လျှို့ဝှက်ဓားသွားဂိုဏ်း
အဓိကဂိုဏ်းနှစ်ခုထဲမှတစ်ခုတစ်ဖြစ်လဲ အလယ်ပိုင်းဒေသရှိအင်အားစုများမှာ မွန်းတည့်ကောင်းကင်ထက်ရှိနေတစ်စင်းအလားပင်။
တစ်ချိန်တည်းမှာပင် ဤကမ္ဘာပေါ်ရှိဓားသိုင်းကျင့်ကြံသူတိုင်း တောင့်တနေကြရသော မြင့်မြတ်သည့်နယ်မြေလည်းရှိသေးသည်။
ယဲ့ချိုးပိုင်တို့ လျှို့ဝှက်ဓားသွားဂိုဏ်းကိုရောက်လာချိန်မှာ ၎င်း၏အခြေခံကိုအာရုံခံစားလိုက်မိသည်။
လျှို့ဝှက်ဓားသွားဂိုဏ်းမှာ တောင်တခု၌တည်ရှိလေသည်။
ဤတောင်မှာ ကောင်းကင်ဆီသို့ဆန်တက်နေသော ထက်ရှရှဓားတစ်လက်နှယ်။
၎င်းသည် အနှိုင်းမဲ့မြင့်မားလှ၏။
တောင်၏ထိပ်ဦးပိုင်းကို တိမ်တိုက်များကဖုံးအုပ်ထားသည်။
ယဲ့ချိုးပိုင် လှမ်းကြည့်လိုက်မိလေရာ ဤဓားတောင်စွန်းထဲရှိ ဓားဆန္ဒမှာ အလွန်အမင်းထက်ရှနေကြောင်း အာရုံခံလိုက်မိသည်။
ထိုဓားသွားမှာ အန္တိမဂမ္ဘီရဓားတစ်လက်နှင့် အလားသဏ္ဌာန်တူလှ၏။
လျန်ဖန်းက ရှင်းပြလိုက်သည်။
“လျှို့ဝှက်ဓားသွားဂိုဏ်းကို သုံးနေရာခွဲထားတယ်။ တောင်ခြေမှာ အပြင်စည်း တပည့်တွေနေရတယ်”
“တောင်တန်းရဲ့အလယ်မှာ အတွင်းစည်းတပည့်ရှိတယ်”
“ပြီးတော့ တောင်ထိပ်နားမှာ သီးသန့်တပည့်တွေနေရတယ်။ တောင်ပေါ်မှာကတော့ ဂိုဏ်းရဲ့အကြီးအကဲတွေနဲ့ ဂိုဏ်းခေါင်းဆောင်နေတာ”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။
လျန်ဖန်းကလည်း ဆက်ပြောသည်။
“ပြီးတော့ တပည့်တွေအနေနဲ့ တောင်ပေါ်တက်ချင်တယ်ဆိုရင် ဂိုဏ်းရဲ့ အထောက်အကူပစ္စည်းတွေကိုလိုတဲ့အပြင် သူတို့ရံ့ ဓားသိုင်းတာအိုအပေါ်လည်း မှီခိုမှရမယ်။ နှစ်ခုစလုံးမရှိဘူးဆိုရင်တော့ တောင်ပေါ်တက်လို့မရဘူး”
လျှို့ဝှက်ဓားသွားဂိုဏ်း၏ ရာထူးဂုဏ်သိမ်အဆင့်ဆင့်မှာ အလွန်တင်းကြပ်လှသည်။
အဆင့်မြင့်လေလေ အရင်းအမြစ်များများ ခံစားနိုင်လေလေပင်။
အဆင့်မြင့်မြင့်သွားနိုင်လေလေ ဓားဖျားထက်ရှိဓားဆန္ဒက ပိုမိုသိပ်သည်းလေလေပင်။ ၎င်းမှာ တပည့်တပန်းများ သိမြင်ရှုမှတ်ရာတွင် အကျိုးရှိလှပေ၏။
ယဲချိုးပိုင်က မေးခွန်းထုတ်လိုက်သည်။
“မင်းကရော”
လျန်ဖန်းက ပခုံးတွန့်ပြပြီး ပြောသည်။
” သေချာပေါက်သီးသန့်တပည့်ပေါ့”
အတွင်းစည်းအကြီးအကဲများထဲမှတစ်ယောက်က ပြောလေသည်။
” လျန်ဖန်းက ဂိုဏ်းခေါင်းဆောင်ရဲ့ သီးသန့်တပည့်လေ”
ယဲ့ချိုးပိုင် ခေါင်းညိတ်လိုက်မိ၏။ ကျောင်းတော်၏တာအိုလမ်းစဉ်ရှာဖွေရေး တောင်တန်းကိုဝင်ခွင့်ရခဲ့သည့် တစ်ဦးတည်းသောလူတစ်ယောက်အနေနှင့် သူ၏သရုပ်မှန်၊စွမ်းရည်နှင့်ခွန်အားမှာ သဘာဝကျကျပင်အရေးပါလှပေသည်။
ထိုအချိန်၌ အဘိုးအိုတစ်ယောက်က ဓားတစ်လက်ကိုကိုင်၍ တောင်ပေါ်မှဆင်းသက်လာသည်။
သူက ယဲ့ချိုးပိုင်တို့ရှေ့ကို ရောက်ချလာသည်။
“ဒါက ကျောင်းတော်ဘက်က ပို့လိုက်တဲ့လူလား”
အတွင်းစည်းအကြီးအကဲက သူ့ကိုကြိုဆိုနှုတ်ဆက်ရန် ရှေ့တိုးသွားပြီး အပြုံးလေးဖြင့် ပြောလေသည်။
” ဟုတ်ပါတယ်။ အကြောင်းတစ်ခုကြောင့် တပည့်အသစ်တစ်ယောက်ပြောင်းလာခဲ့ပါတယ်”
လျှို့ဝှက်ဓားသွားဂိုဏ်း၏အကြီးအကဲက ခေါင်းညိတ်ပြလေသည်။ ဤသည်မှာ သူနှင့်မဆိုင်သောကိစ္စဖြစ်သည်။ သူ လျန်ဖန်းကိုကြည့်ပြီး ပြောလိုက်သည်။
“လျန်ဖန်း တောင်ထိပ်ကိုသွားလိုက်။ ဂိုဏ်းခေါင်းဆောင်က မင်းကိုတွေ့ချင်နေတယ်”
လျန်ဖန်းတစ်ယောက် ခဏမျှကြက်သေသေသွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ သူ ယဲ့ချိုးပိုင်ဘက်ကို လှည့်ကြည့်ပြီးပြောလိုက်သည်။
“အရင်ဆုံး ဆရာ့ဆီကိုသွားလိုက်ဦးမယ်။ ငါတို့နောက်မှ လက်ရည်ယှဉ်ကြတာပေါ့”
လျှို့ဝှက်ဓားသွားဂိုဏ်း၏အကြီးအကဲမှာ ထိုစကားများကိုကြားလိုက်ရချိန်၌ အနည်းငယ်ထိတ်လန့်သွားချေသည်။
လျန်ဖန်းသည် လျှို့ဝှက်ဓားသွားဂိုဏ်းထဲတွင် အလွန်မောက်မာလှသူတစ်ဦးဖြစ်၏။
သူ အထင်ကြီးသောတပည့်ဟူသည်မှာ အလွန့်အလွန်နည်းပါးလှသည်။
သူကိုယ်တိုင်ကလည်း အရည်အချင်းရှိလှသည်။
ဤသည်မှာ ဓားသိုင်းတာအိုနယ်ပယ်၌ လျန်ဖန်း၏စွမ်းရည်က အလွန်မြင့်မားလှသောကြောင့်ပင်။
အကြီးအကဲဖြစ်သူဟာ ယဲ့ချိုးပိုင်ကို ထပ်မကြည့်ဘဲမနေနိုင်ချေ။ ကြည့်ရပုံထောက်လျှင် ဤကောင်လေးမှာ သိပ်ရိုးရှင်းပုံမရ။
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်၏။
လျန်ဖန်းလည်း ထွက်ခွာသွားလေတော့သည်။
အတွင်းစည်းအကြီးအကဲကလည်း ယဲ့ချိုးပိုင်ကိုပြောလိုက်သည်။
“ကောင်းပြီ။ အချိန်အတိုင်းအတာတစ်ခုအထိတော့ ဒီမှာပဲငြိမ်းငြိမ်းချမ်းချမ်းကျင့်ကြံနေလိုက်ပါ။ အဲဒါပြီးရင် ကျောင်းတော်ကို ပြန်လို့ရပါပြီ”
ယဲ့ချိုးပိုင် ခဏမျှတွေးတောကြည့်ပြီးနောက် ပြောလိုက်လေသည်။
“အကြီးအကဲ ဒါပြီးရင် ကျွန်တော် တောင်ပိုင်းဒေသကိုတန်းပြန်ချင်ပါတယ်”
မုကျီချင်း၏ရုပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး သူ့ဆရာကို သူမေးစရာရှိ၏။
သူ့ဆရာ ဖြေရှင်းနိုင်မလားဆိုသည်ကိုလည်း သူသိချင်လှသည်။
အကြီးအကဲက ခေါင်းညိတ်ပြပြီးပြောသည်။
“ကောင်းပြီလေ။ ဒါပေမဲ့ နေမဝင်အင်ပါယာဘက်က လက်တုံ့ပြန်လာမှာကိုတော့သတိထား”
ယဲ့ချိုးပိုင် ခေါင်းညိတ်လက်ခံလိုက်သည်။
အတွင်းစည်းအကြီးအကဲဟာ လျှို့ဝှက်ဓားသွားဂိုဏ်းမှအကြီးအကဲကို ခေါင်းဆတ်ပြပြီး ကျောင်းတော်ဆီသို့ ပြန်သွားလေတော့သည်။
လျှို့ဝှက်ဓားသွားဂိုဏ်းမှ အကြီးအကဲက ယဲ့ချိုးပိုင်ကို တစ်ချက်မျှငဲ့ကြည့်လာပြီး သူ့ဓားပျံကိုစီးနင်းလျက် စကားစလာလေသည်။
“ငါ့နောက်ကလိုက်ခဲ့”
ယဲ့ချိုးပိုင်က ထိုအကြီးအကဲ ဓားပျံစီးနင်းလိုက်ပုံကို ကြည့်နေသည်။ ခဏမျှ တွေးတောပြီးနောက် သူ့သစ်သားဓားကိုထုတ်လိုက်သည်။
တိုဓားကို ဝိညာဉ်ရေးရာချီစွမ်းအင်ဖြင့်ရစ်ပတ်၍ လေထုထဲတွင်ပျံဝဲစေလိုက်သည်။
ထို့နောက် သူ ထိုဓားပေါ်တွင်ရပ်လိုက်၏။
သူ သစ်သားဓားကို လေဟုန်စီးဖို့သုံးလိုက်သည်။
သို့သော် ငါးမီတာမျှ ခပ်ဖြည်းဖြည်းပျံသန်းလိုက်ပြီးနောက် ဓားပျံမှာ မငြိမ်မသက်ဖြစ်လာပြီး ဘယ်ညာယိမ်းနေလေတော့သည်။
အရှေ့ရှိအကြီးအကဲမှာ တစ်စုံတစ်ရာကို အာရုံခံမိဟန်တူပြီး သာမန်ကာလျှံကာ ပြောလာလေသည်။
“လေထုရဲ့အရှိန်ကိုထိန်းဖို့ ဓားဆန္ဒကိုထုတ်လွှတ်လိုက်”
