Switch Mode

အပိုင်း (၅၁၃)

မြို့တစ်မြို့လိုတယ်…

မူကျိချူက နိုဘယ်အဆင့်ကို ဝင်ရောက်ခဲ့သည်မှာ သိပ်မကြာသေးပေ။ သူမက အဆင့်အနိမ့်ဆုံး နဝမ အတန်းအစားတွင်သာ ရှိနေသေးသည်။ သို့သော် သူမ၏စွမ်းရည်များက ကျိုက်ရှင်း အိမ်တော်မှ အချိန်အခါနှင့် မနှိုင်းယှဉ် နိုင်တော့ပေ။

သူမကား အလွန်အမင်း ပါရမီမြင့်သည်။ သူမ၏ကံကောင်းမှု တစ်ခုကြောင့် ရှီအသိကိုလည်း အသုံးပြုနိုင်သည်။ သူမ၏တိုက်ခိုက်ရေး စွမ်းရည်က အလွန်အမင်း အားကောင်းသာ သာမန် နိုဘယ်များက သူမကို မယှဉ်နိုင်ပေ။ သူမက ခုနက ရှင်းပစ်ခဲ့သော နိုဘယ်များကား အဋ္ဌမ အတန်းအစား နိုဘယ်များပင် ပါဝင်သည်။ သို့တိုင်အောင် ထိုလူများက သူမ၏ တိုက်ကွက် တစ်ကွက်မျှပင် မခံနိုင်။ မည်သို့ဆိုစေ သူမကား တော်ဝင် ကျဲနန်းတော်ကို တိုက်ရိုက် ဝင်ခွင့်ရသူ ဖြစ်သည်။ သူမ၏ပါရမီကို ထိုနေရာမှ လူများပင် အသိအမှတ်ပြုရသည်က သူမ၏စွမ်းအားကို ခန့်မှန်း၍ ရသည်။

ယခု ကြယ်တာရာ အလင်းများ ပေါက်ဖွားလာသည်။ လေထုက ကြယ်တာရာ ကောင်းကင်ပြင်ကြီး အလား ဖြစ်သွားသည်။ ပတ်ဝန်းကျင်က မှောင်မိုက်သွား၏။ မူကျိချူ၏ မျက်လုံးများထဲတွင် ကြယ်ပွင့်များ တလက်လက် ထနေသည်။ ထိုအရာများက နိုဘယ် အသိများဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်း၏စိတ်ထဲကို ဝင်ရောက်လာသည်။ သူက ရုတ်တရက် မလှုပ်နိုင်တော့ဟု ရီဖူရှင်းက ခံစားရသည်။

သည်မတိုင်မီက သူနားလည် ဆင်ခြင်ထားသော နိုဘယ်အသိများ မွေးဖွားလာကာ ထိုဖိအားကို ခုခံသည်။ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက အရောင်အဝါများ တောက်ပလာသည်။ သဘာဝ စွမ်းအင်များက ဥက္ကာခဲများအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်း၏ ပတ်ဝန်းကျင်၌ မုန်တိုင်းအလား လှည့်ပတ် လာနေကြသည်။

သူတို့နှစ်ယောက်လုံးက ကြယ်တာရာပညာအား လေ့လာကြရာ စွမ်းရည်များကလည်း ဆင်တူသည်။ ကြယ်တာရာ မုန်တိုင်းနှစ်ခုက လေဟာနယ်ထဲ ရင်ဆိုင်မိကာ တဝုန်းဝုန်း ပေါက်ကွဲကြသည်။

ယူချင်းနှင့် တခြားလူများ အားလုံးက နောက်ကို ဆုတ်ပေးကြသည်။ သို့သော် မူကျိချူနှင့် ရီဖူရှင်းတို့က လှုပ်ရှားနေခြင်း မရှိပေ။ သို့သော် သူတို့၏ ပတ်ဝန်းကျင်မှ ကြယ်တာရာ မုန်တိုင်းများက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ရီဖူရှင်း၏စိတ်ထဲတွင် ကြယ်တာရာ ကောင်းကင်တစ်ခု ပေါ်လာသည်။ ဥက္ကာခဲများက သူ့ထံသို့ အဆက်မပြတ် ဆင်းသက် လာကြသည်။ ပုံရိပ်ယောင် ကမ္ဘာထဲတွင် ရီဖူရှင်း၏နှင်တံက လှုပ်ရှားသွားလျှင် ဥက္ကာခဲများ တဝုန်းတုန်း ပြိုလဲကာ သူ၏ စိတ်အသိကို ကာကွယ်ပေးသည်။

