Switch Mode

အပိုင်း (၅၁၇)

မုန်တိုင်းထန်ခြင်း

လူတစ်စု ရီဖူရှင်း၏ အဆောင်သို့ ရောက်လာသည်။

ရီဖူရှင်းက အပြင်ဘက်ကို ထွက်လိုက်သည်နှင့် သူ၏အကြည့်က လူစုထဲမှ သူ့အား ပြုံးကြည့်နေသော မိန်းကလေး တစ်ယောက်ထံကို ရောက်သွားသည်။ သူမ၏မျက်လုံးက အနည်းငယ် နီရဲနေခြင်းက သူမ၏အပြုံးကို ပိုမို အသက်ဝင်စေဟန် ရ၏။

“ယွန်ချီ… မင်းလည်း တော်ဝင်လမ်းကို ရောက်လာတာပဲ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“အင်း… ငါလည်း စိန်ခေါ်မှုတွေကို လိုချင်လို့…” ကုယွန်ချီက သိမ်မွေ့စွာ ပြောသည်။ သူမ၏ဘေးမှ ကုမိန်က သူမကို ကြည့်သည်။ ကုမိန်က အဘယ်ကြောင့် တော်ဝင်လမ်းကို လာသည်ကို သူအသိဆုံး ဖြစ်သည်။

ကြယ်မင်းကျောင်း တပည့်များက ရီဖူရှင်းကို ခံစားချက်များ ရောထွေးစွာ ကြည့်နေကြသည်။ လမ်းတစ်လျှောက်လုံးတွင် ရီဖူရှင်းက တန်ခိုးရှင်များကို စုစည်းကာ သူတို့၏ တော်ဝင် တံဆိပ်ပြားများကို စုဆောင်းနေကြောင်း ကြားသိခဲ့ကြသည်။ လူတစ်ထောင်လောက်က သူတို့၏ တော်ဝင် တံဆိပ်ပြားများကို ရီဖူရှင်းအား ပေးခဲ့ကြ၏။

ရီဖူရှင်း၏အကြည့်က ကြယ်မင်းကျောင်းမှ​ တပည့်များထံကို ရောက်သွားသည်။ သူက ဘာမှ မပြောပေ။ ကြယ်မင်းကျောင်းမှ တပည့်များက ခံစားချက်များ ရောထွေး နေကြသည့်တိုင် ရီဖူရှင်းအား အရိုအသေပေးကာ သားတော်ဟု နှုတ်ဆက်ကြသည်။

ရီဖူရှင်းအား တွေ့ရခြင်းက သူ့အား တွေ့ခြင်း ဖြစ်သည်ဟု ကျောင်းအုပ်ချန်းက ပြောခဲ့သည်။ အတိတ်တွင် လူများက ရီဖူရှင်းကို လက်ခံခြင်း မရှိခဲ့ကြသော်လည်း ရီဖူရှင်း၏ပါရမီက မည်မျှ မြင့်မားသည်ကို သူတို့အားလုံး သိကြသည်။ ကြယ်မင်းကျောင်းမျှသာ မဟုတ်ဘဲ မြေရိုင်းဒေသ တစ်ခုလုံးတွင် ရီဖူရှင်း၏ပါရမီကို လိုက်မီသောသူရှိရန် မလွယ်ကူပေ။

ရီဖူရှင်းက ပြုံးသည်။ ကြယ်မင်းကျောင်းမှ တပည့်များ ရောက်ရှိလာခြင်းက သူ့အတွက် အကူအညီများစွာ ဖြစ်သည်။ သူ၏အကြည့်က လူတစ်ယောက်ထံ ရောက်သွားကာ ပြုံးလိုက်သည်။

လောင်မူကား စိတ်ရှုပ်နေသည်။ မှန်သည်… ထိုလူစုထဲတွင် လောင်မူ၏စိတ်များက ရှုပ်ထွေးမှု အရှိဆုံးဟု ပြော၍ ရသည်။ လမ်းတစ်လျှောက်တွင် ကြယ်မင်းကျောင်းမှ တပည့်များ အားလုံးက ရီဖူရှင်းကို မှီခိုရန် ဆွေးနွေးခဲ့ကြသည်။ ရီဖူရှင်း၏ပါရမီနှင့် အဆင့်က သူ့ထက် မြင့်သည်ကို လောင်မူ သိသည်။ သူက ဝန်မခံလိုသော်လည်း ရီဖူရှင်းရှေ့တွင် သူက ဂုဏ်ယူစရာ ဘာမှ မရှိသည်ကို သိသည်။

“သားတော်…” လောင်မူကလည်း အရိုအသေပေးကာ ပြောသည်။ သို့သော် သူ၏အသံက သဘာဝမကျပေ။ ရီဖူရှင်းက စိတ်ထဲထားဟန် မရဘဲ ပြုံးလျက် မေးသည်… “လောင်မူ… လင်းအာ နေကောင်းလား…”

“သိပ်မဆိုးပါဘူး… ဒါပေမဲ့ မင်း သေသွားတဲ့သတင်းကို ကြားကတည်းက လင်းအာက ပိုပြီး ဒေါသထွက်တတ် လာတယ်… လင်းအာက အရမ်း ဝမ်းနည်းနေပုံ ရတယ်…” လောင်မူက ပြောသည်။

“ဒီကိစ္စပြီးသွားရင် လင်းအာက အမှန်ကို သိမှာပါ… မင်းက လင်းအာရဲ့အစ်ကိုပဲ… နောက်ဆို ကိုယ့်ဆန္ဒကိုယ်ပဲ ဦးစားမပေးဘဲ လင်းအာကိုလည်း များများ ဂရုစိုက်ပေးပါ…” ရီဖူရှင်းက ပြောသည်။

ကုယွန်ချီက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်သည်။ ရီဖူရှင်းကား လောင်မူနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောင်ရန် ကြိုးစားနေသည်။

“ကျုပ် ကြိုးစားပါ့မယ်…” လောင်မူကလည်း ရီဖူရှင်း၏စိတ်ကို နားလည်ဟန် ရသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ သခင်မလောင်ကား သူ့အတွက် ကျေးဇူးရှင်ဖြစ်ကာ လင်းအာကလည်း သူ့အတွက် ညီမအရင်း တစ်ယောက်လို ဖြစ်သည်။ လောင်မူက သူ့အပေါ် လွန်လွန်ကဲကဲ မပြုမူသရွေ့ သူက ကောင်းကောင်း ဆက်ဆံမည် ဖြစ်သည်။

“ဘယ်သူလဲ…” ထိုအခိုက်တွင် လူတစ်ယောက် ကောင်းကင်မှ ပျံသန်းလာသည်။ ရီဖူရှင်း၏ အဆောင်ကို ကာကွယ်နေသူများစွာ ရှိကြရာ သူတို့က တားဆီးရန် ကြိုးစားကြသည်။

“သူလာပါစေ…” ရီဖူရှင်းက သူ့ကို ကြည့်ကာ ပြောသည်။ ရီဖူရှင်း၏ရှေ့ကို လူတစ်ယောက်က လျှပ်စီးအလား ကျဆင်းလာကာ မြေပြင်က တုန်ခါ သွားသည်။

“မတွေ့ရတာ ကြာပြီ… အစ်ကိုခုနစ်… နောက်ဆုံး တွေ့တုန်းကနဲ့ ဘာမှ မကွာသွားပါလား…” ရီဖူရှင်းက ပြုံးကာ ပြောသည်။

ယိရှောင်ရှီက ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်… “ငါက အစ်မနှစ်ရဲ့ အိမ်ကလာတာ… ငါက ဂျီယူကို တွေ့ခဲ့တယ်…” ထို့နောက် သူက ခေါင်းမော့ ရင်ကော့လိုက်သည်။

ရီဖူရှင်းက ခဏမျှ အံ့အားသင့်သွားပြီးမှ တောက်ပစွာ ပြုံးလျက် ပြောသည်… “အစ်ကို… ခင်ဗျားက အရင်တုန်းကလိုပဲ စတိုင်ကျပြီး ချောမောတယ်… ခင်ဗျားက ကျုပ်ရဲ့  အစ်ကိုခုနစ် ဖြစ်နေတာ မဆန်းပါဘူး…”

လူအုပ်က မျက်လုံးပြူး သွားကြသည်။ သူ၏အစ်ကိုက ဘယ်နေရာက ပေါ်လာသနည်း။ ထို့အပြင် ရီဖူရှင်း၏လေသံ ပြောင်းလဲမှုကလည်း မြန်ဆန်လွန်း လှသည်။

“ဂျီယူ ဘယ်လိုနေလဲ​ မင်း မသိချင်ဘူးလား…” ယိရှောင်ရှီက ရီဖူရှင်းကို မျက်လုံး ထောင့်ကပ်ကာ ကြည့်သည်။

“အင်း သိချင်တယ်…” ရီဖူရှင်းက အပိုးကျိုးစွာ ခေါင်းညိတ်သည်။

ယိရှောင်ရှီက ရီဖူရှင်းကို အဓိပ္ပာယ် လေးနက်သော အကြည့်တစ်ခု ပေးသည်။ ထို့နောက် ရီဖူရှင်း၏ပခုံးအား လက်တင်ကာ သက်ပြင်းချသည်… “ဟင်း…”

ရီဖူရှင်းက မျက်လုံးပြူးသွားကာ မေးသည်… “အစ်ကို… ဂျီယူ ဘယ်လိုလဲ…”

ထိုသက်ပြင်း ချခြင်းက ဘာကို ဆိုလိုသနည်း။

ယိရှောင်ရှီက ရီဖူရှင်းကို ကြည့်ကာ ခေါင်းယမ်းသည်။ ရီဖူရှင်းက ပိုမိုစိုးရိမ်စွာ ပြောသည်…“အစ်ကို… ခင်ဗျားလို ကြီးကျယ် ခမ်းနားတဲ့လူမျိုးက ကျွန်တော့်ကို အငြိုးမထားပါဘူးနော်… ဟုတ်တယ်မလား…”

“ဂျီယူက အခု မြေအောက်လမ်းမှာ… ပြီးတော့ သူမကို ပိုးပန်းနေတဲ့လူတွေကလည်း အများကြီးပဲ… မင်းအတွက် စိုးရိမ်စရာပဲ…” ယိရှောင်ရှီက စိတ်မကောင်းဟန်ဖြင့် ပြောသည်။

ရီဖူရှင်းက အနည်းငယ် အံ့အားသင့်သွားပြီးမှ တောက်ပစွာ ပြုံးလိုက်သည်။

“ရယ်နိုင်သေးတယ်ပေါ့…”

“ဂျီယူက ဒီလောက် လှတာ… ပိုးပန်းတဲ့လူမရှိဘဲ နေပါ့မလား…” ရီဖူရှင်းက ယိရှောင်ရှီကို ပြုံးလျက် ကြည့်သည်။ ဂျီယူက အဆင်ပြေနေသရွေ့ သူ စိတ်အေးရသည်။ သူမအား ပိုးပန်းသူများမူကား သူတို့အတွက် ဘာအခွင့်အရေးမှ မရှိသည်ကို သူသိသည်။

“ဆိုလိုတာက ကျုပ်က တော်ဝင်လမ်းက ထွက်တာနဲ့ ဂျီယူကို တွေ့ခွင့်ရမယ်ဆိုတဲ့ သဘောပေါ့… ပြီးတော့ အစ်မနှစ်ရော…” ရီဖူရှင်း၏ရယ်သံက ပိုမို ကျယ်လောင်လာသည်။ ဖက်တီးကား သူ၏သူ၏ကံကောင်းခြင်း ကြယ်တစ်ပွင့်ပင်။

“နေစမ်းပါဦး…” ရီဖူရှင်း၏ အမူအရာက ရုတ်တရက် ထူးဆန်းလာကာ ယိရှောင်ရှီကို ကြည့်သည်… “ခင်ဗျားက ကျူးကော့ကလန်ကို ရောက်ခဲ့ပြီးတော့ မြေအောက်လမ်းက ဝင်ရမှာမလား… ဒါပေမဲ့ ဘာလို့ ဒီကို ရောက်လာရတာလဲ…”

“မင်းကို တခြားလူတွေ အနိုင်ကျင့်မှာ စိုးရိမ်တဲ့ငါက မင်းအတွက် အပြေးလာခဲ့တာ…” ယိရှောင်ရှီက ရင်ကော့လျက် ပြောသည်။

“အစ်မနှစ်က ခင်ဗျားကို နှင်ထုတ်လိုက်တာ မလား…” ရီဖူရှင်း၏ယိရှောင်ရှီကို ကြည့်နေသော မျက်လုံးက ကျဉ်းမြောင်း သွားသည်။

“မင်း…” ဖက်တီး ဒေါသ ထွက်သွားသည်။ သူက ထိုမျှ အဝေးကြီးမှ လာရသည့်တိုင် သူ့အား နှင်ထုတ်လိုက်သည်ဟု ပြောရဲသည်လား…။

“အစ်မနှစ်က ကျုပ်အပေါ် တကယ် ကောင်းတာပဲ…” ရီဖူရှင်းက အမှန်ပင် ခံစားသွားရသည်။ ယိရှောင်ရှီ၏ ဒေါသက ပိုမို အားကောင်းလာ၏။

လူအုပ်က သူတို့နှစ်ယောက်ကို ကြည့်ကာ အံ့အားသင့် နေကြသည်။ ညီအစ်ကို နှစ်ယောက်၏ ဆက်ဆံ ပြောဆိုပုံက သာမန်ထက် ထူးခြားပေသည်။

ကုယွန်ချီက ဂျီယူဟူသော နာမည်ကို ကြားသည်။ ထိုနာမည်က ရီဖူရှင်း၏ ချစ်သူနာမည် ဖြစ်ရမည်ဟု သူမတွေးမိသည်။ သူမက တော်ဝင်လမ်းမှ ထွက်လျှင် သူမအား မြင်ရနိုင်သည်။ သူမက မည်သို့သောလူမျိုး ဖြစ်မည်နည်း။

***

ရီဖူရှင်းက တော်ဝင် တံဆိပ်ပြားများကို စုဆောင်းသည့် သတင်းက တော်ဝင်မီးတော်မြို့ တစ်မြို့လုံး ပျံ့နှံ့သွားကာ တော်ဝင်လမ်းမှ မြို့များ အချို့ပင် ထိုသတင်းကို ရကြ၏။

ဒုတိယနေ့၏ နံနက်ခင်း၌ ရီဖူရှင်းနေသော အဆောင် အပြင်ဘက်၌ လှုပ်လှုပ်ရှားရှား အသံများ ကြားရသည်။ လူအများအပြားက ထိုနေရာကို သွားကြည့်ကြရာ အလောင်း အနည်းငယ် မြေပြင်ပေါ်တွင် လဲလျောင်း နေသည်ကို မြင်ကြရသည်။ သူတို့၏ မျက်နှာများက နက်မှောင်နေရာ အဆိပ်မိဟန်များ ရနေသည်။ သူတို့၏ ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာများ မရှိသော်လည်း သေသွားခဲ့သည်မှာ အချိန် လွန်စွာ ကြာမြင့်ခဲ့ပြီး ဖြစ်ဟန်ရသည်။

“သူ နောက်တစ်ခေါက် ပြန်ပေါ်လာပြန်ပြီ…” တစ်ယောက်က သုန်မှုန်စွာ ပြောသည်။ သည်ရက်ပိုင်း အတွင်းတွင် ဤသို့သော အဖြစ်အပျက်များ အဆိပ်မီးတော်မြို့ထဲတွင် မကြာမကြာ ဖြစ်ပျက်ခဲ့သည်။ ထိုသို့လုပ်ခြင်းကလည်း တော်ဝင် တံဆိပ်ပြားအတွက် ဖြစ်သည်ကို အားလုံးက နားလည်ကြသည်။ ထိုလူ၏ပစ်မှတ်က အဋ္ဌမအတန်းအစား နိုဘယ်များဖြစ်ဟန် ရသည်။ ဆိုလိုသည်က ထိုလူက တော်ဝင်လမ်းမှ အားကောင်းသော လူများကိုသာ ရွေးချယ်၍​ သတ်ဖြတ်သည်ဟု အဓိပ္ပာယ် ရနေသည်။

လူအများအပြားက ထိုနေရာတွင် စုစည်းကာ သဲလွန်စများကို ကြည့်ရှု နေကြသည်။ ရီဖူရှင်းကလည်း သတင်း ကြားသောအခါ သွားကြည့်သည်။

“ဒီမှာ ဘာဖြစ်နေလဲ တစ်ယောက်ယောက် သိလား…” ရီဖူရှင်းက မေးသည်။

“အဲဒါ သေဆုံးခြင်း ဓာတ်စွမ်းအင်ပဲ…” တစ်ယောက်က ပြောသည်… “တော်ဝင်လမ်းမှာ မှော်နက်မိစ္ဆာတစ်ကောင် ပေါ်လာတယ်…”

“မှော်နက်မိစ္ဆာ…” ရီဖူရှင်း၏မျက်နှာက အံ့အားသင့်ဟန်များ အထင်းသား…။ ကောလာဟလများအရ မှော်နက်မိစ္ဆာများက သေဆုံးခြင်း စွမ်းအင်ကို လေ့ကျင့်ကြသည် ဆို၏။ သူတို့က လူတစ်ယောက်အား သဲလွန်စ မကျန်အောင် သတ်ဖြတ်နိုင်စွမ်း ရှိကြကာ ဝိညာဉ်များကိုပင် ထိန်းချုပ် နိုင်သည်ဟု ပြောကြသည်။

“တော်ဝင်လမ်းမှာက အမြဲတမ်း လူမျိုးစုံတာပါပဲ…” မူကျိချူက တိတ်ဆိတ်စွာ ပြောသည်… “ပြီးတော့ အဲဒီလူက ဒီမှာ သတ်တာဆိုတော့ ဒီလူအုပ်ထဲမှာပဲ ရှိရမယ်… ရှင်က ဂရုစိုက်သင့်တယ်…”

“မှန်တယ်… တစ်ဖက်လူက လူအုပ်ထဲမှာပဲ ရှိမယ် ထင်တယ်… ဆရာရီက ပိုပြီး သတိထားသင့်တယ်…” နောက်တစ်ယောက်က အကြံပေးသည်။

“ကျုပ် ဂရုစိုက်ပါ့မယ်…” ရီဖူရှင်းက ပြောသည်။ ထိုသို့ ထူးဆန်းသော လူများကို အမှန်ပင် ပိုမို၍ ဂရုစိုက်ရန်လိုသည်။

ရီဖူရှင်း ထွက်ခွာ လာပြီးနောက် မူကျိချူကို မေးသည်… “မှော်နက်မိစ္ဆာတွေကို မင်းမြင်ဖူးလား…”

“မှော်နက်မိစ္ဆာတွေက အရမ်း ရှားပါးတယ်… ပြီးတော့ ကောင်းကင်မြေရိုင်း အဆင့်အတွင်းဝင်တဲ့ အရမ်း ကြောက်စရာ လူတစ်ယောက် ရှိတယ်… သူ့နာမည်က မှော်နက်သခင်တဲ့…” မူကျိချူက ပြောသည်။

“ကြည့်ရတာ အဖွဲ့ပေါင်းစုံက ရောက်နေတာပဲ…” ရီဖူရှင်းက တိတ်ဆိတ်စွာ ပြောသည်။ မုန်တိုင်းက ထန်လာတော့မည်ဟု ခံစားနေရသည်။ သူက အချိန်ကို ကောင်းစွာ အသုံးချရန် လိုပေသည်။

ရီဖူရှင်း တွေးထင်ထားသလိုပင် အဆိပ်မီးတော်မြို့၏ အပြင်ဘက်တွင် လူတစ်စု ချောင်းမြောင်း နေကြသည်။ သူတို့က ပျက်စီးခြင်းမြို့တွင် အင်အား အကောင်းဆုံး ကလန်ဖြစ်သော ရှာကလန်ဖြစ်သည်။ သူတို့အား ရှာဟူက ဦးဆောင်လာသည်။

တော်ဝင်လမ်း၏ မြို့ကိုးမြို့တွင် အဆိပ်မီးတော်မြို့ တစ်မြို့သာ ထိပ်သီး အင်အားစုများ ရှိမနေပေ။ ထို့ကြောင့် တန်ခိုးရှင်အများစုက ဤမြို့တွင် လာရောက် စုစည်းနေကြသည်။

ယခု တစ်စုံတစ်ယောက်က ထိုမျှ ထိရောက်သော နည်းလမ်းဖြင့် တော်ဝင် တံဆိပ်ပြားများကို စုဆောင်းနေသည်။ သူတို့က မည်သို့ မလာဘဲ နေမည်နည်း။

“ကျုပ်တို့ သူ့ဆီကို သွားကြတော့မလား…” ရှာဟူ၏ဘေးမှ တစ်ယောက်က ပြောသည်။

“အမြန်မလိုဘူး…” ရှာဟူက ပြန်ပြောသည်… “အခု သူက တော်ဝင် တံဆိပ်ပြားတွေကို စပြီး စုဆောင်းတုန်းပဲ ရှိသေးပုံရတယ် … သူ့ကို အချိန်နည်းနည်း ပိုပေးလိုက်… ဒါပေမဲ့ သူ့ကို သေချာ စောင့်ကြည့်ထား… ငါတို့ပဲ သူ့ကို စောင့်ကြည့်နေတာ မဟုတ်ဘူး…”

“နားလည်ပါပြီ…” သူ့ဘေးနားမှ လူက ပြောသည်။

သူတို့အုပ်စုက မြို့တွင်းကို ဝင်ရောက် သွားကြသည်။ မကြာမီ နောက်ထပ် တစ်အုပ်စု ရောက်လာ ကြပြန်သည်။ သူတို့ကား နန်ထျန်းအိမ်တော်မှ လူများဖြစ်ကြကာ နန်ဟိုက ရှေ့ဆုံးတွင် တည်ငြိမ်စွာ ရပ်နေသည်။ သူက မြို့ထဲကို စူးရှသော မျက်လုံးများဖြင့် ကြည့်သည်။ ရီဖူရှင်းက အချိန်တိုအတွင်း နာမည် ကြီးလာသည်။ အမှန်ပင် ရီဖူရှင်းက သူ့အား စိတ်မပျက်စေခဲ့ပေ။

ထိုအချိန်တွင် လေထဲ၌ ဧရာမသင်္ဘောကြီး တစ်စင်း ပေါ်လာသည်။ ရှေ့ဆုံးတွင်ကား အလွန်လှပသော မိန်းမနှစ်ယောက် ပါလာသည်။ သူတို့က နန်ထျန်းအိမ်တော်မှ လူများကို တစ်ချက် ကြည့်ပြီးမှ မြို့ထဲကို ဆက်လက် ပျံသန်း သွားကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset