အဆိပ်မီးတော်မြို့တွင် ဧရာမ အဆောက်အဦကြီးတစ်ခု ရှိသည်။ အဆောက်အဦက အနည်းငယ် ပျက်စီးနေသော်လည်း ကောင်းကောင်း အနားယူ၍ ရသည်။ ယခု ရီဖူရှင်းက အဆောင်တစ်ခု အတွင်း၌ လေ့ကျင့်နေသည်။ ထို့အတူ တခြား အဆောင်များ အခန်းများတွင်လည်း မရေမတွက်နိုင်သော လူများက တန်ခိုးကျင့် နေကြသည်။
ဤနေ့ရက်များတွင် ရီဖူရှင်းက ရှေးဟောင်းနေရာ လေးဆယ့်ကိုးနေရာအား ဖြေရှင်းနိုင်ခဲ့ရာ မည်သူကမှ သူ၏စွမ်းရည်ကို သံသယ မဝင်ကြတော့ပေ။ ရီဖူရှင်းနောက်ကို လိုက်ကာ တန်ခိုးကျင့်ခြင်းက အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပင်။
လက်ရှိတွင် ထိုအဆောက်အဦကြီး၌ လူမျိုးစုံကို တွေ့ရသည်။ ကောင်းသောလူ၊ ဆိုးသောလူ၊ ကောက်ကျစ်သောလူ ဒေါသကြီးသောလူ စသော စရိုက်မျိုးစုံ၏။ ယခု ရီဖူရှင်း ရှိနေသော အဆောင်သို့ လီချန်းရီက လျှောက်လာကာ မေးသည်… “ဖူရှင်း… နင်က နောက်ထပ် ဘယ်တော့ တခြား နေရာတွေကို သွားမလဲ မေးနေကြတယ်…”
“အမြန် မလိုဘူး…” ရီဖူရှင်းက အဝေးကို ကြည့်ကာ ပြောသည်။ လီချန်းရီက စိုးရိမ်စွာ ပြောသည်… “ဖူရှင်း… လူတွေက အရမ်း များလာနေတယ်…”
ယခု လူဆိုး လူကောင်းများ ရောထွေးနေသော ဧရာမ လူအုပ်ကြီးကို ကြည့်ကာ သူမက အန္တရာယ်၏ အငွေ့အသက်ကို ခံစားနေရသည်။ လူသုံးယောက်က အသတ်ခံခဲ့ရသည့်တိုင် ဖြစ်လာနိုင်ဖွယ် အန္တရာယ်အား မည်သူမှ မခန့်မှန်းနိုင်။
“အရမ်း ကြီးတာလား…” ရီဖူရှင်းက ပြုံးသည်။ မုန်တိုင်းက ရှောင်ဖယ်၍ မရပေ။ သူက အရေးပါသော နေရာမှ ပါဝင် ကပြရမည် ဆိုမှတော့ သူကလည်း စွန့်စားရန် လိုသည် မဟုတ်ပါလား။
“ကြည့်ရတာ နင်က ဒါကို တွေးပြီးသားပဲ… ဒါဆိုလည်း ငါမပြောတော့ဘူး…” လီချန်းရီက ပြုံးသည်… “ငါက နင့်လောက် ရည်မှန်းချက် မမြင့်ဘူး… တော်ဝင် ကျဲနန်းတော်ကို မြင်ခွင့်ရရင်ပဲ အိမ်ပြန်ရတာ တန်သွားပြီ…”
“ဒီလို ရိုးရှင်းတဲ့ဆန္ဒက ပြည့်ဝရမှာပေါ့…” ရီဖူရှင်းက လီချန်းရီကို ခေါင်းညိတ်ပြသည်… “သတင်းတစ်ခု ထုတ်ပြန်ပေး… ငါ့မှာ ပြောစရာတွေ ရှိတယ်…”
လီချန်းရီက အံ့အားသင့်သွားပြီးမှ ခေါင်းညိတ်ကာ ပြောသည်… “သတိထားပါ…” ရီဖူရှင်းက အရေးကြီးသော တစ်ခုခုကို လုပ်တော့မည်ဟု သူမသိနေသည်။ ထို့နောက် သူမက သတင်းထုတ်ပြန်ရန် ထွက်သွားသည်။
မူကျိချူကလည်း လျှောက်လာကာ မေးသည်… “အဲဒါကို နင် လုပ်တော့မလို့လား…”
“အချိန်ကျပြီ… အနှေးနဲ့ အမြန် လုပ်ရမှာပဲ…” ရီဖူရှင်း ပြောသည်။
“နင် ဘာလုပ်မလို့လဲ…” ချင်ရန်ကလည်း အနီးကို ကပ်လာကာ မေးသည်။
“မင်းတို့လည်း မကြာခင် သိမှာပဲ… မကြာခင် မင်းတို့ရဲ့ အကူအညီ လိုလိမ့်မယ်…” ရီဖူရှင်းက ချန်ရန်ကို ပြောသည်။
“တစ်ခုခုလိုရင် ပြောသာပြောပါ…” ရွယ်ယွန်ပိုကျင်က ပြောသည်။ သည်ရက်ပိုင်းအတွင်း ရီဖူရှင်းအပေါ် သူ၏အမြင် သဘောထားက များစွာ ပြောင်းလဲ သွားခဲ့သည်။
“ကောင်းပြီ…” စီဝူကျိကလည်း ခေါင်းညိတ်သည်။ ယခု ရီဖူရှင်း၏ ရည်ရွယ်ချက်က သာမန် မဟုတ်သည်ကို သူတို့အားလုံး ရိပ်မိကြသည်။ သူက ကျိုးရှင်းတောင်ကို ရောက်လာသည်ကလည်း တိုက်ဆိုင်ခြင်း ဖြစ်ဟန်ရကာ အမှန်တကယ် ချန်ရန် သို့မဟုတ် ကျိုးရှင်းတောင် တပည့်ဖြစ်လိုဟန် မရပေ။
“ဖူရှင်း… ငါတို့ အကောင်းဆုံး လုပ်ပေးမယ်…” လီစွမ်းက ပြုံးလျက် ပြောသည်။
“အခုလို အားလုံးက ကူညီတာ ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူကလည်း သည်လူများကို သာမန်လူများကဲ့သို့ သဘော မထားတော့ပေ။
မကြာမီ လူအများအပြားက ထိုနေရာကို လာရောက် စုစည်းကြသည်။ လီချန်းရီက သတင်းအား ထုတ်ပြန်ခဲ့ပြီးပုံ ရသည်။
ရီဖူရှင်းက အဆောက်အဦ၏ အမြင့်ဆုံး နေရာတွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်နေသည်။ ထိုစဉ် လူတစ်ယောက်က လေးစားစွာ လှမ်းမေးသည်… “ဆရာရီ… ခင်ဗျားမှာ ဘာကြေညာစရာ ရှိတာလဲ…”
“အမြန်မလိုဘူး… အားလုံး ရောက်တာနဲ့ ကျုပ် ကြေညာပေးမယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ကောင်းပြီ…” ထိုလူက ခေါင်းညိတ်သည်။
လူအများအပြားက ရောက်ရှိ လာနေကြကာ ရီဖူရှင်းကို ကြည့်ကြသည်။ မကြာမီ ထိုနေရာ တစ်ခုလုံးက တန်ခိုးရှင်များနှင့် ပြည့်ကျပ်သွား၏။
အဆောက်အဦကြီး၏ အပြင်ဘက်တွင် လူတစ်စုက ရီဖူရှင်း ရှိရာဘက်ကို တင်းမာစွာ ကြည့်နေကြသည်။ သူတို့ကလည်း မိုးမြေကောင်းကင်မြို့မှ လာခဲ့ကြသည်။ မှန်သည်… သူတို့က သူရိယနေမင်း ကျောင်းမှ လူများ ဖြစ်ကြသည်။ ရီဖူရှင်းက မသေသည့်အပြင် တော်ဝင်လမ်းတွင် အင်အား ကောင်းနေသည်။ ရီဖူရှင်း သေသွားသောအခါ ကျောင်းအုပ်ချန်းက သူတို့ကျောင်းအား လာရောက် ဖျက်ဆီးခဲ့သည်။ ထိုကိစ္စအား ပြန်တွေးလျှင် ကျောင်းအုပ်ချန်းက တမင်ပင် အခွင့်ကောင်းယူကာ သူ၏ဒေါသအား သူရိယနေမင်း ကျောင်းတွင် လာရောက် ပေါက်ကွဲသည်မှာ ထင်ရှားသည်။
ချန်းဝမ်လည်း ထိုအုပ်စုထဲတွင် ပါကာ ရီဖူရှင်းကို အဝေးမှ ဒေါသတကြီး ကြည့်နေသည်။ ထိုကိစ္စ၏အဓိက တရားခံမှာ ချန်းကလန် ဖြစ်သည်။ သို့သော်လည်း သူတို့က ရီဖူရှင်းကို မသတ်နိုင်ခဲ့ကြပေ။ ယခု သူ၏ဒဏ်ရာများက အားလုံး ပြန်ကောင်းသွားနေပြီး ဖြစ်ကာ တော်ဝင်လမ်းတွင်လည်း အတော် အောင်မြင်နေသည်။
လူတိုင်းက ရီဖူရှင်းကို အာရုံစိုက်နေသော အချိန်တွင် သူ့နောက်၌ မူကျိချူ၊ ယူချင်းနှင့် ကျန်လူများ အားလုံးက တိတ်ဆိတ်စွာ ရပ်ကာ သူ့ကို ကာကွယ် ပေးထားကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းက လက်ဝှေ့ယမ်း လိုက်သည်နှင့် ထိုနေရာတစ်ခုလုံး တိတ်ဆိတ် သွားသည်။
“ကျုပ်က တော်ဝင်လမ်းကို လာတာက စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး လေ့ကျင့်ဖို့ပါ… အခု ဒီ ရှေးဟောင်း အကြွင်းအကျန် နယ်မြေတွေက ကျုပ်ရဲ့စွမ်းအားတွေကို အထောက်အပံ့ မဖြစ်တော့ဘူးလို့ ကျုပ်ခံစားရတယ်… ဒါကြောင့် ကျုပ်က နောက်ထပ် ရှေးဟောင်း အကြွင်းအကျန် နယ်မြေတွေကို ဖြေရှင်းပေးမှာ မဟုတ်တော့ဘူး…” ရီဖူရှင်း ပြောသည်တွင် လူအများအပြားက ရီဖူရှင်းကို ထိတ်လန့်စွာ ကြည့်ကြသည်။
ရီဖူရှင်း၏ စကားကို ကြားသည်တွင် လီချန်းရီ စိတ်လှုပ်ရှား သွားသည်။ သူ စိတ်ပူနေသော အရာက အမှန်တကယ် ရောက်လာသည်။ ရီဖူရှင်းကသာ ဤသို့ လက်လျှော့လိုက်ပါက ပြဿနာ များပေတော့မည်။
“ဆရာရီ… ခင်ဗျားမှာ ပါရမီ ဒီလောက်ကောင်းတာ.. ဘာလို့ အကျိုးမဲ့ ဖြစ်ရမှာလဲ…” တစ်ယောက်က ထိုသို့ လုပ်စေလိုဟန် မရဘဲ ပြောသည်။
ရီဖူရှင်းက လက်ဝှေ့ယမ်းကာ ဆက်ပြောသည်… “တော်ဝင်လမ်းထဲမှာ ဒီရှေးဟောင်း နယ်မြေတွေက ကျုပ်အတွက် အကျိုးသိပ်မရှိဘူး… ကျုပ်က ဒီမှာ အချိန်ဖြုန်းနေဖို့ မသင့်ဘူး… ဒါကြောင့် ကျုပ်က နောက်တစ်ခု လုပ်ချင်တယ်…”
“ကောလာဟလတွေအရ တော်ဝင် တံဆိပ်ပြားတွေ အများကြီး စုနိုင်ခဲ့ရင် တော်ဝင်ကျဲ နန်းတော်မှာ တစ်ခုခုနဲ့ လဲလို့ရတယ်တဲ့… ဒါပေမဲ့ ကျုပ်က နောက်တစ်ခု ကြားထားတယ်… ခင်ဗျားတို့က လုံလောက်တဲ့ တော်ဝင် တံဆိပ်ပြား ရှိမယ်ဆိုရင် တော်ဝင်လမ်းထဲက ဧရာမ ရှေးဟောင်း နယ်မြေတစ်ခုကို ဖွင့်လှစ်လို့ ရတယ်တဲ့… ဒါက ကျုပ်တို့ တန်ခိုးကျင့်ရာမှာ အရမ်းကို အကျိုးကျေးဇူး ဖြစ်ထွန်းလိမ့်မယ်…” ရီဖူရှင်းက ပြောသည်။
အတော်များများက ရီဖူရှင်း ပြောသည်ကို နားမလည်ကြ သော်လည်း လူအနည်းငယ်က ထိတ်လန့် သွားကြသည်။ သူတို့ကလည်း ထိုကောလာဟလကို သိကြသည်။ သို့သော် ထိုသို့လုပ်ရန်မှာ ထိပ်သီး အင်အားစုများပင် မတတ်နိုင်ပေ။
“ဒါကြောင့် ကျုပ်က မြို့ထဲက ဧရာမ ရှေးဟောင်း နယ်မြေကြီးကို ဖွင့်ချင်တယ်… ဒါကြောင့် ကျုပ်က အရမ်းများတဲ့ တော်ဝင် တံဆိပ်ပြားတွေကို လိုတယ်… အားလုံးက ခင်ဗျားတို့ရဲ့ တံဆိပ်ပြားတွေကို ငှားပေးနိုင်မလား… ကျုပ်က အကုန်လုံးနဲ့ လေ့ကျင့်ပြီးတဲ့အခါ ပြန်ပေးပါ့မယ်…”
ရီဖူရှင်း၏ ကြေညာချက် ထွက်ပေါ်လာလျှင် လူအုပ်က ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သူတို့၏ တော်ဝင် တံဆိပ်ပြားများကို စုဆောင်း လိုသည်လား။ တော်ဝင်လမ်းတွင် တော်ဝင် တံဆိပ်ပြားက အရေးအကြီးဆုံး ဖြစ်သည်။ တော်ဝင် တံဆိပ်ပြားဖြင့် သူတို့က တော်ဝင်လမ်းမှ ထွက်ကာ တော်ဝင်ကျဲ နန်းတော်သို့ ဝင်ရောက်နိုင်သည်။ ရီဖူရှင်းက ပြန်ပေးမည်ဟု ကတိပေးသော်လည်း သူက ပြန်မပေးခဲ့လျှင်ကော…။ ထို့အပြင် ရီဖူရှင်းက များစွာသော တော်ဝင် တံဆိပ်ပြားများကို စုစည်းနိုင်ခဲ့ပါက တခြားလူများက သူ၏လက်ထဲမှ တော်ဝင် တံဆိပ်ပြားများကို လောဘ တက်ကြမည်မှာ သေချာသည်။
လီချန်းရီပင် ရီဖူရှင်း၏ စကားကို ကြားကာ ထိတ်လန့်ရသည်။ ရီဖူရှင်းက လုပ်လိုသည့်ကိစ္စက အလွန် အန္တရာယ်များသည်ကို သူမသိသည်။
