ထိုအခိုက်အတန့်တွင် သတ်ဖြတ်ရေးဆန္ဒများက အဖြူရောင်တောင်တန်းနယ်မြေအထက်တွင် ပြည့်နှက်သွားလေသည်။
သတ်ဖြတ်ရေးဆန္ဒများ ထွက်ပေါ်လာတော့မည့်ဟန်ပင်။ ၎င်းသည် လေထုထဲတွင် အရည်ကြည်များနှယ် ကပ်နေလေသည်။
သံချပ်ကာယန္တရားတပ်မှ ထုတ်လွှတ်လာသောသတ်ဖြတ်ရေးစျာန်အဘိညာဉ်များဟာ ပြင်းထန်လှစွာသောသွေးပင်လယ်ကြီးတစ်ခုအလားပင်။
ရလဒ်အနေနှင့် ကြီးမားလှသောအဖြူရောင်တောင်တန်းနယ်မြေအထက်ရှိ ကောင်းကင်ကြီးမှာ သွေးရောင်လွှမ်းသွားရလေသည်။
“ဒီလောက်ဆိုရင် မင်းကိုသတ်ဖို့လုံလောက်ပြီမဟုတ်လား”
ကြောက်မက်ဖွယ်ကောင်းလှသော ဟွမ်းထျန်းမင်၏စကားကိုကြားသောအခါ ယဲ့ချိုးပိုင်၏အမူအရာမှာ ပြောင်းလဲမသွားသလို အံ့လည်းအံ့ဩမသွားပေ။
နှစ်ဖက်စလုံးမှာ အသေအကြေတိုက်ရမည့်ရန်သူများသာ ဖြစ်၏။
ယခုအချိန်မှာ သူကပိုမိုသန်မာလာသည့်အတွက် ဟွမ်းထျန်းမင်မှာ သူ့ကိုရှင်းထုတ်ပစ်ရန် အနည်းငယ်စိတ်ဖိစီးနေမှာအသေအချာပင်။
သို့သော် တစ်ဖက်လူက ဤနေရာမှာလှုပ်ရှားလာလိမ့်မည်ဟု သူထင်မထားပေ။
လျှို့ဝှက်တာအိုကျောင်းတော်ရဲ့စွမ်းအားကို သူမကြောက်ဘူးလား…
ယဲ့ချိုးပိုင် အသာအယာခေါင်းခါယမ်းလိုက်သည်။
“ကြည့်ရတာ မင်းရူးသွားပြီထင်တယ်”
ထိုစကားကိုကြားသော် ဟွမ်းထျန်းမင်ခမျာ ဒေါသထွက်လွန်းသဖြင့် ရယ်လိုက်မိလေသည်။
“အဲ့ဒီတော့ဘာဖြစ်လဲ။ မင်းကိုသတ်လို့ရသရွေ့တော့ နေမဝင်အင်ပါယာဘက်က နည်းနည်းလောက်ပေးဆပ်လိုက်ရလည်း ဘာအရေးလဲ”
ယဲ့ချိုးပိုင် အတောင်စုံသွားသည်နှင့် သူ ယဲ့ချိုးပိုင်ကို ရင်ဆိုင်နိုင်တော့မည်မဟုတ်ချေ။
ထိုအချိန်ကျလျှင် နေမဝင်အင်ပါယာလည်း တဖြည်းဖြည်းကျဆုံးလာပေလိမ့်မည်။
ထို့ပြင် ဟွမ်းယီထုံဘက်က ယခုထိလှုပ်ရှားမလာသေးသဖြင့် ဟွမ်းထျန်းမင်စိတ်မရှည်နိုင်တော့ချေ။
ထိတ်လန့်ခြင်း။
ယဲ့ချိုးပိုင် ပခုံးတွန့်ပြလျက် မှော်နက်မိစ္ဆာဓားသွားကို ထုတ်ယူလိုက်သည်။
သူ ဘာစကားတစ်ခွန်းမှမပြောပေ။
ဘေးနားရှိလျန်ဖန်းကလည်း မေးလာသည်။
“မင်း အကူအညီလိုသေးလား”
ယဲ့ချိုးပိုင် သူ့ကိုကြည့်ပြီး ခပ်ဖွဖွပြုံးလိုက်၏။
“မင်း ဘယ်သူ့ကိုတိုက်နိုင်လဲ”
စဉ်းပင်စဉ်းစားမနေဘဲ လျန်ဖန်း ပြန်ပြောလာသည်။
“သူရဲကောင်းစာရင်းဝင်ထားတဲ့ အဆင့်ခုနစ်ပိုင်ရှင်ကလွဲရင် ကျန်တဲ့လေးယောက်ကို ငါတိုက်နိုင်တယ်။ လမ်းပိတ်ထားပေးရုံလေးပဲဆိုရင် ငါ သူတို့နှစ်ယောက်ကို တားပေးထားနိုင်တယ်”
ယဲ့ချိုးပိုင်ကလည်း ခေါင်းညိတ်ပြပြီးပြောလိုက်သည်။
“ဒါဆို အထိန်းတော်မင်ကို ငါကိုင်တွယ်လိုက်မယ်”
လက်ရှိတွင် ယဲ့ချိုးပိုင်မှာ ချန်းယွမ်အလယ်အလတ်အတင့်ရှိသောလူများကိုပင် တိုက်ခိုက်နိုင်နေပြီဖြစ်၏။
ကွမ်ကျုံးယန်၏ခွန်အားမှာ အဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိလူများကို မမီသော်ငြား ကွာခြားချက်ကတော့ သိပ်မကြီးလှချေ။
အထိန်းတော်မင်က အဆင့်သတ်မှတ်ချက်စာရင်းပေါ်တွင် အဆင့်ခုနစ်နေရာရထားပြီး သူ့ခွန်အားမှာ ချန်းယွမ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးဖြစ်၏။
ယဲ့ချိုးပိုင်မှာ သူ၏လက်ရှိခံနိုင်ရည်အားကို စမ်းသပ်ချင်ခဲ့သည်။
လျန်ဖန်းကလည်း မျက်ခုံးပင့်လျက်စကားဆိုလာသည်။
“မင်းလုပ်နိုင်ပါ့မလား”
“ဒါဆို မင်းလုပ်ပါ့လား”
ယဲ့ချိုးပိုင်မေးလိုက်သည်။
လျန်ဖန်း : “ထားလိုက်ပါတော့။ ငါ အဲ့လောက်ယုံကြည်မှုမရှိဘူး”
“ဒါဆို ကျန်တဲ့အကြီးအကဲနှစ်ယောက်ကို မင်းဆီအပ်ထားလိုက်ပြီနော်”
တစ်ဖက်တွင် အတွင်းစည်းအကြီးအကဲက ကမူးရှူးထိုးမတိုက်ခိုက်ဘဲ ကျောင်းတော်မှ စစ်ကူမလာခင်အထိ စောင့်နေရန်အကြံပေးချင်ခဲ့သည်။ သို့သော် ယဲ့ချိုးပိုင်နှင့် လျန်ဖန်းက ဘယ်သူ့ကိုတိုက်ခိုက်ရမလဲဆိုသည်ကိုပင် စီစဉ်ပြီးသွားလေပြီ။
သူ ဘာများပြောနိုင်မည်တဲ့လဲ။
ကောင်းပြီလေ..
သူလည်း သူတို့ကိုဖျောင့်ဖျမနေတော့ပေ။
စစ်ကူခေါ်သည့်အချက်ပြမီးကိုသာ ပို့လွှတ်လိုက်ပြီး တတ်နိုင်သလောက်အချိန်ဆွဲထားရုံသာရှိတော့သည်။
သူတို့၏စကားများကိုကြားသောအခါ အထိန်းတော်မင်က ရက်စက်ယုတ်မာလေဟန်အမူအရာဖြင့် ရယ်မောလိုက်၏။
“မင်းလိုပင်လယ်ရေလှိုင်းအဆင့်ကျင့်ကြံသူလေးကများ ငါ့ကိုစိန်ခေါ်ရဲသတဲ့လား။ မင်း ငါ့ကို နည်းနည်းတော့အထင်သေးနေပြီထင်တယ်နော်”
ယဲ့ချိုးပိုင်က အထိန်းတော်မင်ကိုလက်ညှိုးညွှန်ပြပြီး ပြောလိုက်သည်။
“စမ်းကြည့်ရင်သိမှာပဲမဟုတ်လား”
ထိုအခြင်းအရာကိုမြင်သော် လျန်ဖန်းမှာ ပခုံးတွန့်ပြလျက် သူ့ဓားကိုဆွဲထုတ်ကာ သူရဲကောင်းစာရင်းဝင်လူနှစ်ယောက်ဆီသို့ လျှောက်သွားလေသည်။
အတွင်းစည်းအကြီးအကဲမှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
အမှန်အတိုင်းဆိုရလျှင် သူ့ခွန်အားက အဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိလုများနှင့် သိပ်မကွာလှသော်ငြား စာရင်းဝင်ပညာရှင်နှစ်ဦးနှင့်ရင်ဆိုင်ရသောအခါ စိတ်ဖိစီးမိနေဆဲပင်။
သို့သော် ယခုအချိန်မှာ သူ တွေဝေမနေနိုင်ပေ။
ထို့ကြောင့် သူ့ကိုယ်သူရဲဆေးတင်ပြီး ရှေ့တိုးသွားလိုက်၏။
အထိန်းတော်မင်၏ မြင်းမြီးနှင်တံကို ဟုန်ရင်က ဖျက်ဆီးပစ်ခဲ့ပြီးဖြစ်လေသည်။
ယခုမူ သူက ပန်းပဲဆရာတစ်ယောက်ကိုရှာ၍ အသစ်တစ်ခုသွန်းလုပ်ခိုင်းခဲ့သည်။
၎င်းမှာ အသုံးပြု၍ရသော်လည်း ယခင်တစ်ခုလောက်တော့ ခွန်အားမရှိချေ။
ယဲ့ချိုးပိုင်ကမူ မှော်နက်မိစ္ဆာဓားကိုကိုင်စွဲပြီး အထိန်းတော်မင်ဆီသို့ အပြေးနှင်လေသည်။
သူ့ဓားသွားနယ်မြေကိုလည်း တုံ့ဆိုင်းမှုမရှိဘဲအသက်သွင်းလိုက်လေသည်။
ဓားဆန္ဒတစ်သီကြီးဟာ ကောင်းကင်ထိတိုင် ဆန်တက်သွားချေသည်။
၎င်းတို့က အထိန်းတော်မင်ကို ဝန်းရံထားလိုက်သည်။
ဤဓားသွားနယ်မြေက ခြိမ်းခြောက်ခံနေရသောအာရုံတစ်မျိုးကို ပေးစွမ်းနေကြောင်း သူ စင်စစ်ခံစားလိုက်ရသည်။
ယဲ့ချိုးပိုင်သည် ယခင်ကထင်ပို၍အင်အားကောင်းလာချေပြီ။
အချိန်တိုလေးအတွင်းမှာ သူက ဤအဆင့်ထိရောက်လာခဲ့သည်။ ဤကောင်လေးကို အသက်ရှင်ခွင့်ပေးထားရန် မဖြစ်နိုင်တော့ပေ။
အထိန်းတော်မင်မှာ အစွမ်းကုန်ထုတ်သုံးလေတော့သည်။ သူက သူ၏သတ်ဖြတ်ရေးသိုင်းကွက်ကို ထုတ်သုံးတော့မည်ဖြစ်၏။
မြင်းမြီးနှင်တံပေါ်ရှိအဖြူရောင်ကြိုးမျှင်ပေါင်းသုံးထောင်မှာ ယဲ့ချိုးပိုင်၏ရှေ့တွင် တဖျတ်ဖျတ်လူးလွန့်နေသည်။
ထို့နောက် ထိုကြိုးမျှင်များမှာ သန့်စင်ထားသောသံမဏိအဖြစ်ပြောင်းလဲသွားသည်။
၎င်းတို့က သံမဏိနှင့်ပြုလုပ်ထားသော လှံတံရှည်များအဖြစ် အသွင်ပြောင်းသွားလေသည်။
သူ့အရှိန်အဝါမှာ ယဲ့ချိုးပိုင်အပေါ်၌ အုပ်မိုးထားသည်။
၎င်းမှာ ပစ်လွှတ်ခံလိုက်ရချေသည်။
ကောင်းကင်တစ်ခုလုံးအနှံ့ ပြည့်နှက်နေသော လှံတံအရိပ်များကိုမြင်လိုက်ရချိန် ယဲ့ချိုးပိုင်မှာ နောက်ဆုတ်စရာမြေမရှိတော့ပေ။
သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ဓားသွားနယ်မြေထဲရှိဓားဆန္ဒများက ယဲ့ချိုးပိုင်၏အမိန့်ကိုစောင့်ဆိုင်းနေသည့်စစ်တပ်ကြီးတစ်ခုအလား ဓားဆန္ဒပင်လယ်ပြင်ကြီးအဖြစ် အသွင်ပြောင်းသွားပြီး အရာခပ်သိမ်းကိုတိုက်စားပစ်တော့မည့်လှိုင်းလုံးကြီးများကို တလိပ်လိပ်ထိုးတက်လာစေသည်။
အုန်း…
နှင်တံသဏ္ဌာန်ရှိသော အဖြူရောင်ပိုးသားလှံတံများမှာ ဓားဆန္ဒပင်လယ်ကြီးကို ဖောက်ထွက်လာလေသည်။
ထိုတစ်ခဏမှာ အောင်နိုင်သူကို ဆုံးဖြတ်ရခက်သွားချေသည်။
အထိန်းတော်မင်က နှာမှုတ်လျက်လှောင်ပြောင်လိုက်သည်။
သူ့လက်ထဲရှိမြင်းမြီးနှင်တံကို ဝှေ့ယမ်းလိုက်သည်။
သံမဏိလှံတံသုံးထောင်ဆီမှဖိအားများမှာ ထပ်မံတိုးပွားလာပြန်သည်။
ထိုအခိုက်အတန့်မှာ ဓားဆန္ဒပင်လယ်ပြင်ကြီးသည် ထိုဖိအားကိုတောင့်မခံနိုင်သဖြင့် ထုတ်ချင်းပေါက်ထိုးဖောက်ခံလိုက်ရသည်။
၎င်းတို့က ယဲ့ချိုးပိုင်ဆီသို့ အပြေးနှင်လာလေတော့သည်။
အဆုံးတွင် သူတို့ကြားရှိကျင့်ကြံရေးအဆင့်ခြားနားမှုမှာ အလွန်ကြီးမားလှသည်။
တစ်ယောက်က ချန်းယွမ်အထွတ်အထိပ်အဆင့်ဖြစ်ပြီး ယဲ့ချိုးပိုင်ကမူ ပင်လယ်ရေလှိုင်းအလယ်အလတ်အဆင့်မျှသာ။
အလယ်ရှိကွာဟချက်ကြီးသည် တူးမြောင်းကြီးတစ်ခုအလား…
သံမဏိလှံတံသုံးထောင်နှင့်ရင်ဆိုင်ရင်း ယဲ့ချိုးပိုင်က ထိတ်လန့်ခြင်းလည်းမရှိသလို အော်ဟစ်နေခြင်းမျိုးလည်းမလုပ်ပေ။
သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားသွားဖြင့် ရုတ်ခြည်းတိုက်ခိုက်ပစ်လိုက်သည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓား၏ အဋ္ဌမသိုင်းကွက်…
ဓားသွားနယ်မြေထဲရှိ ဓားဆန္ဒများအားလုံးမှာ တစ်ခုပြီးတစ်ခုငွေ့ရည်ဖွဲ့သွားလေသည်။
၎င်းမှာ ဧရာမမှော်နက်မိစ္ဆာဓားတစ်လက်အဖြစ် အသွင်ပြောင်းသွားလေတော့သည်။
ယဲ့ချိုးပိုင်ဘက်က တိုက်ခိုက်လိုက်သောအခါ လေထဲရှိဧရာမမှော်နက်မိစ္ဆာဓားကလည်း တိုက်ခိုက်မှုပြုလာ၏။
ကောင်းကင်ဘုံမိစ္ဆာဓားသွား၏အဆင့်မြှင့်တင်မှုနှင့်အတူ ဓားသွားနယ်မြေ၏တိုက်ခိုက်ရေးစွမ်းအားမှာ ပို၍ပင်အားကောင်းလာလေသည်။
ထိုတဒင်္ဂတွင် မုန်တိုင်းတစ်ခု တိုက်ခတ်လာသည်။
ဧရာမမှော်နက်မိစ္ဆာဓားသည် သံမဏိသုံးထောင်လှံတံနှင့် ထိပ်တိုက်တွေ့ကြလေ၏။
ထိုအချိန်မှာ ဧရာမမှော်နက်မိစ္ဆာဓားက တစ်စစီကျိုးပဲ့သွားပြီး သံမဏိသုံးထောင်လှံတံကလည်း တိုက်ခိုက်နေရာမှရပ်တန့်လိုက်သည်။
ဤဓားက ၎င်းကိုတားဆီးလိုက်သည်မှာ ရှင်းနေချေသည်။
သို့သော် သူ၏နှုတ်ခမ်းထောင့်နားလေးမှာ သွေးများစီးကျလာသည့်အတွက် ယဲ့ချိုးပိုင်မှာ မသဲမကွဲညည်းညူသံတစ်ခုကို ပြုလုပ်လိုက်သည်။
အထိန်းတော်မင်၏အမူအရာမှာ အကျည်းတန်သွားရသည်။
သူ့တိုက်ခိုက်မှုကို ပင်လယ်ရေလှိုင်းအဆင့်ရှိ ပါ့မွှားလေးတစ်ကောင်က တားဆီးလိုက်နိုင်လိမ့်မည်ဟု သူ ထင်မထားချေ။
အကယ်၍ တစ်ဖက်လူက ချန်းယွမ်အဆင့်ကိုသာဝင်ရောက်ထားခဲ့ပါက ရလဒ်မှာ ပြောပြရန်ခက်ပေလိမ့်မည်။
ထိုအကြောင်းကိုတွေးမိလိုက်သော် အထိန်းတော်မင်တစ်ယောက် မရပ်တန့်မိတော့ပေ။ သူ့လက်ထဲရှိ မြင်းမြီးနှင်တံကို တစ်ဖန်ပစ်လွှတ်လိုက်ပြန်သည်။
အဖြူရောင်ကြိုးမျှင်သုံးထောင်ကလည်း ယဲ့ချိုးပိုင်ကိုသိုင်းခြုံထားလိုက်လေ၏။
၎င်းမှာ ပင့်ကူမျှင်များကဲ့သို့ တစ်ခုပေါ်တစ်ခုထပ်လျက်ရှိနေသည်။
သူ ထိုအရာများကိုရှင်းထုတ်ချင်ခဲ့သည်။
ထိုအချိန်မှာပင် ဟွမ်းထျန်းမင်က သူ့လက်ကိုဝှေ့ယမ်းလျက် အမိန့်ပေးလိုက်၏။
“သံချပ်ကာယန္တရားတပ်.. ယဲ့ချိုးပိုင်ကိုသွားသတ်လော့”
သူ အမိန့်ပေးလိုက်လေပြီ။
သံချပ်ကာယန္တရားတပ်သားအားလုံးလည်း သူတို့၏လှံတံများကိုပစ်လွှတ်လိုက်လေသည်။
သွေးရောင်လှံတံတစ်ခု လေထုအလယ်၌ ငွေ့ရည်ဖွဲ့သွားလေသည်။
၎င်းမှာ အလွန်တရာကြီးမားလှပြီး ယဲ့ချိုးပိုင်ကို ရုတ်ခြည်းတိုက်ခိုက်လေတော့သည်။
မလှမ်းမကမ်းတွင် လျန်ဖန်းနှင့်အတွင်းစည်းအကြီးအကဲမှာ ထိုမြင်ကွင်းကို မျက်စိနှင့်တပ်အပ်မြင်လိုက်ရချေသည်။
သူတို့၏အမူအရာများ ပြောင်းလဲသွားကြကုန်၏။
ထိုကဲ့သို့အားကောင်းလှသောတိုက်ခိုက်မှုတစ်ခု…
အကယ်၍ သူတို့သာ ထိုတိုက်ခိုက်မှုနှင့်ရင်ဆိုင်လိုက်ရပါက သေချာပေါက်အသတ်ခံရလိမ့်မည်သာ။
ယဲ့ချိုးပိုင်သည် ယခုအချိန်မှာ ပင်လယ်ရေလှိုင်းအဆင့်မျှသာရှိသေးသည်။ ထိုတိုက်ခိုက်မှုကို သူဘယ်လိုများဟန့်တားနိုင်ခဲ့လေသလဲ။
ထိုတိုက်ကွက်နှစ်ကွက်ကိုရင်ဆိုင်နေရသည့် ယဲ့ချိုးပိုင်မှာ ကြက်သေသေသွားရလေသည်။
တစ်ဖက်လူက ဓားသိုင်းကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် ဓားသွားနယ်မြေက သူ့ကိုဖိနှိပ်မထားနိုင်ချေ။
ယခုမူ သူသည် အစိမ်းရောင်တိမ်တိုက်ဓားကို ဆွဲထုတ်ရုံသာတတ်နိုင်တော့သည်။
သို့မှသာ ဤအရေးအခင်းကို သူ ဖြေရှင်းနိုင်မည်သာ…
ထိုအတွေးနှင့်အတူ ဓားအိမ်စွပ်ထားသောဓားတစ်လက်က ယဲ့ချိုးပိုင်၏အရှေ့တွင် ပေါ်လာလေသည်။
ဓားအိမ်မှာ သာမန်ဆန်ပြီး ရိုးစင်းလွန်းလှသည်။
ဓားသိုင်းတာအိုဥပဒေသအရှိန်အဝါများက သူ့ပတ်ပတ်လည်တွင် ဝန်းရံထားလိုက်သည်။
သူ ထိုဓားကို ဆွဲထုတ်လိုက်ချင်ခဲ့သည်။ သို့သော် ထိုအချိန်မှာပင် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသောအမျိုးသားတစ်ယောက်က ယဲ့ချိုးပိုင်ရှေ့၌ ထွက်ပေါ်လာ၏။
ထိုအမျိုးသားက သူ့လက်ချောင်းလေးများကို ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် သူ့ပတ်ပတ်လည်ရှိအဖြူရောင်ကြိုးမျှင်များမှာ လုံးဝဥဿုံပျောက်ကွယ်သွားချေသည်။
ဖောက်ထွက်လာသော ဧရာမသွေးရောင်လှံတံကြီးကလည်း ဘန်းခနဲမြည်သံနှင့်အတူ တစ်စစီပျက်စီးသွားလေပြီ။
၎င်းမှာ ကြယ်ပွင့်လေးများအဖြစ် ပြောင်းလဲသွားပြီး လေထုထဲ၌ပျောက်ကွယ်သွားသည်။
“ငါ ဒီကိစ္စကို မင်းဘာသာကိုင်တွယ်လို့ရအောင် တကယ်လွှတ်ပေးထားချင်ပါတယ်.. မင်းကိုသတ်ချင်နေတဲ့လူတွေက ဘာလို့နေရာတိုင်းမှာရှိနေရတာလဲ။ မင်း ငါ့လိုအေးအေးဆေးဆေးမနေနိုင်ဘူးလားကွာ”