမှာပင် ၎င်းမှာ ပေခြောက်ရာအထိရောက်လာခဲ့သည်။

လူတိုင်း၏ကြောက်ရွံ့ထိတ်လန့်နေသောအကြည့်များအောက်တွင် ထိုအရာက နှေးကွေးသွားခြင်းမျိုးမရှိပေ။

ပေခုနစ်ရာ။

ပေရှစ်ရာ။

ပေကိုးရာ။

ပေတစ်ထောင်အထိ ရောက်လာလေပြီ။

ထို့နောက်မှသာ ၎င်းက ရပ်တန့်သွား၏။

ဤအဓိပ္ပာယ်မှာ ယဲ့ချိုးပိုင်သည် လျန်ဖန်းကိုကျော်တက်သွားပြီဟူသည့်သဘောပင်။

လျန်ဖန်းခမျာ မီတာရှစ်ဆယ်မျှသာသွားနိုင်ခဲ့သည်။

ဤသည်မှာ ယဲ့ချိုးပိုင်အဖို့ ဓားသင်္ချိုင်းထဲသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခြင်းဖြစ်ပေသည်။

“ဒါက နောက်ဆုံးပဲထင်တယ်”

“ပေတစ်ထောင်… ဒီအဆင့်မှာ ခွန်အားတစ်ခုတည်းကိုမှီခိုပြီး ရှေ့ဆက်လို့မရတော့ဘူး”

လင်းရူဖုန်းလည်း ထိတ်လန့်သွားရလေသည်။ သူ ပြောလိုက်၏။

“ပေတစ်ထောင်ကျော်သွားရင် ဓားသိုင်းဥပဒေသစွမ်းရည်ကိုမှီခိုရတော့မှာ”

“ဓားသိုင်းတာအိုစွမ်းအားဆီက အသိအမှတ်ပြုမခံရရင် ဘယ်လောက်ပဲသန်မာသန်မာ ရှေ့ဆက်လို့မရတော့ဘူး”

ထိုအချိန်၌ ဓားသင်္ချိုင်းထဲတွင် ယဲ့ချိုးပိုင်က သူ့အရှေ့တွင် ပေါလောပေါ်နေသောရှေးဟောင်းဓားများကိုကြည့်ပြီး တွေးတောဆင်ခြင်လိုက်သည်။

သူ့အနေနှင့် အမွေအနှစ်ကိုလက်ခံလိုက်ရမလား။ ရှေ့ဆက်ရလေမလား။

ထို့နောက်မှာတော့ ယဲ့ချိုးပိုင် ကြမ်းပြင်ပေါ်၌စိုက်ဝင်နေဆဲဖြစ်သောဓားကိုကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။

ရှေ့ဆက်မယ်…

Comment

Leave a Reply

Options

not work with dark mode
Reset