ကျောင်းအုပ်ကြီးယန်ကတော့ လျှို့ဝှက်တာအိုကျောင်းတော်သို့ ပြန်သွားပြီဖြစ်၏။
ဥပဒေပြဋ္ဌာန်းရေးခန်းမ၏အကြီးအကဲလည်း ကျောင်းကိုပြန်လာခဲ့ပြီး အခြေအနေကိုတင်ပြရန်အတွက် အလယ်ပိုင်းအထွတ်အထိပ်ရှိ ပင်မခန်းမဆောင်ဆီသို့ ပြန်လာခဲ့လိုက်သည်။
ခေါင်းဆောင်ယန်က အပြုံးလေးဖြင့်ပြောလေသည်။
“တော်တယ်”
“ဒါပေမဲ့ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်ကအဆင့်ခုနစ်သမားကို ဘယ်လိုသတ်လိုက်ကြတာလဲ”
လူတစ်ဦး၏ကျင့်ကြံရေးအဆင့်မြင့်လေလေ ထိုလူကိုသတ်ဖြတ်ရန်ခက်ခဲလေလေဆိုသည်ကို သိထားရပေမည်။
ထိုလူ၏ကျင့်ကြံရေးအဆင့်က မြင့်မားနေပြီး ခွန်အားကလည်း သန်မာလှသည်ဟူသောအချက်ကို ဘေးဖယ်ထားလိုက်လျှင် ကျင့်ကြံရေးအခြေခံမြင့်သောပညာရှင်တိုင်းတွင် အသက်ကယ်နည်းလမ်းတစ်ခုစီရှိကြသည်။
ထိုသူ၏တိုက်ခိုက်ရေးစွမ်းရည်ကို အတိအလင်းမဖိနှိပ်ထားနိုင်သရွေ့ ထိုလူကိုသတ်ပစ်ရန်မှာ လွန်စွာခက်ခဲလှပေသည်။
ဤသည်မှာ ကောင်းကင်ဘုံကိုတက်လှမ်းရသလိုပင် ခက်ခဲသောကိစ္စတစ်ရပ်ဖြစ်သည်။
အကြီးအကဲခမျာ ကြက်သေသေသွားရှာသည်။
“သူ့ကို ငါတို့သတ်တာမဟုတ်ဘူး”
“မင်းတို့မဟုတ်ဘူးလား”
ခေါင်းဆောင်ယန် ထိုအကြောင်းကိုကြားလိုက်ရသောအခါ စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။
“ဘယ်သူသတ်တာလဲ။ လျှို့ဝှက်ဓားသွားဂိုဏ်းက တစ်ယောက်ယောက်များလား”
အကြီးအကဲက ခေါင်းခါယမ်းနေဆဲပင်။
“ယဲ့ချိုးပိုင်ရဲ့ဆရာရောက်ချလာတယ်လို့ ကြားခဲ့တယ်”
“သူက အထိန်းတော်မင်နဲ့သံချပ်ကာယန္တရားတပ်ကိုသတ်ဖို့ နှစ်ချက်ပဲလှုပ်ရှားလိုက်ရတယ်တဲ့”
နှစ်ချက်ပဲလှုပ်ရှားလိုက်ရသတဲ့လား..
ခေါင်းဆောင်ယန်၏မျက်ဝန်းများ ကျဉ်းမြောင်းသွားရချေသည်။
သူ့ကိုသာ ထိုသို့လုပ်ခိုင်းမည်ဆိုပါက သူလည်း လုပ်နိုင်လောက်မည်ဖြစ်၏။
တစ်နည်းဆိုရသော် တစ်ဖက်လူ၏ခွန်အားမှာ သူ့ထက်မနိမ့်ကျပေ။
ထို့ပြင် ပို၍ပင်သန်မာနေနိုင်သည်။
ယဲ့ချိုးပိုင်၏ဆရာက မည်သူများလဲ။
ကြီးကြပ်ရေးမှူးယန်ခမျာ အခြားဘာမှမတွေ့နိုင်တော့သော်လည်း ထပ်စဉ်းစားနေစရာလည်းမလိုတော့ချေ။
ယဲ့ချိုးပိုင်က ယခု သူတို့လျှို့ဝှက်တာအိုကျောင်းတော်၏တပည့်ဖြစ်ပြီး သူတို့နှင့်လည်း ဘာရန်ငြိုးရန်စမှမရှိ။ ဤမျှဆိုလျှင် လုံလောက်လေပြီ။
ထိုအချိန်တွင် လုချန်ရှန်းမှာ မဟူရာနှင့်အတူ စံအိမ်တော်သို့ပြန်ရောက်နေပြီဖြစ်၏။
မိုးမခပင်ကြီးမှာ မဟူရာ၏တည်ရှိမှုကို အာရုံခံမိလိုက်သည်။
ထိုအပင်ကြီးခမျာ ပဟေဠိဖြစ်သွားရသည်။
သူ ဘာလို့မိစ္ဆာတစ်ကောင်ကို ခေါ်လာတာလဲ..
ဒါမှမဟုတ် ဒါက ကောင်းကင်ဘုံမိစ္ဆာကိုယ်ထည်လား…
လုချန်ရှန်းက သစ်သားအိမ်ကလေးကို လက်ညှိုးထိုးပြပြီးပြောလိုက်သည်။
“အခုကစပြီး မင်း အဲ့ဒီမှာနေလို့ရတယ်”
မဟူရာက သူ့ခေါင်းကိုကုတ်လျက်ခေါင်းညိတ်ပြသည်။
“ကောင်းပါပြီ ဆရာ.. အခု ကျွန်တော်ဘာလုပ်ရမလဲ”
“ဘာရယ်”
လုချန်ရှန်းမှာ ဆွံ့အသွားရလေသည်။
“သေချာပေါက်သိုင်းကျင့်ကြံသင့်တာပေါ့။ ငါမင်းကို သိုင်းကျင့်စဉ်တွေသင်မပေးထားဘူးလား။ အဲ့ဒီအတိုင်းကျင့်”
မဟူရာက ခေါင်းတကုတ်ကုတ်ဖြင့်ပြောပြန်၏။
“ဒါပေမဲ့ ဆရာ.. ဆရာ ကျွန်တော့်ကိုပေးထားတဲ့ ခန္ဓာမွမ်းမံရေးကျင့်စဉ်က နည်းနည်းထူးခြားနေသလိုပဲ”
“ထူးခြားတာလား”
“ဘယ်လိုထူးခြားတာလဲ”
မဟူရာ ခဏမျှတွေးလျက် ပြောလိုက်သည်။
“ပထမအဆင့်က အရမ်းပူတဲ့နေရာမှာကျင့်ကြံဖို့လိုတဲ့ပုံပဲ”
ပူပြင်းလွန်းသည့်နေရာတဲ့လား..
လုချန်ရှန်းလည်း တဒင်္ဂမျှတွေးကြည့်လိုက်သည်။ စံအိမ်တော်တွင် ထိုသို့သောအရာမျိုး တစ်ခုမှမရှိပေ။
သို့သော် မဟူရာ၏ခွန်အားကို မြန်မြန်ဆန်ဆန်တိုးမြှင့်ပြီး စနစ်ထံမှဆုလာဘ်ကို ရနိုင်ရန်အလို့ငှာ လုချန်ရှန်းပြောလိုက်သည်။
“ကောင်းပြီ။ ငါသွားမေးကြည့်ပါဦးမယ်”
ဤသို့ဖြင့် သူ စံအိမ်တော်ထဲကထွက်လာပြီး ချင်းထျန်းနျန်ရှိရာဆီသို့ဦးတည်လိုက်သည်။
သူ့အရှေ့နားဆီက အသံတစ်သံထွက်ပေါ်လာချိန်မှာ ချင်းထျန်းနျန်သည် သိုင်းကျင့်ကြံနေဆဲဖြစ်၏။
“ဦးလေးချင်း ကျွန်တော်တို့ကျောင်းမှာ အရမ်းပူတဲ့နေရာမျိုးရှိလား”
ချင်းထျန်းနျန် ချက်ချင်းမျက်လုံးဖွင့်လာပြီး တအံ့တဩပြောလာလေသည်။
“မင်း ဘယ်တုန်းကရောက်လာတာလဲ”
လုချန်ရှန်း ပြန်ပြောလိုက်သည်။
“အခုလေးတင်”
ချင်းထျန်းနျန် : “…”
ဆွံ့အနေသည်ဆိုခြင်းထက် ပို၍အံ့အားသင့်နေမိသည်။
သူ လုချန်ရှန်း၏အရှိန်အဝါကို လုံးဝအာရုံမခံမိပေ။
ထို့ပြင် လုချန်ရှန်း၏အမူအရာအရဆိုလျှင် သူ့အရှိန်အဝါကို တမင်တကာဖုံးကွယ်ထားခြင်းမဟုတ်ပေ။
ဤကောင်စုတ်ကလေး သူ့အရှိန်အဝါကိုဖုံးကွယ်ထားနိုင်သည့်ရတနာတစ်ခုခုများ ရှာတွေ့ခဲ့လေသလား…
ချင်းထျန်းနျန်မှာ ခေါင်းခါယမ်းလျက် ကူကယ်ရာမဲ့စွာပြောလိုက်သည်။
“တအားပူတဲ့နေရာမျိုးလား။ ငါတို့ကျောင်းတော်ကိုအသာထားဦး။ တောင်ပိုင်းဒေသတစ်ခုလုံးမှာတောင် အဲ့လိုနေရာမျိုးမရှိဘူး”
“ဒါပေမဲ့ မင်းက ဘာလို့အပူဆုံးနေရာကိုလိုက်ရှာနေရတာလဲ”
လုချန်ရှန်း သူ့နှုတ်ခမ်းထောင့်စွန်းများကိုပင့်တင်လိုက်ပြီး ပြောလိုက်သည်။
“ရပါတယ်။ ကျွန်တော့်တပည့်က ပူတဲ့နေရာမှာကျင့်ကြံဖို့လိုလို့ပါ”
ဤသို့ဖြင့် သူ ထွက်ခွာသွားလေတော့သည်။
တပည့်တဲ့လား။
ချင်းထျန်းနျန် ကြက်သေသေသွားလေသည်။ ယဲ့ချိုးပိုင်က အလယ်ပိုင်းဒေသကိုရောက်နေပြီး ဟုန်ရင်နှင့်နင်ချန်းရှင်းတို့က ဘယ်မှာမှရှာမရချေ။
ဒီကလေး တပည့်အသစ်လက်ခံထားတာများလား…
လုချန်ရှန်းမှာ အစအနပင်မမြင်ရအောင်ပျောက်သွားလေပြီ။
ဤအခြင်းအရာကိုမြင်သော် သူ ဒေါသမထွက်ဘဲမနေနိုင်ပေ။
လုချန်ရှန်းကမူ စံအိမ်တော်ကိုပြန်လာပြီး သူ့မေးစေ့ကိုပွတ်သပ်နေမိသည်။
ကျောင်းမှာ ထိုသို့သောနေရာမျိုးမရှိသလို တောင်ပိုင်းဒေသမှာလည်း မရှိ။
ဒါဆို ငါ ဘယ်လိုလုပ်ရမလဲ။ ငါ့ဘာသာလုပ်လို့မရဘူးလား။ ဒါပေမဲ့ ငါ ဘယ်လိုလုပ်ရမှာလဲ။
ခဏမျှစဉ်းစားကြည့်ပြီးနောက် လုချန်ရှန်း မိုးမခပင်ကြီး၏ဘေးရှိငှက်လေးကို ကြည့်လိုက်မိသည်။
“ငါသိပြီ”
လုချန်ရှန်း၏အကြည့်ကိုအာရုံခံမိသွားသည့်အလား ငှက်ကလေးက မျက်လုံးဖွင့်ကြည့်လိုက်လေရာ လုချန်ရှန်းက သူ့ဆီသို့လျှောက်လာနေသည်ကိုမြင်လိုက်ရသည်။
သူသည် မဟုတ်မဟတ်လုပ်တော့မည့်ပုံပေါက်နေသဖြင့် ငှက်ကလေးမှာ မတတ်သာဘဲ သတိကြီးကြီးထားနေလေ၏။
လုချန်ရှန်းက သူ့လက်ကိုပွတ်သပ်လျက် အပြုံးလေးဖြင့်ပြောလိုက်သည်။
“ငှက်ကလေး.. မီး ဘယ်လိုမွှေးရလဲဆိုတာသိတယ်မလား။ မီးပင်လယ်ကြီးတစ်ခုလောက်လုပ်ပေးပါ့လား”
ငှက်ငယ်လေး : “…”
လုချန်ရှန်း ဆက်ပြောနေ၏။
“ကြည့်ဦး ငါမင်းကိုဒီလောက်အကြာကြီးပြုစုစောင့်ရှောက်ခဲ့ရတာ။ ဒီတောင်းဆိုမှုသေးသေးလေးကို မင်းလက်မခံနိုင်ဘူးလို့တော့မပြောနဲ့နော်”
ငှက်ကလေး : “…”
ခဏမျှတွေဝေတုံ့ဆိုင်းနေပြီးနောက် လုချန်ရှန်း သူ့အာရုံထဲသို့ဝင်လာသော အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရသည်။
“ငါ့မီးတောက်တွေက အရမ်းဩဇာညောင်းတယ်။ အဲ့ဒီငတုံးလေး ခံနိုင်ရည်မရှိမှာစိုးရတယ်”
ခံနိုင်ရည်မရှိလောက်ဘူးတဲ့လား။
လုချန်ရှန်း ခေါင်းခါယမ်းပြီးပြောလိုက်သည်။
“သူ ခံနိုင်ပါတယ်။ ရတယ်။ သူ့ကိုစမ်းကြည့်ခိုင်းလိုက်”
ငှက်ကလေးခမျာ ဆွံ့အသွားရပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် လုချန်ရှန်းက မဟူရာကိုလှမ်းခေါ်လိုက်၏။
ဗလာကျင်းနေသောနေရာလွတ်တွင် တွင်းကြီးတစ်တွင်းပွင့်လာလေသည်။
သူ မဟူရာကို ထိုတွင်းထဲသို့ခုန်ချခိုင်းလိုက်သည်။
မဟူရာကလည်း ဘာတစ်ခုမှသံသယမဝင်ဘဲ သူပြောသည့်အတိုင်းလုပ်ရှာ၏။
ထိုအခြင်းအရာကိုမြင်သော် ငှက်ငယ်လေးက ထိုတွင်း၏အထက်နားဆီကိုပျံသွားလိုက်သည်။
ရှည်လျားလှသောအော်မြည်သံတစ်ခုကို ထုတ်လွှတ်လိုက်ချေသည်။
ထိုအသံမှာ ငှက်ငယ်လေး၏ခန္ဓာကိုယ်နှင့် အတိအကျပင်တူလေသည်။
ငယ်သံပါအောင်အော်ဟစ်လိုက်ခြင်းပင်။
အော်မြည်သံကြီးတစ်ခုက ကျောင်းတော်တစ်ခုလုံးအနှံ့ပျံ့နှံ့သွားလေသည်။
ထို့နောက် ငှက်ကလေး၏ခန္ဓာကိုယ်ပတ်ပတ်လည်မှာ မီးတောက်များထွက်ပေါ်လာချေသည်။
မီးတောက်များ တောက်လောင်လာပြီးနောက် ပတ်ပတ်လည်ရှိနေရာတစ်ခုလုံး မီးစွဲသွားသည်။
စံအိမ်တော်၏တောင်တန်းတစ်ခုလုံးမှာ နေရာလွတ်များအပြည့်ပင်။
ထိုအချိန်မှာပင် အရှိန်ပြင်းထန်လှသောမီးတောက်များမှာ တွင်းကြီးထဲသို့သက်ဆင်းသွားချေ၏။
ထိုမီးတောက်များက မဟူရာကိုဖုံးလွှမ်းသွားပေတော့သည်။
“အား”
ထိုတစ်ခဏမှာပင် မဟူရာသည် နာကျင်မှုကြောင့်အော်ဟစ်ငိုကြွေးရှာ၏။
လုချန်ရှန်းမှာ အနည်းငယ်စိတ်လှုပ်ရှားနေပြီး မဟူရာ၏အခြေအနေကို အနီးကပ်ကြည့်ရှုနေသည်။
တစ်စုံတစ်ခုမှားယွင်းခဲ့ပါက သူ မဟူရာ့ကိုကယ်ရမည်။
“မဟူရာ.. မင်းရဲ့သိုင်းကျင့်စဉ်ကို မင်းခန္ဓာကိုယ်မွမ်းမံဖို့အတွက် လှည့်ပတ်ပစ်လိုက်”
မီးတွင်းကြီးထဲရှိမဟူရာက အံတင်းတင်းကြိတ်လျက် ခေါင်းညိတ်ပြသည်။
ထို့နောက် သူ အသံထပ်မထွက်တော့ပေ။
ခဏအကြာတွင် ငှက်ကလေးမှာ အံတင်းတင်းကြိတ်ထားပြီး တောင့်ခံနေဆဲဖြစ်သောမဟူရာ့ကို ကြည့်လိုက်သည်။
ထို့ပြင် သူ့ခန္ဓာကိုယ်က ဤမီးတောက်များကိုခံနိုင်ရည်ရှိသွားပုံပေါ်သည်။
ငှက်ကလေးမှာ မအံ့ဩဘဲမနေနိုင်ချေ။
သူ၏နိဗ္ဗာန်မီးတောက်က စွမ်းအားအမြောက်အများကိုဖိနှိပ်ထားသော်ငြား သာမန်လူများခံနိုင်သောအရာမျိုးမဟုတ်ချေ။
ထိုအတွေးကြောင့် ငှက်ကလေးက သူ့အတောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်သည်။
မီးတောက်စွမ်းအား အနည်းငယ်တိုးမြင့်လာပေသည်။
မီးပင်လယ်ကြီးထဲ၌ မဟူရာ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားချေသည်။
သူ အံတင်းတင်းကြိတ်ထားလိုက်၏။
ထိုအခြင်းအရာကိုမြင်သော် ငှက်ငယ်လေးမှာ တစ်ကိုယ်တည်းမတွေးဘဲမနေနိုင်ပေ။
ဤငတုံးလေး၏ဇွဲလုံ့လက မဆိုးလှပေ။
ဤသို့ဖြင့် သူ့ပတ်ပတ်လည်ရှိမီးတောက်များ ပျောက်ကွယ်သွားလေသည်။
သို့သော် တွင်းကြီးထဲရှိမီးတောက်များကမူ ဟုန်းဟုန်းတောက်လောင်မြိုက်နေဆဲပင်။
ခဏကြာသည်အထိ မဟူရာက တောင့်ခံထားဆဲပင်။ မီးတောက်ပုံစံများဟာ သူ့ခန္ဓာကိုယ်အနှံ့ စတင်ပျံ့နှံ့လာပြီး ရဲရဲနီသွားစေသည်။
သူ့အရှိန်အဝါများကလည်း မရပ်မနားမြင့်တက်လာချေသည်။
ထိုအဖြစ်ကိုမြင်သော် လုချန်ရှန်းမှာ စိတ်သက်သာရာရသွားသည်။
ဤသို့ဆိုလျှင် ဘာပြဿနာမှမရှိနိုင်ချေ။ ထိုသို့တွေးပြီး ဝါးကုလားထိုင်ပေါ်တွင် သူလဲလျောင်းနေလိုက်သည်။
ငှက်ငယ်လေးခမျာတော့ ထိတ်လန့်သွားရှာလေ၏၊
ဒီမကောင်းဆိုးဝါးက ဘယ်ကရောက်လာတာလဲ…
ယဲ့ချိုးပိုင်မှာ ဓားသိုင်းကျင့်ကြံဖို့မွေးဖွားလာခဲ့သူဖြစ်ပြီး နောက်တစ်ယောက်ကလည်း ရှေးဟောင်းဧကရီတစ်ဦးဖြစ်သူဟုန်ရင်ပင်။ နင်ချန်းရှင်းကလည်း သိုင်းသောအဆင့်မရှိသော်ငြား ကွန်ဖြူးရှပ်တာအိုကို နက်နက်ရှိုင်းရှိုင်းသိနားလည်သူဖြစ်၏။
ယခု ဤမဟူရာဆိုသူကလည်း တုနှိုင်းမဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပေသည်။ ဤအခေါင်အဖျားနယ်မြေဝေးမှာ ဘယ်လိုလုပ်ပါရမီရှင်အမြောက်အများရှိနေရဝေသလဲ။
ငှက်ကလေးမှာ ကြက်သေသေနေချေ၏။
တစ်ဖက်တွင်မူ ယဲ့ချိုးပိုင်ဟာ လျှို့ဝှက်ဓားသွားဂိုဏ်းဆီသို့ ရောက်ရှိသွားလေပြီ။