ပြင်ပလောကတွင်ကား  ကျောက်တုံးများ ကျောက်ဆောင်များ ပြိုကွဲနေကြသည်။ မြေပြင်က အက်ကွဲကာ လေထုက ပေါက်ကွဲသည်။ သူတို့ နှစ်ယောက်မူကား လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ထိုစဉ်မှာပင် မုန်တိုင်းထဲတွင် နှင်တံပုံရိပ် တစ်ခုနှင့်အတူ လေဟာနယ်က နှစ်ခြမ်း ဖြစ်သွားကာ ကြယ်တာရာ သီးသန့်နယ်က ကြေပျက်သွားသည်။ ကြယ်များ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသည်။

အတန်ကြာလျှင် အရာအားလုံးက ပြယ်လွင့်သွားသည်။ နှင်တံကလည်း ပျောက်ကွယ် သွားသည်။ သူတို့ နှစ်ယောက်မူကား ထိုနေရာတွင်ပင် ရပ်နေဆဲ…။ သို့သော် မူကျိချူ၏ပါးစပ်မှ သွေးများ စီးကျလာသည်။ သူမ၏နှုတ်ခမ်း နီနီစွေးစွေးက ထိုအချိန်တွင် အလွန်တရာ လှပလွန်းလှသည်။

မူကျိချူ၏မျက်နှာက ခံစားချက် ကင်းမဲ့စွာ…

သူမက ရီဖူရှင်းရှေ့သို့ နီးကပ်စွာ ပျံသန်းလာကာ သူ့ကိုကြည့်သည်။ သူမအား အနီးကပ် မြင်ရသည်တွင် ရီဖူရှင်းက သူမ၏နှုတ်ခမ်းပေါ်မှ သွေးစများကို သုတ်ပေးလိုသည်။

“မင်းက ဘာကို ကြည့်နေတာလဲ…” ရီဖူရှင်းက မေးသည်။

“နင့်ရဲ့ တန်ခိုးအဆင့်က ကိုယ်ပိုင်နိုဘယ် အသိကို မွေးဖွားဖို့ လုံလောက်နေပြီ… ကိုယ်ပိုင်နိုဘယ် အသိနဲ့ဆို နင့်ရဲ့စွမ်းအားက ထပ်မြင့်သွားလိမ့်မယ်… အဲဒီအချိန်ကျရင် နင့်ကို တော်ဝင်လမ်းမှာ ယှဉ်နိုင်တဲ့လူ ရှိတော့မှာ မဟုတ်ဘူး…” မူကျိချူက တိုးညင်းစွာ ပြောသည်။ ရီဖူရှင်းက သည်မတိုင်မီ များစွာသော နိုဘယ် အသိများကို နားလည် ဆင်ခြင်ထားပြီး ဖြစ်သည်။ သို့သော် ထိုနိုဘယ် အသိများက ကိုယ်ပိုင် မဟုတ်ရာ တစ်ဆင့် နိမ့်နေသည်။

သူက နှင်တံဖြင့် အားကောင်းသော်လည်း သူ၏နိုဘယ်အသိက အားနည်း နေသေးသည်။

“ငါက အဆင့်ခုနစ် အကာနာပဲ… ပြဿနာ ရှိလို့လား…” ရီဖူရှင်းက မေးသည်။ သူ၏ နိုဘယ်အသိက တကယ့်အစစ်အမှန် နိုဘယ်အသိ မဟုတ်သည်ကို သူနားလည်သည်။

“ပါရမီမြင့်တဲ့လူတွေက အစောကြီး ကတည်းက မွေးဖွားနိုင်စွမ်း ရှိတယ်… ဒါက ပြဿနာ မရှိဘူး… ရှင့်ပါရမီက ဒီလောက် ကောင်းတာ စမ်းကြည့်တာ မမှားပါဘူး…”

“ဒါဆို မင်း ဝန်ခံပြီပေါ့…” ရီဖူရှင်းက ပြုံးသည်။

“ကျွန်မ စကားကို တည်တယ်… တော်ဝင်လမ်းမှာ ရှင့်စကားကို ကျွန်မ နားထောင်မယ်…” မူကျိချူက ပြောသည်။ သူမက နှင်တံအကြောင်း ထပ်မပြောတော့…။ တော်ဝင်လမ်းမှ ထွက်လျှင် သူမက ဆက်လက် ကြိုးစား လေ့ကျင့်မည်။ သူမက သည်လူငယ်အား သေချာပေါက် အနိုင်ယူရမည်။

သူမက ပါရမီမြင့်သည်ဟု သူမ၏အဘိုးက ပြောသည်။ သို့သော် သူမက တန်ခိုးရှင် လောကတွင် သူမထက် ပါရမီမြင့်သူများကို နောက်ထပ် တွေ့ဆုံရဦးမည် ဖြစ်သည်။ ဤသို့ဆိုလျှင် သူမကလည်း ထိုလူများကို ပြိုင်ဘက်များ အဖြစ် သဘောထားကာ ကျော်ဖြတ်ရန် ကြိုးစားရမည်။

ရီဖူရှင်းက ရယ်လိုက်သည်။ သည်မိန်းကလေးကား အတော်ပင် ချစ်စရာ ကောင်း၏။ မူကျိချူကသာ သူ၏အတွေးကို သိသွားပါက မည်သို့ နေမည်မသိ။

“မင်းရဲ့အစ်ကိုက တော်ဝင် ကျဲနန်းတော်ကပဲ… တော်ဝင်လမ်းမှာ တန်ခိုးအဆင့်ကို မြှင့်တင်လို့ရတဲ့နည်းကို မင်းသိမှာပေါ့…” ရီဖူရှင်းက မူကျိချူကို မေးသည်။ သူက​ တော်ဝင်လမ်းကို ကျော်ဖြတ်နိုင်မည်ကို စိတ်မပူပေ။ သည်နေရာတွင် အဆင့်နိမ့် နိုဘယ်များသာ ဝင်ခွင့်ရရာ သူ့အား ထိုလူများက မထိန်းချုပ်နိုင်ပေ။ ထို့အပြင် သူကလည်း စိန်ခေါ်မှုများကို လိုလား၍ ရောက်လာခြင်း ဖြစ်သည်။ သူက တော်ဝင်ကျဲနန်းတော်တွင် သွားရောက် လေ့ကျင့်စရာ မလိုပေ။

အားလုံးက တန်ခိုးကျင့်ရန်သာ ဖြစ်သည်။

မူကျိချူက ရီဖူရှင်းကို ကြည့်သည်။ တော်ဝင် ကျဲနန်းတော်မှ လူများသာ သိသော လျှို့ဝှက်ချက် တချို့ကို သူမလည်း သိပေသည်။ သို့သော် ထိုလျှို့ဝှက်ချက်များက သူမအတွက် အသုံးမဝင်ပေ။ သူမက ပါရမီမြင့်သော်လည်း အဆင့်နိမ့် နိုဘယ်တစ်ယောက်သာ ဖြစ်သည်။ တော်ဝင်လမ်းတွင် အများစုက သတ္တမအတန်းစား နိုဘယ်များ ဖြစ်ကြရာ ထိုမျှ စွမ်းအားမြင့်သူများဖြင့် ထိုအရာများကို သူမက မလုပ်ဆောင်နိုင်ပေ။

“မင်း ဘာသိလဲ…” ရီဖူရှင်းက မေးသည်။

မူကျိချူက သူမ၏ တော်ဝင် တံဆိပ်ပြားကို ထုတ်သည်။ အလင်းတန်းအချို့ စီးဆင်းနေခြင်းက တံဆိပ်ပြားတွင် ထူးဆန်းသော စွမ်းအင်တချို့ ရှိသည်ဟု ထင်ရသည်။