ယဲ့ချိုးပိုင်ကလည်း သူပြောသည့်အတိုင်း လုပ်လိုက်သည်။
ဓားဆန္ဒများမှာ သစ်သားဓားကိုရစ်ပတ်ထားလိုက်လေသည်။ ထင်ထားသည့်အတိုင်းပင် တစ်ခေါက်တည်းနှင့် သူ ဓားပျံကို အောင်အောင်မြင်မြင်စီးနင်းနိုင်ခဲ့သည်။
အကြီးအကဲခမျာ ထိတ်လန့်သွားလေ၏။
ဓားပျံစီးနင်းခြင်းမှာ နက်နဲလှသောကျင့်စဉ်တစ်ခုတော့မဟုတ်ပေ။
သို့သော် တစ်ခေါက်တည်းနှင့်အောင်မြင်ပြီး ကျွမ်းကျင်သွားရန် ခက်ခဲလှသည်။
အကြီးအကဲက စကားတစ်ခွန်းမှမပြောပေ။ သူ မသိမသာအရှိန်တင်ပြီး တောင်နံရံဘက်ကို ပျံသန်းသွားလိုက်သည်။
ယဲ့ချိုးပိုင်ကလည်း အရှိန်တင်ရင်း ဖြည်းဖြည်းချင်းလိုက်လာသည်။
တဖြည်းဖြည်းနှင့် ဤကျင့်စဉ်ကို သူတတ်ကျွမ်းသွားပြီဖြစ်၏။
အကြီးအကဲဖြစ်သူမှာ အသာအယာခေါင်းတညိတ်ညိတ်လုပ်နေမိသည်။
ဤကလေး၏သိမြင်နားလည်နိုင်မှုစွမ်းရည်မှာမဆိုးလှပေ။
မကြာမီတွင် သူ ဂူဗိမာန်တစ်ခုဆီသို့ရောက်လာလေသည်။
“မင်း ဒီမှာ ခဏလောက်တော့နေလို့ရတယ်။ မနက်ဖြန်ကျရင် ဓားသင်္ချိုင်းထဲကို ဝင်လို့ရပြီ”
ဤသို့ဖြင့် ထိုအကြီးအကဲမှာ ထွက်သွားလေတော့သည်။
ယဲ့ချိုးပိုင် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။
ဤနေရာသည် တောင်တန်း၏လမ်းတစ်ဝက်တွင် တည်ရှိခြင်းဖြစ်သည်။
ဤနေရာကား အတွင်းစည်းတပည့်များ နေထိုင်ရာအရပ်ဖြစ်သည်။
ပတ်ပတ်လည်ရှိ ဓားဆန္ဒများမှာ တောင်ခြေတုန်းကထက် အဆပေါင်းများစွာ ပိုမိုသိပ်သည်းလေသည်။
လျှို့ဝှက်ဓားသွားဂိုဏ်းကို ဓားသိုင်းကျင့်ကြံသူတို့မွေ့လျော်ရာနယ်မြေဟုခေါ်ဆိုခြင်းမှာ အံ့သြစရာမရှိချေ။
ယဲ့ချိုးပိုင် ဂူဗိမာန်ထဲသို့ဝင်ပြီး သူ့ဒဏ်ရာများကို ပြန်လည်ကုစားတော့မည့် အချိန်မှာပင် တပည့်တပန်းတချို့က အထဲမှထွက်လာပေသည်။
ရှေ့ဆုံးမှဦးဆောင်လာသူမှာ အေးစက်မောက်မာသောအမူအရာမျိုးရှိ၏။
သူ့လက်ထဲတွင် ဓားအိမ်စွပ်ထားသော ဓားတစ်လက်ကိုင်ဆောင်ထားသည်။
“မင်းက တပည့်အသစ်လား”
ယဲ့ချိုးပိုင် ခေါင်းခါပြလိုက်၏။
” လျှို့ဝှက်ဓားသွားဂိုဏ်းက တပည့်မဟုတ်ဘူးလား”
ချက်ချင်းပင် ထိုအေးတိအေးစက်လူက ခွန်းတုံ့ပြန်လာလေသည်။
“မင်းက ဓားသင်္ချိုင်းထဲမှာသိုင်းကျင့်ကြံဖို့ ကျောင်းတော်ဘက်ကပို့လိုက်တဲ့ ကျောင်းသားပဲဖြစ်ရမယ်”
ယဲ့ချိုးပိုင်က မှတ်ချက်တစ်စုံတစ်ရာမပေးပေ။
“သူ့ပုံစံကြည့်ရတာ အစွမ်းထက်တဲ့ဓားသိုင်းကျင့်ကြံသူတစ်ယောက်နဲ့လည်း မတူဘူး”
အေးတိအေးစက်လူ၏အနောက်ရှိပုဂ္ဂိုလ်က ပြောလာခြင်းပင်။
“လျှို့ဝှက်တာအိုကျောင်းတော်က ဓားသိုင်းတာအိုအထူးပြုထားတဲ့နေရာမှ မဟုတ်တာ။ ငါတို့ လျှို့ဝှက်ဓားသွားဂိုဏ်းကို မယှဉ်နိုင်တာသဘာဝကျပါတယ်”
“ဒီလိုလူတစ်ယောက်က ဓားသင်္ချိုင်းထဲကိုဝင်တော့ရော ဘာရမှာမို့လို့လဲ”
“ငါတို့ထဲကဘယ်သူကမှ ဓားသင်္ချိုင်းထဲကိုဝင်ဖို့ အရည်အချင်းမမီတာကိုတော့ သိထားရမယ်လေ”
ထိုစကားကိုကြားသော် မျက်နှာထားခပ်မာမာနှင့်လူ၏အမူအရာမှာ အေးစက်သွားရလေသည်။
ယဲ့ချိုးပိုင်ကတော့ ထိုစကားများကိုဂရုမစိုက်ဘဲ ဂူဗိမာန်ထဲကိုသာ ဝင်ချင်နေသည်။
သို့သော် ထိုအချိန်မှာပင် မျက်နှာထားခပ်မာမာနှင့်လူက ယဲ့ချိုးပိုင်ကို အထဲသို့ အလွယ်တကူဝင်ခွင့်ပေးလိုစိတ်မရှိသည်မှာ ရှင်းနေချေသည်။ သူက လက်ထဲကဓားကိုမြှောက်ပြီး ယဲ့ချိုးပိုင်ကိုပြောလိုက်၏။
“ငါတို့ လက်ရည်ချင်းယှဉ်ကြမလား”
ယဲ့ချိုးပိုင်က သူ့ကို လျစ်လျူရှုထားလိုက်သည်။
အခြားအချိန်များလိုသာဆိုလျှင် သူ ရေလိုက်ငါးလိုက်နေပေးမည်သာ။
သို့သော် တစ်ဖက်လူက ရိုင်းပျစွာပြောဆိုဆက်ဆံလာသည်။
တို့ပြင် သူ အားပြန်ဖြည့်ချင်သေးသည်။
သူ့အနေနှင့် ဤမတိုင်မီကဖြစ်ပွားခဲ့သောတိုက်ပွဲမျိုးတွင် ဒဏ်ရာမရဖို့ မဖြစ်နိုင်ပေ။ တစ်ဖက်လူသည် အဆင့်သတ်မှတ်ချက်စာရင်းပေါ်တွင် အဆင့် ၇ ရထားသူ ဖြစ်သည်။ ထို့ပြင် သူ့အဆင့်ကလည်း ယဲ့ချိုးပိုင်ထက် များစွာပိုမြင့်မားလှသည်။
သူ ဓားသင်္ချိုင်းထဲသို့ အကောင်းမွန်ဆုံးသောအခြေအနေဖြင့်သာ ဝင်ရောက်ချင်မိသည်သာ။
ယဲ့ချိုးပိုင်က သူ့အား လျစ်လျူရှုထားသည်ကိုမြင်သော် ထိုလူ၏အမူအရာမှာ ခက်ထန်သွားလေသည်။
“ငါတို့လိုဓားသိုင်းကျင့်ကြံသူတွေမှာ တိုက်ခိုက်ရဲတဲ့သတ္တိတောင်မရှိတော့တာလားဟ”
“ဒါဆိုရင် မင်းက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုလုပ်ထိုက်တန်တော့မှာလဲ”
ယဲ့ချိုးပိုင်ကမရပ်တန့်ဘဲ ဂူဗိမာန်ထဲသို့လျှောက်သွားလိုက်၏။
သူ စကားတစ်ခွန်းကိုသာ ပြောလာလေသည်။
“ငါကတော့ ဒီလိုလုပ်ဖို့လိုအပ်တယ်လို့မထင်ဘူး”
ထိုစကားကြောင့် လူအပေါင်းမှာ မှင်တက်သွားရချေသည်။
ထို့နောက်မှာတော့ သူ အမျက်ခြောင်းခြောင်းထွက်လာ၏။
ယဲ့ချိုးပိုင်က သူတို့ကိုအရေးမလုပ်သည်မှာ ရှင်းနေချေသည်။
၎င်းမှာ အမှန်တရားပင်ဖြစ်၏။
မျက်နှာထားခပ်မာမာနှင့်လူက အော်ဟစ်လိုက်၏။
“ဒါဆိုလည်း ငါတို့ မင်း ဓားသင်္ချိုင်းထဲကထွက်လာမဲ့အချိန်ကိုစောင့်တာပေါ့”
ဤသို့ဖြင့် သူ့လူများနှင့်အတူ ထွက်ခွာသွားလေတော့သည်။
ဂူဗိမာန်ထဲသို့ဝင်လိုက်ပြီးနောက် ယဲ့ချိုးပိုင်လည်း တင်ပျဉ်ခွေထိုင်ပြီး ပျက်စီးသွားသောမျှခြေကို ပြန်ပြင်ဆင်ဖို့ အာဒိကပ္ပဓားသိုင်းကျမ်းကို အသက်သွင်းလိုက်လေသည်။
ဒုတိယမြောက်နေ့တွင် ယဲ့ချိုးပိုင်၏ကျင့်ကြံမှုကို ဂူဗိမာန်အပြင်ဘက်ရှိ အသံတစ်သံက နှောင့်ယှက်လာလေသည်။
“အစ်ကိုယဲ့ ဓားသင်္ချိုင်းကိုသွားဖို့ အချိန်ကျပြီ”
ယဲ့ချိုးပိုင်လည်း ဂူဗိမာန်ထဲကထွက်လာလိုက်လေရာ ထိုလူမှာ လျန်ဖန်း ဖြစ်ကြောင်းသိလိုက်ရသည်။
လျန်ဖန်းက ပြော၏။
“ငါ မင်းကို အဲ့ဒီကိုခေါ်သွားပေးမယ်။ ဓားသင်္ချိုင်းထဲကထွက်လာရင် ငါနဲ့ လက်ရည်ယှဉ်ဖို့မမေ့နဲ့နော်”
ယဲ့ချိုးပိုင် လက်ခံလိုက်သည်။
လျန်ဖန်းအပေါ် သူ အမြင်ကောင်းတစ်ခုရှိ၏။
တစ်ဖက်လူမှာ ဓားသိုင်းကျင့်ကြံသူဖြစ်ထိုက်ပေသည်။
ဤသို့ဖြင့် သူတို့နှစ်ယောက်သား ဓားသင်္ချိုင်းဆီသို့ ထွက်လာခဲ့လိုက်သည်။
လျှို့ဝှက်ဓားသွားဂိုဏ်းရှိတပည့်များဟာ ကျောင်းတော်မှပို့လိုက်သောကျောင်းသားက ဓားသင်္ချိုင်းထဲသို့ ဝင်ရောက်ကျင့်ကြံမည့်အကြောင်း ကြားထားကြပေသည်။