အပိုင်း( ၅၁၉)

လုပ်ကြံခြင်း

သည်ရက်ပိုင်းအတွင်း ရီဖူရှင်းက တစ်နေရာတည်းကို နေ့တိုင်း သွားကြည့်သည်။ သူက ရှေးဟောင်းနေရာ၏ တည်နေရာကို အတည်ပြနိုင်ခဲ့ကာ တခြားလူများ၏ သံသယကို ဖယ်ရှားစေခဲ့သည်။ သူက ရှေးဟောင်း နယ်မြေကို အမှန်တကယ် ဖွင့်နိုင် မဖွင့်နိုင်မူကိုကား အားလုံးက စွန့်စားရန် တိတ်တခိုး ဆုံးဖြတ် ထားကြသည်။

ရီဖူရှင်း ရောက်သည့် နေရာတိုင်းကို ထိပ်သီး အင်အားစုများက ရောက်လာသည်သာ ဖြစ်သည်။ ရီဖူရှင်းက တံဆိပ်ပြား တစ်သောင်းခန့် စုဆောင်းမိပြီကို သူ့နောက်ကို လိုက်နေသော လူအရေအတွက်အရ ခန့်မှန်း သိရှိနိုင်သည်။ ဤမျှလောက် အရေအတွက် စုဆောင်းနိုင်ခြင်းက အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့သော် နန်ထျန်း အိမ်တော်နှင့် ဓားကျေးရွာတို့အပြင် တခြား အင်အားစုများက ရီဖူရှင်း၏လက်ထဲမှ တံဆိပ်ပြားကို သည်အတိုင်းတော့ လုမယူရဲကြပေ။

သူတို့က ပုံမှန်အားဖြင့် ထိုမျှ မစွန့်စားရဲဟု ပြောရမည်။ ရီဖူရှင်း၏ နောက်တွင် လိုက်နေသူများထဲတွင် နောက်ခံ မသိရသော လျှို့ဝှက်ပြီး အားကောင်းသူများ ရှိနေနိုင်သည်။ သို့သော်လည်း တကယ်တမ်း အခွင့်အရေးရလျှင် သူတို့လည်း စွန့်စားရန် ဝန်လေးသည် မဟုတ်ပေ။

နေ့စဉ် နေ့တိုင်းလည်း လူအနည်းငယ်က အသေအပျောက်များ ရှိနေသည်။ မှော်နက်မိစ္ဆာကား ဆက်တိုက် လူသတ်နေဆဲ ဖြစ်သည်။

ကြည့်ရသည်မှာ ရီဖူရှင်းက ရှေးဟောင်း နယ်မြေကို ဖွင့်လှစ်သော အချိန်တွင် ကြီးကြီးမားမား တစ်ခု ဖြစ်ပျက်တော့မည် ထင်ရသည်။

ယခု ရီဖူရှင်းအား စောင့်ကြပ်နေသူများ ပိုမိုများပြား အားကောင်း လာနေသည်။ သူတို့က မည်သည့် အခြေအနေကိုမဆို ရင်ဆိုင်ရန် အသင့်ပြင် ထားကြ၏။

တစ်နေ့တွင် ရီဖူရှင်း နေထိုင်ရာသို့ ကျိုးကျွမ် ရောက်ရှိလာကာ ပြောသည်… “ရီဖူရှင်း… မိန်းကလေး ချန်ရန် တစ်ခုခု ဖြစ်နေတယ်…”

“ဘာဖြစ်နေတာလဲ…” ရီဖူရှင်းက သူ့ကို ကြည့်က အရေးတကြီး မေးသည်။

“သူမက ကျုပ်တို့အကြား သူလျှို တစ်ယောက်ကို ရှာတွေ့တယ်… ငါ့နောက်ကို လိုက်လာခဲ့… ” ကျိုးကျွမ်က ပြောသည်။

ရီဖူရှင်း၏ မျက်လုံး သူငယ်အိမ်က ကျဉ်းမြောင်း သွားကာ သူ့နောက်မှ လိုက်ပါ သွားသည်။

ယိရှောင်ရှီကလည်း ရီဖူရှင်း၏အနီးမှ ကပ်၍ လိုက်ပါလာသည်။ သူတို့က လီစွမ်းနှင့် တခြားလူများ ရှိနေရာသို့ ရောက်လာသည်။

ထိုနေရာတွင် လူအများအပြား စုရုံးနေသည်။ လီစွမ်းက လီချန်းရီကို ထိန်းမတ် ထားရသည်။ သူမက သတိမေ့နေဟန် ရ၏။

“ချန်းရီ…” ရီဖူရှင်းက သူမ၏ပခုံးကို ကိုင်ကာ အသာလှုပ်လျက် ခေါ်သည်။

သို့သော် သူက တစ်ခုခု ထူးဆန်းနေသလို ခံစားရသည်။ လီချန်းရီက ဒဏ်ရာ ရထားပုံ မပေါ်ပေ။ ထိုစဉ်မှာပင် လီချန်းရီ၏ မျက်လုံးအစုံက တဖြည်းဖြည်း ပွင့်လာကာ ရီဖူရှင်းကို မြင်သည်။ သူမ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ ပြောသည်… “ ပြေး… ”

လီချန်းရီက ထိုသို့ ပြောလိုက်စဉ်မှာပင် အေးစက်သော အငွေ့အသက် တစ်ခုကို ရီဖူရှင်းက ခံစားလိုက်ရသည်။ ထက်ရှသော ဓားတစ်လက်က လီစွမ်း၏လက်ထဲကို ပေါ်လာသည်။

“သတိထား…” လီချန်းရီက အော်ဟစ်ကာ လီစွမ်းအား ရှိရှိသမျှ သူမ၏အားဖြင့် တွန်းဖယ် လိုက်သည်။ သို့တိုင်အောင် လီစွမ်းက ရီဖူရှင်းကို ဓားဖြင့် လှမ်းထိုး လိုက်နိုင်သည်။ ဓားချက်ကား အလွန်အမင်း မြန်ဆန်ကာ အကွာအဝေး ကလည်း နီးကပ်လွန်း လှသည်။

သို့သော်လည်း ဓားချက်က လီချန်းရီ၏ တွန်းဖယ်မှုကြောင့် လမ်းကြောင်း ပြောင်းသွားခဲ့သလို ရီဖူရှင်း၏ တုံ့ပြန်မှုကလည်း မြန်ဆန်သည်။ လျှပ်စီး အရပ်ခြေလှမ်း အသက်ဝင်သွားကာ ရီဖူရှင်းက ထိုနေရာမှ ပျောက်ကွယ် သွားသည်။

ရီဖူရှင်း၏ဘေးတွင် ယိရှောင်ရှီ ချက်ချင်း ပေါ်လာသည်။

“မင်း အဆင်ပြေလား…” ယိရှောင်ရှီက မေးသည်။

ရီဖူရှင်းက ခေါင်းညိတ် လိုက်သည်။ သို့သော် သူ၏အမူအရာက အေးစက်နေသည်။ လီစွမ်းက သူ့ကို အမှန်လုပ်ကြံရန် ကြိုးစားခဲ့သည်။ သို့သော် လီစွမ်းအား ယခင်တိုင်း ပြုံးနေဆဲဖြစ်ကာ ရီဖူရှင်းကို လုပ်ကြံသူဟုပင် ထင်ရက်စရာ မရှိပေ။

“ရှောင်တာ ကောင်းတယ် အစ်ကိုရီ…” လီစွမ်းက ပြုံးလျက် ချီးကျူးသည်။ ရီဖူရှင်းအား များစွာသော လူများက ဝန်းရံထားဆဲ ဖြစ်သည်။ ထိုလူများက လီစွမ်း၏လူ မဟုတ်ပေ။ အမှန်တကယ်အားဖြင့် ထိုလူများက ရီဖူရှင်းကို တံဆိပ်များ ပေးအပ်ပြီးမှ ထိပ်သီးအင်အားစုများ ရောက်လာကာ အခြေအနေ မကောင်းဟု ရိပ်မိကြ၍ ရီဖူရှင်းကို ဦးစွာ မကောင်းကြံလိုသော လူများ ဖြစ်ကြသည်။ သူတို့က လီစွမ်းဖြင့် ပေါင်းကာ ထောင်ချောက် ဆင်ထားခြင်း ဖြစ်သည်။

“မင်းက ကံကောင်းသွားတယ် ဆိုပေမဲ့ ဒီနေရာက ထွက်သွားဖို့ မစဉ်းစားနဲ့…” ကျိုးကျွမ်၏ အမူအရာက နက်မှောင် သွားသည်။ ရီဖူရှင်းက ဤထောင်ချောက် အတွင်းတွင် အသက်ရှင် နိုင်မည်ဟု သူမယုံပေ။

“ငါက မင်းကို ဘယ်တုန်းကမှ မယုံခဲ့ဘူး … မင်းက မြို့ရိုးဖြူမြို့ရဲ့ သခင်လေးပဲ … မင်းလို လူကြီးလူကောင်း ဆန်တယ်လို့ နာမည်ကြီးတဲ့ လူတစ်ယောက်က ဒီလို အောက်တန်းကျကျ လုပ်မယ်လို့တော့ မထင်ထားဘူး…” ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်။

“ချန်းရီက ကျုပ်ကို ကူပြီး မင်းကို ထောင်ချောက် ဆင်တာကို လိုချင်ခဲ့တယ်… ဒါပေမဲ့ ကံမကောင်းတာက မိန်းကလေးက မင်းကို သစ္စာရှိနေတယ်… ဟဟ … ဒါကြောင့် သူမကို သတိမေ့အောင် လုပ်ပြီး မင်းကို တည်ဖမ်းခဲ့တာပဲ… မင်းက ငါ့ဓားချက်က လွတ်သွားတယ် ဆိုပေမဲ့ ဒီနေရာက အသက်ရှက်ရက် ထွက်သွား နိုင်မှာတော့ မဟုတ်ဘူး…”

လီစွမ်းကဲ့သို့သော လူပင်လျှင် ဤသို့သော မကောင်းသော စိတ်ထားများ ရှိနေသည်။ ထို့အပြင် သူ၏နည်းလမ်းက ရက်စက် ပြင်းထန်ပေသည်။

“မင်းက ဘာလို့ ဒီလို လုပ်ရတာလဲ…” ရီဖူရှင်းက နားမလည်စွာ မေးသည်။

လီစွမ်းက နောက်ကို ကြည့်သည်တွင် လူတစ်ယောက် လူအုပ်ထဲမှ ထွက်လာသည်။ ထိုလူကို မြင်သည်နှင့် ရီဖူရှင်းက နားလည် လိုက်သည်။

သူက မိုကျွမ်အား ကျောက်တုံး နယ်မြေတွင် မြင်ခဲ့ဖူးသည်။ သူက အလွန်အမင်း အားကောင်းသည်ဟု မူကျိချူက ပြောခဲ့၏။ မိုကျွမ်က နန်ဟောင်၏ နောက်လိုက် ဖြစ်သည်။

မိုကျွမ် ပေါ်လာခြင်းက လီစွမ်း ဘာအတွက် သူ့ကို လုပ်ကြံသည်ကို ရှင်းလင်း သွားစေသည်။ သူက ထိုမျှ ယုံကြည်ချက် ရှိနေသည်ကလည်း မထူးဆန်းတော့။ သူက မိုကျွမ်ကိုပင် သူ၏အစီအစဉ်ထဲ ထည့်သုံးထားသည်။

“နန်ဟောင်က မင်းကို အရင်ဆုံး လာရှာတာတော့ မဟုတ်နိုင်ဘူး… မင်းက သူ့ကို သွားရှာတာ ဖြစ်ရမယ်…” ရီဖူရှင်းက လီစွမ်းကို မေးသည်။

“ဟုတ်တယ်…” လီစွမ်းက ခေါင်းညိတ်သည်။

“မင်းက ဒီလိုလုပ်လို့ ဘာအကျိုးအမြတ် ရမှာလဲ…” ရီဖူရှင်းက ထပ်မေးသည်။

“ငါက သခင်လေးနန်ရဲ့ နောက်လိုက် တစ်ယောက်ဖြစ်ရင် ရှေးဟောင်း နယ်မြေရဲ့ အကျိုးအမြတ် တချို့ကို ရမှာသေချာတယ်…” လီစွမ်းက ပြောသည်။

“နောက်လိုက် တစ်ယောက်…” ရီဖူရှင်းက ရယ်လိုက်သည်။ လီစွမ်းက မိတ်ဆွေ တစ်ယောက်ထက် နန်ဟောင်၏ နောက်လိုက် တစ်ယောက် ဖြစ်လိုသည်က အမှန်ပင် ဟာသမြောက်သည်။

“ရှေးဟောင်းနယ်မြေ ဖွင့်ရင် မင်းလည်း အကျိုးအမြတ် ရမှာပဲ… ဘာလို့ ဒီလို လုပ်ရတာလဲ…” ရီဖူရှင်းက သက်ပြင်းချသည်။

“မင်းမှာ ရှေးဟောင်း နယ်မြေကို ဖွင့်ဖို့ အခွင့်အရေး ရှိတယ်လို့ ထင်နေတုန်းလား…” လီစွမ်းက လှောင်ပြုံပြုံးသည်… “မင်းက ထိပ်သီး အင်အားစုတွေက အချိန်မရွေး တိုက်ခိုက်ပြီး တံဆိပ်ပြားတွေကို ယူသွားနိုင်တယ် ဆိုတာကို မင်းသိလား… တကယ့်စွမ်းအား အောက်မှာ အရေအတွက် ဆိုတာ ဘာမှ မဟုတ်ဘူး… မင်းက တံဆိပ်ပြားတွေကို လုံလုံလောက်လောက် စုဆောင်းနိုင်ဖို့ကိုပဲ သူတို့က စောင့်နေကြတာ… မင်းကို ဘယ်သူမှ အလေးမထားဘူး… မင်းရဲ့ ယုံကြည်ချက်က ဘယ်က လာတာလဲ…”

“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ…” လီချန်းရီ၏ မျက်နှာတွင် ဝမ်းနည်း နာကျင်ဟန်များ အထင်းသား တွေ့ရသည်။ သူမ၏အစ်ကိုက ဤသို့ ဖြစ်လိမ့်မည်ဟု သူမ မထင်ထား။

“ပါးစပ်ပိတ်ထား…” လီစွမ်းက လီချန်းရီကို အေးစက်စွာ ကြည့်သည်။ သည်မိန်းကလေးက သူနှင့် လုံးဝ အဆင်မပြေ။ လီချန်းရီကား သူ၏စကားကို နားမထောင်တော့။ သူ့ထက် အပြင်လူကို ပိုမို ယုံကြည် နေသည်က လီစွမ်းအတွက် ခံပြင်းစရာပင်။

“မိန်းကလေးချန်းရီ… ကျုပ်လည်း အရင်က ပြောပြီးပြီ… သူက ကျုပ်တို့ အကာအကွယ်ကို ယူပြီး ဒီအထိ လိုက်လာတာ … ဒါပေမဲ့ သူက ကျုပ်တို့ကို မိတ်ဆွေလို သဘောထားလို့လား… သခင်လေးလီက သခင်လေးနန် နောက်ကို လိုက်ဖို့ အခွင့်အလမ်း ဖန်တီးပေးတာကို မိန်းကလေး ချန်းရီက တန်ဖိုး ထားသင့်တယ်…”

ကျိုးကျွမ်၏ အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်… “သူက အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်ပဲ…  သူက အထက်စီး ဆန်ဆန်နဲ့ ကျုပ်တို့ကို အမိန့်ပေးဖို့ မထိုက်တန်ဘူး…”

“တော်ဝင်လမ်းကို မင်းတို့ အကာအကွယ် ယူပြီး လိုက်လာတယ်… ဟုတ်လား…” ရီဖူရှင်းက ပြုံးလိုက်သည်… “ကျိုးရှင်းတောင်မှာ ကျုပ်ကို ဖိတ်ခေါ်တဲ့လူက လီစွမ်း မဟုတ်ဘူးလား… ပြီးတော့ ငါက မင်းတို့ နောက်လိုက်ဖြစ်ဖို သဘောတူခဲ့တာလည်း မဟုတ်ဘူး… ကျုပ်တို့က အချင်းချင်း ပူးပေါင်းရုံပဲ… မင်းတို့က ကျုပ်အတွက် လုပ်ပေးခဲ့လို့ ကျေးဇူးတင်လို့ ပြန်လာရှာခဲ့တာပဲ ရှိတယ်… မင်းတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ များသွားပြီ… ” ရီဖူရှင်းက ရယ်သည်။

အကယ်၍ သူက နန်ဟောင် ဖြစ်ပါက လူထောင်ပေါင်း များစွာက လိုလိုလားလား ဦးဆောင်သူအဖြစ် လက်ခံကြမည် ဖြစ်သော်လည်း သူက အကာနာအဆင့် ဖြစ်နေခြင်းက မသင့်တော်ဟု အများစုက ထင်နေကြဟန် ရသည်။ ယခု ထိုမနာလို ဝန်တိုစိတ်အား မထိန်းသိမ်း နိုင်သူများက သူ့ကို စတင်၍ ပြဿနာ ရှိကြလေပြီ။

“အချိန်မဖြုန်းနဲ့တော့…” မိုကျွမ်က ပြောသည်… “သတ်စမ်း…” သူက အမိန့်ပေးကာ ရှေ့ကို တက်လာသည်။

သူ၏စကား ဆုံးသည်နှင့် ဘေးမှ လူများ အားလုံးက တစ်ပြိုင်နက်တည်း တိုက်ခိုက် ကြတော့သည်။ များစွာသော မှော်စွမ်းအင်များက ရီဖူရှင်းထံကို တိုက်ရိုက် ကျဆင်းလာသည်။

ယိရှောင်ရှီထံမှ အလင်းတစ်ချက် ထွက်ပေါ်လာကာ သူ၏ဧရာမ ဧကရာဇ်သစ်ပင် ထွက်ပေါ်လာသည်။ ရွှေရောင် သစ်ပင်ကြီးက ကောင်းကင် တစ်ခုလုံးကို တစ်မုဟုတ်ချင်း ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင် နေရာအနှံ့ကို အကိုင်းအခက်များ ဝေဆာစွာဖြင့် ပြန့်ကား သွားသည်။

သစ်ရွက်များက ဓားသွားများလို ထက်ရှသော အချိန်တွင် သစ်ကိုင်းများက လောက၏ အမာကျောဆုံး အပျော့ပျောင်းဆုံး နွယ်ပင်များအလား ထင်မှတ်ရသည်။ ထိုမှော်စွမ်းအင်များက ဧကရာဇ်သစ်ပင်၏ အကိုင်းအခက်များကို ကျော်လွှားနိုင်ခြင်း မရှိပေ။ တစ်စုံ တစ်ယောက်က လက်ဝါးဖြင့် သစ်ပင်ကို ရိုက်ရန် ကြိုးစားသည့်တိုင် သူ၏လက်ဝါး အမြောက်တွင်ပင် သစ်ကိုင်းချွန် တစ်ခုက သူ၏ခန္ဓာကိုယ်ကို ထွင်း​​ဖောက် သွားသည်။

တခြား လူများကလည်း ထိုသို့ပင် တူညီသော ကံကြမ္မာနှင့် ဆုံတွေ့ သွားရသည်။ ယိရှောင်ရှီ၏ ဧကရာဇ် သစ်ပင် စွမ်းအားက လူအများအပြားကို ကြီးစွာ ကြောက်ရွံ့ ထိတ်လန့်မှု ဖြစ်စေသည်။