“တော်ဝင်လမ်းမှာ တန်ခိုးကျင့်တဲ့ နေရာတွေ အများကြီး ရှိတယ်… ဥပမာ ရှေးဟောင်း အပျက်အစီး နေရာတွေ… ဒါပေမဲ့ ရှင်က တော်ဝင်လမ်း ဆက်ခံသူဖြစ်တယ်… ဒါက သိပ်ပြီး အကူအညီ မဖြစ်ဘူး…” မူကျိချူက ဆက်ပြောသည်… “ရှင်က တော်ဝင်လမ်းက ထွက်တဲ့အခါ ဒီတံဆိပ်ပြားတွေကို အရေအတွက်များများ စုဆောင်းခဲ့နိုင်ရင် တော်ဝင် ကျဲနန်းတော်က တစ်ခုခုနဲ့ လဲလို့ရတယ်… အမှန်က ဒါက လျှို့ဝှက်ချက် တစ်ခုတော့မဟုတ်ဘူး.. တကယ့် လျှို့ဝှက်ချက်က သတ်သတ်ရှိတယ်…”

“အဲဒါက တံဆိပ်ပြား ကိုယ်တိုင်ပဲ…” မူကျိချူက ပြောသည်။

“တံဆိပ်ပြားကိုယ်တိုင်…” ရီဖူရှင်းက တံဆိပ်ပြားကို ထုတ်ယူလိုက်ကာ အံ့အားသင့်စွာ ကြည့်သည်။

“ဒါက သော့ပဲ… ရှင့်မှာ တစ်ခုတည်းပဲ ရှိတဲ့အချိန်မှာ အဲဒါက ဘာမှ ထူးခြားမှာ မဟုတ်ဘူး… ဒါမေပဲ့ ရှင့်မှာ လုံလောက်တဲ့ ပမာဏရှိလာခဲ့ရင် သူတို့က ပြောင်းလဲ သွားပြီးတော့ တော်ဝင်လမ်းရဲ့ ထူးဆန်းမှုကို သိလာရလိမ့်မယ်… ရှင်က တော်ဝင်လမ်းထဲမှာ ရှိတဲ့ လျှို့ဝှက်နေရာတွေကို တောင်မှ ဖွင့်နိုင်လိမ့်မယ်…” မူကျိချူက ပြောသည်… “တော်ဝင်လမ်းတိုင်းမှာ ဒါမျိုး တစ်ခုစီရှိတယ်… အဲဒါတွေက လမ်းထဲက မြို့တွေထဲမှာ ရှိတယ်… နံပါတ်ကိုးက အရေးအကြီးဆုံးပဲ… လမ်းတစ်လမ်းစီမှာ မြို့ကိုးမြို့ရှိတယ်… ဆိုလိုတာက တော်ဝင်လမ်းမှာ ရတနာ ရှစ်ဆယ့်တစ်ခု ရှိတယ်…”

နန်ထျန်းအိမ်တော်က မြို့ကိုသိမ်းကာ တော်ဝင် တံဆိပ်ပြားအား စုစည်းနေသည်ကို သူပြန်တွေးမိသည်။ ထိပ်သီး အင်အားစုတိုင်းက ထိုသို့ လုပ်သည်ဟု ချင်ရန်ကလည်း ပြောသည်။

“အရေအတွက် ဘယ်လောက် လိုတာလဲ…” ရီဖူရှင်း ပြောသည်။

“ငါ အတိအကျမသိဘူး… ဒါပေမဲ့ ဒါက ကြောက်စရာ ကောင်းတဲ့ အရေအတွက်ပဲ… ဒါက လျှို့ဝှက်ချက် တစ်ခုလည်း ဖြစ်တယ်… ဒါပေမဲ့ ထိပ်သီး အင်အားစုတိုင်းက ဒါကို သိတယ်… ဒါပေမဲ့ ဒီလိုလုပ်ဖို့ ဆိုတာကတော့ ထိပ်သီးအင်အားစုတွေ အတွက်တောင် အရမ်းကို ခက်ခဲတယ်… သာမန်လူတွေက ဒါကို သိလည်း အလကားပဲ…” မူကျိချူက တီးတိုးပြောသည်။ ရီဖူရှင်း နားလည်လိုက်သည်။ သာမန်လူများက ထိုလျှို့ဝှက်ချက်ကို သိလျှင်လည်း သူတို့ ဘာမှ မတတ်နိုင်ပေ။

“ဒါဆို တော်ဝင်လမ်းက ထိပ်သီးအင်အားစုတွေ အတွက်ပဲပေါ့…” ရီဖူရှင်းက သက်ပြင်းချကာ ပြောသည်။ အကယ်၍ သူတို့က များစွာသော တော်ဝင် တံဆိပ်ပြားများကို လိုအပ်ပါက တိုက်ပွဲများစွာ တိုက်ခိုက်ရမည် ဖြစ်သည်။ ထိုအရာက လက်တွေ့မကျပေ။ ထိပ်သီး အင်အားစုများ အတွက်ပင် ထိုသို့လုပ်ရန် အလွန် ခက်ခဲပေသည်။

“တော်ဝင်ကျဲနန်းတော်က ဘာလို့ တော်ဝင် လမ်းကို ဖွင့်တာလဲ…” မူကျိချူက မေးသည်။

ရီဖူရှင်း အေးစက်သွားကာ သူမ ဆိုလိုသည်ကို နားလည်သည်။ တန်ခိုးရှင် လောကကား ထိုသို့ဖြစ်သည်။ အင်အားစုတိုင်းက တပည့်များကို ဤသို့နည်းဖြင့် လက်ခံကြသည်။ လူအများစုက အပေါ်ဆုံးမှ လူများ၏ လှေကားထစ်များ ဖြစ်ကြသည်။

“မြေရိုင်းဒေသ တစ်ခုလုံးက တော်ဝင်လမ်းကို လာကြတယ်… အမှန်က သူတို့က အခွင့်အလမ်းလို့ ထင်နေကြတယ်… တကယ်တမ်းက သူတို့တွေက တခြားလူတွေရဲ့ လှေကားထစ်တွေပဲ…” မူကျိချူ၏ စကားက အမှန်တရား ဖြစ်သည်။

ရီဖူရှင်းက ပြံးလိုက်သည်… “ငါကလည်း ဒီကို ရောက်လာမှတော့ ငါ့ခြေရာကိုလည်း တော်ဝင်လမ်းမှာ ထားခဲ့ရတာပေါ့…” ရီဖူရှင်းက ပြောကာ ရှေ့ကို လှမ်းသွားသည်။

ရီဖူရှင်း၏ နောက်ကျောကို ကြည့်ကာ သူက တစ်ယောက်တည်း ဖြစ်နေရသည်ကို စိတ်ကျေနပ်ပုံမရဟု မူကျိချူ ထင်သည်။ သူကား အလွန် ပါရမီမြင့်သည်။ သူက နှင်တံကို သုံးလျှင် အဋ္ဌမအဆင့် နိုဘယ်များကိုပင် ယှဉ်နိုင်လောက်သည်။ သို့သော် သူက နိုဘယ်အဆင့်ကို မရောက်ဘဲ​တော်ဝင်လမ်းတွင် အကောင်းဆုံး စာရင်းထဲ ဝင်ရန် မလွယ်…။

မူကျိချူက ရီဖူရှင်းနောက်ကို လိုက်ပါသွားသည်။ ယူချင်းတို့ကလည်း နောက်မှ လိုက်လာကြသည်။

“နင် ဘာလုပ်ချင်တာလဲ…” မူကျိချူက မေးသည်။

“ငါ မြို့တစ်မြို့ လိုတယ်…” ရီဖူရှင်းက ပြောသည်။ ထိပ်သီး အင်အားစုတိုင်းက မြို့များကို သိမ်းထားသည်။ သူကလည်း မြို့တစ်မြို့ သိမ်းရမည်။ ထိုအရာက တော်ဝင်လမ်းတွင် သူ၏ရည်ရွယ်ချက် တစ်ခုလည်း ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset