ရီဖူရှင်း ပြန်လာခဲ့သည်။ နန်ထျန်း အိမ်တော်က သူ့အား သတ်ရန် ကြိုးစားခဲ့ပါက လီချန်းရီနှင့် ကျန်လူများကိုပါ ထိခိုက်မည်ကို သူက စိုးရိမ်ခဲ့ရာ တစ်ယောက်တည်း ထွက်ခွာ သွားခဲ့သည်။ သို့သော်လည်း နန်ထျန်း အိမ်တော်က သူ့နောက်ကို လိုက်ပါလာခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူကလည်း လီချန်းရီတို့ အုပ်စုထံကို ပြန်လာခဲ့သည်။ သူက မူလနေရာသို့ ပြန်ရောက် သွားသောအခါ သူမတို့ကို မတွေ့တော့ပေ။ ထို့ကြောင့် ရီဖူရှင်းတို့အုပ်စုက ဆက်လက်၍ ခရီးနှင်ကြရာ လမ်းခုလတ်တွင် ပြန်တွေ့သည်။
“မိန်းကလေးချင်…” ရီဖူရှင်းက အားလုံးကို ကြည့်ကာ ပြောသည်… “ကျေးဇူးတင်ပါတယ်… ခင်ဗျားတို့ အဆင်ပြေကြလား…”
ချင်ရန်တို့အုပ်စုက ရီဖူရှင်းဘက်ကို လှည့်ကြည့်ကြသည်။ လူအများအပြား၏ မျက်နှာများက သဘောမကျသော အမူအရာများကို မြင်ကြရသည်။ ရီဖူရှင်းကား လူစိမ်းတစ်ယောက်သာ ဖြစ်ပြီး အကာနာ အဆင့်မျှသာ ရှိသည်။ သူတို့က ရီဖူရှင်းအား ကူညီတိုက်ခိုက် ပေးခဲ့ကြရ၏။ သို့သော် လီချန်းရီမူကား ပျော်ရွှင်သွားဟန် ရသည်။ သူမက ရီဖူရှင်းတို့ အုပ်စုအား သွားကြည့်လိုခဲ့သော်လည်း တခြားလူများက သဘောမတူခဲ့ရာ ဘာမှ မတတ်နိုင်ခဲ့။
“ဒါ အဆင်ပြေပါတယ်…” ချန်ရန်က ခေါင်းယမ်းသည်။ သူမ၏အကြည့်က ရီဖူရှင်း၏ဘေးနားမှ မူကျိချူကို မြင်သည်။ သူမက အဖြူရောင် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် သူမ၏အလှက ထင်ပေါ်လွန်း နေသည်။ သူမကား လှပလွန်း၏။
တခြားလူများကလည်း သူမကို သတိထားမိကြသည်။ မျက်လုံး တစ်မှိတ် အတွင်းတွင် ရီဖူရှင်း၏ဘေး၌ မိန်းမလှတစ်ဦး ပေါ်လာသည်။ သူမကား ချင်ရန်ထက်ပင် လှသည်။
“ဒါက ကျုပ်မိတ်ဆွေ မူကျိချူ…” အားလုံး၏ အကြည့်ကို သတိထားမိကာ ရီဖူရှင်းက မိတ်ဆက်ပေးသည်။
ချင်ရန်က ခေါင်းညိတ်ကာ တစ်ဖက်ကို လှည့်သွားသည်… “ရှင် ပြန်လာပြီ ဆိုမှတော့ အတူသွားကြမယ်…” ထို့နောက် သူမက ဆက်လက်၍ လျှောက်သွားသည်။ တခြား အဓိကမြို့သုံးမြို့မှ လူများကလည်း ရီဖူရှင်းကို စူးနစ်စွာ ကြည့်ကြသည်။
“သွားရအောင်…” လီစွမ်းက ပြုံးလျက် ပြောသည်။