ယိရှောင်ရှီက ယခု အဋ္ဌမ အတန်းအစား နိုဘယ်ဖြစ်သည်။ သူ၏သက်စောင့် ဝိညာဉ်က ဧကရာဇ် သစ်ပင်ဖြစ်ကာ သူ၏အစ်မ နှစ်လက် ဆောင်ပေးသော မှော်လက်နက်ကိုလည်း သူ၏ဓမ္မတွင် ပေါင်းစပ်ခဲ့ရာ အလွန်အမင်း အားကောင်းသည်။ သာမန် နိုဘယ်များက သူ၏ပြိုင်ဘက် မဟုတ်ပေ။

လီစွမ်းတို့ အဖွဲ့၏ မျက်လုံးများက စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။ ထိုဖက်တီးအား သူတို့ လျှော့တွက်ခဲ့ကြသည်။ မိုကျွမ်က မျက်မှောင်ကြုတ် လိုက်သည်။ ယိရှောင်ရှီက အလွန်အမင်း အားကောင်းသည်ဟု သူခံစားရသည်။

ခြေတစ်လှမ်းမျှဖြင့် သူက ကောင်းကင်ထက်ကို ပျံတက်သွားကာ ကြောက်မက်ဖွယ် ကောင်းသော အားအင်များ သူ့ခန္ဓာကိုယ်တွင် စုစည်း လာနေသည်။ မိုကျွမ်၏ စွမ်းအားကို မြင်သည်တွင် သူ့အတွက် ခက်ခဲသော ပြိုင်ဘက် တစ်ယောက် ပေါ်လာသည်ကို ယိရှောင်ရှီက သိသည်။

ရီဖူရှင်းက ထိုတိုက်ပွဲကို မကြည့်ပေ။ သူက ယိရှောင်ရှီကို စိတ်ချသည်။ သူ၏မျက်လုံးက ဘေးမှ လူများကို တစ်ချက် ကြည့်သည်။ ကျိုးကျွမ်၏ မျက်လုံးများက အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားသည်။ သူက ရီဖူရှင်းထံသို့ လျှပ်စီးအလား မြန်ဆန်စွာ ခုန်ဝင်လာ၏။

သူ၏လက်ဝါးက ရီဖူရှင်းရှိရာသို့ ကြီးမားသော အားအဟုန်ဖြင့် ရောက်ရှိ လာသည်။ သို့သော် ရီဖူရှင်းက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ရီဖူရှင်းက ရှောင်ဖယ်လိုပုံပင် မရပေ။

“မင်းက သေချင်နေတာပဲ…” သူ၏လက်မှ​ နဂါးလက်သည်းပုံစံ အရိပ်တစ်ခု ဖြစ်ပေါ်လာကာ ရုန့်ရင်း ကြမ်းတမ်းစွာဖြင့် ရီဖူရှင်း၏ရင်ဘတ်ကို ကုတ်ခြစ် လိုက်သည်။

ထိုလက်သည်း ကုတ်ချက်က အမှန်ပင် ရီဖူရှင်း၏ ရင်ဘတ်ကို ကျဆင်းသည်။ သို့သော် ကျိုးကျွမ်က အသားကို ကုတ်ခြစ်သည်ဟု မခံစားရဘဲ သံမဏိ ခန္ဓာကိုယ်ကို ကုတ်ခြစ်မိသည်ဟုသာ ခံစားရသည်။ သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ မျက်လုံးက ထိတ်လန့် အံ့အားသင့် သွားသည်။

“ကျုပ်က မင်းထက် အားကောင်းတယ် ဆိုတာကို မြင်လို့ မနာလို ဖြစ်နေတာလား… ဒါကြောင့် အမြဲတမ်း ကျုပ်ကို မကောင်းမြင် နေတာလား…” ရီဖူရှင်းက သူ့ကို တည်ငြိမ်စွာပင် မေးသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset