လုချန်ရှန်း မဟူရာကို တပည့်အဖြစ်လက်ခံလိုက်ပြီးနောက်…
သူ့ကို စံအိမ်တော်ဆီသို့ခေါ်သွားရန်ပြင်နေဆဲမှာပင် အဖြူရောင်တောင်တန်းနယ်မြေ၏အထက်နားတွင် အရှိန်အဝါတစ်ခုပေါက်ကွဲထွက်လာသည်ကို သူခံစားလိုက်ရသည်။
ထိုအရှိန်အဝါတွင် အဆုံးမဲ့သတ်ဖြတ်ရေးဆန္ဒများနှင့် ပြည့်နှက်နေချေသည်။
ဓားဆန္ဒ…
ဘယ်ကျင့်ကြံသူတွေကများ တိုက်ခိုက်နေပြန်ပြီလဲ။
လုချန်ရှန်းမှာ တွေးပင်တွေးမနေတော့ဘဲ ထွက်ခွာရန်ပြင်လိုက်သည်။ သူ ဝင်ရောက်နှောင့်ယှက်ရန်စိတ်ကူးမရှိပေ။
သို့သော် စစ်မြေပြင်နားက သူဖြတ်သွားသည့်အချိန်မှာ ရင်းနှီးနေသောအရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။
သူ မသိလိုက်မသိဘာသာဖြင့် လှမ်းကြည့်လိုက်၏။
ဘုရားရေ…
အဲ့ဒါ ဟိုကောင်စုတ်လေးယဲ့ချိုးပိုင်မလား..
မဟူရာက မေးခွန်းထုတ်လာလေသည်။
“ဆရာ ဘာဖြစ်တာလဲ”
“ဘာလို့ မျက်နှာကိုလက်နဲ့အုပ်ထားတာလဲ”
လုချန်ရှန်းက ကူကယ်ရာမဲ့စွာပြောလိုက်၏။
“မင်းရဲ့အကြီးဆုံးစီနီယာအစ်ကိုက ပြဿနာရှာပြန်ပြီ”
ထို့ကြောင့် လုချန်ရှန်းလည်း ခဏမျှလေ့လာစူးစမ်းလိုက်သည်။
“ဒီမှာ ခဏစောင့်နေ။ ငါ သွားဖြေရှင်းလိုက်ဦးမယ်”
ဤသို့ဖြင့် သူသည် နေရာမှပျောက်ကွယ်သွားပြီး စစ်မြေပြင်အလယ်ကို အပြေးသွားလိုက်လေသည်။
ထို့ကြောင့် ဤမြင်ကွင်းမျိုး ပေါ်ပေါက်လာရခြင်းပင်။
ယဲ့ချိုးပိုင်ခမျာ တအံ့တဩစကားစလာလေ၏။
“ဆရာ ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ”
ဆရာတဲ့လား…
လျန်ဖန်းနှင့် အတွင်းစည်းအကြီးအကဲတို့မှာ မှင်တက်သွားလေသည်။
ဤပုဂ္ဂိုလ်က ယဲ့ချိုးပိုင်၏ဆရာလေလား။
တစ်ဖက်တွင်မူ ဟွမ်းထျန်းမင်နှင့်ကျန်လူများ၏အမူအရာမှာ မှုန်မှိုင်းသွားရှာလေသည်။
အထိန်းတော်မင်မှာ ပို၍ပင်ထိတ်လန့်သွားပေသည်။
တစ်ဖက်လူသည် သူ၏အင်အားအကောင်းဆုံးတိုက်ခိုက်မှုကို လက်ချောင်းတစ်ချက်လှုပ်ရုံမျှဖြင့် ဖယ်ရှားလိုက်သတဲ့လား။
ဤသည်မှာ မည်သို့သောခွန်အားမျိုးလေလဲ။
လုချန်ရှန်းက အခြားလူများကိုလျစ်လျူရှုထားသည်။ သူက ယဲ့ချိုးပိုင်ကိုကြည့်ပြီး မည်းမှောင်နေသောအမူအရာဖြင့်ပြောလိုက်သည်။
“ငါ ဒီကိုတပည့်လက်ခံဖို့ရောက်လာတာ”
“တပည့်လက်ခံဖို့လား”
ယဲ့ချိုးပိုင် ပြောလိုက်၏။
“ကျွန်တော် ဂျူနီယာညီလေးညီမလေးတွေထပ်ရပြီပေါ့”