“ကျုပ်က မလုပ်နိုင်ခဲ့ရင် အားလုံးရဲ့ တံဆိပ်ပြားကို ပြန်ပေးမှာပါ … ပြီးတော့ ကျုပ်ကို တံဆိပ်ပြားပေးတဲ့ လူတွေကလည်း ကျုပ်နဲ့အတူ တံဆိပ်ပြားကို ကူညီ စောင့်ကြပ်ပေးဖို့ လိုပါတယ်… ကျုပ်တို့အားလုံး စုစည်းရင် ဒါက မဖြစ်နိုင်စရာ မရှိပါဘူး… ပြီးတော့ အားလုံး စောင့်ကြည့်နေတဲ့ အချိန်မှာ ကျုပ်က ဘယ်လိုလုပ် အားလုံးရဲ့ တံဆိပ်ပြားကို ခိုးယူလို့ ရမှာလဲ…” ရီဖူရှင်းက ဆက်ပြောသည်။
“ကျုပ်က တော်ဝင်လမ်းကို တန်ခိုးကျင့်ဖို့ လာခဲ့တာ… အခွင့်အရေးရရင် ကျုပ်က သေချာပေါက် အသုံးချရမှာပဲ…” လူအုပ်ထဲက တစ်ယောက်က ပြောသည်။ သူ၏အနီးတွင် ဂီတ၏ အငွေ့အသက်များ ယှက်သန်းနေကာ ထူးထူးခြားခြား ချောမောသူ ဖြစ်သည်။
“ရှောင်ကျွမ်ရီ…” လူအုပ်ထဲမှ လူများက သူ့အား မှတ်မိကြကာ ထိတ်လန့်စွာ ရေရွတ်ကြသည်။ ရှောင်ကျွမ်ရီကား ဂီတပညာတွင် ထူးချွန်ကာ ပါရမီ အလွန်အမင်း မြင့်သူဖြစ်သည်။ သူက သိမ်မွေ့ကာ သူ၏ တကယ့်ပါရမီက လူအများ ထင်မှတ်ထားသည်ထက် မြင့်သည်ဟုပင် ပြောကြသည်။
ရှောင်ကျွမ်ရီက ရှေ့ကို လျှောက်သွားကာ သူ၏ တော်ဝင် တံဆိပ်ပြားကို ပေးသည်တွင် လို့လန်ရွှီက ရှေ့ကို တက်ကာ လှမ်းယူသည်။ ရီဖူရှင်းက ဘေးနားမှ ချန်ရန်ကို ကြည့်ကာ ပြောသည်… “ချန်ရန်… သူတို့ဆီက တော်ဝင် တံဆိပ်ပြားကို စုဆောင်းဖို့ လို့လန်ရွှီကို ကူညီပေးနိုင်မလား…”
“ကောင်းပြီ…” ချန်ရန်က ခေါင်းညိတ်သည်။
“ကျုပ်တို့ တံဆိပ်ပြားတွေကိုလည်း ယူပါ…” ရွယ်ယွန်ပိုကျင်က ပြောသည်။ သူတို့အုပ်စုကလည်း တံဆိပ်ပြားများကို ထုတ်ပေးကြသည်။ ကျိုးကျွမ်က သဘောမကျသော်လည်း သူလည်း ထုတ်ပေး၏။
“ကျုပ်က နဂိုကတည်းက တော်ဝင်ကျဲ နန်းတော်ကို ဝင်ဖို့ အခွင့်အရေး မရှိခဲ့ဘူး… အခု ကျုပ်မှာ အခွင့်အရေး ရှိလာပြီ… ဆရာရီအပေါ်မှာ ကျုပ်က ယုံကြည်ပါတယ်…” တစ်ယောက်က လျှောက်လာကာ သူ၏တံဆိပ်ပြားကို ပေးသည်။
လူအများအပြားကလည်း ထိုလူနည်းတူ သူတို့၏ တော်ဝင် တံဆိပ်ပြားများကို ထုတ်ပေးကြသည်။ ချန်ရန်တို့ အားလုံးကလည်း ထုတ်ပေးကြသည်။
“အားလုံးကို ကျေးဇူးတင်ပါတယ်… ဒီရက်ပိုင်း ကျုပ်က ဒီမှာပဲ လေ့ကျင့်ပါ့မယ်… ကျုပ်က လုံလောက်တဲ့ တံဆိပ်ပြားကို စုဆောင်းနိုင်ခဲ့ရင် ဧရာမ ရှေးဟောင်း နယ်မြေကို ဖွင့်လှစ်ပါ့မယ်…” ရီဖူရှင်းက ပြောသည်။
တစ်နာရီခန့် ကြာသောအခါ လူအုပ်ကြီးက ပြယ်လွင့်သွားသည်။ ရီဖူရှင်းကလည်း တံဆိပ်ပြား တစ်ထောင်ခန့် စုဆောင်းနိုင်ခဲ့သည်။ လူတိုင်းတွင် ကွဲပြားခြားနားသော အမြင်များ ရှိနေသည်။ သို့သော်လည်း အားလုံးက သူတို့၏ တံဆိပ်ပြားများကို ထုတ်ပေးကြသည်။
လီစွမ်းတို့ အုပ်စုက သူတို့၏အဆောင်ကို ပြန်လာသော အချိန်တွင် ကျိုးကျွမ်၏ အမူအရာက သိပ်မကောင်းပေ။ သူက လီစွမ်းကို ပြောသည်… “သခင်လေး… သူက တကယ်ပဲ ကျုပ်တို့ တော်ဝင် တံဆိပ်ပြားကို ယူရဲတယ်…”
လီစွမ်းက သူ့ကို ကြည့်သော အချိန်တွင် လီချန်းရီက သူ့ကို ကြိမ်းမောင်းသည်… “ကျိုးကျွမ်… ရှင်က ဘာတွေ အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ…”
“ဟင်း… သူက တော်ဝင်လမ်းကို ရောက်ပြီး ရှေးဟောင်း နယ်မြေတွေကို ဖြေရှင်းကတည်းက ကျုပ်တို့က သူ့အတွက် လူစိမ်းတွေလိုပဲ…” ကျိုးကျွမ်က ပြောသည်… “သူ့ရဲ့ ပါရမီက ထူးခြားပြီးတော့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်တယ် ဆိုပေမဲ့ သူက ကျုပ်တို့ တော်ဝင်လမ်းကို ခေါ်လာခဲ့တဲ့ သာမန် အကာနာတန်ခိုးရှင် တစ်ယောက် ဆိုတာ မမေ့နဲ့… သူ့အတွက်နဲ့ ကျုပ်တို့က တခြားလူတွေနဲ့တောင် တိုက်ခိုက်ခဲ့ရသေးတယ်… အခု သူက အောင်မြင်လာတော့ သခင်လေးကိုတောင် မလေးစားချင်တော့ဘူး…”
“ရှင်က ဘယ်လိုလုပ် ဒီလို စဉ်းစား နိုင်ရတာလဲ…” လီချန်းရီက သူ့ကို စိတ်ပျက်စွာ ကြည့်သည်။
“မိန်းကလေး ချန်းရီ… ကျုပ်ပြောတာ မှားလား… အခု သူ့နေရာက အားကောင်းလာတေ့ သခင်လေးကိုတောင် အလေး မထားတော့ဘူး… ကျုပ်တို့အစား သူ့အစေခံက ဘာလို့ တော်ဝင် တံဆိပ်ပြားကို ယူထားရတာလဲ… ဒါက ကျုပ်တို့ကို လှေကားထစ်လို အသုံးချနေတာ မဟုတ်ဘူးလား… သူက ဧရာမရှေးဟောင်း နယ်မြေကို ဖွင့်နိုင်ခဲ့ရင်လည်း ကျုပ်တို့က သူ့အတွက် လူစိမ်းတွေ ဖြစ်နေမှာပဲ…” ကျိုးကျွမ်က အေးစက်စွာ ပြောသည်။
***