ကစဉ့်ကလျားအမြုတေဓားကိုယ်ထည်
ဤသည်မှာ သမိုင်းတစ်လျှောက် အကောင်းဆုံးရုပ်ပိုင်းဆိုင်ရာခွန်အားဟုတော့ မဆိုထိုက်ပေ။
သို့သော် ဤဓားသိုင်းကိုယ်ထည်နှင့်ဆိုပါက ဓားသိုင်းကျင့်ကြံဖို့မွေးဖွားလာသည်ဟု ဆိုနိုင်လေသည်။
ဓားနှင့်ပတ်သက်ပြီး သဘာဝအထုံးပါရမီပါလာရုံသာမက ဓားသိုင်းကျင့်စဉ်များကိုသိနားလည်ခြင်းနှင့် ဓားသိုင်းတာအိုကျင့်ကြံခြင်းဟာ ခွန်အားစိုက်ထုတ်မှုတစ်ဝက်မျှဖြင့် ရလဒ်ကောင်းနှစ်ဆဖြစ်ပေါ်လာစေနိုင်သည်။
ဓားဆန္ဒသည်လည်း ထိုနည်းလည်းကောင်းပင်။
ကစဉ့်ကလျားအမြုတေဓားကိုယ်ထည်နှင့်သာဆိုလျှင် ဓားသိုင်းတာအို၏အုပ်စိုးသူတစ်ယောက်ဖြစ်ရန် မွေးဖွားလာသည်ဟုပင်ဆိုနိုင်သည်။
ထို့ပြင် လုချန်ရှန်းကလည်း ယဲ့ချိုးပိုင်ကို ဆေးတချို့ပေးထားသေးသည်။
၎င်းကလည်း ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ကို အင်အားတောင့်တင်းစေလေသည်။
ထိုအချက်များကြောင့် ဓားသင်္ချိုင်းထဲရှိဓားဆန္ဒများကို ယဲ့ချိုးပိုင် ခံနိုင်ရည်ရှိနေခြင်းပင်။
ဓားသင်္ချိုင်း၏အပြင်ဘက်၌…
ဓားဆန္ဒမှာ ကောင်းကင်ထက်သို့ ပေသုံးရာအမြင့်အထိ ဆန်တက်သွားလေ၏။
ဤအဓိပ္ပာယ်မှာ ယဲ့ချိုးပိုင်တစ်ယောက် မီးတာသုံးဆယ်အထက်ကို ချီတက်သွားလေပြီဟူသည့်သဘောပင်။
ဤအခြင်းအရာကြောင့် လျှို့ဝှက်ဓားသွားဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များမှာ ထိတ်လန့်သွားရလေသည်။
“ဝင်သွားတာ ဘယ်လောက်ကြာပြီလဲ။ မီတာသုံးဆယ်တောင်ကျော်သွားပြီတဲ့လား”
“ပြီးတော့ ဒါက သူ ပထမဆုံးအကြိမ်ဝင်တာလေ ဟုတ်တယ်မလား။ စီနီယာအစ်ကိုလျန်တောင် ပထမဆုံးတစ်ခေါက်မှာ ဆယ်မီတာပဲသွားနိုင်ခဲ့တာကို”
“ဒီကောင်လေးရဲ့ဓားသိုင်းတာအိုစွမ်းရည်က တကယ်ကြီးအဲ့လောက်တောင်မြင့်တာလား”
ဂူဗိမာန်အရှေ့မှာ ယဲ့ချိုးပိုင်ကိုရန်စခဲ့သည့်လူတစ်စုမှာ ဤမြင်ကွင်းကိုမြင်လိုက် ချိန်တွင် အမူအရာများပုပ်သိုးသွားလေတော့သည်။
ထိုစဉ်က ယဲ့ချိုးပိုင် စိန်ခေါ်မှုကိုလက်မခံခဲ့သည်မှာ သူသတ္တိမရှိသောကြောင့်မဟုတ်သလို အင်အားမရှိသောကြောင့်လည်းမဟုတ်ပေ။
တစ်ဖက်လူက သူတို့ကို လုံးဝအရေးမလုပ်ခြင်းသာဖြစ်၏။
ဤသည်မှာ အဓိကအကြောင်းပြချက်ဖြစ်၏။
“ကြည့်ဦး.. အဲ့ဒါရွေ့နေပြန်ပြီ”
ထိုအချိန်မှာ ဓားသင်္ချိုင်း၏အထက်ရှိဓားဆန္ဒများမှာ ကောင်းကင်ယံဆီသို့ ဆန်တက်သွားပြီး အပေါ်အထိမြင့်တက်သွားပြန်သည်။
ပေသုံးရာ့ငါးဆယ်။
ပေလေးရာ…
ဓားသင်္ချိုင်းထဲတွင် ယဲ့ချိုးပိုင်က ရှေ့ကိုဆက်လက်ချီတက်လာသည်။
ယခုမူ ပေလေးရာအတွင်းရှိဓားဆန္ဒများမှာ ရုပ်လုံးပေါ်လာပြီး ဓားဆန္ဒမြစ်ပြင်ရှည်ကြီးနှယ် ရွေ့လျားလာလေသည်။
ယဲ့ချိုးပိုင်က ထိုဓားဆန္ဒမြစ်ပြင်ကြီးထဲသို့ လျှောက်လှမ်းသွားလိုက်သည်။
သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာရထားလေပြီ။
သို့သော် သူ့ပတ်ပတ်လည်ရှိဓားဆန္ဒများက ပိုမိုသိပ်သည်းလာချေသည်။
ဓားသင်္ချိုင်းထဲတွင် ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုမှာ သိသာထင်ရှားလှသောအရှိန်ဖြင့် မြင့်တက်လာလေ၏။
လေးဆယ့်ငါးမီတာသို့အရောက်မှာ ယဲ့ချိုးပိုင် ထပ်မံရပ်တန့်လိုက်ပြန်သည်။
ဤနေရာတွင် ရှေးဟောင်းဓားကျိုးတစ်ချောင်းဟာ ဓားသင်္ချိုင်းထဲမှပျံသန်းလာပြီး ယဲ့ချိုးပိုင်၏အရှေ့တွင် မတ်မတ်ရပ်နေချေသည်။
ဤသည်မှာ အမွေအနှစ်ပင်။
သူ့အရှေ့ရှိဓားကျိုးကိုကိုင်ထားသရွေ့ ဤဓားကျိုးပိုင်ရှင်၏ဓားသိုင်းတာအိုသိနားလည်မှုများအားလုံးကို သူ ရရှိနိုင်မည်ဖြစ်၏။
ဤအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင် ခေတ္တမျှစဉ်းစားဆင်ခြင်ပြီးနောက် ဓားကျိုးကို မယူလိုက်ပေ။ ထိုအစား သူသည် တင်ပျဉ်ခွေလျက်သာထိုင်နေလိုက်သည်။
ဤနေရာရှိဓားဆန္ဒများကို သူ ဆက်လက်ရှုမှတ်နေပြန်သည်။
တစ်ဖက်လူက လက်မခံသည့်အကြောင်းကို ဓားအကျိုးကလည်း အာရုံခံစားမိဟန်တူ၏။ ၎င်းမှာ ကြမ်းပြင်ပေါ်သို့လဲကျသွားပြီး တိတ်ဆိတ်နေလေတော့သည်။
တစ်ချိန်တည်းမှာပင် တောင်ပိုင်းဒေသရှိလျှို့ဝှက်တာအိုကျောင်းတော်၌..
စံအိမ်တော်ထဲရှိ မီးတွင်းကြီးထဲတွင် နိဗ္ဗာနမီးတောက်ကြီးဟာ ဆက်လက်လောင်ကျွမ်းနေဆဲပင်။
အဆုံးမရှိလောင်ကျွမ်းနေတော့မည့်အလားပင်။
ထိုမီးတောက်ထဲတွင်မူ လူတစ်ယောက်မတ်တတ်ရပ်နေချေသည်။
ထိုအမျိုးသားမှာ ကိုယ်လုံးတီးဖြစ်နေပြီး သူ့ခန္ဓာကိုယ်မျက်နှာပြင်ဟာ ရှေးဟောင်းဆန်ပြီး ဆန်းကြယ်လှသောမီးတောက်ပုံစံများဖြင့် ဖုံးလွှမ်းခံထားရသည်။
ဤသည်မှာ ထာဝရမိစ္ဆာခန္ဓာ၏ပထမဆုံးအဆင့်ကို ကျင့်ကြံအားထုတ်ခြင်း၏သင်္ကေတပင်။
ပထမအဆင့်ကို ကျွမ်းကျင်တတ်မြောက်ပြီးပါက သူ့လက်သီးချက်ဟာ မြေကြီးကိုဟက်တက်ကွဲစေပြီး တောင်တန်းများကို ခြေမွှပစ်နိုင်ပေလိမ့်မည်။
သူ၏အပေါ်ယံခန္ဓာကိုယ်မျှဖြင့် ချန်းယွမ်အဆင့်ပညာရှင်တစ်ယောက်ကို တိုက်ခိုက်နိုင်ပေလိမ့်မည်။
တကယ်တမ်းတွင် ချန်းယွမ်အထွတ်အထိပ်အဆင့်ကို မရောက်သေးသူဆိုပါက မဟူရာ၏လက်သီးချက်ကို လုံးဝခံနိုင်ရည်ရှိမှာမဟုတ်ချေ။
မီးတွင်းကြီးထဲရှိနိဗ္ဗာနမီးတောက်ကြီးဟာ ရုတ်ခြည်းပေါက်ကွဲထွက်လာလေသည်။
၎င်းသည် မဟူရာကိုဗဟိုပြု၍ မီးလျှံဝဲဂယက်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားလေ၏။
ငှက်ကလေး၏အံ့အားသင့်နေသောအကြည့်အောက်မှာပင် နိဗ္ဗာနမီးတောက်ကြီးဟာ မဟူရာထံမှ စုပ်ယူခံနေရလေတော့သည်။
ထိုမီးတောက်များမှာ မီးတောက်ပုံစံထဲသို့ စီးဆင်းသွားလေသည်။
မီးတောက်ပုံစံများသည် ခြစ်ခြစ်တောက်ပူနေသောမီးလျှံများနှင့်အတူ မဟူရာ၏ခန္ဓာကိုယ်မျက်နှာပြင်ပေါ်၌ အမှတ်အသားပြုနေသည့်အလား စီးဆင်းနေဟန်တူသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ငှက်ငယ်လေးခမျာ ပို၍ပင်ထိတ်လန့်သွားရလေသည်။
နိဗ္ဗာနမီးတောက်ကြီးမှာ ဤကမ္ဘာပေါ်ရှိ ထိပ်တန်းမီးတောက်များထဲမှတစ်ခုအပါအဝင်ဖြစ်သည်။
၎င်းသည် ကမ္ဘာပေါ်ရှိအရာအားလုံးကို မီးလောင်တိုက်သွင်းပစ်နိုင်၏။
သူ့အနေနှင့် ခွန်အားကိုထိန်းချုပ်ထားသည်ဆိုသော်ငြား စွမ်းအားမှာကား မသေးလှပေ။
ဤသည်မှာ သာမန်လူများခံနိုင်ရည်မရှိသောအရာပင်။
သို့သော် မဟူရာကတော့ ၎င်းကိုခံနိုင်ရုံသာမက သူ့ကျင့်ကြံမှုနှင့်အတူ စုပ်ယူပစ်နိုင်စွမ်းရှိလေသည်။
ဘာတွေဖြစ်နေတာလဲ..
ငှက်ငယ်လေးမှာ အနည်းငယ်သိချင်စိတ်ဖြစ်ပေါ်လာသည်။ တစ်ခုခုများ မှားသွားလေသလား…
ထို့နောက် သူက မလှမ်းမကမ်းတွင်လဲလျောင်းနေသော လုချန်ရှန်းကိုကြည့်လိုက်သည်။
ဤငနဲမှာ ပါရမီရှင်များကို ဘယ်နေရာကများသွားရှာထားလေသလဲ..
အကုန်လုံးက ဘာကြောင့်များ ဤမျှထူးခြားနေရလေသလဲ…
ထိုအခိုက်တွင် နိဗ္ဗာနမီးတောက်ကြီးကို မဟူရာက အကုန်အစင်စုပ်ယူပစ်လိုက်ပြီဖြစ်၏။
တစ်ချိန်တည်းမှာပင် မီးတောက်ပုံစံများကလည်း မဟူရာ၏အရေပြားထဲသို့ တဖြည်းဖြည်းစိမ့်ဝင်သွားလေသည်။
စိမ့်ဝင်သွားလိုက်ပုံမှာ တစ်ခါမှပေါ်ပေါက်မလာဖူးသည့်အလား အစအနပင်မကျန်။
မဟူရာက မျက်လုံးဖွင့်လာပြီး တွင်းထဲမှပြန်တက်လာခဲ့သည်။
သူ လုချန်ရှန်းရှေ့ကိုရောက်သောအခါ ခေါင်းကုတ်လျက်ပြောလိုက်လေသည်။
“ဆရာ ကျွန်တော်အောင်မြင်သွားပြီထင်တယ်”
“အဲ့ဒါအလုပ်ဖြစ်ရဲ့လား”
လုချန်ရှန်းမှာ မျက်ခုံးပင့်လျက် မဟူရာကိုကြည့်လိုက်မိသည်။
“ဘာလို့ ဘာမှမထူးခြားသလိုပုံပေါက်နေရတာလဲ”
ပုံစံကြည့်ရသည်မှာ သာမန်ဆန်နေဆဲပင်။
မဟူရာက ခေါင်းခါယမ်းလျက်ပြောလိုက်သည်။
“ကျွန်တော်လည်း မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်ခန္ဓာကိုယ်က အစွမ်းတွေအပြည့်ပဲလို့ ခံစားရတယ်။ တစ်ယောက်ယောက်ကိုတိုက်ခိုက်ချင်နေသလို ခံစားရတယ်”
လုချန်ရှန်း : “…”
မဟူရာ၏မျက်ဝန်းအစုံကိုကြည့်လိုက်လျှင် တိုက်ခိုက်လိုသောအရိပ်အယောင်တစ်ခုရှိနေပေသည်။
တစ်ချိန်တည်းမှာပင် ထိုတိုက်ခိုက်ရေးဆန္ဒထဲ၌ မိစ္ဆာသဘာဝအရိပ်အယောင်တစ်မျိုးထင်ဟပ်နေလေသည်။
သူ မထိန်းနိုင်ဘဲဒေါသထွက်လာပြီး မဟူရာ၏ခေါင်းကို ရိုက်ပစ်လိုက်သည်။ သူ ဆူပူလိုက်ချေတော့သည်။
“ကောင်စုတ်လေး မင်း ငါ့ကို မင်းနဲ့အတူလက်ရည်ယှဉ်ပေးမဲ့တွဲဖက်ဖြစ်စေချင်တယ်လို့တော့မပြောနဲ့နော်”
ငါ အခုလေးတင် မင်းကိုကျင့်ကြံစဉ်တွေသင်ပေးပြီး တပည့်အဖြစ်လက်ခံထားတာကွ..
မင်းကတော့ ကိုယ့်ဆရာကို တွယ်ချင်နေပြီပေါ့လေ..
မဟူရာခမျာ ခေါင်းတကုတ်ကုတ်လုပ်လျက် စိတ်ထိခိုက်စွာပြန်ပြောလာလေသည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး”
“မဟုတ်ဘူးလို့ပြောနေသေးတယ်ပေါ့”
ထိုအချိန်တွင် ချင်းထျန်းနျန်က စံအိမ်တော်ကိုရောက်ချလာသည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါတွင် သူ့မှာ ကူကယ်ရာမဲ့စွာမှင်တက်သွားမိသည်။
“ဘာတွေဖြစ်နေတာလဲ။ ချန်းရှန်.. ကိုယ့်တပည့်ကိုယ်ဘာလို့ရိုက်နေတာလဲ”
လုချန်ရှန်းမှာ အနည်းငယ်မှင်တက်သွားရှာသည်။ ထို့နောက် တစ်စုံတစ်ခုကိုတွေးမိသွားပြီး မဟူရာ့ကိုကြည့်လိုက်သည်။ သူ တခစ်ခစ်ရယ်လျက် ပြောလိုက်၏။
“ကောင်းပြီ။ လက်ရည်ယှဉ်မဲ့တွဲဖက်ကတော့ ရောက်လာပြီ။ မဟူရာ.. ဦးလေးချင်းနဲ့လက်ရည်ယှဉ်ကြည့်လိုက်”
ထိုစကားကြောင့် မဟူရာက ချင်းထျန်းနျန်ကိုကြည့်လိုက်သည်။
ချင်းထျန်းနျန်မှာ အနည်းငယ်မျှဆွံ့အသွားရှာလေသည်။ သူသည် ဤကျောင်းတော်၏ကျောင်းအုပ်ကြီးဖြစ်၏။
သို့သော် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကိန်းအောင်းနေသော မဟူရာ၏မျက်လုံးအစုံကိုမြင်လိုက်ရသောအခါ ခါးသက်သက်မပြုံးဘဲမနေနိုင်ချေ။
“ကောင်းပြီ။ စမ်းကြည့်ကြတာပေါ့”
မည်သို့ပင်ဖြစ်စေ သူဟာ ဂျူနီယာတစ်ယောက်ဖြစ်သည်။ သူနှင့်လက်ရည်ယှဉ်ခြင်းမှာ ကောင်းပေသည်။
ဤသည်မှာ လုချန်ရှန်း၏တပည့်အသစ်အဖို့ ချန်းယွမ်အဆင့်ပညာရှင်တစ်ယောက်၏ခွန်အားကိုသိနားလည်နိုင်မည့် အခွင့်အရေးကောင်းတစ်ခုပင်။
သူ၏အနာဂတ်သိုင်းပညာလမ်းကြောင်းအတွက်လည်း အကျိုးရှိသည်။
မဟူရာက ခေါင်းကုတ်နေရင်းပြောလာသည်။
“ဒါဆို ရိုင်းပျမိပါပြီ”
ချင်းထျန်းနျန်၏စကားပြန်အလာကိုပင် မစောင့်တော့ဘဲ သူ မြေပြင်ပေါ်သို့ဆောင့်နင်း၍ ပြေးသွားလိုက်၏။
ချင်းထျန်းနျန် ပြုံးလိုက်မိသည်။ သူက လက်တစ်ဖက်ကိုနောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ကို လွှဲယမ်းလိုက်သည်။
သူ့စိတ်ထဲမှာတွေးနေမိတာကတော့ တစ်ဖက်လူကို ထိခိုက်အောင်လုပ်မိမှာစိုးသဖြင့် အနည်းငယ်မျှအားထိန်းထားလိုက်သည်။
သို့သော် မဟူရာမှာ ကြောက်မက်ဖွယ်အော်သံတစ်သံကို ရုတ်ခြည်းဖန်တီးလိုက်သည်။
အော်ဟစ်သံဟာ နားကွဲလုမတတ်ပင်။
မှော်ဝင်သားရဲတစ်ကောင်၏ဟိန်းဟောက်သံအလားပင်။
ထို့နောက်မှာတော့ သူသည် လက်သီးမြှောက်လိုက်ချေသည်။ ထိုလက်သီးချက်တွင် ဝိညာဉ်ရေးရာချီစွမ်းအင် လုံးဝမပါပေ။
သူက သာမန်လက်သီးတစ်ချက်ကိုသာ ပစ်သွင်းလိုက်သည်။
ထိုလက်သီးချက်မှာ ချင်းထျန်းနျန်ကိုထိမှန်သွားသည်။
လက်သီးချက်က ချင်းထျန်းနျန်၏လက်ဖဝါးပေါ်သက်ဆင်းသွားချိန်မှာ ချင်းထျန်းနျန်၏အမူအရာဟာ လုံးဝပြောင်းလဲသွားလေတော့သည်။
သူ့လက်ဖဝါးထက်တွင် မည်သူမှမခုခံနိုင်သည့် ပြင်းလှစွာသောဖိအားတစ်ရပ် ဖြတ်သန်းသွားလေသည်။
၎င်းမှာ ကြမ်းကြုတ်ရက်စက်လှသောသားရဲကောင်တစ်ကောင်က လှောင်အိမ်ကိုချိုးဖျက်ပစ်လိုက်သလိုပင်။
ထိုအင်အားက ချင်းထျန်းနျန်၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းဆီကို ပျံ့နှံ့သွားသည်။
ထိုအခိုက် ချင်းထျန်းနျန်ခမျာ လွင့်ထွက်သွားရှာလေတော့သည်။
မဟူရာ၏လက်သီးချက်ကြောင့် သူ လွင့်ထွက်သွားခဲ့သည်။ မဟူရာကတော့ စိတ်ကျေနပ်ဟန်မတူ။ သူ့မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေသည်။
နောက်တစ်ကြိမ်ဟစ်အော်လိုက်ပြီးနောက် သူ ချင်းထျန်းနျန်နောက်ကို လိုက်လေတော့သည်။
ချင်းထျန်းနျန်လည်း ချက်ချင်း သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ပြီးနောက် အင်အားကိုထပ်မထိန်းထားတော့ပေ။ သူ ခပ်သြသြအသံဖြင့်အော်ဟစ်လိုက်လေရာ ချန်းယွမ်အထွတ်အထိပ်အဆင့်ခွန်အားများလည်း ပေါက်ကွဲထွက်လာပေသည်။
ယခင်က လုချန်ရှန်း၏အမြုတေဖြိုခွင်းရေးဆေးဝါးကို သောက်သုံးခဲ့ပြီးနောက် ချင်းထျန်းနျန်သည် ချန်းယွမ်အထွတ်အထိပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။
ထို့နောက် သူလည်း ရှေ့ကို လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ လက်သီးချက်နှစ်ခု ထိပ်တိုက်တွေ့ကြလေ၏။
ထိုအခိုက်အတန့်လေး၌ စံအိမ်တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားရသည်။