Switch Mode

အခန်း (၉၆)

ဓားသင်္ချိုင်း

လျှို့ဝှက်ဓားသွားဂိုဏ်း၏စိတ်တန်ခိုးရှင်အဆင့် ဓားသင်္ချိုင်း

လျှို့ဝှက်ဓားသွားဂိုဏ်း၏ပညာရှင်များ ဆုံးပါးသွားသည့်အခါ သူတို့၏ဓားများက ဓားသင်္ချိုင်းဆီသို့ ပြန်လာကြသည်။

ထိုပေါ်တွင် အမွေအနှစ်တစ်ခုပင် ရှိနေနိုင်သည်။

ဓားသင်္ချိုင်းထဲမှာ ဓားသိုင်းပညာရှိတစ်ဦး၏ဓား ရှိသည်ဟု ကောလာဟလထွက်ထားသည်။

ထိုဓားမှာ ဤပြည်မကြီးရှိ နောက်ဆုံးသောဓားသိုင်းပညာရှိ၊ လျှို့ဝှက်ဓားသွားဂိုဏ်းကိုတည်ထောင်သူ၊ လျှို့ဝှက်တိမ်တိုက်ဓားသိုင်းပညာရှိ၏ဓားဟုလည်း ဆိုကြသည်။

ဓားသင်္ချိုင်း၏တည်နေရာမှာ အစွန်အဖျားနားတွင် မဟုတ်ပေ။

၎င်းသည် ဓားသွားတောင်အတွင်းပိုင်း၌ တည်ရှိခြင်းဖြစ်၏။

သူ့အနေနှင့် ဓားသွားတောင်၏ထိပ်မှ ဝင်ရပေလိမ့်မည်။

လမ်းတစ်လျှောက်တွင် လျန်ဖန်းက ရှင်းပြလေ၏။

“ဓားသွားတောင်စွန်းမှာ ဓားဆန္ဒတွေစီးဆင်းနေရတဲ့အကြောင်းအရင်းက ဓားသွားတောင်စွန်းထဲက ဓားသင်္ချိုင်းကြောင့်ပဲ”

ဓားသွားတောင်စွန်းရှိ ဓားဆန္ဒများပင် ဤမျှကြီးကျယ်ခမ်းနားနေပါက ဓားသင်္ချိုင်းထဲမှာဆိုလျှင် မည်မျှများပြားလိုက်လေမလဲ…

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်ပြီးပြော၏။

“ဓားသင်္ချိုင်းထဲမှာ တားမြစ်ချက်တစ်ခုတလေးများရှိလား”

လျန်ဖန်းကပြုံးလျက် ပြောလာသည်။

“ဘာတားမြစ်ချက်မှမရှိပါဘူး။ မင်း အထဲဝင်သွားတာနဲ့ သဘောပေါက်လိမ့်မယ်”

“ဒါပေမဲ့ ဓားဆန္ဒကို မင်းခံနိုင်ရည်မရှိရင် နောက်ပြန်ဆုတ်ဖို့မမေ့နဲ့နော်။ အဲ့လိုမှမဟုတ်ရင် ဓားဆန္ဒကြောင့် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားလိမ့်မယ်”

ယဲ့ချိုးပိုင် မေးလိုက်လေသည်။

“မင်းကရော ဝင်ပြီးပြီလား”

ထိုစကားကိုကြားသော် လျန်ဖန်းက ပခုံးတွန့်ပြပြီးပြော၏။

“ငါက နှစ်ခါဝင်ပြီးသွားပြီ။ ပထမတစ်ခေါက်တုန်းက အဲဒါကိုခံနိုင်ရည်မရှိလို့ ခြေလှမ်းဆယ်လှမ်းပဲလှမ်းနိုင်ခဲ့တယ်။ ဒုတိယအခေါက်ကျတော့ မီတာရှစ်ဆယ်အထိရောက်သွားတယ်။ ငါသွားနိုင်တာတော့ ဒီလောက်ပဲ”

ဤကိစ္စနှင့်ပတ်သက်ပြီး ယဲ့ချိုးပိုင်က သူ့အားအထင်သေးမည်ကို လျန်ဖန်းက စိုးရိမ်နေသည်။ ထို့ကြောင့် သူ အလောတကြီးရှင်းပြလိုက်သည်။

“ဒီမီတာရှစ်ဆယ်ကို လျှော့မတွက်နဲ့နော်။ မီတာခြောက်ဆယ်ကိုရောက်ပြီးသွားရင် မင်းရဲ့ဓားဆန္ဒက ဓားသိုင်းတာအိုမဟာပညာရှင်တွေနဲ့ယှဉ်နိုင်သွားပြီ”

“ကောင်းပြီ။ မင်း အဲဒီကိုရောက်ရင် သိပါလိမ့်မယ်။ ဒါက မင်းရဲ့ပထမဆုံးအကြိမ်ဆိုတော့ တအားအဝေးကြီးအထိမသွားသင့်ဘူး”

ယဲ့ချိုးပိုင်က ပြုံးရုံသာပြုံးနေပြီး ဘာမှပြန်မပြောချေ။

သူတို့ အထိပ်ပိုင်းဆီသို့ ရောက်လာလေသည်။

လှိုဏ်ဂူအဝတွင် လူအိုကြီးနှစ်ယောက် ရှိ၏။

ထိုလူနှစ်ယောက်၏အဆင့်ကို သူ တပ်အပ်မပြောနိုင်သော်လည်း မပီဝိုးတဝါးဓားဆန္ဒများကမူ လျစ်လျူရှုထားရန်မဖြစ်နိုင်ပေ။

ယဲ့ချိုးပိုင် လှမ်းကြည့်လိုက်လေရာ သူ့နှလုံးခုန်သံများမှာ စည်းချက်တစ်ချက်လွဲသွားရသည်။

ထိုလူနှစ်ယောက်ဟာ အထိန်းတော်မင်ထက် သေချာပေါက် ပိုသန်မာလေသည်။

နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းဆိုသောအရာမှာ တစ်ကမ္ဘာလုံးရှိ အစွမ်းထက်သိုင်းပညာရှင်များကို မှတ်တမ်းတင်ထားနိုင်ခြင်းမရှိဟန်ပင်။

လျန်ဖန်းက ရှေ့ကိုလျှောက်သွားပြီး အကြီးအကဲနှစ်ယောက်ကို တစ်စုံတစ်ခုပြောလိုက်လေရာ ထိုအကြီးအကဲနှစ်ယောက်က ယဲ့ချိုးပိုင်ကို လှည့်ကြည့်လာကြသည်။

“ကောင်းပြီ။ ဒီလောက်ဆို လုံလောက်ပါတယ်”

“ဒါပေမဲ့ မင်း ထပ်မနေနိုင်တော့ဘူးလို့ ခံစားရရင် ချက်ချင်းနောက်ပြန်ဆုတ်ရမယ်နော်”

ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက်တွင် သူတို့သုံးယောက်၏အကြည့်များအောက်မှာပင် ဂူထဲသို့ လျှောက်ဝင်သွားလိုက်၏။

ယဲ့ချိုးပိုင် ဝင်သွားပြီးနောက် တပည့်အများအပြားမှာ ဓားသင်္ချိုင်းအနီးရှိ နေရာသို့ ရောက်နေကြပြီဖြစ်၏။

ကျောင်းတော်မှလာသော ဤကျောင်းသားက ဘယ်လောက်အထိသွားနိုင်မလဲဆိုသည်ကို သူတို့သိချင်လှသည်။

“နောက်ဆုံးတစ်ခေါက်တုန်းက လာသွားတဲ့တစ်ယောက်က ပထမဆုံးအကြိမ် ငါးမီတာပဲသွားနိုင်ခဲ့တာ ဟုတ်တယ်မလား”

“ဟုတ်ပါ့။ ပြီးတော့ သူ ဒဏ်ရာတွေနဲ့ ပြန်ထွက်လာတာလေ”

“စီနီယာအစ်ကိုလျန်တောင်မှ ပထမဆုံးအကြိမ်ကို ဆယ်မီတာပဲသွားနိုင်ခဲ့တာ”

“ဒါက စီနီယာအစ်ကိုလျန်နဲ့တော့ယှဉ်လို့မရဘူးလေ။ လျှို့ဝှက်တာကိုကျောင်းတော်က အင်အားမနည်းဘူးဆိုရင်တောင်မှ ဓားသိုင်းကျင့်ကြံရေးကိုအထူးပြုထားတဲ့ လျှို့ဝှက်ဓားသွားဂိုဏ်းကို သူတို့ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”

လူတိုင်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။

ဤသည်မှာ မောက်မာလှသောစကားမျိုးမဟုတ်။

လျှို့ဝှက်ဓားသွားဂိုဏ်းမှာ ဓားသိုင်းကျင့်ကြံသူများအတွက် နံပါတ်တစ်မြင့်မြတ်သောနယ်မြေဖြစ်သည်ဟူသောအချက်ပင်။

ထိုအချက်ကို မည်သူမှမေးခွန်းမထုတ်နိုင်ပေ။

လျှို့ဝှက်တာအိုကျောင်းတော်က အင်အားမသေးလှသော်လည်း သူတို့က အမြောက်အများသင်ယူလေ့လာထားပြီးဖြစ်၏။

ဓားသိုင်းကိုသာ ပဓာနထားသော လျှို့ဝှက်ဓားသွားဂိုဏ်းနှင့်မယှဉ်နိုင်ချေ။

တစ်ဖက်မှာမူ လျန်ဖန်းသည် လျှို့ဝှက်ဓားသွားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ရှိရာဆီသို့ ရောက်နေလေသည်။

လျှို့ဝှက်ဓားသွားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်လင်းရူဖုန်းမှာ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် ဒုတိယနေရာရထားသူဖြစ်၏။

အာကာသနတ်ဘုရားကနဦးအဆင့်၏ ဓားသိုင်းဘိုးဘေးအဆင့်ဖြစ်သည်။

သူသည် တိုက်နယ်ကြီးပေါ်ရှိ နံပါတ်တစ်ဓားသိုင်းကျင့်ကြံသူဟုလည်း လူသိများကြသည်။

လင်းရူဖုန်းကတော့ ကိုယ့်ကိုယ်ကိုယ် ထိုသို့မထင်ပေ။

“ဆရာ”

လျန်ဖန်းရောက်လာသည်ကို မြင်သောအခါ လင်းရူဖုန်းက ခပ်ဖွဖွပြုံးပြီးပြောလိုက်သည်။

“သူ ဝင်သွားပြီလား”

လျန်ဖန်း ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆို ယဲ့ချိုးပိုင် ဘယ်လောက်ဝေးဝေးအထိသွားနိုင်မယ်လို့ထင်လဲ”

လျန်ဖန်းခမျာ ခါးသက်သက်ပြုံးရင်း ပြောလိုက်၏။

“အမှန်အတိုင်းပြောရရင် သူ့ရဲ့ဓားသိုင်းတာအိုအဆင့်က အရမ်းမြင့်တယ်။ သူက မဟာဓားသိုင်းပညာရှင်အဆင့်ကို ရောက်နေပြီ”

“အဲဒီအပြင် တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းပေါ်မှာတုန်းကလည်း ဓားသွားနံရံပေါ်ကအမွေအနှစ်ကို နေ့တစ်ဝက်တည်းနဲ့ ရှုမှတ်သိမြင်သွားတာ”

“အဲဒါကြောင့် သူက ကျွန်တော့်ထက်တော့အားမနည်းလောက်ဘူးလို့ ခန့်မှန်းမိတာပဲ”

ထိုစကားကိုကြားသော် လင်းရူဖုန်းပြုံးလိုက်မိသည်။

“ဒါက ဓားသိုင်းကျင့်ကြံရေးအတွက် သိပ်ကောင်းတဲ့မျိုးစေ့တစ်ခုပဲ။ ပြီးတော့ မင်းအနေနဲ့ တခြားတစ်ယောက်ကို အရမ်းလေးစားနေတာမျိုးကရှားတယ်လေ”

လျန်ဖန်းခမျာ ကူကယ်ရာမဲ့သွားရလေသည်။

ယဲ့ချိုးပိုင်က စင်စစ်ကြောက်မက်ဖွယ်ကောင်းလှသည်။

အဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိ အထိန်းတော်မင်ကိုပင် ထိုအတိုင်းအတာအထိရောက်အောင် တိုက်ခိုက်နိုင်လေသည်။

သူ့အဆင့်က ယဲ့ချိုးပိုင်ထက်ပိုမြင့်သည်ဖြစ်ရာ သူသာဆိုလျှင် ထိုသို့လုပ်နိုင်လေမလားဆိုသည်ကို လျန်ဖန်း ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်မိသည်။

“ကောင်းပြီ။ အဲဒီကလေး ဘယ်လောက်ထိသွားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့”

ထိုအချိန်မှာ ယဲ့ချိုးပိုင်က ဂူထဲသို့ ဝင်လာခဲ့ပြီးဖြစ်၏။

လှိုဏ်ဂူထဲသို့ဝင်လာပြီးနောက် ဂူတစ်ခုလုံးမှာ ပိန်းပိတ်အောင်မှောင်မည်းနေလေသည်။

အချိန်တစ်ခုအထိလမ်းလျှောက်လာပြီးနောက် အတွင်းဘက်မှ ဓားဆန္ဒတစ်မျိုးစိမ့်ထွက်လာသည်ကို ယဲ့ချိုးပိုင်ခံစားလိုက်ရသည်။

အလွန်အမင်းထက်ရှလှပေသည်။

ဤဓားဆန္ဒကိုဖြတ်၍ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း ယဲ့ချိုးပိုင် မရပ်တန့်ချေ။

ဤနေရာအရောက်မှာ ဓားဆန္ဒများဟာ အလွန်သိပ်သည်းလှပေသည်။ ဓား သင်္ချိုင်းထဲမှာဆိုလျှင် မည်မျှသိပ်သည်းလိုက်လေမလဲ….

ယဲ့ချိုးပိုင်မှာ မတတ်သာဘဲ မျှော်လင့်စောင့်စားနေမိသည်။

အဆုံးမှာတော့ သူ ဂူထဲသို့ဆက်လျှောက်သွားလိုက်သည်။

သူ့ဘေးရှိမြင်ကွင်းများကြောင့် သူထိတ်လန့်သွားရလေသည်။

ဓားသွားအထွတ်အထိပ်ရှိ ဓားသင်္ချိုင်း…

သူ့အရှေ့တွင် ဓားများဖြင့်ပြည့်နေသော ကျောက်သားကုန်းလျှောကြီးတစ်ခုရှိ၏။

ထိုဓားများအပေါ်တွင် ခပ်ဖျော့ဖျော့ဓားဆန္ဒတစ်ခု ရှိနေချေသည်။

ထိုဓားဆန္ဒများ တစ်ခုနှင့်တစ်ခုပေါင်းစပ်လိုက်သောအခါ ၎င်းမှာ အလွန်အမင်းကြီးမားလာချေသည်။

၎င်းမှာ အသွင်တစ်ခုတည်လာသည့်အလားပင်။

ထိုကျောက်သားကုန်းလျှောနားကို ယဲ့ချိုးပိုင်လျှောက်သွားလိုက်သည်။

ဓားဆန္ဒတစ်ခုက သူ့ကိုတိုက်ခိုက်နေကြောင်း ခံစားလိုက်မိသည်။

သို့သော် ဤဓားဆန္ဒမှာ ယဲ့ချိုးပိုင်ကို လုံးဝမထိခိုက်စေနိုင်ပေ။

ထိုအခြင်းအရာကိုမြင်သော် သူ တဒင်္ဂမျှချင့်ချိန်တွေးဆကြည့်မိသည်။

ထို့နောက် သူ ရှေ့ကို ဆက်လျှောက်လာလိုက်၏။

ကျောက်သားကုန်းလျှောပေါ်ကို သူ တက်လိုက်သည်။

ကြမ်းပြင်မှာ ဓားများဖြင့်ပြည့်နှက်နေလေ၏။

တချို့ဓားများမှာ အလွန်သစ်လွင်နေပုံပေါ်ပြီး တချို့ဓားများက အလွန်သာမန်ဆန်လှပေသည်။ အက်ကွဲကြောင်းများပင်ရှိနေသေးသည်။

ဤသည်မှာ ဓားသင်္ချိုင်းပေတည်း။

ရှေ့မဆက်ခင်မှာ ယဲ့ချိုးပိုင်လည်း ဓားသင်္ချိုင်းကို ဦးညွှတ်အရိုအသေပေးလိုက်လေသည်။

ငါးမီတာ…

သူ့ဓားဆန္ဒမှာ ဓားသိုင်းပညာရှင်အဆင့်သို့ ရောက်ရှိနေပြီးလေပြီ။

သို့သော် သူက ယဲ့ချိုးပိုင်ကို မတားနိုင်ခဲ့ပေ။

သူ ရှေ့ကို ဆက်သွားလိုက်၏။

ဆယ်မီတာ….

လျန်ဖန်း ပထမဆုံးရောက်ခဲ့ဖူးသောနေရာကို သူရောက်လာသည်။

ဤနေရာတွင် ဓားဆန္ဒမှာ မဟာဓားသိုင်းပညာရှင်အဆင့်သို့ ရောက်လာပြီး ဖြစ်၏။

ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ကို ၎င်းတို့က ဆက်တိုက်ရိုက်ခတ်နေလေသည်။

ဤဓားဆန္ဒ၏ရိုက်ခတ်မှုအောက်တွင် ယဲ့ချိုးပိုင်လည်း ခုခံမှုတချို့ကို ခံစားလာရသည်။ သို့သော် သူ့တွင် ဓားသိုင်းတာအို၏ သိနားလည်မှုအသစ်တစ်ခုရှိထားသည်။

ထိုဓားများဆီမှထုတ်လွှတ်လာသော ဓားဆန္ဒများသည် ဓားသိုင်းတာအိုအဆင့်ချင်းမတူညီကြချေ။

ယဲ့ချိုးပိုင်မှာ ခဏမျှတွေးတောပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

သင့်ရဲ့ခုခံမှုကို လျှော့ချပါ။

သူသည် ဓားဆန္ဒများကို သူ့ခန္ဓာကိုယ်အား ရိုက်ခတ်ခွင့်ပေးထားလိုက်သည်။

အတွင်းပိုင်းရှိဓားဆန္ဒကို သူနားလည်သိမြင်ခဲ့သည်။

ဓားသင်္ချိုင်းထဲသို့ဝင်လာသူမှန်သမျှ ထိုသို့မလုပ်ရဲကြချေ။

အကြောင်းပြချက်မှာကား ဤနေရာရှိဓားဆန္ဒများအားလုံးမှာ ပိုင်ရှင်မဲ့နေသောကြောင့်ပင်။

လုံးဝခံနိုင်ရည်ရှိမှာမဟုတ်ပေ။

အကယ်၍ ခုခံမှုကိုလျှော့ချလိုက်ပါက သတိလွတ်သွားသည့်အချိန်မှာပင် များပြားလှသောဓားဆန္ဒများကြောင့် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပေလိမ့်မည်။

ယဲ့ချိုးပိုင် ဤသို့လုပ်နိုင်ရသည့်အကြောင်းအရင်းမှာ သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားကြောင့်ပင်။

ကစဉ့်ကလျားအမြုတေဓားသိုင်းကိုယ်ထည်…

ခဏအကြာ ယဲ့ချိုးပိုင် မျက်စိပြန်ဖွင့်လာသည်။

ထိုအခိုက်အတန့်လေးတွင် သူသည် ဓားသိုင်းတာအိုအပေါ် သိနားလည်မှုအသစ်တစ်မျိုးရှိထားပြီး သူ့ဓားဆန္ဒမှာ ပိုမိုသိပ်သည်းလာပေ၏။

ထို့နောက် သူ ရှေ့ကိုဆက်လျှောက်လာလိုက်သည်။

ဤနေရာမှာ သူ့ခံနိုင်ရည်အားနှင့် အဝေးကြီးလိုသေးသည်။

ဆယ်ငါးမီတာ..

မီတာနှစ်ဆယ်

မီတာသုံးဆယ်

မီတာသုံးဆယ်အရောက်မှာ သူ့ခန္ဓာကိုယ်အတွင်းရှိအရာတစ်ခုကို ခံစားလိုက်ရသည်။

ခန္ဓာကိုယ်အတွင်းပိုင်းတစ်ခုလုံးမှာ ဓားဆန္ဒများနှင့်ပြည့်နှက်နေလေ၏။

လက်လွတ်စပယ်ဖျက်ဆီးနေလေခြင်း….

ယဲ့ချိုးပိုင်မှာ ခုခံမှုကိုခံစားလိုက်ရ၏။

ထို့နောက် သူ တင်ပျဉ်ခွေထိုင်လိုက်ပြီး ထပ်မံရှုမှတ်ပြန်သည်။

ဤအချိန်တွင် အပြင်ဘက်လောကရှိ ဓားသွားတောင်အထိပ်၌ ဓားဆန္ဒတစ်ခုမှာ ကောင်းကင်ထိတိုင် ဆန်တက်သွားလေသည်။

ထိုဓားဆန္ဒမှာ ဂူမှတစ်ဆင့် ပေသုံးရာအမြင့်အထိ ဆန်တက်သွားခြင်းပင်။

ဤအဓိပ္ပာယ်မှာ ဓားသင်္ချိုင်းထဲရှိလူက မီတာသုံးဆယ်ရောက်သွားခဲ့ပြီဟု ဆိုလိုခြင်းဖြစ်သည်။

ဤအဖြစ်မှာ လျှို့ဝှက်ဓားသွားဂိုဏ်းကို ထိတ်လန့်သွားစေခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset