ပြန်သတိရလာသောအခါ ပုံရိပ်ယောင်ကမ္ဘာထဲတွင် ရှိနေသေးသည်ကို ဝမ်ပေါင်လဲ့ တွေ့လိုက်ရသည်။ တစ်နေ့လုံး သူသတိမေ့နေခဲ့ပြီး မြွေများ၏အဆိပ်က လူအများတွေးထင်ထားသကဲ့သို့ ပြင်းထန်ခြင်းမရှိသည့်အပြင် မြွေဆိပ်ကုသရာတွင် ကျွမ်းကျင်လှသော အတန်းဖော်များ၏ကျေးဇူးကြောင့် သူ၏လှပသောဆန္ဒလေးက ဆုံးခန်းတိုင်မသွားခဲ့ချေ။
ကံကောင်းသွားသည်က သူသတိပြန်လည်လာသောအခါ နာမည်အရင်း ကျိုးရှောင်ရဟုခေါ်သော ဘန်နီလေးက သူ့ကို စိတ်ရောကိုယ်ပါ ဂရုစိုက်ပေးသည်။ တုမင်ကမူ သူ့ကို ဆက်လက်ရန်လိုခြင်းမရှိတော့ပေ။ ထိုသည်က သူ့ကို စိတ်သက်သာရာရသွားစေသည်။ သူက သူလုပ်ဆောင်ခဲ့သော ကယ်တင်မှုကြီးအကြောင်းကို ပြန်လည်တွေးတောနေလိုက်၏။ ယခုအချိန်ဆိုလျှင် ဆရာများက ထိုမြင်ကွင်းကို တွေ့မြင်သွားလိမ့်မည်ဖြစ်ရာ စစ်ဆေးပွဲမှ စွမ်းဆောင်မှုရမှတ်များစွာ သူရရှိမည်မှာ သေချာလှသည်။
သို့သော် သူ့ကို စိတ်ပျက်စေသော ကိစ္စတစ်ခုတော့ရှိသည်။ ၎င်းမှာ တောအုပ်ထဲတွင် သူတို့၏တခြားအတန်းဖော်များကို လိုက်လံရှာဖွေသောအခါ လျှိုတောက်ပင်းက သိသိသာသာ ကွဲပြားသောလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။ ဖြစ်ပျက်သွားခဲ့သောကိစ္စကြောင့် သူ အရှက်ရသွားဟန်တူသည်။ လမ်းတစ်လျှောက်တွင် ကြုံတွေ့သမျှအန္တရာယ်များအားလုံးကို သူက ရှေ့ဆုံးမှဦးဆောင်ကာ ဖြေရှင်းနေတော့သည်။ ထိုအခြင်းအရာက စွမ်းဆောင်မှုရမှတ်များ ရယူလိုနေသော ဝမ်ပေါင်လဲ့အတွက် ခက်ခဲသွားစေသည်။
အဆိုးဝါးဆုံးမှာ ယခင်တစ်ခေါက်က ကြုံတွေ့ခဲ့ရသည့် မြွေများကဲ့သို့ အန္တရာယ်များသောအခြေအနေများကို မကြုံတွေ့ရတော့ခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ့အရည်အချင်းများကို အလဟဿဖြုန်းတီးနေရသည့်အလား ခံစားနေရသည်။ သူ စိတ်ဓာတ်ကျနေပြီး ယခုအခါ သူလုပ်နိုင်သည်မှာ လျှိုတောက်ပင်းက စစ်ဆေးပွဲမှ ရနိုင်သမျှအမှတ်များ ရယူနေခြင်းကို ကြည့်နေရန်သာ ဖြစ်နေသည်။
တကယ်လို့ လျှိုတောက်ပင်းသာ ဒီလိုကြီးတွေ ဆက်လုပ်နေရင် ဒီလျှို့ဝှက်စစ်ဆေးပွဲမှာ သူ့အမှတ်တွေက ငါ့ထက် များနေတော့မှာပဲ။
ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်း စိတ်ပူလာ၏။ သို့သော် ထိုခံစားချက်များက ကြာရှည်မခံလိုက်ပေ။ သူတို့က ရီရှန်းထျန်ဟု အမည်ရသော ကျောက်တုံးကြီးများကြားရှိ လမ်းကျဥ်းလေးတစ်ခုမှာ စခန်းချလိုက်ကြသည်။ ထိုနေရာတွင် သူတို့စခန်းချနေစဉ် ဒုတိယမြောက်ည၌ ဝံပုလွေများ၏ဆွဲဆွဲငင်ငင်အူသံကြီးများကို သူတို့ ကြားလိုက်ရလေသည်။
ဝံပုလွေအူသံများက ကျောက်စိုင်ကျောက်သားကို ထိုးဖောက်နိုင်စွမ်းရှိသည့်အလား သူတို့၏နားစည်သို့တိုင် လာရောက်ရိုက်ခတ်လေသည်။ လူအားလုံး အလန့်တကြားဖြစ်သွားကြပြီး အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ သူတို့ရှေ့ရှိ သစ်ပင်များကြားထဲတွင် အနီရောင်မျက်လုံးပေါင်းမြောက်မြားစွာကို တွေ့မြင်လိုက်ရသည်။
ဝံပုလွေများက မရေမတွက်နိုင်အောင် ရှိနေပြီး သူတို့ဆီသို့ စက်ဝိုင်းပုံစံ ချည်းကပ်လာသည်။ တချို့ဝံပုလွေများက ပြေးလာနေကြပြီး တချို့ဝံပုလွေများက သစ်ပင်များပေါ်မှ ခုန်ကူးကာ လာနေသည်။ ၎င်းတို့က သွေးဆာနေသော မျက်လုံးများနှင့် အူသံပေး၍ လာနေရာ အံ့သြတုန်လှုပ်ဖွယ်ကောင်းနေတော့သည်။
ထိုမြင်ကွင်းက လျှိုတောက်ပင်းနှင့်သူ့အဖော်များ၏အမူအရာများကို ပြောင်းလဲသွားစေသည်။ သူတို့၏ဦးရေခွံများ ထုံကျဉ်လာပြီး ချွေးများစီးကျလာတော့သည်။
‘ ဝံပုလွေအုပ်စုကြီးဟ။ မြန်မြန်ပြေးကြ ‘
‘ ဒါ ငရဲအရိုးဝံပုလွေတွေပဲ ‘
မြွေအုပ်စုကြီးနှင့် ကြုံတွေ့ရပြီးနောက် တုမင်က များစွာရင့်ကျက်လာခဲ့၏။ မြေမျက်နှာသွင်ပြင်အရ ဝံပုလွေအုပ်စုကြီး၏ဘေးရန်မှ ရှောင်ရှားရန်အလို့ငှာ လူအားလုံးကို ရီရှန်းထျန်ထဲသို့ ဆက်လက်ဝင်ရောက်ရန် ချက်ချင်းအော်ပြောလိုက်သည်။
လျှိုတောက်ပင်းသည် ဒွိဟဖြစ်နေပြီးနောက် အံကိုတင်းတင်းကြိတ်လိုက်၏။ သူက ချက်ချင်း နောက်မဆုတ်သေးဘဲ ဝံပုလွေများကို အချိန်ဆွဲထားရန် သူ့အတန်းဖော်များကို အော်ခေါ်လိုက်သည်။
ဘန်နီလေးက ဝမ်ပေါင်လဲ့ကို ကပျာကယာ ဆွဲထူလိုက်သည်။ သူမက တုန်လှုပ်နေသော်လည်း ဝမ်ပေါင်လဲ့ကို တခြားလူများနှင့်အတူ ရီရှန်းထျန်ထဲသို့ ဆွဲခေါ်နေသည်။ သို့သော် ဝမ်ပေါင်လဲ့၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေလေပြီ။
သူ့အမြင်အရ ယခင်က လျှိုတောက်ပင်းကို စွမ်းဆောင်မှုရမှတ်များ ပေးခဲ့သည်က အဆင်ပြေသေးသည်။ ယခု ကြီးမားသော အခွင့်အရေးတစ်ခု ရောက်လာခဲ့ပြီဖြစ်ရာ လျှိုတောက်ပင်းတစ်ယောက်ထဲ စွမ်းဆောင်မှုရမှတ်များ ရသွားမည်ကို သူမည်သို့ လွှတ်ထားနိုင်ပါမည်နည်း။ သူ့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းမီးတောက်များ ချက်ချင်းတောက်လောင်လာသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ရဲရင့်ပြတ်သားသောစိတ်ဓာတ်များ ပြန်လည်ကိန်းအောင်းလာသည့်အလား ရီရှန်းထျန်ဆီသို့ သွားနေရာမှ ရပ်တန့်လိုက်၏။
‘ ရှောင်ရ၊ အရင် သွားနှင့်လိုက် ‘
ဝမ်ပေါင်လဲ့က ဘန်နီလေးကို ပြောပြီးသည်နှင့် လျှိုတောက်ပင်းရှိရာသို့ တဟုန်ထိုး ပြေးသွားသည်။ သူက လျှိုတောက်ပင်းကို ဆွဲလိုက်ပြီး လျှိုတောက်ပင်းက အံ့အားသင့်နေစဉ် ရီရှန်းထျန်ဆီသို့ ဆွဲခေါ်သွားရင်း အော်ပြောလိုက်သည်။
‘ အစ်ကို၊ အရင်ဆုံး နောက်ဆုတ်နေလိုက်။ ကျုပ် ဒီမှာ နေခဲ့လိုက်မယ် ‘
လျှိုတောက်ပင်းမှာ စဉ်းစားရကြပ်သွား၏။ သူ မည်သို့မျှ မတုန့်ပြန်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့က တွေဝေတွန့်ဆုတ်နေခြင်းမရှိဘဲ ဝံပုလွေအုပ်စုရှိရာသို့ တဟုန်ထိုး ပြေးသွားလေသည်။
‘ အားလုံး ချက်ချင်း နောက်ဆုတ်ကြ။ မင်းတို့ကို ကျုပ်ကာကွယ်ပေးမယ် ‘
ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ခန္ဓာကိုယ်မှ ရိုးသားဖြောင့်မတ်ခြင်းနှင့် ရူးသွပ်ခြင်းများ တဟုန်းဟုန်း ထွက်ပေါ်နေသည်။ အတန်ငယ်ဝေးသောနေရာရှိ ဘန်နီလေးမှာ ဝမ်ပေါင်လဲ့ကိုကြည့်ရင်း ရင်ထဲလှိုက်လှိုက်လှဲလှဲ ခံစားနေရတော့သည်။
ရီရှန်းထျန်ထဲသို့ ပြန်လည်ဆုတ်ခွာနေကြပြီဖြစ်သော တခြားယောက်ျားလေးအတန်းဖော်များလည်း ရှိသည်။ ဝမ်ပေါင်လဲ့ကြောင့် သူတို့၏ခန္ဓာကိုယ်များထဲတွင် ရဲစွမ်းသတ္တိများ စီးဆင်းလာသည့်အလား ခံစားလိုက်ရသည်။ သူတို့က ချာခနဲလှည့်ကာ ပြန်သွားရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့က နီရဲနေသောမျက်လုံးများနှင့် သူတို့အားလုံးကို ဇွတ်ပြန်ခိုင်းလေသည်။
ထို့နောက် သူက ဖြောင့်မတ်တည်ကြည်သောမျက်နှာထားနှင့် အော်ဟစ်ပြောလိုက်၏။
“ ညီအစ်ကိုတို့၊ အရင်ဆုံး နောက်ဆုတ်ကြ ”
တခြားသူများနှင့် စွမ်းဆောင်မှုရမှတ်များ ခွဲဝေယူရမည်စိုး၍ သူက အလွန်သတိထားနေသည်။
သူ့အမြင်အရ ဝံပုလွေများက ရက်စက်ကြမ်းကြုတ်သည့်အသွင်ရှိသည့်တိုင် သူ့အတွက် မက်မောဖွယ်ကောင်းသော စွမ်းဆောင်မှုရမှတ်များ ဖြစ်နေသည်။
ရီရှန်းထျန်ဆီသို့ ပြန်လွှတ်ခြင်းခံလိုက်ရသော ကျောင်းသားများ၏မျက်လုံးများတွင် ကျေးဇူးတင်သည့်အရိပ်အယောင်များဖြင့် ပြည့်နေပြီး နှလုံးခုန်ရင်တုန် ဖြစ်နေကြသည်။ ဝမ်ပေါင်လဲ့၏ကိုယ်ကျိုးစွန့်အနစ်နာခံနေပုံကို မြင်လိုက်ရသောအခါတွင်လည်း သူတို့က မထိန်းချုပ်နိုင်တော့ဘဲ တိုက်ခိုက်ရန် ပြေးထွက်လာကြပြန်သည်။
ဝမ်ပေါင်လဲ့မှာ ချက်ချင်း စိုးရိမ်သွားပြီး ပြန်လှည့်လာသူ တစ်ယောက်စီတိုင်းကို ပြန်လည်တွန်းလွှတ်တော့သည်။ သူက အတန်းဖော်များ နောက်တစ်ဖန် ပြန်လာမည်ကို ကြောက်ရွံ့သောကြောင့် အံကိုတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် သူက ရီရှန်းထျန်ဝင်ပေါက်၏ ဘေးတစ်ဖက်တစ်ချက်စီရှိ ကျောက်နံရံကြီးများကို လက်နှစ်ဖက်ဖြင့် တွန်းထားကာ ဝဖိုင့်နေသော သူ့ကိုယ်လုံးကြီးကို ဒိုင်းကာအဖြစ်သုံး၍ ဖိပိတ်ထားလိုက်ရင်း စိုးရိမ်ပူပန်သည့်လေသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။
‘ ကျုပ်က မြွေဆိပ်ထိထားတာဆိုတော့ ဆက်အသက်ရှင်နိုင်မှာမဟုတ်ဘူး။ ကျုပ်အတွက် စိတ်ပူမနေကြနဲ့။ မင်းတို့အားလုံးသာ မြန်မြန်နောက်ဆုတ်ကြ ‘
ဝမ်ပေါင်လဲ့၏စကားတစ်ခွန်းချင်းစီတိုင်းမှာ ပြတ်သားသောစိတ်ဆန္ဒများ ကိန်းအောင်းနေသည်။ ၎င်းက ရှေ့သို့ပြေးလာနေသော လူများကို တုန်ခါသွားစေသည်။ ထိုစဉ် ဝံပုလွေအုပ်စုကြီးက တဟုန်ထိုးရောက်ရှိလာတော့၏။ ၎င်းတို့က အူသံများပေးကာ ဝမ်ပေါင်လဲ့ဆီသို့ အရူးအမူး ခုန်အုပ်လာ၏။
ထိုမြင်ကွင်းက ရီရှန်းထျန်အတွင်းသို့ ဆုတ်ခွာနေကြသော ကျောင်းသားများကို တုန်လှုပ်သွားစေသည်။
‘ ဝမ်ပေါင်လဲ့၊ မြန်မြန်ပြန်လာခဲ့ ‘
‘ ဘုရား ဘုရား၊ သူ့အတွက်နဲ့ ငါတို့ကို ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့ သူ့အသွေးအသားကိုသုံးပြီး ဝံပုလွေအုပ်ကြီးကို တားဆီးနေတာပဲ ‘
ဘန်နီလေး၊ တုမင်နှင့် ရီရှန်းထျန်အတွင်းရှိ တခြားကျောင်းသားများအားလုံး သူ့လုပ်ရပ်ကြောင့် စိတ်ထိခိုက်သွားကြသည်။ လက်ရှိ သူ၏လုံးဝိုင်းသောအသွင်အပြင်က ခန့်ညားထည်ဝါသော တောင်ကြီးတစ်လုံးပမာ သူတို့ ခံစားနေရပြီး ထိုဖြစ်ရပ်က သူတို့၏မှတ်ဥာဏ်များထဲတွင် တစ်သက်တာ ကမ္ဗည်းထိုးပြီးသားဖြစ်သွားတော့မည်။
တခြားသူများနည်းတူ လျှိုတောက်ပင်းသည်လည်း စိတ်ထိခိုက်သွား၏။ သူ့အသက်ရှူသံများ ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး ဝမ်ပေါင်လဲ့အပေါ် သူ၏မကျေနပ်ချက်များ လွင့်ပါးပျောက်ကွယ်သွားသည်။ သူ့စိတ်ထဲတွင် အံ့သြတုန်လှုပ်မှုလှိုင်းများသာ အဆက်မပြတ် ရိုက်ခတ်နေတော့၏။
လူသားအတားအဆီးတစ်ခုအလား ကျောက်နံရံနှစ်ဖက်ကို လက်နှစ်ဖက်နှင့် တွန်းထားသည့် သူ့အသွင်က ကောင်းကင်ကြီးပြိုကျလာတော့မည့်အတွက် တားဆီးနေသည့်အလား။
ဝမ်ပေါင်လဲ့သည်ပင် သူ့အပြုအမူများအတွက် စိတ်လှုပ်ရှားသွားရသည်။ သူသာ ဆရာတစ်ယောက်ဖြစ်နေလျှင် သူလုပ်နေသမျှအရာအားလုံးအတွက် စိတ်ထဲနက်နက်နဲနဲ ခံစားသွားရလိမ့်မည်မှာ သေချာသည်။ သို့သော် စစ်ဆေးပွဲမှ စွမ်းဆောင်မှုရမှတ်များ ပိုမိုရရှိစေရန်အလို့ငှာ သူက ကြိတ်တွေးလိုက်ပြီးနောက် ခိုင်မာပြတ်သားသောလေသံဖြင့်
‘ ကျုပ်က ကောင်းကင်တာအိုကျောင်းအတွက် အသက်ရှင်နေခဲ့တာ။ ဒီနေရာမှာ ကျုပ်သေသွားခဲ့ရင်တောင် ကောင်းကင်တာအိုကျောင်းသားဖြစ်ခွင့်ရခဲ့လို့ ကျုပ်သေပျော်ပါပြီ။ ‘ ဟုဆိုလိုက်လေသည်။
ဝမ်ပေါင်လဲ့သည် သူ၏စကားလုံးများအပေါ် လွန်စွာကျေနပ်ပီတိဖြစ်နေသည်။ ဆရာများက သူ့စကားလုံးများနှင့် အပြုအမူများကြောင့် စိတ်ထဲခံစားသွားရလိမ့်မည်ဟု သူယုံကြည်နေတော့သည်။
သို့သော်လည်း ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ်အားရကျေနပ်နေခြင်းက ကြာရှည်မခံလိုက်ပေ။ စစ်ဆေးပွဲတွင် စွမ်းဆောင်မှုရမှတ်များ ပိုမိုရရှိရန်သာ စဉ်းစားထားခဲ့သော ဝမ်ပေါင်လဲ့အနေဖြင့် သတိမထားမိလိုက်သော အချက်တစ်ခုရှိပေသည်။
၎င်းမှာ နာကျင်မှုကို ခံစားလိုက်ရခြင်းပင်။
သူက ပုံရိပ်ယောင်ထဲမှာ ရှိနေသော်လည်း နာကျင်မှုက လက်တွေ့ဘဝနှင့်မခြားနားပေ။ ဒေါသတကြီးမာန်ဖီနေသော ဝံပုလွေများက တရွေ့ရွေ့ချည်းကပ်လာကာ သူ့ကို အစွယ်တွေဖြင့် အံခဲထားလေသည်။ သူက ချက်ချင်းသေဆုံးသွားတော့မည့်အလား ခံစားလိုက်ရသည်။ သူသာ သေဆုံးသွားခဲ့လျှင် ဝံပုလွေများက လူအားလုံး၏ ရှေ့သို့ ရောက်ရှိသွားပေတော့မည်။
အီး၊ နာလိုက်တာကွာ။
နာကျင်မှုကြောင့် ဝမ်ပေါင်လဲ့၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်နေပြီး ဖြည်းညင်းစွာ အသက်ရှူနေရသည်။ ဝံပုလွေများနှင့် အနီးကပ်ရှိနေသည့်အတွက်ကြောင့် ဝံပုလွေများ၏အစွယ်များကို မြင်နေရပြီး သွေးညှီနံ့များက သူ့နှာသီးဝကို လာရိုက်ခတ်နေသည်။ ၎င်းတို့က အစွယ်တွေနှင့် သူ့အသားကို ထိုးလိုက်သည့်အချိန်တိုင်း နာကျင်လွန်း၍ ပုံရိပ်ယောင်သာဖြစ်သည်ဆိုသောအချက်ကို သူ မေ့လျော့လုနီးပါးဖြစ်နေတော့သည်။
သို့သော် သူက ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်နေပြီး နောက်ဆုတ်ရန် လုံးဝရည်ရွယ်ချက်မရှိပေ။
သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးအလိမ်းလိမ်းဖြစ်နေပြီး တချို့နေရာများတွင် အရိုးဖြူများ ထိုးထွက်နေသည်။ ဝံပုလွေများ၏အစွယ်များနှင့် ထိုးနေသံများ၊ ဆွဲဆွဲငင်ငင် အူသံရှည်ကြီးများက သေမင်းခေါင်းလောင်းထိုးနေသည့်အလား သူ့နားထဲကြားနေရပြီး သူ့အမြင်အာရုံများ ဝေဝါးလာသည်။ ထိုသို့ သူနာကျင်မှုကို အပြင်းအထန်ခံစားနေရသော်လည်း သူက သူပိုင်ဆိုင်ထားသော အရည်အချင်းများထဲမှတစ်ခုကို ထုတ်ဖော်ပြသနေခြင်းလည်းဖြစ်သည်။
ထိုအရည်အချင်းသည်ကား ရဲစွမ်းသတ္တိရှိခြင်းပင်။
“ ဒီလိုမျိုး စွမ်းဆောင်မှုရမှတ်တွေ ထိုက်ထိုက်တန်တန်ရမယ့် အခြေအနေနဲ့ တွေ့ရဖို့ သိပ်မလွယ်ဘူး။ ဒီအခွင့်အရေးကို ငါဖြုန်းတီးပစ်လို့ မဖြစ်ဘူး။ ဒီစစ်ဆေးပွဲကနေ စွမ်းဆောင်မှုရမှတ်တွေအများကြီး ငါရစေရမယ်ကွ “
ဝမ်ပေါင်လဲ့သည် စိတ်ထဲတွင် ကြုံးဝါးနေ၏။ ကျောက်နံရံတွင် သူကြာရှည်စွာ နေရန်ဆုံးဖြတ်နေစဉ်မှာပင် ကြောက်လန့်တကြား အော်ဟစ်လျက် ထွက်ခွာနေကြသော ကျောင်းသားများဆီမှ အနီရောင်ပုံရိပ်တစ်ခု အံ့မခန်းအမြန်နှုန်းဖြင့် ရုတ်ချည်း ထွက်ပေါ်လာသည်။
အနီရောင်ပုံရိပ်သည် အသက်ဆယ့်ရှစ်နှစ်ခန့်ရှိသော ဆံပင်တိုနှင့်လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူက ယောက်ျားပီသကာ ချောမောခန့်ညားပြီး သူ့မျက်လုံးများထဲတွင် အေးစက်စက်အငွေ့အသက်များ ရှိနေသည်။ သူက အနီရောင်ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားသည်ဖြစ်ရာ တိုက်ခိုက်ရာတွင် လွယ်ကူစေသည်။ သူ့နောက်ကျောတွင် လေးကြီးတစ်လက်ကို လွယ်ထားပြီး ရိပ်ခနဲ ရွေ့လျားနေသည်။ သူက တရွေ့ရွေ့လာနေရင်း လေးကို ဆွဲထုတ်ကာ မြားတစ်ဆုပ်စာ ထုတ်ယူလိုက်သည်။
မြားကိုးချောင်း ချက်ချင်း ပစ်လွင့်လာ၏။
မြားများက အလွန်လျင်မြန်လွန်းလှပြီး လေဟုန်ကိုခွင်း၍ ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့၏ခေါင်း၊ လက်များနှင့် ခြေထောက်များကို အံခဲထားကြသော ဝံပုလွေများမှာ မြားများ ထိမှန်ခြင်း ခံလိုက်ရလေသည်။
မြားတစ်စင်းမှ ပစ်မှတ်ကို လွဲချော်သွားခဲ့ခြင်းမရှိသလို မြားများမှာ ပြင်းထန်သောအားများ ပါရှိနေခြင်းကြောင့် ဝံပုလွေများမှာ နောက်သို့ လွင့်စဉ်သွားကာ နာကျင်စွာ စူးစူးဝါးဝါး အော်ဟစ်နေကြသည်။
ထိုအဖြစ်အပျက်အလှည့်အပြောင်းက နောက်ဆုတ်နေကြသော ကျောင်းသားများအားလုံးကို ဆွံ့အငေးမောသွားစေသည်။ ဝမ်ပေါင်လဲ့သည်ပင် တအံ့တသြဖြစ်သွား၏။ ထိုမြားကိုးစင်းက သူ့ကို အနီးကပ်ဖြတ်ကျော်သွားခဲ့ရာ သူ လန့်ဖြန့်၍ သွားခဲ့ရသည်။
မည်သို့မျှ မတုန့်ပြန်နိုင်ခင်မှာပင် အနီရောင်ဝတ်စုံနှင့်လူငယ်က လူအားလုံး၏မြင်ကွင်းသို့ အလျင်အမြန်ရောက်ရှိလာသည်။ သူက မြားများ၏နောက်မှ နီးကပ်စွာ လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ရီရှန်းထျန်အပြင်သို့ ထိုးထွက်လာကာ ဝမ်ပေါင်လဲ့၏ခေါင်းအထက်မှ ခုန်ပျံလိုက်ပြီး နောက်ထပ်မြားကိုးစင်း ပစ်လွှတ်လိုက်သည်။
လေခွင်းသံအနည်းငယ်နှင့်အတူ ဝံပုလွေကိုးကောင်၏သည်းခြေခိုက်လုမတတ် နာကျင်စွာအော်ဟစ်သံများ ထ ွက်ပေါ်လာသည်။ ဘေးပတ်ဝန်းကျင်ရှိ ဝံပုလွေများမှာ ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်းဆုတ်လိုက်ကြသည်။
အနီရောင်ဝတ်စုံနှင့်လူငယ်က ထိုအခွင့်အရေးကို အခွင့်ကောင်းယူကာ မြေပြင်ထက် ဆင်းသက်လိုက်ပြီးဝမ်ပေါင်လဲ့ကို မ,ကာ နောက်သို့လျင်မြန်စွာ ဆုတ်လိုက်လေသည်။
ဝမ်ပေါင်လဲ့၏ခန္ဓာကိုယ် ဆတ်ခနဲ တုန်ခါသွားသည်။ နာကျင်မှုကို သူ ဂရုမပြုနိုင်ဘဲ ဝံပုလွေများနှင့်သူ့ကြားရှိ အကွာအဝေးကိုကြည့်၍သာ စိတ်မသက်မသာ ဖြစ်နေတော့သည်။
‘ အစ်ကို၊ ကျုပ်ကို အောက်ချပေးပါဗျာ။ ကျုပ် နည်းနည်းလောက်တော့ တောင့်ခံနိုင်ပါသေးတယ်ဗျ ‘
အနီရောင်ဝတ်စုံလူငယ်သည် တသီးတခြားနေထိုင်တတ်သူတစ်ယောက်ဖြစ်သော်လည်း ဝမ်ပေါင်လဲ့၏စကားကြောင့် စိတ်ထဲခံစားလိုက်ရသည်။ ဝမ်ပေါင်လဲ့သည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး အချိန်မရွေး ပြိုလဲကျတော့မည့်အနေအထားမှာ ရှိနေသည်။
‘ မင်း တာဝန်ကျေသွားပါပြီ။ ကျန်တာ ငါ့တာဝန်ထားလိုက် ‘
ထိုစကားကိုကြားသောအခါ ဝမ်ပေါင်လဲ့၏စိတ်က ပိုမိုပြင်းပြလာသည်။ လူငယ်က သူ့နေရာကိုလုယူနေသည့်အလား သူ ခံစားလိုက်ရ၏။ သူက တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် လူငယ်က သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ သူက ညာလက်ကို ရုတ်ချည်းမြှောက်လိုက်ရာ ကျစ်လျစ်တောင့်တင်းသော ကြွက်သားများ ထွက်ပေါ်လာသည်။ ထို့နောက် ထိုလူငယ်က လေးညို့ကို ဆွဲကာ ဘေးတစ်ဖက်ရှိ ကျောက်သားပြင်ကြီးကို ချိန်ရွယ်၍ ပစ်လွှတ်လိုက်ရာ မြားဆယ်စင်းကျော် လွင့်ပျံထွက်လာ၏။
ထိုလူငယ်၏ခွန်အားကား ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျောက်သားပြင်ကြီးမှာ အက်ကွဲရာများထလာပြီး ပြိုကျလာကာ မရေမတွက်နိုင်သော ကျောက်တုံးအကျိုးအပဲ့များ လိမ့်ဆင်းလာသည်။ ထိုကျောက်တုံးများကြောင့် ရီရှန်းထျန်ဝင်ပေါက်မှာ လုံးဝပိတ်ဆို့ထားပြီးသားဖြစ်သွားလေပြီ။
ဝမ်ပေါင်လဲ့သည် လူငယ်၏ကျစ်လျစ်တောင့်တင်းသော လက်မောင်းကြွက်သားများကို မျက်လုံးအပြူးသား ငေးကြည့်နေမိပြီး ပြောမည့်စကားလုံးများမှာလည်း လည်ချောင်းဝတွင် တစ်ဆို့သွားရတော့သည်။
အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ရီရှန်းထျန်ဝင်ပေါက် ပိတ်ဆို့သွားသည့်အတွက်ကြောင့် အနီရောင်ဝတ်စုံနှင့်လူငယ်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ဝမ်ပေါင်လဲ့ကို လူအုပ်ကြီးရှိရာဆီသို့ ဆွဲခေါ်လာသည်။
ထိုမြင်ကွင်းကိုကြည့်ကာ မနီးမဝေးရှိ ကျောင်းသားများမှာ စိတ်နှလုံးပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။ လျှိုတောက်ပင်းသည် အံ့သြတုန်လှုပ်ကာ ပါးစပ်ဟလာသော်လည်း သူ့ပါးစပ်မှ စကားတစ်ခွန်းမှ ထွက်မလာခဲ့ချေ။
‘ ရှေးဟောင်းသိုင်းအဆင့်၊ အဆင့်နှစ်၊ ခန္ဓအချုပ်အနှောင် ‘
‘ ခန္ဓာအချုပ်အနှောင်ကို ကျုပ်မရောက်သေးပါဘူး။ အဆင့်တစ်ပဲ ရှိပါသေးတယ် ‘
အနီရောင်ဝတ်စုံလူငယ်က ရှင်းပြလိုက်ရင်း လျှိုတောက်ပင်းကို တစ်ချက်ကြည့်ကာ ဝမ်ပေါင်လဲ့ကို အောက်သို့ချလိုက်သည်။
‘ ခန္ဓာအချုပ်အနှောင်ကို မရောက်ပဲနဲ့တောင် အဲဒီအစွမ်း သုံးနိုင်နေပြီပဲ။ ငါတို့ကို ကယ်တင်တဲ့အတွက် ကျေးဇူးတင်ပါတယ် ‘
လျှိုတောက်ပင်းက လက်နှစ်ဖက်ဆုပ်၍ ချက်ချင်း အရိုအသေပေးလိုက်သည်။ တခြားအတန်းဖော်များသည်လည်း အလားတူ ပြုမူလိုက်ကြသည်။ ထိုလူငယ်ကို လေးစားသော မျက်လုံးများနှင့် ကြည့်နေကြသည့် မိန်းမပျိုလေးများပင် ရှိသည်။ ချက်ချင်းပင် အနီရောင်ဝတ်စုံလူငယ်က လူအများအာရုံစိုက်ရာ ဖြစ်လာသည်။
ဝမ်ပေါင်လဲ့သည် မြေပြင်ထက်တွင် လှဲနေရင်း ထိုမြင်ကွင်းကို စိတ်ဓာတ်ကျစွာ ကြည့်နေတော့သည်။ ထိုလူငယ်က ကောင်းမွန်သော ရည်ရွယ်ချက်နှင့် သူ့ကို ကယ်ခဲ့မှန်း သူ သိသော်လည်း သူ၏စွမ်းဆောင်မှုရမှတ်များ ရနိုင်မည့်အခွင့်အရေးကို ဆုံးရှုံးနေရသည်ဟု ခံစားနေရသည်။ သို့သော်လည်း ထိုအရာနှင့်ပတ်သက်ပြီး သူလုပ်နိုင်သော အရာ မရှိချေ။
ရှေးဟောင်း သိုင်းအဆင့်….. ဝမ်ပေါင်လဲ့က ရင်ထဲ သက်ပြင်းချလိုက်မိ၏။ ရှေးဦးဝိညာဉ်ခေတ်စတင်ကတည်းက လူသားများသည် ကျင့်ကြံခြင်းခေတ်ဖြစ်သော်လည်း ချီစုစည်းမှုပညာဆိုသော အခြေခံပညာရပ်တစ်မျိုးကိုသာ သင်ကြားနိုင်စွမ်းရှိခဲ့သည်။
ထိုပညာရပ်က လူတစ်ယောက်၏အသက်ကို ဆွဲဆန့်ပေးသော ဝိညာဉ်ချီများ စုပ်ယူရာတွင် အသုံးဝင်သည်။ ထို့ပြင် ခန္ဓာကိုယ်ကို ကြားခံနယ်တစ်ခုအဖြစ် သုံး၍ ဝိညာဉ်ကျောက်တုံးများ စုစည်းသောအခါတွင်လည်း အသုံးဝင်၏။ ထို့ကြောင့် ထိုပညာရပ်က ကျယ်ကျယ်ပြန့်ပြန့် ရှိလာခဲ့သည်။
လက်တွေ့ကျင့်ကြံရာတွင် အခက်အခဲများစွာရှိပြီး ဖော်ပြထားသော နည်းစနစ်များအတိုင်း လိုက်နာကျင့်ကြံရန် ခက်ခဲလှသည်။ ရှေးဟောင်းသိုင်းပညာရပ်များက နှစ်ထောင်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရသောကြောင့် လေ့ကျင့်ရာတွင် အခြေခံခိုင်မာနေရန် လိုအပ်သည်။
ပြည်ထောင်စုက အမျိုးမျိုးသောလေ့လာမှုများ ပြုလုပ်ပြီးနောက် ရှေးဟောင်းသိုင်းအဆင့်ကို အဆင့်သုံးဆင့်် ထပ်မံခွဲခြားလိုက်၏။
သွေးချီ၊ ခန္ဓာအချုပ်အနှောင်၊ ဖွံ့ထွားသွေးကြော။
ဖွံ့ထွားသွေးကြောအဆင့်၏ အထွတ်အထိပ်သို့ ရောက်သောအခါမှသာ ရွှေရောင်ခန္ဓာ ပိုင်ရှင်တစ်ယောက် ဖြစ်လာလိမ့်မည်။
သို့သော်လည်း ရှေးဟောင်းသိုင်းအဆင့်ကျင့်စဥ်အများစုက ပြည်ထောင်စုအတွင်းရှိနယ်မြေများမှာ ပျံ့နှံ့နေသည်။ ထိုကျင့်စဥ်များကို ရရှိရန်မှာ တာအိုကျောင်းလေးကျောင်းအနက် တစ်ကျောင်းကို ဝင်ရောက်ခွင့်ရမှသာဖြစ်နိုင်သည်။ ထို့အပြင် မျိုးနွယ်စုကြီးများမှာလည်း အခိုင်းအစေအဖြစ် နေခြင်းအားဖြင့် ထိုကျင့်စဥ်များကို သင်ယူခွင့်ရနိုင်သည်။
ဒီကောင်က ငါနဲ့ရွယ်တူလောက်ပဲရှိဦးမယ်။ အင်အားကြီးတဲ့မျိုးနွယ်စုတစ်ခုခုက လာတာဖြစ်မယ်။
ဝမ်ပေါင်လဲ့ သက်ပြင်းချလိုက်သည်။ သူ၏နာမည်ကျော်ကြားမှု လုယူခံလိုက်ရပြီဆိုသောခံစားချက်က သူ့ရင်ထဲတွင် ထိုးတက်လာသည်။ သူက လူအများ၏အာရုံစိုက်မှု ခံရစေရန် အလို့ငှာ နာကျင်စွာ ညည်းညူလိုက်ရာ လူအများအပြားက ချက်ချင်းပြေးလွှားလာကြ၏။
လူများက သူ့အား တန်ဖိုးထားနေဆဲဖြစ်သည်ကို သိလိုက်သောအခါ ဝမ်ပေါင်လဲ့ စိတ်သက်သာရာရသွားသည်။ သို့သော်လည်း ဒဏ်ရာက နာကျင်လွန်းလှပြီး သူ့စွမ်းဆောင်မှုရမှတ်များကလည်း လုံလောက်နေပြီဖြစ်ရာ အနားယူရန် သူဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် သူက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး တုန်ယင်နေသော လေသံဖြင့် ပြောလိုက်သည်။
‘ ကျုပ် ဆက်တောင့်မထားနိုင်တော့ဘူး ညီအစ်ကိုတို့။ မင်းတို့အားလုံး ကျုပ်အလေးအမြတ်ထားရတဲ့ ကောင်းကင်တာအိုကျောင်းသားတွေ ဖြစ်သွားတဲ့အခါကျရင်သာ မင်းတို့….’
ဝမ်ပေါင်လဲ့၏မျက်နှာတွင် ခံစားချက်မျိုးစုံဖုံးလွှမ်းနေ၏။ သူ့လေသံထဲတွင် စိတ်သဘောထားကြီးခြင်း အငွေ့အသက်များ ပါဝင်နေ၏။
သို့သော် ထိုစဉ် အနီရောင်ဝတ်စုံနှင့်လူငယ်၏အမူအရာက လေးနက်တည်ကြည်သွားသည်။ သူက ဝမ်ပေါင်လဲ့၏ဘေးသို့ လျှောက်လာပြီး ဆေးပုလင်းကို ထုတ်ကာ သူ့ကို တစ်လုံးတိုက်လိုက်၏။
‘ တာအိုကျောင်းအတွက် အသက်စွန့်တဲ့လူတစ်ယောက်ကို ကျုပ် ချန်းကျစ်ဟန် ဒီလိုမျိုး သေခွင့်မပေးနိုင်ဘူး။ ညီအစ်ကိုတို့၊ မင်းတို့အားလုံး အေးဆေးနားနေကြပါ။ ဒါတွေအားလုံး ကျုပ်တာဝန်ထားလိုက် ‘
ချန်းကျစ်ဟန်၏စကားသံက ခိုင်မာပြတ်သားနေသည်။ သူ၏အတိုက်အခိုက်စွမ်းရည်နှင့်ပေါင်းစပ်လိုက်သောအခါ သူက လူအားလုံး၏နှလုံးသားထဲတွင် ချက်ချင်းနေရာယူလာသည်။
လူအားလုံးက ကျေးဇူးတင်သည့် အရိပ်အယောင်များနှင့် ကြည့်နေကြစဉ် ဝမ်ပေါင်လဲ့က အံ့အားသင့်စွာဖြင့် ချန်းကျစ်ဟန်ကို ငေးစိုက်ကြည့်လိုက်မိသည်။ ချန်းကျစ်ဟန်က သူ့မျက်စိရှေ့မှောက်မှာပင် သူ့နေရာကို ဝင်လုယူနေသည့်အလား ထပ်မံခံစားလိုက်ရပြန်သည်။
သူက အခြေအနေကို ပြောင်းလဲပစ်ချင်နေပါသော်လည်း ဆေးအရှိန်က သူ့ခန္ဓာကိုယ်ထဲ လွင့်ပျံလာပြီး မူးဝေနောက်ကျိလာသည်။ စကားတစ်ခွန်းမှ မပြောနိုင်တော့အောင် အားနည်းလာသည့်အလား သူခံစားလိုက်ရ၏။ သူ့အနေဖြင့် ဝမ်းနည်းကြေကွဲကာ ဒေါသထွက်နေရုံမှတစ်ပါး တခြားမလုပ်နိုင်တော့ပြီ။
တဖြည်းဖြည်း အလင်းရောင်များ ဖြာကျလာနေသော ကောင်းကင်ကြီးကို သူ ငေးမောကြည့်လိုက်ရင်း သူ့ခေါင်းထဲတွင် အတွေးတစ်ခုသာ ကြီးစိုးနေတော့သည်။
ဒီကောင် ငါ့လိုပဲ၊ လိမ်နေတာ။
***