Switch Mode

အပိုင်း (၅၁၅)

သခင်လေးရီ

အဆိပ်မီးတောက် မြို့ထဲတွင် ဧရာမ လူတစ်စုက ဦးတည်ရာ အရပ်တစ်ခုသို့ မြန်ဆန်စွာ ရွေ့လျား နေကြသည်။ ထိုလူများက လျှို့ဝှက်ချက် တစ်ခုကိုလည်း တီးတိုး ပြောဆို နေကြသည်။

ထိုလူအုပ်ကြီးအား မြင်ကာ လူအများအပြားက အံ့အားသင့် ကြရသည်။ ဘာဖြစ်နေသနည်း။ မြို့ထဲတွင် အရေးကြီးသော ကိစ္စတစ်ခုခု ဖြစ်ပျက် နေသည်များလား။ ထိုသို့တွေးကာ တခြား လူများကလည်း ထိုလူအုပ်ကြီးနှင့် စတင် လိုက်ပါလာကြသည်။ လမ်းတစ်လျှောက်တွင် ထိုလူများ၏ တီးတိုး ပြောစကားများအရ သူတို့ကလည်း ထိုလျှို့ဝှက်ချက်ကို သိလာကြသည်။

“သူက ရှေးဟောင်း အကြွင်းအကျန် နယ်မြေ ဆယ့်ရှစ်ခုရဲ့ လျှို့ဝှက်ချက်တွေကို ဆက်တိုက် ဖော်ထုတ်နိုင်တယ် ဆိုတာ ဟုတ်လား…”

“အမှန်ပဲ… ကောလာဟလတွေ အရတော့ သူက ရှေးဟောင်း အကြွင်းအကျန် နယ်မြေဆယ့်ရှစ်ခုရဲ့ လျှို့ဝှက်ချက်တွေကို တစ်နေ့တည်း အတွင်းမှာ ဆက်တိုက် ဖော်ထုတ် ပေးနိုင်ခဲ့တယ်… ပြီးတော့ သူဖော်ထုတ် ပြီးရင်လည်း တခြားလူတွေကိုပါ လေ့ကျင့်စေတယ်… ဒါကြောင့် သူနဲ့အတူလိုက်ပြီး လေ့ကျင့်နေတဲ့ လူတွေက ပိုပြီး အားကောင်း လာနေကြတယ်…”

ထိုအသံများက တောမီးလို ပျံ့နှံ့နေသည်။ သို့သော် တချို့၏ အမူအရာများက လှောင်ပြုံးများ ရှိနေသည်။ ထိုသို့ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ပြီး တခြားလူများကိုပါ ပေးသော အရူးမျိုး သူတို့ မကြားဖူးပေ။

တန်ခိုးရှင်များကား အများစုက တစ်ကိုယ်ကောင်း ဆန်ကြပေသည်။ အထူးသဖြင့် တန်ခိုးကျင့်ခြင်း လောကတွင် အသက်ရှင် ရပ်တည်ရန် မိမိကိုယ်ကို အားကောင်းရန်သာ အားထုတ်ကြရရာ တခြားလူများကို မိမိ၏ အကျိုးအမြတ်အား သည်အတိုင်း ခွဲဝေပေးသူများက မိုက်မဲသူများသာ ဖြစ်သည်။ ထို့ကြောင့် ကောလာဟလများအရ ထိုနေရာကို သွားနေကြ သော်လည်း တချို့က ယုံကြည်ခြင်း မရှိပေ။

သို့သော်လည်း သူတို့က သံသယ ရှိသည့်တိုင် ထိုသို့သော အခွင့်အလမ်းမျိုးအား လက်မလွှတ်နိုင်ရာ ထိုနေရာကို သွာနေကြရသည်။ လူအုပ်ကြီးက တောင်ကုန်း တစ်နေရာကို ရောက်လာသည်။ တောင်ကုန်းက သိပ်မြင့်မားခြင်း မရှိသော်လည်း တောင်ကုန်းပေါ်တွင် များစွာသော ကျောက်တိုင်​ ကျောက်ပြားများ စိုက်ထူထားသည်။ ကျောက်တုံး ကျောက်ပြားများ ပေါ်တွင် များစွာသော မှော်စာလုံးများ ရေးထွင်းထားပြီး မရေမတွက်နိုင်သော လူများက ထိုစာလုံးများရှေ့တွင် ထိုင်ကာ တန်ခိုးကျင့် နေကြသည်။

ဧရာမ ကျောက်တုံး တစ်တုံးရှေ့တွင် လူငယ်တစ်ယောက်က တိတ်ဆိတ်စွာဖြင့် လျှို့ဝှက်ချက်များကို ဖော်ထုတ်နေသည်။ သူ့နောက်တွင်ကား လူအများအပြားက ရပ်နေကြသည်။ သူတို့က ယူချင်း၊ ချန်ရန်နှင့် တခြားလူများ ဖြစ်ကြသည်။ မူကျိချူကလည်း ရီဖူရှင်း၏ အနီးတွင်ပင် ရပ်နေသည်။

ထိုအချိန်တွင် ရွယ်ယွန်ပိုကျင်၊ ချန်ရန်နှင့် စီဝူကျိတို့ပင် လွန်စွာ ထိတ်လန့် နေကြသည်။ သူတို့က ရီဖူရှင်း၏နောက်ကို လိုက်ကာ ရှေးဟောင်းနယ်မြေ ဆယ့်ရှစ်ခု၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သည်ကို လက်တွေ့ မြင်ခဲ့ကြရသည်။ ခံစားချက်အား ထုတ်ဖော်၍ ပြောကြားခြင်းငှာ မစွမ်းသာပေ။ သည်မတိုင်မီက ရီဖူရှင်းအား သူတို့နောက်ကို လိုက်ခွင့်ပေးသည်မှာ လီစွမ်း၏လူများ ဖြစ်သောကြောင့်သာ…။

ထို့အပြင် ရီဖူရှင်းက ကျင်းကလန်နှင့် ရင်ဆိုင်ရာတွင် ထွက်ပြေးသွားခဲ့ပြီး ပြန်လာခဲ့ရာ ရီဖူရှင်းက သူတို့ကို အကာအကွယ်အဖြစ် အသုံးပြုနေသည်ဟု တွေးကာ လွန်စွာ မပျော်မရွှင် ဖြစ်ကြရသည်။ သို့သော်လည်း အကာနာ တန်ခိုးရှင် တစ်ယောက်က ရှေးဟောင်း အကြွင်းအကျန် နယ်မြေဆယ့်ရှစ်ခုကို ဖြေရှင်းပေးခဲ့ကာ များစွာသော တန်ခိုးရှင်များ၏ ကျင့်ကြံခြင်းများကို ကူညီပေးခဲ့သည်။ သူတို့အားလုံးက ရီဖူရှင်း၏ အကူအညီဖြင့် အကျိုး ကျေးဇူးများစွာ ရခဲ့ကြသည်။

ဤသို့သော ပါရမီမျိုးကား ကြားပင် မကြားဖူးပေ။ ထို့ကြောင့် ကျင်းကလန်က သူ့ထံတွင် ရှန့်ထိုအမွေ ရှိသည်ဟု ပြောသည်ကပင် အမှန် ဖြစ်နိုင်မလားဟု တွေးမိကြသည်။

သူတို့ထဲတွင် ကျိုးကျွမ်၏ အမူအရာက သိပ်မကောင်းတော့။ ရီဖူရှင်း၏ တန်ခိုးအဆင့်က သူ့ထက် အနည်းငယ်နိမ့်ရာ သူက အထင်သေးစွာဖြင့် အရှက်ခွဲခဲ့သည်။ ယခု ရီဖူရှင်းက နာမည် ကျော်ကြားလာရာ သူ့စိတ်ထဲ မခံချိမခံသာ ဖြစ်နေသည်။

လက်ရှိ ဤနေရာတွင် လူတစ်ထောင်ခန့်မျှ ရှိကာ သူတို့အားလုံးက ရီဖူရှင်း နောက်ကို လိုလားစွာ လိုက်ပါ နေကြသည်။ ရီဖူရှင်း ရှိလျှင် ဘယ်ရှေးဟောင်း နယ်မြေကမှ မဖြေရှင်းနိုင် ဆိုသည်မှာ မရှိပေ။ အကယ်၍ သူက တစ်နေ့တည်းဖြင့် ရှေးဟောင်းနယ်မြေ ဆယ့်ရှစ်ခုကို ဖြေရှင်းနိုင်ခဲ့ပါက သုံးလတွင် သူတို့က မည်မျှ အကျိုးကျေးဇူး ရမည်ကို ခန့်မှန်း၍ပင် မရနိုင်ပေ။

ထို့အပြင် ပိုမိုသော လူများက စုစည်းရောက်ရှိ လာနေကြသည်။ သူတို့က ရီဖူရှင်း၏ စွမ်းဆောင်ရည်ကို ကြားသိရသောအခါ လွန်စွာ ထိတ်လန့် အံ့အားသင့် ကြရသည်။ ထိုမျှ ကြောက်မက်ဖွယ် အာရုံခံစားမှု ကောင်းသော လူ အမှန်တကယ် ရှိသလော..။ သို့မဟုတ်လျှင် သူ့တွင် လျှို့ဝှက်နည်းစနစ် ရှိသလော…။

လက်ရှိတွင် ရီဖူရှင်းကား တိတ်ဆိတ်စွာဖြင့် တန်ခိုးကျင့်နေသည်။ ဤနယ်မြေက သူ၏ကြယ်တာရာ ပညာဖြင့် ဆက်စပ်နေရာ သူ့အတွက် ဉာဏ်အလင်းများ ပွင့်စေသည်။

“ဆရာရီ… ကျုပ်တို့ ဘယ်တော့ နောက်နယ်မြေ တစ်ခုကို သွားမှာလဲ…” တစ်ယောက်က မေးသည်။ ရီဖူရှင်းက အကာနာ အဆင့်မျှသာ ရှိသော်လည်း လူအများက သူ့ကို လေးစားစွာဖြင့် ဆရာရီဟု ခေါ်ကြသည်။

ရီဖူရှင်းက မျက်လုံးဖွင့်ကာ ပြောသည်… “ကျုပ်က ဉာဏ်အလင်း နည်းနည်းရလို့ အချိန်တစ်ခု ကြာအောင် လေ့ကျင့်ဖို့လိုတယ်… အခု လောလောဆယ် နောက်နယ်မြေ တစ်ခုကို မသွားသေးပါဘူး… ခင်ဗျားတို့က ရှေ့က သွားနှင့်လို့ ရတယ်…”

“ဆရာရီကလည်း လေ့ကျင့်ချင်တာက သဘာဝပဲ… ကျုပ်က အလျင်မလိုဘူး… ဒါကြောင့် ကျုပ်က ဆရာရီကို ဒီမှာပဲ စောင့်နေမယ်…” နိုဘယ်အဆင့် တန်ခိုးရှင်က ပြောသည်။ သူက ရီဖူရှင်းနောက်မှ လိုက်ပါ လာသည်မှာ ကြာပြီဖြစ်ရာ အကျိုးကျေးဇူး များစွာ ရခဲ့သည်။

ရီဖူရှင်းက မျက်လုံးကို မှိတ်ကာ ဆက်လက်၍ လေ့ကျင့်သည်။ ထိုအခိုက်တွင်ပင် နောက်တစ်ယောက်က ပြောသည်… “မင်းမှာ ဒီလောက် ပါရမီတွေ ရှိနေမှတော့ ဘာလို့ ဒီမှာ အချိန်ဖြုန်းနေတာလဲ… နောက်နေရာ တစ်ခုကိုသွားပြီး လျှို့ဝှက်ချက်ကို မဖော်ထုတ်သင့်ဘူးလား…”

နောက်တစ်ယောက် ကလည်း သဘောတူဟန်ဖြင့် ပြောသည်… “မှန်တယ်… မင်းက တခြား နယ်မြေတွေက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီးမှ ​လေ့ကျင့်တာက ပိုပြီး အကူအညီ မဖြစ်ဘူးလား…”

ရီဖူရှင်း၏နောက်မှ မူကျိချူနှင့် ယူချင်းတို့အဖွဲ့က မျက်မှောင်ကြုတ် လိုက်ကြသည်။ ရီဖူရှင်းနှင့် မရင်းနှီးသော ရွယ်ယွန်ပိုကျင်ပင်လျှင် အေးစက်စွာ ပြောသည်… “ရီဖူရှင်းက သူဉာဏ်အလင်း ရတဲ့အချိန်မှာ ဘာလို့ လေ့ကျင့်လို့ မရတာလဲ…”

တစ်ဖက်လူက ရွယ်ယွန်ပိုကျင်ကို ကြည့်ကာ တင်းမာစွာ ပြောသည်… “သူ့အတွက် လူတွေ အများကြီး စောင့်နေတာ သူ မသိဘူးလား… တကယ်လို့ သူက တစ်လ နှစ်လလောက် လေ့ကျင့်နေရင် ဘယ်လိုလုပ်မလဲ… သူက တခြားလူတွေရဲ့ အချိန်တွေကို ဖြုန်းနေတာ မဟုတ်ဘူးလား…”

သူ၏စကားက တစ်ကိုယ်ကောင်း ဆန်သော်လည်း တခြားလူများကိုပါ ဆွဲထည့်လိုက်ရာ တခြား လူများကလည်း တူညီသော အတွေး ဝင်လာပြီး ရီဖူရှင်းကို ကြည့်ကြသည်။

“ရှင် ထွက်သွားတော့…” မူကျိချူ၏လှပသော မျက်လုံးများက အေးစက် သွားသည်။ ရီဖူရှင်းက သူတို့အား တန်ခိုးကျင့်ရန် ကူညီ ပေးနေသော်လည်း သူက ကျေးဇူးကန်း နေသည်။

“ဘယ်လောက် မောက်မာလိုက်သလဲ… အားလုံး… ဒီလူက ရှေးဟောင်း နယ်မြေတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်တယ် ဆိုမှတော့ ကျုပ်တို့က သူ့ကို ဖမ်းဆီးပြီးတော့ သူ့လျှို့ဝှက်ချက်ကို ပြောခိုင်းရင် ဘယ်လိုလဲ… ဒီနည်းနဲ့ သူက ဆက်ပြီး လျှို့ဝှက်ချက်ကို မဖော်ထုတ်မှာကို စိုးရိမ်စရာ မလိုတော့ဘူး…” ထိုလူက ဆက်လက် ဆွဲဆောင်သည်။

ထိုအခိုက်တွင် ရီဖူရှင်း၏ မျက်လုံးက ထပ်ပွင့်လာကာ တစ်ဖက်လူအား ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ လူတိုင်းက တစ်ကိုယ်ကောင်း ဆန်ကြသည်သာ။ သူက ဘာမှ ပြန်လည် တောင်းဆိုခြင်း မရှိဘဲ ထိုလူများကို ကူညီပေးခဲ့သည်။ သို့တိုင်အောင် သူ့ကို ကျေးဇူးမတင်ဘဲ ပိုမိုသော အကျိုးကျေးဇူး ရရန်ကိုသာ တွေးတော နေကြသည်။

“အားလုံးက ဒီလိုပဲ တွေးထင်ကြလား…” ရီဖူရှင်းက လွန်စွာ စိတ်ပျက် သွားဟန်ဖြင့် ပြောသည်။ သူက လူအုပ်ကို ကြည့်လျှင် လူအများအပြားက တိတ်ဆိတ် သွားကြသည်။ မည်သူက သူတို့၏ စွမ်းအားကို ပိုမိုမြင့်မားအောင် မလုပ်ချင်ဘဲ နေမည်နည်း။

“ကျုပ်က ရှေးဟောင်း နယ်မြေတွေမှာ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း လျှို့ဝှက် လေ့ကျင့်နေလို့ ရတယ်… ဘယ်သူမှ ​ဒီလောက် မတုံးဘူး… ဒါပေမဲ့ ကျုပ်က ဒီလိုမလုပ်ခဲ့ဘူး… ဒီလိုလုပ်မယ့်အစား အားလုံးကို အတူတူ လေ့ကျင့်စေခဲ့တယ်…” ရီဖူရှင်း၏အသံက စိတ်ပျက်ဟန်များ အထင်းသား ပေါ်လွင်နေသည်… “ဒါပေမဲ့ ဒီလို စေတနာ ထားတာတောင် ကိုယ်ကျိုးအတွက် ကျုပ်ကို မကောင်းကြံဖို့ ကြိုးစားနေတယ်… ကျုပ်က ဘယ်လိုလုပ်ရမလဲ…”

“ကျုပ်လုပ်တဲ့အလုပ်က တခြားလူတွေ ကျုပ်ကို မကောင်းတဲ့စိတ် အကြံဖြစ်စေတယ် ဆိုရင် ဒါကို ဆက်လုပ်သင့်လား…” ရီဖူရှင်းက မေးသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသည်။ ထိုစဉ်မှာပင် လွန်စွာ အားကောင်းသော နှစ်ဖက်သွား ဓားအသိတစ်ခု မွေးဖွားလာကာ ပြဿနာရှာသူ တစ်ယောက်ထံသို့ တိုးဝင်သွားသည်။ ထိုခဏတွင်ပင် ထိုလူ၏ အမူအရာက ပြောင်းလဲသွားကာ ခုခံရန် ကြိုးစားသော်လည်း သူ၏ခန္ဓာကိုယ်က နှစ်ပိုင်းပြတ် သွားတော့သည်။

နှစ်ဖက်သွားဓားကို ကိုင်ထားသူက ထိုပြဿနာ ရှာသူများကို တင်းမာစွာ ကြည့်သည်။ ထိုစဉ်မှာပင် နောက်တစ်ယောက် ကလည်း ပြဿနာရှာသူ နောက်နှစ်ယောက်ကို တိုက်ခိုက် လိုက်သည်။

“မင်း ဘာလုပ်တာလဲ…” တခြားလူ နှစ်ယောက်၏ မျက်နှာကလည်း ပြာနှမ်းသွားသည်။ သို့သော် ဘေးမှ လူများအားလုံးက သူတို့နှစ်ယောက်ကို ဝိုင်းဝန်း တိုက်ခိုက်သည်တွင် ခဏအတွင်း၌ ထိုလူနှစ်ယောက်လည်း သေဆုံး သွားရသည်။

“ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်ချင်တယ်… မကောင်းတဲ့ အကောင်တွေ…” နှစ်ဖက်သွားဓားကို ကိုင်ထားသော လူက ခပ်ဆတ်ဆတ် ပြောသည်။ သူက ရီဖူရှင်းနောက်ကို အစကတည်းက လိုက်ပါလာသူ ဖြစ်ကာ ရီဖူရှင်းကြောင့် သူ၏ဓားပညာက များစွာ တိုးတက်ခဲ့ရသည်။

“တော်ဝင်လမ်းကို လာတာက တန်ခိုးကျင့်ဖို့ ရည်ရွယ်ချက်ကြောင့်ပဲ မဟုတ်ဘူးလား… အခု ဆရာရီကလည်း သူ့အတွက် လိုအပ်တဲ့အချိန်မှာ လေ့ကျင့်ချင်မှာပဲ… တကယ်လို့ တခြားလူတွေက မစောင့်နိုင်ရင် သွားပါ … ဘယ်သူမှ​ မတားဘူး… ဆရာရီက ခင်ဗျားတို့ကို ဘာမှ အကြွေးမတင်နေဘူး…” နောက်တစ်ယောက်က အေးစက်စွာ ပြောသည်။

လူအများအပြားက ခေါင်းညိတ်ကြသည်။ ခုနက သေသွားသည့် လူများလို တွေးကြသည့် လူအချို့ ရှိသေးသော်လည်း သူတို့က ထုတ်မပြောရဲကြတော့…။

“အခုလို နားလည်ပေးတာ ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက လူအုပ်ဘက်ကို ပြောသည်… “တော်ဝင်လမ်းကို လာတာက တန်ခိုးကျင့်ဖို့ အတွက်ပဲ.. ကျုပ်ကလည်း ဒီအတွက် လာတာဖြစ်လို့ ကိုယ်တိုင်လည်း လေ့ကျင့်ဖို့လိုတယ်… ကျုပ်က ရှေးဟောင်း နယ်မြေတွေကိုလည်း ဆက်ပြီး လျှို့ဝှက်ချက်တွေ ဖော်ထုတ်သွားမယ်… အားလုံး အတူတူ လေ့ကျင့်ကြတာပေါ့…”

ရှေ့တွင် အခက်အခဲများစွာ ရှိသေးသည်ကို ရီဖူရှင်း သိသည်။ ယခုကား အစမျှသာ ရှိသေးသည်။

ရီဖူရှင်းက သုံးရက်မျှ လေ့ကျင့်ခဲ့သည်။ လူအများအပြားက စိတ်ရှည်စွာ စောင့်စား နေကြ၏။ မစောင့်နိုင်သူများက ထွက်သွားကြသည်။

သုံးရက် ကြာပြီးနောက် ရီဖူရှင်းက ဆက်လက်၍ ရှေးဟောင်း နယ်မြေများကို ဖြေရှင်းပေးသည်။ သုံးရက် အတွင်းတွင် သူက ရှေးဟောင်းနယ်မြေ လေးဆယ့်ကိုးခုကို ဖြေရှင်းပေးခဲ့ရာ တစ်မြို့လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားသည်။ သူ၏နာမည်ကလည်း အဆိပ် မီးတောက်မြို့ တစ်မြို့လုံးကို ပျံ့နှံ့သွားသည်။ ပိုမိုသော လူများကလည်း သူ့နောက်ကို တန်ခိုးကျင့်ရန် လိုက်ပါ လာနေကြသည်။

အဘယ်ကြောင့် လူသတ် လုယက်ကာ စွန့်စားမည်နည်း။ ရီဖူရှင်း နောက်ကို လိုက်ခြင်းဖြင့် အေးအေးလူလူ တန်ခိုးကျင့်၍ ရနေသည်။ အခွင့်အလမ်းများကို ရနေသည်။

မြို့ထဲတွင် လူတစ်စုက မြန်ဆန်စွာ သွားနေကြသည်။ သူတို့က ကြယ်မင်းကျောင်းမှ အုပ်စုဖြစ်သည်။ သူတို့က အဆိပ်မီးတောက်မြို့ကို ရောက်သည်နှင့် ရီဖူရှင်း၏ နာမည်ကို ကြားကြရသည်။

ကုယွန်ချီလည်း လူအုပ်ထဲတွင် ရှိသည်။ သူမ၏မျက်နှာက ဝင်းပနေ၏။ သူမ၏အဖေက မလိမ်ခဲ့ပေ။ ရီဖူရှင်းကား အမှန်ပင် အသက်ရှင် နေကာ တော်ဝင်လမ်းကို ရောက်နှင့်နေပြီး ဖြစ်သည်။ ယခု သူက တော်ဝင်လမ်းတွင် နာမည်ပင် ကြီးနေသည်။

တခြား တစ်ဖက်တွင် လောင်မူ၏ ခံစားချက်များ ရှုပ်ထွေးနေသည်။ တော်ဝင်လမ်းတွင် သူ၏တည်ရှိမှုက သိသာခြင်း မရှိခဲ့…။ ကြယ်မင်းကျောင်းနှင့် နဂါးကလန်မှ တန်ခိုးရှင်များကြောင့်သာ မဟုတ်ပါက သူက ဤမျှလောက်အထိ ခံနိုင်မည် မဟုတ်ပေ။

တော်ဝင်လမ်းကား သူထင်ထားသလို မရိုးရှင်းပေ။

သို့သော်လည်း သူနှင့် မျိုးဆက် တစ်ခုတည်း လူတစ်ယောက်က ယခု တော်ဝင်လမ်းတွင် နာမည်ကြီးနေပြီး ဖြစ်သည်။ သူ၏ပါရမီက အမှန်ပင် ထိုမျှ အားနည်းသည်လော။

အဆိပ် မီးတောက်မြို့တွင် ဝတုတ်နေသော လူတစ်ယောက်လည်း တစ်စုံတစ်ခုကို တွေးကာ သွားနေသည်။

“ဟူး…” လမ်းတွင်လည်း သက်ပြင်း ချလိုက်သေးသည်။ သူက ကျုံးကျိုးနယ် ကျူးကော့ကလန်ကို ရောက်ပြီးဖြစ်ကာ တော်ဝင်လမ်း၏ မြေအောက်လမ်းမှ တစ်ဆင့် ဝင်ခဲ့ရသင့်သည်။ သို့သော် မောင်ငယ်လေးက မိုးမြေကောင်းကင်မြို့မှာလို့ သတင်းကြားတယ်… သူက အာရုဏ်လမ်းကို သွားလိမ့်မယ်ဟု ပြောကာ သူ့အား ဤနေရာသို့ စေလွှတ်ခဲ့သည်။

ယခု သူ၏ညီငယ်က တော်ဝင်လမ်းတွင် နာမည်ကြီးနေပြီး ဖြစ်သည်။ သူသွားခဲ့ပါက ထိုအကောင်၏ အကူသာ ဖြစ်ရပြန်ဦးမည်။ မည်သူမှ​ ဖက်တီး၏ လက်ရှိ စိတ်ကို နားမလည်နိုင်…။

ဆရာရီတဲ့လား…။ သေစမ်း…။

***


Comment

Leave a Reply

Options

not work with dark mode
Reset