နယ်ခြား ပင်လယ်တွင် စွမ်းအားမြင့် တန်ခိုးရှင်များစွာ ခရီး သွားနေကြသည်။
နယ်ခြားပင်လယ်အား ကျော်ဖြတ်ပြီးသည်နှင့် သူတို့က ကောင်းကင်သို့ ထောင်မတ်နေသော ဓားကောက်တစ်လက် သဏ္ဌာန် တောင်တစ်လုံးကို တွေ့ရသည်။ ချန်ရန်က ထိုတောင်ကို ကြည့်ကာ မေးသည်…“ရှီတန်ခိုးရှင် တူရန်ထျန်းက အဲဒီတောင်မှာ နေတာပေါ့…”
“ကောလာဟလတွေက ဒီလိုပဲ ပြောကြတာပဲ…” လီစွမ်းက ခေါင်းညိတ်သည်။ တိမ်များပေါ်သို့ ကျော်တက်နေသော တောင်ထိပ်အား သာမန်မျက်လုံးဖြင့် ကြည့်၍ မမြင်နိုင်။ သို့သော်လည်း တောင်က တိမ်များကိုပင် ကျော်လွန် သွားသည်တွင် နိုဘယ်များပင် ဝေဝေဝါးဝါးမျှသာ မြင်နိုင်သည်။ မည်သူမှ ထိုနေရာသို့ ကိုယ်တိုင် မသွားရဲကြပေ။
ရှီတန်ခိုးရှင် တူရန်ထျန်းကား ကောင်းကင် မြေရိုင်းအဆင့် အတွင်းဝင်သော ကြီးမြတ်သောသူ ဖြစ်ကာ သူ၏ပညာက အတိုင်းအဆမဲ့၏။ မြေရိုင်းဒေသ တစ်ခွင်လုံးတွင် သူ့အား စိန်ခေါ်ရဲသူ ရှားပါးပေသည်။
“ပြောကြတာကတော့ တော်ဝင်လမ်းကို ရှီတန်ခိုးရှင် တူရန်ထျန်းရဲ့ တပည့်တွေကလည်း ဝင်ရောက်မယ်တဲ့… ဒါကြောင့် အနီးဆုံးက အာရုဏ်လမ်း ဖြစ်တယ်… ကျုပ်တို့နဲ့ တစ်လမ်းတည်းပဲ…” အနီးမှ တစ်ယောက်က ပြောသည်။
ရှီတန်ခိုးရှင် တူရန်ထျန်း၏ တပည့်များက တော်ဝင် ကျဲနန်းတော်တွင် ထပ်မံ သင်ကြားခွင့် မရှိပေ။ သို့သော် တော်ဝင် ကျဲနန်းတော်က သူတို့ထံတွင် သင်ယူမည့် လူများသာ တော်ဝင်လမ်းကို ဝင်ရောက်ရမည်ဟု မတားမြစ်ထားပေ။
“တောင်ပေါ်က လူတစ်ယောက် ဆင်းလာတယ်…” ဧရာမယာဉ်ပျံကြီး တစ်စင်းက တူရန်ထျန်းတောင်မှ ဆင်းသက်လာသည်။ ယာဉ်ပျံကြီးပေါ်တွင် ထူးခြား ထက်မြက်ဟန်ရသော လူများကို ရေးရေးမျှ မြင်ကြရ၏။
“လူသားကမ္ဘာရဲ့ စစ်သင်္ဘောကြီးပဲ…” တစ်ယောက်က မှတ်ချက်ချသည်။ လူသားကမ္ဘာ အင်အားစုကား ဤဒေသတွင် အင်အားအကြီးဆုံး အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။ မြေရိုင်းဒေသ တစ်ခုလုံးတွင်ပင် သူတို့က ထိပ်သီးအဆင့် စာရင်းဝင်သည်။
“ဒါက လူသားကမ္ဘာက တပည့်တွေ တူရန်ထျန်းတောင်ကို ဖြတ်သန်းသွားလို့ သူတို့က ရှီတန်ခိုးရှင် တူရန်ထျန်းဆီကို ဝင်ပြီး ဂါရဝပြု နှုတ်ဆက်ကြတာ ဖြစ်ရမယ်… ”
“ကောလာဟလ အရတော့ အရမ်းကို ပါရမီမြင့်တဲ့ ထိပ်သီး အင်အားစုတွေရဲ့ လူငယ်မျိုးဆက်တွေက အာရုဏ်လမ်းကို ရွေးကြတယ်တဲ့…” အနီးမှ လူများက စတင်၍ ဆွေးနွေး ပြောဆိုကြသည်။ သင်္ဘောပေါ်တွင်ကား အလွန်လှပသော မိန်းကလေးတစ်ဦး ရပ်နေသည်။
သူမ၏နာမည်က ချူရှမ်း ဖြစ်သည်။ သူမက အဆင့်နိမ့် နိုဘယ် တစ်ယောက်လည်း ဖြစ်သည်။
ယာဉ်ပျံပေါ်တွင် ရှိနေသော ရီဖူရှင်းကသာ သူမကို မြင်လျှင် မှတ်မိမည် ဖြစ်သည်။ သူမကား အရှေ့မြေရိုင်းဒေသကို ရောက်လာဖူးသော ရီဖူရှင်းကို လူသားကမ္ဘာကို ဝင်ရန် ဖိတ်ခေါ်ဖူးသော မိန်းကလေးလည်း ဖြစ်သည်။
“ဒါဆို ထိပ်သီး မျိုးဆက်တွေကလည်း ဒီဘက်ကို လာနေကြတာပေါ့…” ချင်ရန်က သူမ၏ခေါင်းထက်မှ ဖြတ်ကျော်သွားသော သင်္ဘောကြီးကို ကြည့်ကာ ရေရွတ်သည်။ ကျိုးရှင်းတောင် ရှီတန်ခိုးရှင်၏ သမီးဖြစ်သည့်တိုင် သူမအတွက် တော်ဝင်လမ်းခရီးက အလွန် ခက်ခဲကြမ်းတမ်းမည် သေချာသည်။ အာရုဏ်လမ်းက တော်ဝင်လမ်း ကိုးလမ်းထဲမှ တစ်လမ်းသာ ဖြစ်သော်လည်း ထိပ်သီးမျိုးဆက်များ အကြားတွင် နေရာ တစ်နေရာရရန် မျှော်လင့်ချက်ဖြင့် အဓိက မြို့ကြီးငါးမြို့၏ အထောက်အပံ့ကို ယူခဲ့ရသည်။
“နန်ထျန်း အိမ်တော်ကလည်း အာရုဏ်လမ်းကို ရွေးမယ်လို့ ငါထင်တယ်…” စီဝူကျိက ပြောသည်။
ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ သူက ရှေ့မှ မြေပုံကို ကြည့်သည်တွင် လူသားကမ္ဘာနှင့် နန်ထျန်းအိမ်တော်တို့ နှစ်ဖွဲ့လုံးက ဒေသတစ်ခုတည်းတွင် ဖြစ်သည်ကို တွေ့ရသည်။ ယခု သူက ထိုအင်အားစုနှစ်ခုနှင့် တော်ဝင်လမ်း တစ်ခုတည်းကို သွားရတော့မည်လော…။
အာရုဏ်လမ်း၏ ထောင့်စွန်း ဒေသတွင် ရှေးဟောင်း မြို့တစ်မြို့ရှိကာ ထိုမြို့ကို ပျက်စီးခြင်းမြို့ဟု ခေါ်သည်။ သမိုင်းများအရ သည်မြို့က အကြိမ်ကြိမ် ပြိုလဲခဲ့ဖူးကာ အကြိမ်တိုင်းတွင် ပြန်တည်ဆောက်ခဲ့သည်။ အာရုဏ်လမ်းကို သွားမည့်လူတိုင်းက ပျက်စီးခြင်းမြို့ကို ဖြတ်သန်း ရမည်ဖြစ်သည်။ ထို့ကြောင့် ဤမြို့က အိုဟောင်းက အရုပ်ဆိုးသော်လည်း မရေမတွက်နိုင်သော လူများဖြင့် စည်ကား လှပေသည်။
ယခု မရေတွက်နိုင်သော လူများက မြို့အနောက်ဘက်တွင် ရှိသော ပျက်စီးခြင်းပင်လယ်ကို သွားနေကြသည်။ ပျက်စီးခြင်း ပင်လယ်ကား တော်ဝင်လမ်းကို သွားရာနေရာ ဖြစ်သည်။ ထိုနေရာတွင်ပင် မရေမတွက်နိုင်သော လူငယ်မျိုးဆက်များကို မြင်ကြရမည် ဖြစ်သည်။
တော်ဝင်လမ်း ဖွင့်လှစ်ခြင်းက မြေရိုင်းဒေသတွင် အကြီးကျယ်ဆုံး အဖြစ်ပျက်များထဲမှ တစ်ခုလည်း ဖြစ်သည်။
ရီဖူရှင်းက ထိုလူပင်လယ်ကြီးကို မြင်ကာ အနည်းငယ် ထိတ်လန့် အံ့အားသင့်ရသည်။ ဤနေရာကို ရောက်ရှိနေသော လူများကား လူတစ်သန်းကျော်ခန့်ရှိပေမည်။ ထို့အပြင် အာရုဏ်လမ်းက မဖွင့်သေးရာ လမ်းတွင် လာနေသူများစွာလည်း ရှိသေးသည်။
“အာရုဏ်လမ်းက ပျက်စီးခြင်းပင်လယ်ရဲ့ တစ်ဖက်မှာ ရှိတယ်… ကျုပ်တို့က အာရုဏ်လမ်းကမှ တစ်ဆင့် တော်ဝင်ကျဲနန်းတော်ကို ရောက်နိုင်တယ်…” တစ်ယောက်က ပျက်စီးခြင်းပင်လယ်ကို ကြည့်ကာ ပြောသည်။ လမ်းကိုးလမ်းလုံးက တော်ဝင်ကျဲနန်းတော်ကို သွားရောက်နိုင်သည်။ လူတိုင်းက မိမိတို့သွားမည့်လမ်းကို ရွေးချယ်နိုင်၏။
“တော်ဝင်လမ်းမှာ ဘာစည်းမျဉ်း စည်းကမ်းမှ မရှိဘူး… အကြမ်းတမ်းဆုံး စည်းမျဉ်းက ဘာစည်းမျဉ်းမှ မရှိတာပဲ…”
တချို့က သက်ပြင်းချကြသည်။ ပြောကြသည်မှာ တော်ဝင်လမ်းအတွင်း ပြိုင်ဆိုင်မှုက ကြမ်းတမ်းလွန်းရကား များစွာသော ပါရမီရှင်များက သေကျေပျက်စီး ကြရသည် ဟူ၏။
ဂရား… ဂါး…
ထိုစဉ်မှာပင် နဂါးအော်သံနှင့်အတူ ကောင်းကင်မှ နဂါးတစ်ကောင် ဆင်းသက်လာသည်။
“နန်ထျန်းအိမ်တော်က လူတွေ ရောက်လာကြပြီ…” မရေတွက်နိုင်သော မျက်လုံးအစုံတို့က ကောင်းကင်ကို လှမ်းကြည့်ကြသည်။ နန်ထျန်းအိမ်တော်ကား ကျုံးကျိုးဒေသအတွင်းမှ ထိပ်သီးအင်အားစု တစ်ခုဖြစ်သည်။
လူအများအပြားက ကောင်းကင်ထက်ကို တက်ရောက်ကာ ဦးညွှတ် အရိုအသေ ပေးကြသည်။ ထိုသို့ ပြလုပ်ကြသူများက နန်ထျန်း အင်အားစု၏ လူငယ်မျိုးဆက်များ ဖြစ်ကြသည်။
ရီဖူရှင်းက လေထဲမှ နဂါးကြီးကို ကြည့်သည်တွင် သူက အရှေ့မြေရိုင်း ဒေသတွင် တွေ့ခဲ့သော နဂါးကြီးနှင့် ဆင်တူသည်ကို သတိထားမိသည်။ နဂါးကြီးက ရထားလုံးကြီး တစ်စင်းကိုလည်း ဆွဲထားသည်ကို တွေ့ရကာ အထဲမှ လူတစ်ယောက် ထွက်လာသည်။ သူ့အား ရီဖူရှင်း သိသည်။ နန်ဖန်းကား ထိုစဉ်က အကာနာအဆင့်မျှသာ ရှိသေးသည်။ ယခု နှစ်နှစ်ခန့် ကြာသောအခါ နိုဘယ်အဆင့်ကို ရောက်နေပြီး ဖြစ်သည်။
နန်ဖန်းနှင့် နန်ယွီတို့က သူ့ကို ပြောခဲ့သော စကားများကို ရီဖူရှင်းက အမှတ်ရမိသည်။ ထိုစဉ်က သူကား အရှေ့မြေရိုင်းဒေသမှ အသိအမြင်မျှဖြင့် နန်ထျန်းအိမ်တော်၏ ကြီးကျယ် ခမ်းနားမှုကို ခန့်မှန်းမရခဲ့ပေ။ ယခု နန်ထျန်းအိမ်တော်က မည်သို့သော အင်အားစု ဖြစ်သည်ကို သိရပြီဖြစ်သည်။
ကောင်းကင်တွင် နောက်ထပ် အင်အားစုတစ်ခု ပေါ်လာသည်။
“ရှကလန်လည်း ရောက်လာပြီ…” လူအများအပြားက လေထဲကို ပျံတက်ကာ ဦးညွှတ် အရိုအသေ ပေးကြသည်။ ရှကလန်ကား ပျက်စီးခြင်းမြို့အနီးတွင် အင်အားအကြီးဆုံး ကလန်ဖြစ်သည်။ ကလန်ခေါင်းဆောင်ကား အလွန်အမင်း စွမ်းအားကြီးသူ ဖြစ်သည်။ ထို့အပြင် ထိုကလန်တွင် ခြွင်းချက်မဲ့ပါရမီရှင် တစ်ယောက်လည်း ပေါ်လာခဲ့သည်။ သူ၏နာမည်က ရှဟူဖြစ်ကာ သတ္တမအဆင့် နိုဘယ်ဖြစ်သည်။ သူက အာရုဏ်လမ်းတွင် အထွန်းတောက်ဆုံး လူတစ်ယောက် ဖြစ်လာနိုင်သည်။
အဝေးမှ ဓားအလင်းများ ဝင်းလက်စွာ ဖြစ်ပေါ်လာသည်။ လူတစ်စုက ဓားများကို စီးနင်းကာ ရောက်လာကြသည်။ လူအများအပြားကလည်း ဓားကျေးရွာမှ လူများကို နှုတ်ဆက်ကြ၏။
လွန်ခဲ့သော နှစ်အနည်းငယ်က ဓားကျေးရွာ၌ ဓားတန်ခိုးရှင် တစ်ယောက် ပေါ်ထွက်လာခဲ့သည်။ ဓားကျေးရွာ ကိုယ်တိုင်က ကြီးကျယ် ခမ်းနားသော သမိုင်းကြောင်းရှိသလို ယခု စီနီယာမျိုးဆက်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းသော အဘိုးအို တစ်ယောက်က နာမည် ကျော်ကြားလာခဲ့ကာ ကောင်းကင်မြေရိုင်း အဆင့်တွင်ပင် ချိတ်ခဲ့သည်။
လူငယ်မျိုးဆက်တွင်လည်း ရန်ချူကဲ့သို့သော ထူးချွန် ပြောင်မြောက်သူများ ထွက်ပေါ်လာခဲ့သည်။ ရန်ချူကိုယ်တိုင်က ဓားတန်ခိုးရှင်၏ ဆက်ခံသူဖြစ်ကာ နောက်တွင် သူက ဓားကျေးရွာကို ဦးဆောင်မည့်လူ ဖြစ်သည်။
လေထဲတွင် လူသားကမ္ဘာမှ သင်္ဘောကြီး ပေါ်လာသလို ထိပ်သီး အင်အားစုများလည်း ရောက်ရှိလာကြသည်။
ရီဖူရှင်းကလည်း ကျိုးရှင်းတောင်မှ လူများနှင့်အတူ ရှိနေသည်။ သူတို့အုပ်စုက တခြား အင်အားစုများနှင့် ယှဉ်လျှင် မှေးမှိန်ရာ ရီဖူရှင်းအား သတိထားမိသူ မရှိပေ။
မိုးမြေကောင်းကင်မြို့မှ ထိပ်သီးကျောင်း သုံးကျောင်းနှင့် ကလန်များ အားလုံးကလည်း ရောက်ရှိနေကြပြီး ဖြစ်ကာ လူအုပ်ထဲ နစ်မြုပ်နေသည်။
လောင်မူကား ထိုမြင်ကွင်းကို ကြည့်ကာ ကြီးစွာ ထိတ်လန့်ရသည်။ သူကား အမှန်က ကန်ထဲမှ ဖားသူငယ်လို အသိအမြင် နည်းလှပေသည်။ သို့သော် သူ၏ဆန္ဒက ပိုမို အားကောင်း လာသည်။ သူ၏အဖေက မြေရိုင်းဒေသ တစ်ခုလုံးတွင် ထင်ရှား ကျော်ကြားခဲ့သော အချိန်က သူကား ကလေးမျှသာ ရှိသေးသည်။ သူက သူ၏အဖေရခဲ့သော အောင်မြင်မှုကို လိုက်မီရန် လွန်စွာ လိုသေးသည်။ ထိုအရာက ခက်ခဲမည်ကို သူသိသော်လည်း သူ့တွင် ရည်မှန်းချက် ရှိပေသည်။
လောင်မူက ကြယ်မင်းကျောင်းမှ လူများနှင့်အတူ လာသည်။ နဂါးကလန်နှင့် ကုကလန်မှ လူများကလည်း အတူ ရှိကြပေသည်။ ကုယွန်ချီလည်း ရှိသည်။ သူမ၏အဖေထံမှ ရီဖူရှင်း မသေသည်ကို ကြားပြီးဖြစ်ကာ ကျောင်းအုပ်ချန်းက သူ့အား တော်ဝင်လမ်းအတွက် စေလွှတ်လိုက်ဖို့ များနေသည်။ ထို့ကြောင့် သူမကလည်း သူမ လေးစားချစ်ခင်ရသော ထိုလူငယ်လေးအား ကိုယ်တိုင် လာရောက် ကြည့်ရှုသည်။
ကျင်းကလန်မှလူများ၊ သူရိယနေမင်းကျောင်းနှင့် စန္ဒာငွေလမင်းကျောင်းမှ လူများလည်း ရောက်နေကြသည်။
ကမ်းခြေအနီးရှိ လူအုပ်ကြီးထဲတွင် ပြိုင်ဘက် ကင်းအောင်လှသော မိန်းကလေး တစ်ယောက်က ပင်လယ်ကြီးကို ကြည့်နေသည်။ သူမကား ကျိုက်ရှင်းအိမ်တော်မှ ဂုဏ်ယူရသော သမီး မူကျိချူ ဖြစ်သည်။ သူမက တော်ဝင်ကျဲနန်းတော်ကို တိုက်ရိုက် ဝင်ခွင့်ရထားသည့်တိုင် တော်ဝင်လမ်းကို လာရောက်ခဲ့သည်။ ရီဖူရှင်းအား ရှုံးနိမ့်ခဲ့သည်မှာ အနည်းငယ် ကြာခဲ့ပြီဖြစ်ကာ ယခု သူမက နိုဘယ်အဆင့်ကို ရောက်သွားပြီ ဖြစ်သည်။
ကျုံးကျိုးနယ်၏ မြောက်ဘက်တွင်လည်း တော်ဝင်လမ်း တစ်ခုရှိကာ မြေအောက်လမ်းဟု လူသိများသည်။ ထိုလမ်းကလည်း စွမ်းအားမြင့် တန်ခိုးရှင်များ ပေါများကာ အာရုဏ်လမ်းထက်ပင် ပို၍ ကြောက်စရာ ကောင်းသည်။
သည်လမ်းတွင် ကျူးကော့မိသားစု၊ ထိုက်ချွန်တောင်နှင့် တခြား သားရဲ ကလန်များကလည်း ဤလမ်းကို လာကြသည်။ မြေအောက်လမ်းကား တော်ဝင် ကိုးလမ်းတွင် အကြမ်းတမ်းဆုံး လမ်းသုံးလမ်းထဲ၌ ပါသည်။
တော်ဝင်လမ်းရှေ့ ကုန်းပေါ်တွင် လူတစ်စုက တိတ်ဆိတ်စွာ ရပ်နေကြသည်။ ထိုအထဲတွင် မိန်းကလေး နှစ်ယောက်ကား အလွန်အမင်း လှပ ချောမောကြသည်။ တစ်ယောက်က တည်ငြိမ် ရင့်ကျက်သော အလှပိုင်ရှင်ဖြစ်ပြီး နောက်တစ်ယောက်ကား ကောင်းကင်ထက်မှ နတ်သက်ကြွေကျသော အလှနတ်မိမယ်အလား ထင်မှတ်ရသူလေး ဖြစ်သည်။
လူအများအပြားက သူမအား မကြာခဏ လှမ်းကြည့်ကြရသည်။ သူမ၏လှပသော မျက်နှာလေးက မြင်သူတိုင်းအား ချစ်ခင် စုံမက်စေနိုင်သည်။ အကယ်၍ သူတို့သာ ထိုမိန်းကလေးအား လက်ထပ်ခွင့်ရခဲ့ပါက မည်မျှ ကြီးကျယ် ခမ်းနား လိုက်မည်နည်း။ သို့သော် သူတို့က ထိုသို့သော အခွင့်အရေး ရမည် မဟုတ်ကြောင်း အားလုံးက သိကြသည်။
သူမ၏နာမည်က ဟွာဂျီယူဖြစ်ကာ ကျူးကော့မင်းယွီ၏ ညီမတစ်ယောက်ဟု သိကြသည်။ သူမက လက်ရှိတွင် ကျူးကော့မိသားစု၌ လေ့ကျင့်နေပြီး ကောင်းကင်စိတ်ဝိညာဉ် ပညာရှင်လည်း ဖြစ်သည်။ ယခု သူမက တော်ဝင်လမ်းကို လာရောက်ခြင်းလည်း ဖြစ်သည်။
***