Switch Mode

အပိုင်း (၅၁၈)

မင်း မထိန်းချုပ်နိုင်ဘူး…

အခန်း တစ်ခုထဲတွင် ရီဖူရှင်းက တင်ပျဉ်ခွေ ထိုင်နေသည်။ သူ၏ရှေ့တွင်ကား တော်ဝင်တံဆိပ်ပြား တစ်ထောင်ခန့်က လေထဲတွင် အရောင်များ လင်းလက်စွာဖြင့် ရပ်တန့်နေကြသည်။ ယခုတွင် တော်ဝင် တံဆိပ်ပြားများက မြေပုံတစ်ခုအလား ဖြစ်ပေါ်လာနေသည်။

“တော်ဝင်လမ်းရဲ့ မြေပုံ…” ရီဖူရှင်းက ထိုမြေပုံကို စူးနစ်စွာ ကြည့်နေသည်။ သူက ရှင်းလင်းစွာ ကြည့်ရှုလိုသော်လည်း မြေပုံက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေကာ သူက ဝေဝါးသော ပုံရိပ်ကိုသာ မြင်နိုင်သည်။ တော်ဝင်လမ်းတွင် မြို့ကိုးမြို့ရှိကာ ရီဖူရှင်း၏မျက်လုံးက တစ်နေရာကို ရောက်သွားသည်။ အဆိပ်မီးတော်မြို့ကို သူက ခန့်မှန်း၍ ရသည်။

မြေပုံတွင် အဆိပ်မီးတော်မြို့ ရှိသော နေရာ၌ အလင်းတန်း တစ်ခုကိုလည်း မြင်ရသည်။ ရီဖူရှင်း၏ မျက်လုံးများက စူးရှတောက်ပြောင် နေသည်။ ထိုအမှတ်အသားက ဧရာမ ရှေးဟောင်း အကြွင်းအကျန် နယ်မြေ၏ တည်နေရာများလား…။

သူက မြေပုံကို အတန်ကြာ စိုက်ကြည့်သည့်တိုင် ရှင်းလင်းလာခြင်း မရှိပေ။ ထို့ကြောင့် သူ စုဆောင်းထားသော တော်ဝင် တံဆိပ်ပြားများက လုံလောက်ခြင်း မရှိသေးကြောင်း ရီဖူရှင်းက ခန့်မှန်းမိသည်။ သူက နောက်ထပ် စုဆောင်းရန် လိုသည်။

ရီဖူရှင်း၏နာမည်က ကျော်ကြားနေခြင်း သည်လည်း ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။ ပိုမိုသော လူများက ရီဖူရှင်းထံကို ရောက်လာကာ သူတို့၏ တံဆိပ်ပြားများကို ပေးအပ်ကြသည်။ ထိုလူအများအပြားတွင် တော်ဝင် တံဆိပ်ပြားများက တစ်ခုထက်ပိုသည်။ ထို့အတူ ထိပ်သီး အုပ်စုများကလည်း အဆိပ်မီးတော်မြို့ကို ရောက်နေကာ အခြေအနေကို စောင့်ကြည့် နေကြသည်။

ရှာမိသားစုမှ ရှာဖန်း၊ နန်ထျန်းအိမ်တော်မှ သခင်လေးများ၊ လူသားကမ္ဘာ၏ နတ်မိမယ်၊ ဓားကျေးရွာ၏ ဆက်ခံသူ၊ ရှီတန်ခိုးရှင် တူရန်ထျန်း၏ တပည့်များနှင့် ပြိုင်ဘက်ကင်း နန်ဟောင်တို့ ဖြစ်ကြသည်။ သူတို့ ဘာအတွက် လာသည်ကိုလည်း အားလုံးက သိကြ၏။

ရီဖူရှင်း၏ စကားများက ထိုလူများကိုပင် ဆွဲဆောင် နိုင်ခဲ့သည်။ သူက လုံလောက်သော တံဆိပ်ပြားများကို စုဆောင်းနိုင်ပါက တော်ဝင်လမ်းမှ ဧရာမရှေးဟောင်း နယ်မြေများအား ဖွင့်လှစ်ခွင့် ရလိမ့်မည်။

