Switch Mode

အပိုင်း( ၅၁၁)

ရန်သူဟောင်းများ

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၆ ခုနှစ် အစတွင်ပင် တော်ဝင် ကျဲနန်းတော်၏ တော်ဝင်လမ်း ကိုးလမ်းလုံး ဖွင့်လှစ်ခဲ့သည်။

မရေမတွက်နိုင်သော လူများက ပျက်စီးခြင်းပင်လယ်ကို ကျော်ဖြတ်ကြသည်။ တချို့က ယာဉ်ပျံများ၊ တချို့က သတ္တဝါဆန်းများ၊ တချို့က ကိုယ်တိုင် ပျံသန်း၍ ၎င်း ပင်လယ်ကို ကျော်ကြသည်။ အားလုံး၏ တစ်ခုတည်းသော ဦးတည်ချက်ကား အာရုဏ်လမ်း…

ရီဖူရှင်းတို့ အုပ်စုကလည်း ထိုလူအုပ်ကြီးထဲတွင် ပါသည်။ လူအုပ်ကြီးက များပြားလွန်း ရကား ထိုအထဲတွင် ရင်းနှီးသူများ ပါလျှင်ပင် အလွယ်တကူ သတိထားမိရန် မလွယ်။ ရီဖူရှင်း၏ ဘေးနားတွင်ကား ရီဖူရှင်း မှတ်မိသူ တစ်ယောက်မှ မပါ။

“အာရုဏ်လမ်း…” ရီဖူရှင်း ရေရွတ်ကာ ရှေ့ကို ကြည့်သည်။ သူက တစ်နေရာရာမှ လှုပ်လှုပ်ရှားရှား အသံတစ်သံကို ကြားရသည်။

“ငါတို့နောက်ကို ကြည့်…” တစ်စုံတစ်ယောက်က ထိတ်လန့်စွာ ပြောသည်။

“သားရဲရွှေလူဝံ…” ဟိုမှ သည်မှ မှတ်ချက်များကို ကြားကြရသည်။ ရီဖူရှင်းကလည်း နောက်ကို လှမ်းကြည့်သည်တွင် ဧရာမ သားရဲကြီး တစ်ကောင်က ပင်လယ်ကြီးကို ကူးနေသည်ကို မြင်ရသည်။ သို့သော်လည်း ထိုအကောင်ကြီးကား ရေထဲ လမ်းလျှောက် နေသည့်တိုင် သူ၏ခန္ဓကိုယ် တစ်ပိုင်းခန့်က ရေပြင်ထက်ကို ပေါ်နေသေးရာ သူက မည်မျှ ကြီးမားသည်ကို တွေ့နိုင်သည်။

ထိုသားရဲအား ရွှေဖြင့် ပြုလုပ်ထားသလား ထင်မှတ်ရသည်။ သူ၏ခန္ဓာကိုယ်က ရွှေရောင်များ ဝင်းလက် တောက်ပြောင်နေသည်။ သူ၏မျက်လုံးများကလည်း ရွှေရောင်များ တလက်လက် ထနေကာ မာန်ဟုန်ပြင်းသော အကြည့်ကို ဖြစ်စေသည်။

“အဲဒါက မဟာရွှေလူဝံပဲ… ထိုက်ချွန်တော်က သားရဲအိုကြီးရဲ့ ဆက်ခံသူပဲ…” တစ်ယောက်က ပြောသည်။

“သားရဲတွေကလည်း တော်ဝင်ကျဲနန်းတော်မှာ လေ့ကျင့်နိုင်တာလား…” ရီဖူရှင်းက မေးသည်။

“နန်းတော်က အဲဒီအကောင်ကြီးကို ခေါ်ချင်သလားအပေါ် မူတည်တယ်… ဒါက လူဝံတွေထဲမှာ အရမ်းကို ရှားပါးတဲ့ မဟာရွှေလူဝံပဲ… သူတို့က သားရဲလောကမှာ မရှိဘဲ မြေရိုင်းဒေသမှာ ဘာလို့ ရှိနေရတာလဲ ဘယ်သူမှ နားမလည်ဘူး…” ချင်ရန်က ဖြေသည်။

“ငါကြားတာကတော့ အဲဒီ လူဝံကြီးမှာ လူနာမည် ရှိတယ်တဲ့… သူ့နာမည်က ယွန်ကျန်း…” လီစွမ်းက ထပ်ပြောသည်… “ဒါမျိုးကို မြေရိုင်းဒေသမှာ မြင်ရခဲတယ်… သားရဲအများစုက အဖမ်းခံရပြီးရင် လူတွေရဲ့ လက်အောက်ခံ ဖြစ်သွားကြတယ်… ဒါပေမဲ့ ထိုက်ချွန်တောင်က သားရဲအိုကြီးကတော့ အရမ်း အားကောင်းလွန်းတော့ ဘယ်သူကမှ မထိန်းချုပ်ရဲကြတော့ဘူး… ဒါကြောင့် အဲဒီတောင် တစ်တောင်လုံးကလည်း လွတ်လပ်ခွင့် ရသွားတော့တာပဲ…. ”

ထိုစဉ် ရုတ်တရက် ယန်ကျန်းက ထရပ်လိုက်သည်။ ပေတစ်ရာခန့် ရှည်သော သူ၏ အရပ်အမောင်းကြီးဖြင့် သူကား အလွန်အမင်း အားကောင်းဟန် ရနေသည်။ သူ၏ခန္ဓာကိုယ်ကလည်း​ရွှေရောင်များ တဝင်းဝင်း ထနေ၏။ ထို့နောက် သူက ခန္ဓာကိုယ်အား နှစ်မီတာခန့် အရပ်သို့ ပြန်လည် ကျုံ့ဝင်သွားပြီး လူ့ဘီလူးကဲ့သို့ ထင်မှတ်ရစေသည်။ ထို့နောက် သူက ပျက်စီးခြင်းပင်လယ်မှ​ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။

အင်အားကြီး အဖွဲ့အစည်းတိုင်းက ယန်ကျန်းကို လောဘ မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူ့အား သူတို့၏ ကိုယ်ပိုင်သားရဲအဖြစ် ထိန်းချုပ်ခွင့်ရခဲ့လျှင် မည်မျှ ကောင်းမွန်မည်နည်း။

ကံမကောင်းသည်ကား ထိုက်ချွန်တောင်မှ ထိုသားရဲအိုကြီးကား မည်သည့် အင်အားစုကမှ သွားရောက် နှောင့်ယှက်လိုခြင်း မရှိသော ဖြစ်တည်ခြင်းမျိုးပင်။ ထို့အပြင် ထိုသားရဲအိုကြီးကား ကောင်းကင်မြေရိုင်း အဆင့်တွင် ပါဝင်သူဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်းအောင် စွမ်းသည်။

ရွယ်ယွန်ပိုကျင်က ယန်ကျန်းကို ကြည့်သည်။ ရွှေလူဝံကား သူ၏ခွန်အားကြောင့် နာမည်ကြီးသည်။ ထို့အတူ သူ၏ ခုခံအားကလည်း ပြိုင်ဘက်ကင်း၏။ ယခု သူ ထိုလူဝံနှင့် မည်မျှ ကောင်းကောင်း တိုက်ခိုက်နိုင်စွမ်း ရှိမည်ကို တွေးနေမိသည်။ သူက ထိုလူဝံအား ယှဉ်နိုင်မည် မဟုတ်ဟုလည်း တွေးထင်မိသည်။

“သက်ရှိမျိုးစုံက အမှန်ပဲ ဒီမှာ လာစုနေတာပဲ…” ကျွေ့ချိန်ချူက ပြုံးလျက် မှတ်ချက်ချသည်။

“ခင်ဗျားတို့ အားလုံးကို ကျုပ် ပြောစရာ ရှိတယ်…” ရီဖူရှင်းက ပြောသည်။

“ဘာများလဲ… ရီမို… ” လီစွမ်းက မေးသည်။

“ကျုပ်နာမည် အရင်းက ရီဖူရှင်း… ရီမိုက ဟန်ဆောင်ထားတဲ့ နာမည်တစ်ခုပဲ… ကျုပ်က လူတချို့နဲ့ ရန်စရှိတော့ အခုလို ဟန်မဆောင်လို့ မရလို့ပါ… အားလုံးကို တောင်းပန်ပါတယ်…” ရီဖူရှင်းက တောင်းပန်သည်။ တော်ဝင်လမ်းနှင့် နီးကပ်လာပြီဖြစ်ရာ ဆက်လက် ဟန်ဆောင်နေလည်း သိပ်မထူးတော့သည်ကို ရီဖူရှင်း သိသည်။

လီစွမ်းနှင့် တခြားလူများ၏ မျက်နှာက ရယ်ရွှင်ဖွယ်ရာ အမူအရာများ ဖြစ်သွားကြသည်။ လီစွမ်းက ပြောသည်… “ပြဿနာ မရှိဘူး… ဒါက သိပ်ပြောင်းလဲ သွားတာမှ မဟုတ်တာ…”

“ကျုပ် ရန်သူတွေကလည်း ဒီကို ရောက်နေလောက်တယ်… တကယ်လို့ သူတို့နဲ့ လမ်းမှာ မတော်တဆ တွေ့ခဲ့ရင် ကျုပ်က အဖွဲ့ထဲက နုတ်ထွက်ပေးပါ့မယ်… ဒီနည်းနဲ့ ခင်ဗျားတို့ ပြဿနာ သိပ်မရှိတော့ဘူးပေါ့…” ရီဖူရှင်းက မသက်မသာ ပြုံးကာ ပြောသည်။ မည်သို့ဆိုစေ လျှပ်စီး မုန်တိုင်းကြောင့်သာ မဟုတ်လျှင် သူက ဤလူများနှင့် တွေ့ဆုံစရာ မရှိပေ။

“ကျွန်မတို့က အခု တစ်ဖွဲ့တည်းအနေနဲ့ ခရီးသွား နေကြတာပဲ… ဒါကြောင့် လူစိမ်းလိုမျိုး သဘောထားနေစရာ မလိုဘူး… အခုလို တစ်ဖွဲ့တည်းလာဖို့ သဘောတူ ထားခဲ့ကြတာက တစ်ယောက်ကို တစ်ယောက် ကူညီဖို့ပဲ…” လီချန်းရီက ပြုံးလျက် ပြောသည်။ သူမက ရီဖူရှင်းနှင့် သိပ်မရင်းနှီး သော်လည်း သူ၏ကု့ချင်းအား အမြဲ လာရောက် နားထောင်ခဲ့ခြင်းက သူ့အပေါ် ကောင်းသော အမြင်များ ဖြစ်ပေါ်စေသည်။

“ချန်ရီပြောတာ ဟုတ်တယ်… ကျုပ်တို့က တစ်လှေတည်း ခရီးသွားသူတွေပဲ… မင်း ပြဿနာ တစ်ခုခုနဲ့ ကြုံရင် ကျုပ်တို့လည်း ကူညီမယ်…” လီစွမ်းက ရီဖူရှင်း၏ ရန်သူများကို ဂရုမစိုက်ပေ။ အကာနာအဆင့်၏ ရန်သူက မည်မျှ အားကောင်းမည်နည်း။ အများဆုံး အကာနာသာ ဖြစ်ရပေမည်။

ရီဖူရှင်းက မချိပြုံးပြုံးသည်။ လီစွမ်းတို့ကသာ သူ၏ရန်သူများက နန်ထျန်းအိမ်တော်နှင့် လူသားကမ္ဘာတို့ ဖြစ်သည်ကိုသိလျှင် သူတို့က တက်သေသွားမည်လား မပြောတတ်။

“ကျေးဇူးတင်ပါတယ်…” သို့သော်လည်း ရီဖူရှင်းက ဘာမှ မပြော။

ပျက်စီးခြင်းပင်လယ်၏ အဆုံးတွင် သူတို့၏မျက်လုံးထဲတွင် အာရုဏ်လမ်း ပေါ်လာသည်။ ထိုနေရာက လောက၏အပြင်ဘက် တစ်နေရာနှင့် ဆင်တူကာ ကမ်းစပ်၌ ကြီးမြတ်သော စွမ်းအားမြင့် တန်ခိုးရှင်များ စောင့်ကြပ်နေကြသည်။ အာရုဏ်လမ်းတို့ တက်လှမ်းသူ မှန်သမျှက တော်ဝင် တံဆိပ်ပြားတစ်ခု လက်ခံရရှိသည်။ အာရုဏ်လမ်း၏ အဆုံးတွင် ရှိသော ဂိတ်တံခါးက နောင်သုံးလတွင် ဖွင့်လှစ်မည်ဖြစ်ကာ သွားရမည့်ခရီးလမ်းက ရှည်လျားပြီး တော်ဝင် တံဆိပ်ပြားကို ပိုင်ဆိုင်သူများသာလျှင် နောက်ဆုံး ဂိတ်တံခါးကို ဝင်ခွင့်ရမည် ဖြစ်သည်။ ထို့နောက် သူတို့က တခြား တော်ဝင်ရှစ်လမ်းမှ ရောက်လာသူများနှင့် တော်ဝင်ကျဲနန်းတော်ကို ရောက်ရှိမည် ဖြစ်သည်။

တော်ဝင်လမ်းများကို စောင့်ကြပ်နေသည် မည်သူမှ မရှိသလို စည်းမျဉ်း စည်းကမ်းများလည်း မရှိပေ။

တော်ဝင် တံဆိပ်ပြားက တခြားသော ရည်ရွယ်ချက်များလည်း ရှိသည်ဟု ဆိုကြသည်။ တော်ဝင် တံဆိပ်ပြား အများအပြားကို စုဆောင်း နိုင်သူများက တံဆိပ်ပြားများအား ငွေကြေးအဖြစ် သုံး၍ ထူးခြားသော အခွင့်အရေးများကို ရရှိနိုင်သည်ဟု ဆိုကြသည်။ သို့သော်လည်း တော်ဝင်လမ်းတွင်မူ တော်ဝင် တံဆိပ်ပြားက နန်းတော်ကို ဝင်ခွင့်ရမည့် လက်မှတ်သာ ဖြစ်သည်။

ချန်ရန်နှင့် တခြားလူများက တော်ဝင် တံဆိပ်ပြားနှင့် ပတ်သက်၍ ပြောဆိုကြသည်တွင် ရီဖူရှင်းကလည်း အများအပြား သိရသည်။

ရီဖူရှင်းတို့အဖွဲ့က အာရုဏ်လမ်းကို ဝင်ရောက်ခဲ့ကြကာ ရှေ့ကို ကြည့်ပြီး ပြောသည်… “တော်ဝင်လမ်းက မှော်ဆန်တဲ့နေရာလို့ ကျုပ် ထင်ခဲ့ဖူးတယ်… တစ်စုံတစ်ယောက်က ဒီခရီးကို ကျော်ဖတ်ပြီးရင် တော်ဝင်ကျဲနန်းတော်ကို ဝင်ခွင့်ရမယ်လို့လည်း ထင်ခဲ့တယ်… အခုမှ ခရီးအဆုံးမှာ အဲဒီနေရာကို မြင်ခွင့်ရရုံပဲ ဆိုတာ သိရတယ်…”

“တော်ဝင် ကျဲနန်းတော် ဆိုတာက ကျွန်မတို့ ဝင်ချင်တိုင်း ဝင်လို့ရတဲ့ နေရာမှ မဟုတ်တာ… စွမ်းအားမြင့် တန်ခိုးရှင်တွေ အကုန်လုံးက ဒီလမ်းထဲ ဝင်လာကြတဲ့အချိန်မှာ ခရီးလမ်းက ဘေးကင်းမယ်လို့ ဘယ်သူ ပြောနိုင်သလဲ…” လီချန်းရီက ပြောသည်။

“မြေရိုင်းဒေသ တစ်ခုလုံးက စိတ်ဝင်စားတာက တော်ဝင်လမ်း မဟုတ်ဘူး… တော်ဝင် ကျဲနန်းတော် ကိုယ်တိုင်ပဲ… တော်ဝင်လမ်း ဆိုတာက သာမန်လမ်း တစ်ခုပါပဲ…” ရီဖူရှင်းက ပြုံးသည်။

“ကျွန်မအတွက်တော့ တော်ဝင်ကျဲနန်းတော်ကို မြင်ခွင့်ရတာနဲ့တင် ကျေနပ်စရာပါပဲ…” လီချန်းရီက မျှော်လင့်တကြီး ပြောသည်။ သူမ၏ပါရမီက တော်ဝင်ကျဲနန်းတော်တွင် လေ့ကျင့်ရန် အဆင့်မမီသည်ကို သိသည်။

“မင်းရဲ့ ဆန္ဒပြည့်မှာပါ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“လာကြ… လမ်းမှာ ထူးဆန်းတဲ့နေရာတွေနဲ့ မြို့တွေ ရှိတယ်… သွားကြည့်ရအောင်…” ချန်ရန်က ပြောသည်။

ထိုအခိုက်တွင် ဧရာမ လူအုပ်ကြီးက သူတို့သွားလိုသော အရပ်ကိုယ်စီကို သွားရာ မူလနေရာတွင် တဖြည်းဖြည်း ကျဲပါးသွားသည်။

ရီဖူရှင်းတို့က ပထမဆုံး မြို့တစ်မြို့ကို ရောက်လာကြသည်။ သို့သော်လည်း ဂိတ်တံခါးရှေ့တွင် စွမ်းအားမြင့် တန်ခိုးရှင်များက စောင့်ကြပ် နေကြသည်။

ထိုလူများကား နန်ထျန်းအိမ်တော်မှ ဖြစ်ကြသည်။ သူတို့က ဤမြို့ကို ဦးဆုံးရောက်ရှိကာ ဂိတ်တံခါးကို အပိုင်စီး ထားကြခြင်းဖြစ်သည်။ သူတို့က နောက်လိုက်များ စုဆောင်းကာ သူတို့ကို ငြင်းပယ်သူများအား မြို့ဝင်ခွင့် မပေးပေ။ မြို့ထဲဝင်သူများက သူတို့၏ တော်ဝင် တံဆိပ်ပြားကို ပေးအပ်ရမည် ဖြစ်သည်။

“သူတို့က မြို့ကို သိမ်းထားတယ်…” ရီဖူရှင်းက အံ့အားသင့် သွားသည်။ တစ်စုံတစ်ယောက်က ဤသို့လုပ်မည်ဟု သူမထင်ထား။

“ဒါက တော်ဝင်လမ်းမှ ဖြစ်နေကျပဲ… နန်းထျန်းအိမ်တော်ပဲ မဟုတ်ဘူး… ထိပ်သီး အင်အားစုတိုင်းက အဲဒီလိုပဲ … သူတို့က မြို့ကိုယ်စီ အပိုင်သိမ်းကြတယ်…” ချန်ရန်က ပြောသည်။

“ဟိုမှာ ကြည့်လိုက်…” လီချန်းရီက တစ်နေရာကို ညွှန်ပြသည်တွင် နေရာအချို့တွင် လူများ တိုက်ခိုက် နေကြသည်ကို မြင်ရသည်။ ထိုလူများက သူတို့၏ တော်ဝင် တံဆိပ်ပြားကို ပေးအပ်ရန် ငြင်းဆန်သူများ ဖြစ်ဟန်ရသည်။ ပိုမိုအားကောင်းသူများ အတွက်မူကား သူတို့၏ တော်ဝင် တံဆိပ်ပြားကို မည်သို့ လက်လွှတ်ခံမည်နည်း။

တချို့သော အဖြစ်အပျက်များက လူအများအား စိတ်ဝင်စားစေသည်။ ကျင်းလန်မှ လူများကို မြို့ပြင်တစ်နေရာတွင် တွေ့ရကာ သူတို့၏အားလုံးက ဒေါသပေါက်ကွဲ နေကြသည်။ မိုးမြေကောင်းကင်မြို့မှ ထိပ်သီးအင်အားစု ဖြစ်သည့်တိုင် သူတို့က ဂိတ်တံခါးမှ တားမြစ် ခံခဲ့ကြရသည်။ ထိုအရာက စော်ကားခံရမှုပင်။ သို့သော် သူတို့က နန်ထျန်းအိမ်တော်နှင့် မည်သို့မှ မယှဉ်နိုင်သည် ကိုလည်း သိကြသည်။

ထိုအခိုက်တွင် ကျင်းယွန်လင်က ရီဖူရှင်းတို့ အုပ်စုကို သတိထားမိ သွားသည်။ သူ၏မျက်နှာက ချက်ချင်း တင်းမာ ခက်ထန်သွားသည်။ ရီဖူရှင်းကား အသက်ရှင်နေသည်။

ရီဖူရှင်း သေသွားပြီဟု ကျောင်းအုပ်ချန်းက ကြေညာခဲ့၏။ ဖြစ်နိုင်ဖွယ် တစ်ခုက ကျင်းယွန်လင်၏ ခေါင်းထဲကို ရောက်လာသည်။ ကျောင်းအုပ်ချန်းအား သူ၏စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

“အဲဒါက ကြယ်မင်းကျောင်းရဲ့ သားတော် ရီဖူရှင်းမလား…” တခြားလူများကလည်း သူ့ကိုမြင်ကာ ရီဖူရှင်းထံသို့ ချဉ်းကပ်လာကြသည်။ ရီဖူရှင်းက ထိုလူများကို မြင်သည်တွင် မျက်ခုံးကို ပင့်လိုက်သည်။ ပျက်စီးခြင်းပင်လယ်တွင် လူများလွန်းရာ သူတို့က တစ်ယောက်နှင့် တစ်ယောက်ဆုံရန် မလွယ်ပေ။ ယခု တိုက်ဆိုင်စွာပင် ဤနေရာ၌ လာတွေ့သည်။

ကျင်းကလန်မှ နိုဘယ်များက ရီဖူရှင်းကို ဒေါသတကြီး ကြည့်နေကြသည်။ ကျင်းယွန်လင်က အလွန်အမင်း အေးစက်စွာ ပြောသည်… “ဒါဆို မင်း အသက်ရှင်နေတာပေါ့…”

“မင်း စိတ်ပျက်သွားလား…” ရီဖူရှင်းက ပြုံးသည်။ ချန်ရန်နှင့် တခြားလူများ အားလုံးက သိပ်မျက်နှာ မကောင်းတော့။ ထိုလူများ အားလုံးက အားကောင်းဟန် ရနေသည်။ ရီဖူရှင်း၏ ရန်သူများ အားလုံးက နိုဘယ်များပင်။

“ဒါဆိုလည်း မင်းကို တကယ် သေအောင် သတ်ပေးရတာပေါ့…” ကျင်းယွန်လင်၏ မျက်လုံးတွင် လူသတ်လိုသော အငွေ့အသက်များ ယှက်သန်းလာသည်။

သို့သော် ရီဖူရှင်းက ဂရုပင် မစိုက်ပေ။ သူက ပြုံးလျက်ပြောသည်… “ဒါဆို နိုဘယ်ဆင့် တက်သွားတော့ ယုံကြည်ချက် မြင့်သွားတယ်ပေါ့ ဟုတ်လား… သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲက သင်ခန်းစာကို မေ့သွားပြီလား… ကျင်းယွန်ရှောင်းလို ဖြစ်ချင်လား…”

ကျင်းယွန်လင်က ရီဖူရှင်း၏မျက်လုံးထဲမှ လှောင်ပြုံးကို မြင်သည်။ ထို့နောက် ရီဖူရှင်း၏ဘေးမှ လူများကို အကဲခတ်သည်။ သူ့မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာကာ သူက အော်ဟစ်လိုက်သည်… “ဒီအကောင်မှာ ရှန့်ထိုတန်ခိုးရှင်ရဲ့ အမွေရှိတယ်…”

***


Comment

Leave a Reply

Options

not work with dark mode
Reset