ရီဖူရှင်းက သူတို့နှင့်အတူ ဆက်သွားသည်။ သို့သော် သူက ထူးဆန်းနေသလို ခံစားရ၏။ သူကား လူများ၏ စိတ်နေ သဘောထားကို အာရုံခံရာတွင် အလွန်ကောင်းသည်။ ရီဖူရှင်းက ပြန်လာခဲ့ရာ သူတို့၏ အကာအကွယ်ကို လာရောက် ခိုလှုံသည်ဟု ထင်မှတ် နေကြဟန် ရသည်။
ပြုံးလျက်ပင် သူခေါင်းယမ်းသည်။ သူစိတ်မဆိုးပေ။ မည်သို့ဆိုစေ ဤသို့သော တုံ့ပြန်မှုများက ပုံမှန်သာ…။ အကယ်၍ ချင်ရန်ကသာ သူ့အပေါ် အမြင်မကြည် ဖြစ်လာခဲ့ပါက သူကလည်း သတ်သတ် ထွက်သွားမည် ဖြစ်သည်။
“မင်းက ပြေးတာ မြန်ပြီး ပြန်လာတာလည်း မြန်သားပဲ…” လီစွမ်း၏ နောက်တွင် လက်ပိုက်၍ ရပ်နေသော ကျိုးကျွမ်က ရီဖူရှင်းအား လှောင်ပြောင်သလို ပြောသည်။ မြို့ရိုးဖြူမြို့၏ အဆင့်မြင့် အကာနာတန်ခိုးရှင် တစ်ယောက် အနေဖြင့် သူက ရီဖူရှင်းကို သိပ်အထင်ကြီးခြင်း မရှိပေ။
“ကျိုးကျွမ်…” လီချန်းရီက ကျိုးကျွမ်ကို ကြည့်သည်။ ကျိုးကျွမ်က တစ်ဖက်ကို လှည့်သွားပြီး ဖြစ်၏။
“ဆရာရီ… သူ့ကို စိတ်ထဲမထားပါနဲ့…” လီချန်းရီက ပြုံးလျက်ပြောသည်… “ရှင့်မှာ ရှန့်ထို အမွေရှိတယ်လို့ ပြောတာကို ကျွန်မ ကြားလိုက်တယ်… ကျွန်မတို့ကို ကာကွယ်ဖို့ ရှင် ထွက်သွားတာမလား…”
“ကျုပ်က သေမှာ ကြောက်တာလည်း ဖြစ်နိုင်တာပဲ…” ရီဖူရှင်းက အရွှန်းဖောက်သည်။ သူက စိတ်ထဲမထားရာ ရှင်းလည်း မပြတော့။
“ဂီတက လူရဲ့ စိတ်နေ သဘောထားကို ထင်ဟပ်တာပဲ… ရှင်က ဒီလိုလူ မဟုတ်ပါဘူး…” လီချန်းရီက ခေါင်းယမ်းသည်။
“ကျေးဇူးပဲ…” ရီဖူရှင်းက ပြောသည်… “ချန်းရီ… မင်းက ငါ့ကို ဖူရှင်းလို့ပဲ ခေါ်ပါ…”
“ကောင်းပြီ…” လီချန်းရီက ပြုံးလျက် ခေါင်းညိတ်သည်။ ရှေ့မှ သွားနေသော ကျိုးကျွမ်က မျက်နှာကို မဲ့လိုက်သည်။ ရီဖူရှင်းက လူများနှင့် ရင်းနှီးအောင် မည်သို့ လုပ်ရမည်ကို အမှန် သိပေသည်။ မြို့ရိုးဖြူမြို့တွင် လီချန်းရီ၏ အဆင့်အတန်းက လီစွမ်းနှင့် ယှဉ်၍ ရပေသည်။ သူမက မည်သို့ဆိုစေ မြို့တော်ဝန်၏ သမီးဖြစ်ပေသည်။
မူကျိချူမူကား နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူမက ထူးဆန်းသော ခံစားချက် တစ်ခုကို ရနေသည်။ ရီဖူရှင်းကား သူမမြင်ဖူးသော တခြား ပါရမီရှင်များနှင့် ကွာခြားကာ ဘာမှန်း အတိအကျ မပြောတတ်ပေ။
***
တော်ဝင်လမ်းတွင် မရေမတွက်နိုင်သော လူများက သွားလာနေကြသည်။ နေရာတိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ လူအများစုက မြို့ကိုးမြို့ကို စုပြုံသွားနေကြသော အချိန်တွင် ထိပ်သီး အင်အားစုများကလည်း တော်ဝင် တံဆိပ်ပြားကို နည်းလမ်းမျိုးစုံဖြင့် စုဆောင်း နေကြသည်။ ကောလာဟလများအရ မြို့ရှစ်မြို့က အပိုင်သိမ်းခံရပြီး ဖြစ်သည်ဟု ဆိုသည်။
အဆိပ်မီးတော်မြို့ တစ်မြို့သာ နောက်ဆုံး ကျန်ရစ်ပြီ ဖြစ်သည်။ လူတိုင်းက ထိုမြို့ကို ရရန် အပြင်းအထန် တိုက်ခိုက် နေကြသည်။ ထို့ကြောင့်လည်း ထိုမြို့က လူအစည်ဆုံးမြို့ ဖြစ်လာသည်။ မှန်သည်… တောတောင် ကွင်းပြင်များတွင် လူအများအပြား ကျန်ရစ် နေသေးသည်။ သူတို့က အချိန်အခါ ကောင်းကို စောင့်စား နေကြသည်။
ရီဖူရှင်းတို့အုပ်စုက အဆိပ်မီးတော်မြို့ကို ဝင်ရောက် လာကြသည်။ ကောလာဟများအရ လူအချို့က တော်ဝင် တံဆိပ်ပြားများကို ဝယ်ယူနေကြသလို တချို့က ခိုးကြသည်။ တချို့က လုယက် သတ်ဖြတ်ကြသည်။ အားနည်းသူများအတွက် တော်ဝင်လမ်းက အမှန်ပင် နေစရာ မရှိပေ။
“ငါတို့ ဘယ်ကို သွားကြမလဲ…” မိုးကောင်းကင်မြို့မှ စီဝူကျိက ချန်ရန်ကို မေးသည်။
“ရှေးဟောင်း အကြွင်းအကျန် နယ်မြေတစ်ခုကို သွားရှာမယ်…” ရီဖူရှင်းက ပြောသည်။ လူတိုင်းက သူ့ကို ကြည့်ကြသည်။
“ဒီနေရာက မင်းစကား ပြောရမယ့်နေရာ မဟုတ်ဘူး…” မိုးကောင်းကင်မြို့မှ လူများက သူ့ကို အေးစက်စွာ ကြည့်ကြသည်။
သို့သော် ချန်ရန်က သူ့ကို ကြည့်သည်တွင် ရီဖူရှင်းက ဆက်ပြောသည်… “တော်ဝင်လမ်းမှာ ရှေးဟောင်း အကြွင်းအကျန် နယ်မြေတွေ အများကြီးရှိတယ်… ကျုပ်က အဲဒါတွေကို ဖော်ထုတ်ပေးနိုင်တယ်…”
“မင်းက တော်တော် လေကြီးတယ်…” ရွှမ်ယွန်ပက ရီဖူရှင်းကို ကြည့်သည်။
ချန်ရန်ကလည်း ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်သည်။ ရီဖူရှင်း၏စကားက အမှန်ပင် လွန်ကဲသည်။ အကာနာအဆင့် တန်ခိုးရှင်က ရှေးဟောင်း အကြွင်းအကျန် နယ်မြေများကို မည်သို့ ဖြေရှင်းနိုင် မည်နည်း။
“သူ စမ်းကြည့်ပါစေ…” လီစွမ်းက ပြောသည်… “ကျုပ်တို့က တော်ဝင်လမ်းကို လာပြီး လေ့ကျင့်တာ… ရှေးဟောင်း အကြွင်းအကျန် နယ်မြေတွေက အရေးကြီးတယ်…”
“ကောင်းပြီ…” ချန်ရန်က သဘောတူသည်… “သွားကြည့်ကြမယ်…”
အဆိပ်မီးတောက်မြို့တွင် များစွာသော အကြွင်းအကျန် နယ်မြေများ ရှိသည်။ ထို့ကြောင့် မကြာခင် သူတို့က ကျောက်နံရံကြီး တစ်ခုထံသို့ ရောက်လာကြသည်။ များစွာသော တန်ခိုးရှင်များက ကျောက်နံရံကို ကြည့်နေကြသည်။ ကျောက်နံရံပေါ်တွင်ကား စာလုံး သုံးဆယ့်ခြောက်လုံးကို ရေးထား၏။ စာလုံး တစ်လုံးစီက ထူးဆန်းသော စွမ်းအင်များ စီးဆင်းနေကာ အသက်ဝင်နေဟန် ရ၏။
“ဓားပညာတစ်ခုပဲ…” စီဝူကျိက ပြောသည်။ သူက ဓားသမားဖြစ်ရာ ဓားပညာများကို အာရုံခံရာတွင် ကောင်းမွန်ပေသည်… “ဒီဓားပညာက ရှီတန်ခိုးရှင် တစ်ယောက် ထားခဲ့တာ ဖြစ်ရမယ်…”
တော်ဝင်လမ်းမှ ပညာရပ်များ အားလုံးမှာ ရှီအဆင့်တွင် ရှိပေသည်။ ထိုပညာရပ်များ အားလုံးက အလွန်အမင်း တန်ဖိုး ကြီးပေသည်။
လူအများအပြားကလည်း ကျောက်တုံးရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ စာလုံးများကို နားလည်အောင် ကြိုးစား နေကြသည်။ စီဝူကျိ၏ အမူအရာက လေးနက်နေသည်။ ကျွေချိန်ချူကလည်း စူးရှသော မျက်လုံးများဖြင့် စာလုံးများကို ကြည့်နေသည်။
ရီဝူချင်းကလည်း ခံစားမိသည်။ သို့သော် သူက နံရံကို မကြည့်ဘဲ ရီဖူရှင်းကိုသာ ကြည့်သည်။ ရီဖူရှင်းက ရှေးဟောင်း အကြွင်းအကျန်များကို ဖြေရှင်းရာတွင် ဆရာကျသူ ဖြစ်သည်ကို သူအသိဆုံးပင်။
လွတ်လပ်ခြင်း ကျင့်စဉ်အောက်တွင် အရာအားလုံးက ရှင်းလင်း လွယ်ကူလွန်းလှသည်။ စာလုံးများက အသက်ဝင်လာကာ ဓားသမား တစ်ယောက်က ဓားပညာကို လေ့ကျင့်နေဟန်များကို မြင်ရသည်။ ရီဖူရှင်းက ဓားသမား မဟုတ်သော်လည်း ထိုဓား၏ အနှစ်သာရကို ခံစားမိသည်။
“ဝူချင်း…” ရီဖူရှင်းက ပြောသည်။
ရီဝူချင်းက နားလည်စွာဖြင့် ထိုနေရာတွင်ပင် ထိုင်ချလိုက်သည်။ ရီဖူရှင်းက ကု့ချင်းကို ထုတ်ယူလိုက်သည်။ သံစဉ်က အနုပညာရသသိအား ကောင်းစွာဖြင့် ထွက်ပေါ်လာသည်။ သူနားလည်သမျှကို ရီဝူချင်းထံသို့ လွှဲပြောင်း ပေးသည်။ ပုံရိပ်က လွန်စွာ ကြည်လင် ပြတ်သားပေသည်။ ရီဝူချင်းကား သံစဉ်ထဲတွင် လုံးဝ နစ်မျောနေတော့သည်။
လူအများအပြားက ရီဖူရှင်းကို အေးစက်စွာ ကြည့်ကြသည်။ သည်အကောင်ကား သူတို့၏ ကျင့်ကြံခြင်းများကို လာရောက် နှောင့်ယှက်နေသည်။ သို့သော် သူ၏သံစဉ်တွင် ဓားပညာနှင့် ပတ်သက်သော အနုပညာရသသိ တစ်ခု ပါဝင်ဟန် ရနေသည်။
ကျိုးကျွန်က သူ့အား အေးစက်စွာ ကြည့်သည်… “မင်း ဘာလုပ်နေတာလဲ… ရပ်စမ်း…” သူက အော်ဟစ်သည်။ ရီဖူရှင်းက လူတိုင်းကို ဒေါသထွက်အောင် လုပ်နေသည်လား…။
“ပါးစပ်ပိတ်ထား…” ယူချင်းက သူ့ကို ကြည့်သည်။ ထိုအချိန်တွင် သံစဉ်၏ အနုပညာရသသိက အလွန် အားကောင်းလာရာ လူတိုင်းက ခံစားမိသည်။ သူတို့၏ မျက်စိထဲတွင် ဓားပညာကို မြင်လာရသည်။ သူတို့က ကျောက်နံရံကို ကြည့်သည်တွင် အရာအားလုံးက ရှင်းလင်း ပီပြင်သွားသည်။ ကျောက်နံရံက အသက်ဝင်နေပြီ ဖြစ်သည်။
ကျိုးကျွမ်က လျှောက်လာလျှင် ကျွေချိန်ချူက ပြောသည်.. “သူ့ကို မနှောင့်ယှက်နဲ့…”
ကျိုးကျွမ် အေးခဲသွားသည်။ ထို့နောက် ဓားသမားများ အားလုံးက သံစဉ်အောက်တွင် တိတ်ဆိတ်စွာ လေ့ကျင့် နေကြသည်ကို သူ သတိထားမိသည်။ ထို့အတူ သူတို့အားလုံးထံမှ တူညီသော ဓားအသိတစ်ခု ထွက်ပေါ် လာနေသည်။
လီစွမ်းနှင့် ချန်ရန်တို့က ဓားသမားများ မဟုတ်သော်လည်း သူတို့က နိုဘယ်များ ဖြစ်ကြသည်။ အနုပညာရသသိက ပိုမိုအားကောင်း လာသည်တွင် သူတို့ကလည်း ဓားပညာကို ခံစားမိကာ ရီဖူရှင်းကို ထိတ်လန့်စွာ ကြည့်ကြသည်။ သူက အမှန်ပင် လျှို့ဝှက်ချက်ကို အဖြေ ရှာနိုင်ခဲ့သည်။
သို့သော် သည်အကောင်က တစ်ယောက်တည်း နားလည် ဆင်ခြင်ရမည့်အစား တခြားလူများ အားလုံးကို ပြောပြနေသည်။ သူက ဘာကို စဉ်းစားနေသနည်း။
မူကျိချူက ရီဖူရှင်းကို ကြည့်ကာ သူပြောခဲ့သော စကားများကို ပြန်တွေးမိသည်။ သူက မြို့ကို ဤနည်းဖြင့် ရယူရန် ကြိုးစား နေသည်များလား။
အတန်ကြာသောအခါ ဂီတသံစဉ်က ရပ်တန့်သွားသည်။ သို့သော် မည်သူကမှ ထရပ်ခြင်း မရှိပေ။ သူတို့အားလုံးက ဆက်လက် လေ့ကျင့်နေကြသည်။ ကောင်းကင် တစ်ခုလုံးက ဓားအသိများ ဖုံးလွှမ်းနေသည်။ သူတို့အားလုံးက မည်မျှ နားလည်နိုင်မည်ကို မူကား သူတို့အပေါ်တွင်သာ မူတည်ပေသည်။ ရီဖူရှင်းက သူတို့ အားလုံးအတွက် တံခါးဖွင့် ပေးခဲ့ခြင်းသာ…။
နောက်ဆုံးတွင် လူတစ်ယောက်က လေ့ကျင့်ရာမှ ထရပ်ကာ ရီဖူရှင်းကို လှမ်းကြည့်သည်။ ထို့နောက် သူက လက်နှစ်ဖက်ကို ဆုပ်ကာ လေးစားစွာ ပြောသည်… “မိတ်ဆွေကို ကျေးဇူးတင်ပါတယ်…”
ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်သည်။
တခြား လူများကလည်း အလျှိုလျှို ရပ်လိုက်ကြကာ ရီဖူရှင်းကို ကျေးဇူးတင် ဂါရဝပြုကြသည်။
စီဝူကျိနှင့် မိုးကောင်းကင်မြို့မှ လူများအားလုံးက ရီဖူရှင်းကို တင်းမာစွာ ကြည့်နေကြသည်။ ရီဖူရှင်းက ထိုဓားပညာကို နားလည်နိုင်မှတော့ သူတို့ကိုသာ မပေးဘဲ အဘယ်ကြောင့် အားလုံးကို ပေးရသနည်း။
“ကျုပ်နာမည်က ရီဖူရှင်းပါ… ကျုပ်ကို ဒီလောက် ကျေးဇူးတင်ဖို့ မလိုပါဘူး…” ရီဖူရှင်းက ပြုံးလျက်ပြောသည်… “တော်ဝင်လမ်း ဖွင့်တော့ ပါရမီရှင်တွေ အများကြီးက အခွင့်အလမ်း လာရှာကြတယ်… ကံမကောင်းတဲ့လူတွေက သေရတယ်… ခင်ဗျားတို့ အားလုံးက နာမည် ကျော်ကြားတဲ့လူတွေပဲ… ဒါပေမဲ့ လူဘယ်နှယောက်က တော်ဝင် ကျဲနန်းတော်ကို ဝင်ခွင့်ရမှာလဲ… တော်ဝင်လမ်းမှာ တော်ဝင် ကျဲနန်းတော်ထက် ဒီမှာ ကောင်းကောင်း လေ့ကျင့်တာ ပိုပြီး တန်ဖိုးရှိတယ်လို့ ကျုပ်ထင်တယ်…”
လူအများအပြားက ခေါင်းညိတ်ကြသည်။ သူပြောသည်မှာ အဓိပ္ပာယ် ရှိသည်။
“နှုတ်ဆက်ပါတယ်…” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားသည်။
ချန်ရန်တို့အုပ်စုက ရီဖူရှင်းကို ခြားနားစွာ မြင်လာသော အချိန်တွင် ကျိုးကျွမ်၏ အမူအရာက သက်သောင့်သက်သာ ရှိဟန်မရတော့။ ရီဖူရှင်းက ထိုသို့လုပ်နိုင်သည်က တိုက်ဆိုင်မှုများလားဟု သူ သံသယဝင်နေသည်။
လီချန်းရီမူကား အထင်ကြီးသွားဟန် ရ၏။ သူမက ရီဖူရှင်းနောက်ကို လိုက်လာကာ ပြောသည်… “ငါတို့ ဘယ်ကို သွားကြမလဲ…”
“နောက်ထပ် အကြွင်းအကျန် နေရာတစ်ခု…” ရီဖူရှင်းက ပြောသည်။ တခြား လူများအားလုံး စိတ်လှုပ်ရှား သွားကြသည်။ သူက ဘာကို ကြံစည်နေသနည်း။
“စိတ်ဝင်စားစရာပဲ…” ကျွေ့ချိန်ချူက ပြုံးသည်။ ရီဖူရှင်းက သူ့အတွက် ထိုသို့ လုပ်နေပုံ ဟုတ်ဟန်မကျ။ သို့ဖြစ်ပါက သူ၏ရည်ရွယ်ချက်က ဘာများလဲ…။
***