နောက်သုံးရက်ခန့် ကြာသောအခါ ရီဖူရှင်းက နောက်ထပ် တံဆိပ်ပြား တစ်ထောင်ကျော်ခန့် စုဆောင်းနိုင်ခဲ့သည်။ သို့သော်လည်း ထိပ်သီးအဖွဲ့များက စောင့်ဆိုင်း နေကြသည်။ သူတို့က ရီဖူရှင်းကို နှောင့်ယှက်ခြင်း မပြုကြပေ။ ရီဖူရှင်းက တော်ဝင် တံဆိပ်ပြားများကို စုဆောင်း၍​ ပြီးစီးသည်အထိ သူတို့ စောင့်ဆိုင်းပေမည်။ ရီဖူရှင်းက အားလုံးကို စုဆောင်းပြီးစီးသော အခါမှ ဝင်ရောက် လုယက်ခြင်းက အလွန် ကောင်းမွန်သော အချိန်အခါ ဖြစ်သည်။

ယနေ့တွင် ရီဖူရှင်းက တစ်နေရာကို စနည်းနာရန် ထွက်လာခဲ့သည်။ သူက အဆိပ်မီးတော်မြို့မှ လျှို့ဝှက် အမှတ်အသား၏ တည်နေရာ အတိကအကျကို သိလိုသည်။ သူနေထိုင်ရာ အဆောင်မှ ထွက်ခွာ သွားသည်တွင် သူ့ဘေးတွင် ကာကွယ်သူ များစွာလည်း လိုက်ပါ သွားကြသည်။ ရီဖူရှင်းထံတွင် တံဆိပ်ပြားများ ရှိသည်။ သူတို့အားလုံးက သတိထားရန် လိုပေသည်။

သူတို့အားလုံးက အလွန်အမင်း စွမ်းအားမြင့်သော လူနှစ်ယောက်ကိုပင် ရွေးချယ်ကာ ရီဖူရှင်းအား အနီးကပ် ကာကွယ် စောင့်ရှောက်ရန် တာဝန် ပေးထားကြသည်။ ယိရှောင်ရှီ၊ မူကျိချူ၊ ယူချင်း၊ ကြယ်မင်းကျောင်းမှ​ တပည့်များနှင့် ချန်ရန်တို့အပြင် ရှောင်ကျွမ်ရီနှင့် ယန်ရှောင်တို့က ရီဖူရှင်းအား အဓိက ကာကွယ် စောင့်ရှောက်သူများ ဖြစ်ကြသည်။ ရှောင်ကျွမ်ရီနှင့် ယန်ရှောင်တို့ နှစ်ယောက်လုံးက သတ္တမအတန်းအစား နိုဘယ်များ ဖြစ်ကြသည်။

ရီဖူရှင်း၏နောက်မှ တံဆိပ်တော်များ ပေးအပ်ခဲ့ကြသော လူများလည်း လိုက်ပါလာကြရာ လူအုပ်ကြီးက မျက်စိတစ်ဆုံး များပြားလွန်းလှသည်။ ထို့အတူ တံဆိပ်ပြား မပေးအပ်သည့် လူများလည်း ပါလာကြသည်။ သူတို့အားလုံးအတွက် ရီဖူရှင်းက ရတနာဖြစ်သည်။ ရီဖူရှင်းက သေးငယ်သော ရှေးဟောင်းနယ်မြေကို ဖွင့်သည်ဖြစ်စေ ကြီးမားသော ရှေးဟောင်း နယ်မြေကို ဖွင့်သည်ဖြစ်စေ သူတို့အတွက် ထိုက်တန်ပေသည်။ ထို့နောက် သူတို့က အဆိပ်မီးတော်မြို့၏ တစ်နေရာကို ရောက်လာကြသည်။

ရီဖူရှင်းက အဆိပ်မီးတော်မြို့၏ ကျောက်တုံး အပျက်အစီးများ စုဝေးရာ နေရာတစ်နေရာသို့ ရောက်လာသည်။ နေရာကား ကြီးမား ကျယ်ပြန့်ကာ မူမမှန်သော အရာများ တစ်ခုမှလည်း မတွေ့ရပေ။ သို့သော် ဤနေရာက မြေပုံပေါ်မှ အမှတ်အသား ဖြစ်သည်ကို ရီဖူရှင်း သိသည်။

ရီဖူရှင်းနောက်မှ လိုက်ပါလာသူများ ကလည်း သူ ဘာလုပ်မည်ကို စိတ်ဝင်စားစွာဖြင့် ကြည့်နေကြသည်။ ဤနေရာက ဧရာမ ရှေးဟောင်း အကြွင်းအကျန် နယ်မြေများလား…။

ထိုစဉ် အဝေးမှ သင်္ဘောပျံကြီးတစ်စင်း ပျံသန်းလာနေသည်။ မရေမတွက်နိုင်သော မျက်လုံးများက သင်္ဘောပျံကြီးအား လှမ်းကြည့်ကြသည်။ ရှေ့ဆုံးတွင် မိန်းကလေး နှစ်ယောက်က ရပ်နေကြ၏။ သူတို့က နတ်မိမယ်များအလား လှပချောမောကြသည်။ သူတို့နှစ်ယောက်က ရီဖူရှင်းကို ကြည့်နေကြ၏။

“လူသားကမ္ဘာ…” လူအများအပြားက သင်္ဘောပျံကြီးအား လှမ်းကြည့်ကြသည်။ ထိပ်သီး အင်အားစုများက ရီဖူရှင်းအပေါ် မျက်စိကျလာခြင်း အတွက် သူတို့အားလုံးက စိုးရိမ်နေကြသည်။

ရီဖူရှင်းကလည်း သင်္ဘောပေါ်မှ မိန်းမကို လှမ်းကြည့်လိုက်သည်။ သူက ချူရှမ်းကို အရှေ့မြေရိုင်း ဒေသတွင် တွေ့ဖူးသည်။

တခြား မိန်းမမူကား ချူရှမ်းထက်ပင် လှသေးသည်။ သို့သော် သူမ၏အလှက အရောင်သွေး စုံလင်လှကာ မူကျိချူနှင့်ပင် ယှဉ်နိုင်၏။ သို့သော် မူကျိချူ၏အလှက ရိုးရှင်းပြီး ကိုယ်ရောင်ကိုယ်ဝါများ အရ နေ့နှင့်ညလို ကွာခြားသည်။

“ပိုင်ရီနဲ့ ချူရှမ်းတို့က လူသားကမ္ဘာရဲ့ နတ်မိမယ်တွေပဲ… ပိုင်ရီက သမီးတော် သုံးယောက်ထဲက တစ်ယောက်ပဲ…” မူကျိချူက ပြောသည်။

ရီဖူရှင်းက အကြည့်လွှဲလိုက်ကာ သူတို့ကို ထပ်မကြည့်တော့…။ သည်မိန်းမက လှလျှင်ကော ဘာလုပ်ရမည်နည်း။ နန်ထျန်းအိမ်တော်၊ လူသားကမ္ဘာနှင့် တော်ဝင် မီးတောက်ဂိုဏ်းတို့က အရှေ့မြေရိုင်းဒေသကို လာရောက် အနိုင်ကျင့်သည့်ကိစ္စကို သူ မမေ့ပေ။

ချူရှမ်းကလည်း ရီဖူရှင်းကို အကဲခတ်နေသည်။ နှစ်နှစ်မျှ ကြာမြင့်သော အချိန်တွင် သူမတစ်ချိန်က ဖိတ်ခေါ်ခဲ့ဖူးသော လူငယ်လေးကား ပိုမို၍ပင် ထွန်းတောက် လာနေသည်။ ထို့အပြင် သူ၏မျက်လုံးများထဲမှ မာန်မာနများက တစ်စက်မျှပင် လျော့နည်းပုံ မရပေ။

“မင်းက အန္တရာယ်ကို ဖိတ်ခေါ်နေတာပဲ…” ချူရှမ်းက သင်္ဘောပေါ်မှ ပြောသည်။ လူတိုင်းက အံ့အားသင့် သွားကြသည်။

“ဒါဆို…” ရီဖူရှင်းက ပြုံးသည်။

“တော်ဝင် တံဆိပ်ပြားတွေကို ဘာလို့ ငါတို့ကို မပေးတာလဲ… ငါတို့ အတူပူးပေါင်းပြီး ရှေးဟောင်း နေရာကို ဖွင့်လှစ်လို့ ရတာပဲ…” ချူရှမ်းက ကမ်းလှမ်းသည်။ ရီဖူရှင်းအား လူသားကမ္ဘာကို ထပ်မံ မဖိတ်ခေါ်တော့။ ရီဖူရှင်း၏ စွမ်းရည်ဖြင့် သူသာ တော်ဝင်လမ်းမှ ထွက်နိုင်လျှင် တော်ဝင်ကျဲ နန်းတော်ကို ဝင်ခွင့်ရမည်မှာ သေချာသလောက် ရှိနေသည်။ ထို့အပြင် ကျူးကော့ မိသားစုကလည်း ရှိသေးသည်။

ရီဖူရှင်းက ပြုံးကာ ဘာမှ မပြော။ သူ၏အမူအရာကို မြင်သည်တွင် ချူရှမ်းကလည်း နားလည်သည်။ စိတ်ထဲမှ သူ့အတွက် ချူရှမ်းက သက်ပြင်းချနေမိသည်။ ရီဖူရှင်း၏ပါရမီ အမှန်ပင် ကောင်းမွန်သည်ကို သူမဝန်ခံရသည်။ သို့သော် ထိပ်သီး အင်အားစုများက ရီဖူရှင်း၏လက်ထဲမှ တော်ဝင် တံဆိပ်ပြားများကို မျက်စိကျနေသည် ကိုလည်း သိသည်။ ထိုလူများ အားလုံးက ယခု အဆိပ် မီးတောက်မြို့ကို ရောက်နေကြပြီး ဖြစ်သည်။

အကယ်၍ ရီဖူရှင်းကသာ ဤသို့ ခေါင်းမာနေမည် ဆိုပါက သူ့အသက် သေဆုံးရန် များနေသည်။

“နတ်မိမယ်ပိုင်ရီနဲ့ နတ်မိမယ်ချူရှမ်း…” ထိုအခိုက်တွင် အသံတစ်သံ ထွက်လာသည်။ နောက်ထပ် လူတစ်စုက ယာဉ်ပျံတစ်စီးနှင့်အတူ ရောက်လာကြသည်။

ပိုင်ရီနှင့် ချူရှမ်းတို့ နှစ်ယောက်လုံးက ထိုလူကို ကြည့်ကာ ပြုံးလျက် နှုတ်ဆက်ကြသည်… “သခင်လေးကု…”

“အဲဒါ ကုဖေးရန်… ရှီတန်ခိုးရှင် တူရန်ထျန်းရဲ့ တပည့်…” တစ်ယောက်က တီးတိုးပြောသည်။

“လူသားကမ္ဘာက နတ်မိမယ်တွေက ရှီတန်ခိုးရှင် တူရန်ထျန်းကို သွားပြီး လည်ပတ် ဂါရဝပြုခဲ့တုန်းက သူတို့ အချင်းချင်း သိခဲ့ကြတာ ဖြစ်ရမယ်…” တစ်ယောက်က ပြောသည်။

ကုဖေးရန်က ပိုင်ရန်၊ ချူရှမ်းတို့နှင့် စကားစမြည် ပြောနေကြသည်။ သူတို့က ရီဖူရှင်းကို ရှိသည်ဟုပင် မထင်ကြပေ။ သူတို့က တံဆိပ်ပြားများကို လုယက်ရန် အလျင်မလိုပေ။

“ရှာဟိုနဲ့ ယန်ချူလည်း ဒီကို ရောက်နေတယ်…” မူကျိချူက အဝေးကို ကြည့်ကာ ပြောသည်။ ထိုနေရာတွင် ရှာမိသားစုမှ ရှာဟိုနှင့် ဓားကျေးရွာမှ ယန်ချူတို့ ရှိနေကြသည်။

မြေပြင်က တဒုန်းဒုန်း တုန်ခါလျက် သားရဲကောင်ကြီး တစ်ကောင် အဝေးမှ ရောက်လာသည်။ သူကား လူဝံကြီး ယန်ကျင်း ဖြစ်သည်။ သူပင်လျှင် လာကြည့်၏။

နန်ထျန်းအိမ်တော်မှ လူများလည်း ရောက်လာကြသည်။ နန်ဟိုက ပြုံးနေသော်လည်း နန်ယွီမူကား ရေခဲသမျှ အေးစက်စွာ ရီဖူရှင်းကို ကြည့်နေသည်။

ရီဖူရှင်းက ရောက်လာသူများအား စောင့်ကြည့်နေသည်။ ရီဖူရှင်းက ရှေးဟောင်း နယ်မြေအား ဖွင့်လှစ်တော့မည်ဟု ထိုလူများက သံသယ ဝင်သောကြောင့် ရောက်လာခြင်း ဖြစ်ရမည်။ ချူရှမ်းမှလွဲ၍ တခြားလူများက ရီဖူရှင်းကို ဘာမှ မပြောကြသေးပေ။ သို့သော် သူတို့အားလုံး၏ ရည်ရွယ်ချက်က တစ်ခုတည်းသာ ရှိသည်။

ရုတ်တရက် အလွန် အားကောင်းသော လေဓာတ်နှင့်အတူ လူတစ်စု ရောက်လာကြသည်။ သူတို့အားလုံးက နိုဘယ်များ ဖြစ်ကာ အလွန်အမင်း အရှိန်အဝါ ကြီးသည်။

“အဲဒါ မိုကျွမ်ပဲ…” လူအများအပြားက ရေရွတ်ကြသည်။ သူတို့၏အကြည့်က ချပ်ဝတ်နက် ဝတ်ဆင်ထားသော လူငယ် တစ်ယောက်ထံကို ရောက်သွားသည်။ သူကား အလွန် ကျော်ကြားသည်။

မိုကျွမ် ရောက်လာသည်ဆိုလျှင် ထိုလူလည်း ရောက်လာရမည်။ သူတို့က နောက်ဘက်ကို မျှော်ကြည့်ကြလျှင် အမှန်ပင် နိုဘယ်များ ဆွဲလာသော ရထားလုံး တစ်ခုပေါ်တွင် ထိုင်နေသော သူတစ်ယောက်ကို တွေ့ရသည်။ ထိုလူများကား နိုဘယ်များ ဖြစ်သည့်တိုင် ရထားလုံးအား ဆွဲလိုသည်ကို ကြည့်ပါက ရထားလုံးထဲမှ လူ၏ အဆင့်အတန်းကို သိနိုင်သည်။

မူကျွမ်နှင့် တခြားလူများက ရှေ့မှ ဦးဆောင်လာခြင်း ဖြစ်ကာ ရထားလုံးထဲမှ လူက အပြင်ကို ထွက်လာသည်။ သူကား လူငယ် တစ်ယောက်ဖြစ်ကာ သူ၏ မျက်လုံးများက အလွန်စူးရှသည်။

“အဲဒါ တော်ဝင်လမ်းထဲက စွမ်းအား အမြင့်ဆုံးထဲက တစ်ယောက်ဖြစ်တဲ့ နန်ဟောင်ပဲ… သူက ထိပ်ဆုံး သုံးယောက်စာရင်း ဝင်မယ်လို့ အားလုံးက တထစ်ချ သတ်မှတ် ထားကြတယ်…” မူကျိချူက ပြောသည်… “သူ့နောက်လိုက် မိုကျွမ်တောင်မှ ကြောက်စရာ ကောင်းအောင် အားကောင်းတယ်… သူတို့နှစ်ယောက် ပေါင်းရင် အာရုဏ်လမ်းမှာ ပြိုင်ဘက်ကင်းတယ်…”

ရီဖူရှင်းက ခေါင်းညိတ်သည်။ သူ၏ဘေးမှ လူများ အားလုံးကလည်း ကြီးမားသော ဖိအားကို ခံစားလာရသည်။ တော်ဝင် တံဆိပ်ပြားက အမှန်ပင် လုံခြုံနိုင်ဦးမလား သူတို့အားလုံး စိုးရိမ်ကြသည်။

“သွားစို့…” ရီဖူရှင်းက ပြောကာ နောက်လှည့် ထွက်ခွာသွားသည်။ အသစ်ရောက်လာ သူများက စိတ်ဝင်စားစွာ တစ်ချက် ကြည့်သည်။ သူတို့က ရီဖူရှင်း၏ နောက်ကို မလိုက်ပေ။ သူတို့က ကိုယ်တိုင် လှုပ်ရှားစရာ မလိုအပ်သေးပေ။

လမ်းလျှောက်ရင်းက ရီဖူရှင်း အတွေးနက် နေသည်။ အခြေအနေက အမှန်ပင် အနည်းငယ် ပြဿနာ ရှိနေသည်။

ထိုစဉ် နောက်မှ ရုတ်ရုတ်သဲသဲ အသံများကို ကြား၍​ ရီဖူရှင်းက လှည့်ကြည့်လိုက်ရာ တစ်စုံတစ်ယောက်က သူ့ထံကို လာရန် ကြိုးစားနေသည်ကို မြင်ရသည်။ ရီဖူရှင်း၏လူများက သူ့အား တားဆီးထားသည်။

ထိုလူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “သခင်လေးနန်က ခင်ဗျားကို ပြောစရာ ရှိတယ်…”

“သူ့ကို ပေးဝင်လိုက်…” ရီဖူရှင်းက ပြောသည်။ ထိုလူက ပြောသော သခင်လေးနန် ဆိုသည်မှာ နန်ဟောင် ဖြစ်ရပေမည်။

လူအုပ်က သူ့ကို ပေးဝင်လိုက်သည်တွင် ထိုလူက ရီဖူရှင်း၏အနီးကို ကပ်လာကာ တီးတိုးပြောသည်… “ခင်ဗျားက တော်ဝင်ကျဲ နန်းတော်ကို ဝင်မလို့ တော်ဝင်လမ်းကို  လာတာဆိုရင် ခင်ဗျားက တော်ဝင်ကျဲ နန်းတော်မှာ လေ့ကျင့်ခွင့်ရဖို့ သူတာဝန်ယူတယ်တဲ့…”

“နန်ဟောင်က တော်ဝင်ကျဲနန်းတော်က အကြီးအကဲ တစ်ယောက်နဲ့ ဆက်စပ်နေတယ်… သူ့ကိုလည်း တိုက်ရိုက် တပည့်အဖြစ် ကြိုတင် သတ်မှတ်ထားပြီးသား…” မူကျိချူက ပြောသည်။

“ဆိုလိုတာက…” ရီဖူရှင်းက သူ့ကို ကြည့်သည်။

“တကယ်လို့ ခင်ဗျားက ရှေးဟောင်း နယ်မြေကို ဖွင့်မယ်ဆိုရင် သခင်လေးနင် တစ်ယောက်တည်းကပဲ ခင်ဗျားကို ကူညီနိုင်တယ်…” ထိုလူက ပြောသည်။

“တောင်းဆိုချက်တွေကရော…” ရီဖူရှင်းက ပြုံးသည်။

“ခင်ဗျားရဲ့ တော်ဝင် တံဆိပ်ပြားတွေကို သခင်လေး နန်ဟောင်ကို ပေးရမယ်… ခင်ဗျားက သူ့ကို ကူပြီး ရှေးဟောင်း နယ်မြေကို ဖွင့်ရမယ်… ခင်ဗျား လိုချင်တာကိုလည်း ရမယ်… တော်ဝင်ကျဲ နန်းတော်ကိုလည်း ဝင်ရမယ်…” ထိုလူက ပြောသည်။

“စိတ်မကောင်းပါဘူး… ကျုပ် လက်မခံဘူး…” ရီဖူရှင်းက တုံးတိတိ ပြောသည်။

တစ်ဖက်လူက ရီဖူရှင်းကို စိုက်ကြည့်သည်။ သူတို့ ကမ်းလှမ်းချက်က အလွန့်အလွန် ကောင်းမွန်နေပြီး ဖြစ်သည်။ ရီဖူရှင်းက စဉ်းစားခြင်းပင် မပြုဘဲ ငြင်းပယ်ရဲသည်။

“မင်းက ဒါကို ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး…” ထိုလူ၏လေသံက ချက်ချင်း အေးစက် သွားသည်။

“ကျုပ်က တော်ဝင်ကျဲ နန်းတော်ကို ဝင်ချင်ရင် တခြားလူတွေရဲ့ အကူအညီကို ယူစရာ မလိုဘူး… ခင်ဗျား ကမ်းလှမ်းတာက ဘာမှ မဟုတ်ဘူး…” ရီဖူရှင်းက တစ်ဖက်လူကို အထင်သေးစွာ ကြည့်ပြီး ထွက်သွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset