Switch Mode

အခန်း (၉၃)

နေမဝင်အင်ပါယာ၏ကျောထောက်နောက်ခံ

လျှို့ဝှက်တာအိုကျောင်းတော်ဘက်က အကူအညီတောင်းခံရေးအချက်ပြကို လက်ခံရရှိလိုက်ချိန်မှာ ချက်ချင်းလူစုလိုက်သည်။

ဥပ‌ဒေပြဋ္ဌာန်းရေးခန်းမ၏အကြီးအကဲက ယဲ့ချိုးပိုင်ကိုကူညီရန် အသင်းကိုဦးဆောင်လာခဲ့သည်။

ခေါင်းဆောင်လည်း ထိုအကြောင်းကိုသိလေသည်။

ထိုအချိန်မှာ သူက ဘာတစ်ခွန်းမှမပြောဘဲ နေမဝင်အင်ပါယာဆီသို့ တိုက်ရိုက်ထွက်ခွာလာခဲ့သည်။

ထိုအခိုက် နေမဝင်အင်ပါယာ၌..

မျက်စိရှေ့ရှိလူကိုကြည့်နေရင်း ဟွမ်းထျန်းမင်၏အမူအရာမှာ တည်ငြိမ်နေသည်။

“ခေါင်းဆောင်ယန် ဒီကိုဘာလို့ရောက်လာရတာပါလိမ့်”

ခေါင်းဆောင်ယန်၏မျက်နှာထက်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်တည်ရှိနေလေသည်။

“ခင်ဗျားရဲ့သားက ကျုပ်တို့အလယ်ပိုင်းဒေသထဲကို လူတွေခေါ်လာပြီး ကျောင်းတော်ကတပည့်တစ်ယောက်ကို သတ်ဖို့ကြိုးစားခဲ့တယ်။ အဲ့ဒါကြောင့် ကျုပ် ဒီကိုရောက်လာတာ”

ထိုအကြောင်းကိုကြားသော် ဟွမ်းယီထုံ၏အမူအရာမှာ အေးစက်သွားလေသည်။

တကယ်တမ်းတွင် ဟွမ်းထျန်းမင် အလယ်ပိုင်းဒေသကို သူ့လူများအားလုံးခေါ်သွားသည့်အကြောင်း သူသိထားသည်။

ဟွမ်းယီထုံ သူတို့ကိုမတားခဲ့ချေ။

အကယ်၍ သူသာတားခဲ့ပါက အထိန်းတော်မင်နှင့် သံချပ်ကာယန္တရားတပ်ကို ထိန်းသိမ်းထားလိုက်နိုင်လေမလား။ ထို့ပြင် အကြည်ညိုခံအကြီးအကဲများရော..

ဤသည်မှာ ဟွမ်းထျန်းမင်၏နောက်ဆုံးအခွင့်အရေးပင်။

“လူငယ်တွေကြားကရန်ငြိုးကို သူတို့ဘာသာပဲ‌ဖြေရှင်းပါစေ”

ဟွမ်းယီထုံ ခပ်ဖွဖွပြုံးလျက် ပြောလိုက်သည်။

“ကြီးကြပ်ရေးမှူးယန် ကျုပ်တို့နှစ်ယောက်က စောင့်ကြည့်နေကြရုံပဲတတ်နိုင်တာလေ”

“သူတို့ဘာသာဖြေရှင်းပါစေ ဟုတ်လား”

ခေါင်းဆောင်ယန်က ခပ်ဖွဖွပြုံးလိုက်လေသည်။ သို့သော သူ့မျက်ဝန်းထဲမှာတော့ အေးစက်မှုများသာနေရာယူထားလေသည်။

“အဆင့်သတ်မှတ်ချက်စာရင်းထဲကလူငါးယောက်ပါသွားတယ်။ တစ်ယောက်ကဆိုရင် အဆင့်ခုနစ်တောင်ရှိတယ်”

“သံချပ်ကာယန္တရားတပ်ကိုလည်း စေလွှတ်ထားလိုက်သေးတယ်”

“ဒါက ခင်ဗျားဘာသာဖြေရှင်းလိုက်မယ်လို့ပြောနေတာလား”

ထိုစကားကိုကြားသော် ဟွမ်းယီထုံမှာ ထိုအကြောင်းများကိုမသိခဲ့သလိုဖြင့် အံ့အားသင့်ချင်ယောင်ဆောင်နေလေသည်။

“အိုး အဲ့လိုလား။ အဲ့ဒီအကြောင်း ထျန်းမင်က ကျုပ်ကိုမပြောသွားဘူး”

ခေါင်းဆောင်ယန် ခေါင်းခါယမ်းလိုက်မိသည်။ ဟွမ်းယီထုံ ရူးချင်ယောင်ဆောင်နေမှန်း သူသိသည်။

“ထားလိုက်ပါတော့။ ယဲ့ချိုးပိုင်သာ တစ်ခုခုဖြစ်ခဲ့ရင်..”

ထိုနေရာအရောက်မှာ ခေါင်းဆောင်ယန်၏အပြုံးမှာ လုံးဝပျောက်ကွယ်သွားလေသည်။

သူ့အမူအရာကလည်း အေးစက်ခက်ထန်သွားချေသည်။

အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။

ခန်းမထဲရှိစားပွဲများနှင့်ထိုင်ခုံများအပြင် နဂါးပလ္လင်ပါ စိစိညက်ညက်ကြေသွားရ၏။

“ယဲ့ချိုးပိုင်သာသေသွားခဲ့ရင် နေမဝင်အင်ပါယာလည်း ဆက်ရှိနေစရာမလိုတော့ဘူး”

ဟွမ်းယီထုံ၏အမူအရာမှာ ပြောင်းလဲမသွားချေ။

ခေါင်းဆောင်ယန်၏ခွန်အားက သူ့ထက်ပင်ပိုသန်မာလေသည်။

သူသည် အဆင့်သတ်မှတ်ချက်စာရင်းပေါ်တွင် တတိယနေရာရထားသူပင်။

သူ့အဆင့်က ခေါင်းဆောင်ယန်နှင့်သိပ်မကွာလှသော်ငြား အဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိ ထိပ်ဆုံးသုံးယောက်၏ခွန်အားမှာ အရည်အချင်းပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုကို တွေ့ကြုံခဲ့ပြီးပြီဖြစ်၏။

အကြောင်းမှာ ခေါင်းဆောင်ယန်၏ခွန်အားသည် ချန်းယွမ်အဆင့်ကိုကျော်ဖြတ်၍ အာကာသနတ်ဘုရားအဆင့်အထိ ရောက်ရှိထားသောကြောင့်ပင်။

အာကာသနတ်ဘုရားအဆင့်၌ သူ့စိတ်ဝိညာဉ်သည် ဂမ္ဘီရစိတ်ဝိညာဉ်အဆင့်ကိုတက်လှမ်းခြင်းဟုခေါ်သော အရည်အချင်းပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုကို တွေ့ကြုံရပေလိမ့်မည်။

သို့သော် ဤသည်မှာ ထိုအဆင့်၏ခြေလှမ်းတစ်ဝက်စာမျှသာရှိသေးသည်။

ဟွမ်းယီထုံကလည်း အပြုံးလေးဖြင့်ပြောလေသည်။

“ခေါင်းဆောင်ယန်..နေမဝင်အင်ပါယာကို ခင်ဗျားချေမှုန်းနိုင်မယ်ဆိုတာ အဲ့လောက်သေချာနေတာလား”

“အိုး”

ခေါင်းဆောင်ယန်ကလည်း အပြုံးလေးဖြင့်ပြန်ပြောသည်။

“ဘာလို့စမ်းမကြည့်တာလဲ”

လေထုမှာ ရုတ်ခြည်းတင်းမာလာလေ၏။

လေပြည်တို့ကလည်းအေးခဲလာပြီး စီးဆင်းမှုရပ်တန့်သွားသည့်အလားပင်။

သို့သော် ထိုသို့ဆိုလျှင်ပင် ခေါင်းဆောင်ယန်၏နှလုံးသားမှာ တုန်လှုပ်နေမိသည်သာ။

ဟွမ်းယီထုံဟာ စိတ်လိုက်မာန်ပါပြုမူတတ်သူတစ်ယောက်မဟုတ်ချေ။

ဆန့်ကျင်ဘက်ပင် သူသည် အလွန်အမင်းရည်မှန်းချက်ကြီးလှသောဘုရင်တစ်ပါးဖြစ်၏။

ရည်မှန်းချက်ကြီးသူတစ်ယောက်အ‌နေနှင့် အကြောက်အလန့်ကင်းမဲ့ပြီး ရဲရင့်ရုံမျှသာဆိုပါက အသုံးမဝင်ပေ။

သို့သော် ဟွမ်းယီထုံကတော့ ကွဲပြားသည်။

ဆန့်ကျင်ဘက်အားဖြင့် သူသည် အလွန်အမင်းလိမ္မာပါးနပ်သောပုဂ္ဂိုလ်ဖြစ်၏။

သဘာဝကျကျပင် သူ့စကားများက အခြေအမြစ်မရှိတာမျိုးလည်းမဟုတ်။

သူ့အနေနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားနေပေသည်။

သို့သော် လျှို့ဝှက်တာအိုကျောင်းတော်နှင့်ယှဉ်ပြိုင်နိုင်ဖို့အတွက် ဟွမ်းယီထုံ အားကိုးအားထားပြုနေသောအရာက ဘာများဖြစ်လေမလဲ။

ခေါင်းဆောင်ယန်က ပြောလိုက်သည်။

“ကြည့်ရတာ ခင်ဗျားတို့နေမဝင်အင်ပါယာက မြှုပ်ကွက်တွေသိပ်များပုံပဲ”

ဟွမ်းယီထုံ ပြုံးလိုက်မိသည်။

“မြှုပ်ကွက်တဲ့လား။ မဟုတ်ရပါဘူးဗျာ”

မြေခွေးအိုကြီး..

ခေါင်း‌ဆောင်ယန်က နှာမှုတ်သရော်လိုက်သည်။

သူ တခြားဘာမှဆက်မပြောတော့ချေ။

ထိုအခြင်းအရာကိုမြင်သော် ဟွမ်းယီထုံကလည်း အပြုံးတစ်ပွင့်ဆင်မြန်းလျက် ခပ်ဆိတ်ဆိတ်နေနေချေသည်။

သူတို့အားလုံး ရလဒ်ကိုစောင့်ဆိုင်းနေကြသည်။

ထိုအချိန်မှာ ဟွမ်းယီထုံက ယုံကြည်မှုရှိရှိပြုံးလိုက်သည်။

ဤလူတစ်စုသာ ယဲ့ချိုးပိုင်ကိုမသတ်နိုင်ခဲ့ပါက တစ်ဖက်လူမှာ ကံကောင်းလွန်းလှသည်ဟုဆိုနိုင်ပေသည်။

ခဏအကြာ နေဝင်တော့မည့်ဆဲဆဲ၌ နေဝင်ဆည်းဆာအလင်းရောင်က နေမဝင်အင်ပါယာ၏အင်ပါယာမြို့တော်ပေါ်သို့ ဖြာကျလာလေသည်။

အလင်းရောင်ဟာ အားလျော့ကျဆင်းသွားတော့မည့်အလား နန်းတော်တစ်ခုလုံးကိုလွှမ်းခြုံထားသည်။

ထိုအခိုက်တွင် စစ်သားတစ်ယောက် ကပျာကယာပြေးဝင်လာလေသည်။

“တင်ပြအပ်ပါတယ်”

ဟွမ်းယီထုံ လှည့်ကြည့်လိုက်လေရာ ထိုစစ်သား၏စိုးရိမ်ကြောင့်ကြနေသောအမူအရာကို မြင်လိုက်ရသည်။ သူ့မျက်ဝန်းအစုံ မှောင်မိုက်သွားရလေသည်။

ထိုစစ်သား‌ခမျာ ခေါင်းမမော့ဝံ့ပေ။ လက်ခုပ်နှစ်ဖက်ကိုယှက်လျက် ခေါင်းအထက်သို့မြှောက်လိုက်သည်။ သူ့ခမျာ ဟောဟဲဆိုက်နေသည့်ကြားက ကြောက်ရွံ့ထိတ်လန့်စွာလျှောက်တင်လာ‌ပေသည်။

“အိမ်ရှေ့စံမင်းသားဦးဆောင်သွားတဲ့ သံချပ်ကာယန္တရားတပ်က..”

ဟွမ်းယီထုံ မျက်မှောင်ကြုတ်လိုက်မိပြီး မကောင်းသောနိမိတ်အာရုံတစ်မျိုးကို ခံစားလိုက်ရသည်။

ကြီးကြပ်ရေးမှူးယန်ကတော့ တစ်ချက်မျှပင်မော့မကြည့်ဘဲ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။

သူ့ပုံစံကြည့်ရသည်မှာ အလျင်မလိုဟန်ပင်။

“ငါ့ကို‌လျှောက်တင်စမ်း။ ဘာဖြစ်သွားပြီလဲ”

ဟွမ်းယီထုံ၏‌အမေးစကားကို ကြားသောအခါ စစ်သားခမျာ မတုံ့ဆိုင်းရဲတော့ဘဲ သူ့ခေါင်းကိုပိုငုံ့ထားလိုက်သည်။

“သံချပ်ကာယန္တရားတပ်သားတွေအကုန်လုံး သေကုန်ပါပြီ”

အကုန်လုံး သေကုန်ပြီတဲ့လား….

ထိုသတင်းကိုကြားလိုက်ရပြီးနောက် ဟွမ်းယီထုံ၏မျက်လုံးများမှာ အေးစက်ပြီး ဒေါသမာန်ဟုန်များတောက်လောင်လာချေသည်။

သံချပ်ကာယန္တရားတပ်ကြီးသည် နေမဝင်အင်ပါယာ၏ဝှက်ဖဲပင် ဖြစ်၏။

သူတို့ဟာ စစ်ပွဲပေါင်းများစွာကိုဆင်နွှဲခဲ့ကြပြီး အင်ပါယာအတွက် အထောက်အကူများစွာပေးခဲ့သည်။

သို့သော် ယခုတော့ သူတို့အားလုံးရှင်းထုတ်ခံလိုက်ရသတဲ့လား။

“အထိန်းတော်မင်နဲ့တခြားအကြီးအကဲတွေရော”

ထိုစစ်သားက ဟွမ်းထျန်းမင်၏ဒေါသကို ခံစားမိလိုက်သဖြင့် စိတ်ထဲတွင် တိတ်တိတ်လေးဘုရားတနေမိသည်။ အဆုံးမဲ့ဖိအားများအောက်တွင် သူ၏ခန္ဓာကိုယ်လည်း တုန်ရီလာလေတော့သည်။

“အကြီးအကဲငါးယောက်က အကုန်ထွက်ပြေးသွားပါတယ်”

“အထိန်းတော်မင်ကတော့… သူ ဆုံးသွားပါပြီ”

ထိုစကားကိုကြားလိုက်ရသောအခါ ဟွမ်းယီထုံတုန်လှုပ်သွားရ‌လေသည်။

အထိန်းတော်မင်သည် နေမဝင်အင်ပါယာထဲရှိ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်များထဲကတစ်ယောက်ဖြစ်သည်။

အစွမ်းထက်ခြင်း…

သံချပ်ကာယန္တရားတပ်၏ကျဆုံးမှုက နေမဝင်အင်ပါယာအတွက် ကြီးမားသောဆုံးရှုံးနစ်နာမှုတစ်ခုဖြစ်သည်ဆိုပါက အထိန်းတော်မင်၏သေဆုံးမှုမှာ ဧရာမဆုံးရှုံးမှုတစ်ခုပင် ဖြစ်ချေသည်။

အကြီးအကဲများထွက်ပြေးသွားကြသည့်အဖြစ်ဟာ လက်ရှိနေမဝင်အင်ပါယာအတွက် ကိစ္စများကို ပိုမိုဆိုးဝါးသွားစေခဲ့သည်။

ထိုစကားကိုကြားလိုက်ရမှသာ ခေါင်းဆောင်ယန်ခမျာ ပြုံးပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

သူ လက်ဖက်ရည်ခွက်ကိုပြန်ချထားလိုက်ပြီး တောက်ပနေသောအပြုံးတစ်ပွင့်ကိုဆင်မြန်းလျက် မတ်တတ်ထရပ်လိုက်သည်။

“ကောင်းပြီ။ အခြေအနေတွေက ဒီလိုဖြစ်ကုန်ပြီဆိုမှတော့ မင်းတို့ တိုင်းပြည်ရေးရာကိစ္စတွေကိုင်တွယ်စရာရှိတာကို မနှောင့်ယှက်တော့ပါဘူး”

“ဒါပေမဲ့ နိုင်ငံ့အရှင်.. သိပ်လည်းဒေါသထွက်မနေပါနဲ့။ ငါတို့လက်ရှိအဆင့်နဲ့ဆိုရင် စိတ်အခြေအနေမကောင်းစရာအကြောင်းမရှိဘူးလေနော့”

ထိုသို့ပြောပြီးနောက် သူဟာ တဟားဟားအော်ရယ်လျက် နေရာမှပျောက်ကွယ်သွားလေတော့သည်။

ဟွမ်းယီထုံ၏အမူအရာမှာ အကျည်းတန်သွားရသည်။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီးမှသာ ပုံမှန်ပြန်ဖြစ်သွားသည်။

သူရောက်နေသောအဆင့်တွင် ချီစွမ်းအင်အားဖြည့်ရေးအစွမ်းက မဆိုးလှချေ။

တိုင်းပြည်တစ်ခု၏အုပ်ချုပ်သူဖြစ်နေသည့်အတွက်ကြောင့်လည်း ပါသည်။

ဟွမ်းယီထုံ တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်။

“အိမ်ရှေ့စံကရော”

စစ်သားလေးက ခေါင်းခါယမ်းပြသည်။

“အိမ်ရှေ့စံမင်းသားက သေတော့မသေပါဘူး။ ဒါပေမဲ့ သူ ဘယ်ရောက်နေလဲဆိုတာတော့ မသိရပါဘူး”

“ကောင်းပြီ”

ဟွမ်းယီထုံ ခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

“ရပြီ။ မင်းတို့သွားတော့”

“မှန်လှပါ”

စစ်သားများက မတ်တတ်ထရပ်ကာ ဦးညွှတ်လိုက်သည်။ ထို့နောက် လက်ကို ခေါင်းပေါ်သို့မြှောက်လိုက်ပြီး နောက်ကြောင်းပြန်လှည့်သွားသည်။

ထွက်လာခဲ့ပြီးမှသာ သူ့ခမျာ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ သူ့အတွင်းသံချပ်ကာများဆိုလျှင် ချွေးများစိုရွှဲနေလေပြီ။

ခန်းမထဲတွင်မူ ဟွမ်းယီထုံတစ်ယောက် နေဝင်ချိန်ကိုကြည့်ရှုနေပေသည်။

သူ့နှလုံးသားတစ်ခုလုံး လေးလံနေသည်။

ထိုလူတစ်စုကပင် ယဲ့ချိုးပိုင်ကိုမသတ်နိုင်ခဲ့ပေ။

ထိုမျှမကဘဲ ကြီးမားသောဆုံးရှုံးမှုများပင်ဖြစ်ခဲ့သေးသည်။

ထိုကောင်လေးမှာ စင်စစ်ကံကောင်းလှပေသည်။

သို့သော် နောက်ပြန်ဆုတ်စရာမြေမရှိတော့ပေ။

သူ့အနေနှင့် ယဲ့ချိုးပိုင်ကို လုံးဝဆန့်ကျင်ခဲ့ပြီးပြီဖြစ်၍ သူ့အား သတ်မှဖြစ်ပေတော့မည်။

ထို့နောက်မှာမူ အထိန်းတော်တစ်ယောက်ရောက်လာပြီး တည်ငြိမ်စွာစကားဆိုလိုက်၏။

“အပြစ်ပေးတဲ့အနေနဲ့ မနက်ဖြန်ကျရင် ဟွမ်းထျန်းမင်းရဲ့အိမ်ရှေ့စံရာထူးကို ပြန်အပ်နှင်းကြောင်းကြေညာလိုက်”

“ပြီးတော့ ယဲ့ချိုးပိုင်ကိုသတ်နိုင်တဲ့လူကို ဆုချီးမြှင့်မယ်လို့ကြေညာလိုက်။ သူ့ကိုသတ်နိုင်ခဲ့တဲ့လူက နိုင်ငံ့ဘဏ္ဍာတိုက်ဆီသွားပြီး ရတနာသုံးမျိုးယူနိုင်တယ်”

ထိုစကားအဆုံးတွင် အထိန်းတော်၏နှလုံးသားမှာ တုန်လှုပ်သွား‌ချေ၏။

ဟွမ်းထျန်းမင်၏အရေးကိစ္စများကိုဘေးဖယ်ထားလိုက်မည်ဆိုလျှင်ပင် နိုင်ငံ့ဘဏ္ဍာတိုက်မှ ရတနာသုံးမျိုးကို‌ပေးရမည်မှာ ကြီးမားလှသောဆုံးရှုံးမှုတစ်ရပ်ပင်။

“မင်းက ဘာကိုစောင့်နေသေးတာလဲ”

ဟွမ်းယီထုံ ထိုအထိန်းတော်ကို စိုက်ကြည့်ပစ်လိုက်သည်။

အထိန်းတော်ခမျာ တုန်လှုပ်နေသောအသံဖြင့် ချက်ချင်းဖြေကြားလာရှာသည်။

“မှန်လှပါ”

Comment

Leave a Reply

Options

not work with dark mode
Reset