လုချန်ရှန်းခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက အထိန်းတော်မင်နှင့်အခြားလူများကိုကြည့်ပြီး သာမန်ကာလျှံကာမေးလိုက်သည်။
“သူတို့က နေမဝင်အင်ပါယာကပဲလား”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်း၏အမူအရာမှာ သုန်မှုန်သွားချေသည်။
တစ်ဖက်လူသည် သူ့တပည့်၏အသက်ကိုသတ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့၏။ သူ ဒေါသမထွက်ဟုဆိုလျှင် လိမ်ရာကျပေလိမ့်မည်။
တစ်ဖက်လူသူ့အိမ်တံခါးဝအထိရောက်လာခဲ့စဉ်က လုချန်ရှန်းတိုက်ခိုက်ရန်ဟန်ပြင်ခဲ့သေးသည်။
သို့သော် ယဲ့ချိုးပိုင်က ထိုကိစ္စကို သူ့ဘာသာကိုင်တွယ်မည်ဟုဆိုလာသည်။
သူက နေမဝင်အင်ပါယာကို သူ့ခြေနင်းကျောက်တုံးတစ်ခုနှယ် သဘောထားခဲ့သည်။
သူ့လက်နှင့် ကိုယ်တိုင်ကိုယ်ကျဖျက်ဆီးမှသာ သူ့ရင်ထဲကကြိုးထုံးကို ဖြည်ချနိုင်မည်ဖြစ်၏။
ထို့ကြောင့် လုချန်ရှန်း ဘာမှမလုပ်ခဲ့ပေ။ ထိုအစား အရိပ်လုပ်ကြံရေးမဏ္ဍပ်ဆီကိုသာ အပြေးသွားပြီး ဖျက်ဆီးပစ်ခဲ့၏။
သို့သော် ယခုမူ တစ်ဖက်လူက ဒုတိယတစ်ကျော့စလာပြန်သည်။
လုချန်ရှန်း နှာမှုတ်လျက် နေရာမှပျောက်ကွယ်သွားလေသည်။
ထို့နောက် လုချန်ရှန်း၏ခန္ဓာကိုယ်က လေထုထဲ၌ အသံလှိုင်းများ စတင်ထုတ်လွှတ်လေတော့သည်။
လုချန်ရှန်းဖြတ်သွားသမျှနေရာတိုင်းတွင် လေထုတစ်ခွင်ဟာ ထိုဒဏ်ကိုမခံနိုင်ဘဲ တရစပ်ပေါက်ကွဲသွားသည်။
လျှပ်တပြက်အတွင်းတွင် သူ အထိန်းတော်မင်၏အရှေ့သို့ ရောက်သွားလေသည်။
အထိန်းတော်မင်မှာ မျက်နှာပျက်သွားချေ၏။ သို့သော် သူ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင်…
လုချန်ရှန်းက အထိန်းတော်မင်၏နဖူးကို လက်ညှိုးညွှန်လိုက်သည်။
“ယဲ့ချိုးပိုင်က အပြင်မှာ ခဏခဏပြဿနာရှာတတ်တယ်ဆိုရင်တောင် ငါ့တပည့်က မင်းတို့အနိုင်ကျင့်ရမဲ့လူမဟုတ်ဘူး”
သူ့စကားသံသည် အထိန်းတော်မင်၏နားထဲသို့ ဝင်ရောက်သွားသည်။
၎င်းမှာ မရဏမင်း၏အသံအလားပင်။
အကယ်၍ မရဏမင်းက ညသန်းခေါင်မှာသေဖို့ပြောလာလျှင် မည်သူကအာခံဝံ့မည်လဲ။
ထိုသို့ပြောပြီးနောက် လုချန်ရှန်းသည် အထိန်းတော်မင်၏ကြောက်လန့်တကြားအကြည့်များအောက်မှာပင် သူ့လက်ချောင်းများကို ဆတ်ခနဲလှုပ်ရှားလိုက်သည်။
လျှပ်တပြက်အတွင်းမှာတင် အထိန်းတော်မင်၏ခန္ဓာကိုယ် ပေါက်ကွဲသွားလေသည်။
၎င်းမှာ လေထုထဲတွင် သွေးမြူခိုးများအဖြစ်ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသော ဟွမ်းထျန်းမင်နှင့်အခြားလူများလည်း ထိတ်လန့်ကြောက်ရွံ့သွားကြသည်။
ယဲ့ချိုးပိုင်၏ဆရာက ဤမျှအစွမ်းထက်နေလိမ့်မည်ဟု သူတို့ထင်မထားချေ။
အထိန်းတော်မင်ဆိုသည်မှာ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် နံပါတ်ခုနစ်နေရာရထားသူဖြစ်၏။
သူဟာ ချန်းယွမ်အထွတ်အထိပ်အဆင့်ကိုပင် တက်လှမ်းထားသူဖြစ်သည်။
သို့သော် ရှေ့မှောက်ရှိလူကတော့ သူ့ကို လက်ချောင်းလေးတစ်ချက်လှုပ်ရုံမျှဖြင့် သတ်ပစ်လိုက်လေသည်။
သို့ဖြစ်လေရာ သူ ဘယ်အဆင့်ကိုရောက်နေတာများ ဖြစ်လေမလဲ။
ထိုအခိုက်တွင် လျန်ဖန်းက ယဲ့ချိုးပိုင်၏ဘေးကိုရောက်ချလာပြီး တအံ့တဩမေးခွန်းထုတ်လေတော့သည်။
“မင်းဆရာက သိပ်အင်အားကြီးတာပဲလား”
ယဲ့ချိုးပိုင်ကလည်း ပြုံးလျက်ခေါင်းညိတ်ပြသည်။
သူ့စိတ်ထဲမှာတော့ သူ့ဆရာက အနန္တတန်ခိုးရှင်ပင် ဖြစ်ချေသည်။
သူ့ပုံစံက အမြဲလိုလိုဖရိုဖရဲနိုင်သော်လည်း ခွန်အားအရာ၌မူ အောက်ခြေစည်းဟူ၍မရှိ။
လုချန်ရှန်းက ဟွမ်းထျန်းမင်ကို ထပ်ကြည့်လိုက်ပြန်သည်။
ဟွမ်းထျန်းမင်ခမျာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့်တုန်ရင်လျက် အော်ပြောလိုက်လေသည်။
“သံချပ်ကာယန္တရားတပ်… သူ့ကိုတားစမ်း”
သူ့အသံမှာ တဖြည်းဖြည်းတိမ်ဝင်သွားရှာသည်။
သံချပ်ကာယန္တရားတပ်တော်ကြီးမှာ တစ်ညီတစ်ညွတ်တည်းအော်ဟစ်လိုက်၏။
ထို့နောက် ရှေ့သို့ခြေတစ်လှမ်းတိုးလာလိုက်လေရာ သွေးနီရောင်လှံတံကြီးတစ်ခု ငွေ့ရည်ဖွဲ့၍ပေါ်ပေါက်လာပြန်ပြီး လုချန်ရှန်းကိုတိုက်ခိုက်လေသည်။
လုချန်ရှန်း၏အမူအရာမှာ လုံးဝပြောင်းလဲသွားခြင်းမရှိ။
သူ လေဟာနယ်ထဲသို့ ပေါ့ပေါ့ပါးပါးခြေချလိုက်သည်။
ချက်ချင်းပင် လေထုအလယ်ရှိ ဧရာမသွေးနီရောင်လှံတံကြီး ပျောက်ကွယ်သွားချေသည်။
ထို့နောက် လုချန်ရှန်းလည်း နေရာမှပျောက်သွား၏။
သူ ပြန်ပေါ်လာချိန်မှာတော့ သံချပ်ကာယန္တရားတပ်ကြီး၏အထက်နားတွင် ရှိနေခဲ့သည်။
သူသည် ညာဘက်လက်ကို လက်သီးတင်းတင်းဆုပ်လျက် လက်သီးတစ်ချက်ပစ်သွင်းလိုက်လေ၏။
ထိုလက်သီးချက်မှာ သာမန်ဆန်လှပေသည်။
သို့သော် လက်သီးချက်ပစ်သွင်းလိုက်ပြီးနောက်တွင် သံချပ်ကာယန္တရားတပ်ရှိနေသောနေရာမှာ ရုတ်ခြည်းဖိသိပ်ခံလိုက်ရသည်။
ဝှစ်.. ဝှစ်… ဝှစ်…
ဖိသိပ်ခံလိုက်ရသောနေရာတွင်ရှိနေသည့် သံချပ်ကာဝတ်ထားသောတပ်တော်ကြီးမှာ သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားပေသည်။
အထိန်းတော်မင်ကိုသတ်ရန် လက်ချောင်းတစ်ချောင်း။
သံချပ်ကာယန္တရားတပ်တော်ကိုသတ်ရန် လက်သီးတစ်ချက်။
ထိုတိုက်ကွက်နှစ်ကွက်နှင့်အတူ ဟွမ်းထျန်းမင်၏လက်အောက်ငယ်သားများမှာ အမြတ်ပြတ်ချေမှုန်းခံလိုက်ရသည်။
အကြည်ညိုခံအကြီးအကဲများကတော့ အခြေအနေမဟန်တော့တာကိုမြင်ကတည်းက ဤနေရာမှလစ်ထွက်သွားခဲ့သည်။
သူတို့ပေးဆပ်ခဲ့ရသည်မှာ များလှလေပြီ။
ဤသည်မှာ သေရေးရှင်ရေးအခြေအနေပင်။
မင်းသား၏အသက်ကိုတော့လား။ သူတို့နှင့် ဘာများသက်ဆိုင်လို့လဲလေ…
ထိုအချိန်မှာ လုချန်ရှန်းက ဟွမ်းထျန်းမင်ကိုကြည့်လိုက်သည်။
ဟွမ်းထျန်းမင်ခမျာ ထိတ်လန့်သွားရှာလေသည်။ သူ လက်ခုပ်နှစ်ဖက်ယှက်ပြီး ပြောလိုက်သည်။
“မျိုးဆက်..ဟောင်းတွေ…,”
လုချန်ရှန်းက တစ်ဖက်လှည့်ပြီးထွက်သွားလေသည်။ သူ ဟွမ်းထျန်းမင်ကိုမသတ်ရသည့်အကြောင်းအရင်းမှာ ထိုကောင်လေးသည် ယဲ့ချိုးပိုင်၏နှလုံးသားထဲရှိကြိုးထုံးတစ်ခုဖြစ်နေသောကြောင့်ပင်။
သူ့ဘာသာဖြေရှင်းမှသာ အဓိပ္ပာယ်ရှိပေလိမ့်မည်။
ထို့နောက် သူက ယဲ့ချိုးပိုင်ကိုကြည်ပြီးပြောလိုက်သည်။
“ဒီမှာ.. မင်းကိစ္စကို မင်းဘာသာဖြေရှင်းတော့”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်ပြီး မှော်နက်မိစ္ဆာဓားကိုထုတ်ယူလိုက်သည်။ ထို့နောက် ဟွမ်းထျန်းမင်ဆီသို့လျှောက်သွားလေသည်။
နေမဝင်အင်ပါယာဖျက်ဆီးခံနေရသည်ကို သူ့အားအတင်းအကျပ်ကြည့်ခိုင်းရန် စိတ်ကူးမရှိပေ။
အဲ့ဒါ လိုအပ်လို့လား…
သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးတစ်စဖြစ်တည်ခဲ့ပြီးလေပြီ။
ဤအခွင့်အရေးကိုအရယူ၍ သူ တစ်ဖက်လူကိုသတ်ပစ်ရမည်။
နောင်မှာပြဿနာဖြစ်လာနိုင်မည့်အရာများကို သူ ချန်မထားခဲ့နိုင်ပေ။
ယဲ့ချိုးပိုင်က သူ့ကို မှော်နက်မိစ္ဆာဓားဖြင့် တိုက်ခိုက်လိုက်သည်။
အနက်ရောင်ဓားချက်ဟာ လေထုကိုထိုးခွင်း၍ ဟွမ်းထျန်းမင်ဆီသို့ သက်ဆင်းသွားလေသည်။
အနက်ရောင်ဓားချက်မှာ နီးကပ်သည်ထက်နီးကပ်သွားသည်။
မှော်နက်မိစ္ဆာချီစွမ်းအင်၏လွှမ်းမိုးမှုကြောင့် ဟွမ်းထျန်းမင်၏စိတ်အစဉ်မှာ တစ်ချိန်လုံးတုန်လှုပ်နေချေသည်။
သူ့မျက်ဝန်းထဲတွင် အကြောက်တရားများပေါ်ပေါက်လာပြီး သူ့သိုလှောင်ရေးလက်စွပ်ထဲက ကျောက်စိမ်းဆွဲပြားလေးကို အလောတကြီးထုတ်ယူလိုက်သည်။
ထို့နောက် ထိုဆွဲပြားကို သူဖိချလိုက်သည်။
လျှပ်တပြက်အတွင်းမှာပင် အလင်းတန်းတစ်ခုက ဟွမ်းထျန်းမင်ကိုလွှမ်းခြုံထားလိုက်လေသည်။
သူသည် မျက်စိတစ်မှိတ်အတွင်းမှာ နေရာမှပျောက်ကွယ်သွားချေ၏။
ယဲ့ချိုးပိုင်၏ဓားချက်လည်း လွဲချော်သွားရသည်။
ဘေးတစ်ဖက်ရှိအတွင်းစည်းအကြီးအကဲခမျာ နားလည်ရခက်သောအမူအရာဖြင့် ရှိနေလေသည်။
“နေမဝင်အင်ပါယာမှာ ဒီလိုကျောက်စိမ်းဆွဲပြားရှိနေလိမ့်မယ်လို့ ထင်မထားဘူး”
ယဲ့ချိုးပိုင် လှည့်ကြည့်လိုက်မိသည်။
အကြီးအကဲကလည်း ရှင်းပြ၏။
“အဲ့ဒါက ရှေးဟောင်းပန်းပဲဆရာတွေသန့်စင်ထားတဲ့ဟာလေ။ အဲ့ဒါကိုဖိလိုက်ရုံနဲ့ ရုပ်ရွှေ့ပြောင်းသွားလို့ရတယ်။ ဒါပေမဲ့ အဲ့ဒါပျောက်ဆုံးနေတာကြာပြီ။ ဟွမ်းထျန်းမင်ရဲ့လက်ထဲကကျောက်စိမ်းဆွဲပြားက ရှေးဟောင်းအပျက်အစီးထဲကရလာတာဖြစ်မယ်”
ထိုမှသာ ယဲ့ချိုးပိုင်လည်း သဘောပေါက်သွားလေသည်။
လုချန်ရှန်းကတော့ သိပ်ဂရုမစိုက်ပေ။ သူက ယဲ့ချိုးပိုင်ကိုကြည့်ပြီး မေးလိုက်သည်။
“မင်း ပြန်လိုက်မှာလား”
ယဲ့ချိုးပိုင် ခေါင်းခါယမ်းပြီးပြောလိုက်သည်။
“ကျွန်တော် လျှို့ဝှက်ဓားသွားဂိုဏ်းကိုသွားရဦးမှာ”
လုချန်ရှန်းကလည်း ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
“ကောင်းပြီ။ ငါ မင်းရဲ့ဂျူနီယာညီလေးနဲ့အတူ အရင်သွားနှင့်မယ်”
ဤသို့ဖြင့် သူသည် ယဲ့ချိုးပိုင်ထံမှစကားပြန်သည်ကိုပင်မစောင့်တော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။
ယဲ့ချိုးပိုင်ခမျာ ခါးသက်သက်ပြုံးလိုက်မိသည်။
ငါလည်း စတုတ္ထညီလေးကို တွေ့ချင်သေးတယ်လေ။ သူ ဘာလို့ထွက်သွားရတာလဲ..
ကောင်းပြီလေ..ပြန်ရောက်ရင်တွေ့လို့ရတာပဲ…
လုချန်ရှန်းထွက်သွားပြီးနောက် လျှို့ဝှက်တာအိုကျောင်းတော်မှစစ်ကူများ ရောက်ချလာသည်။
ဥပဒေပြဋ္ဌာန်းရေးခန်းမအကြီးအကဲကိုယ်တိုင် ရောက်ချလာခြင်းပင်။
သူသည် သူ့ရှေ့ရှိနေရာလွတ်ကြီးကို ကြည့်လိုက်၏။
လေထုထဲတွင်ကျန်ရစ်နေခဲ့သော သွေးမြူခိုးများကြောင့် မတတ်သာဘဲ အနည်းငယ်မှင်တက်သွားရချေသည်။
“သူ ဘယ်မှာလဲ”
အကြီးအကဲခမျာ ခါးသက်သက်ပြုံး၍ ပြောလိုက်ရသည်။
“သူတို့တွေအကုန်လုံးကို ယဲ့ချိုးပိုင်ရဲ့ဆရာက ရှင်းပစ်လိုက်ပြီ”