ကျိုးရှင်းတောင်ခြေ အနှံ့ တိုက်ပွဲများ ဖြစ်ပွားသည်။ ရီဖူရှင်း ခန့််မှန်းသလိုပင် တခြား အင်အားစုများက မြို့ရိုးဖြူမြို့ အကာနာအဖွဲ့အား ခြိမ်းခြောက်နိုင်စွမ်း မရှိကြပေ။ မည်သူမှ သူတို့က ထပ်မံ၍ စိန်ခေါ်ခြင်း မရှိကြတော့။
သူက တိုက်ပွဲအား တိတ်ဆိတ်စွာ ကြည့်သည်။ မိုးကောင်းကင်မြို့မှ စီဝူကျိ၊ မြို့ရိုးဖြူမြို့မှ လီစွမ်း၊ ရွယ်ယွန်မြို့မှ ရွယ်ယွန်ပိုကျင်တို့က အသီးသီး တိုက်ခိုက်ကြသည်။ တိုက်ပွဲကလည်း စိတ်ဝင်စားဖွယ် ကောင်းလှသည်။ စီဝူကျိကား ဓားသများဖြစ်ကာ ရွယ်ယွန်ပိုကျင်က ကြောက်မက်ဖွယ် အားအင်ကို ပိုင်ဆိုင်သည်။ ကောင်းကင်ခွဲ ပုဆိန်ပညာက အလွန် ထူးခြား ကောင်းမွန်သည်။ သူတို့သုံးယောက်က တစ်ယောက်နှင့် တစ်ယောက်က အရည်အချင်း သိပ်မကွာကြရာ သရေပွဲဖြင့် ပြီးဆုံးခဲ့သည်။
ထို့အပြင် ကျွေ့ချိန်ချူ အမည်ရသော အလွန်အမင်း ကောင်းမွန်သော ပါရမီကို ပြသခဲ့သော နိုဘယ် တစ်ယောက်လည်း ပါသည်။ လီချန်းရီ၏ စကားများအရ သူက ကျိုးရှင်းတောင် ဒေသတစ်ဝိုက်တွင် နာမည်ကျော်သော ပါရမီရှင် အရက်မူးသမား တန်ခိုးရှင်ဟု ဆိုသည်။ သူ၏နာမည်ကို ကြည့်ခြင်းဖြင့်ပင် သူကား သေရည် သေရက်များကို အလွန်အမင်း ကြိုက်နှစ်သက်သူ ဖြစ်သည်မှာ သေချာနေသည်။ ထူးခြားသည်ကား သူက လွတ်လပ်မှုကိုလည်း သဘောကျ၏။ မြို့ကြီးငါးမြို့က သူ့အား သိမ်းသွင်းရန် ကြိုးစားခဲ့ကြသည်မှာ ကြာသော်လည်း မည်သည့် အင်အားစုကမှ မအောင်မြင်ပေ။ ထိုလူကား ထိုအင်အားစုများကို သူ၏အရက်မျှပင် အလေးမထားပေ။
သို့သော် သူကိုယ်တိုင်ကား အလွန် ကျော်ကြားသော ဓားသမား ဖြစ်သည်။ သူ၏ဓားပညာက လှည့်စားတတ်သော သဘာဝရှိကာ သူက မိုးကောင်းကင်မြို့မှ သခင်လေး စီဝူကျိနှင့် ရင်ဆိုင်ခဲ့သည်။ စီဝူကျိ၏ဓားပညာက တကယ့် အရှိတရားကို အခြေပြုကာ တိုက်ခိုက်ပြီး ကျွေ့ချိန်ချူက လှည့်စားတတ်သည်။ တိုက်ပွဲက ပြင်းထန်ကာ လွန်စွာလည်း ကြည့်ကောင်းသည်။ သို့သော် လက်ရည်တူနေရာ နှစ်ယောက်က ဒဏ်ရာပြင်းထန်စွာ ရမည်ကို စိုးရိမ်သော ကျိုးရှင်းတောင် အကြီးအကဲများက တိုက်ပွဲကို ရပ်နားစေခဲ့သည်။
“လီစွမ်း… မင်းက ငါ့တပည့် လုပ်မလား…” ကျိုးရှင်းတောင် ထောင့်တစ်နေရာမှ အသံတစ်သံကို ကြားရသည်။ ထိုအသံ၏ပိုင်ရှင်က ရှီတန်ခိုးရှင် တစ်ယောက် ဖြစ်သည်။
လီစွမ်းက ပြုံးကာ ရှေ့ကို တိုးသွားပြီး ပြောသည်… “တပည့် လက်ခံပါတယ်…”
“ရွယ်ယွန်ပိုကျင်… မင်း ငါ့တပည့်လုပ်မလား…” နောက်ရှီတန်ခိုးရှင် တစ်ယောက်က မေးရာ ရွယ်ယွန်ပိုကျင်ကလည်း သဘောတူသည်။
“စီဝူကျိ… ကျွေ့ချိန်ချူ … မင်းတို့က ငါ့တပည့် လုပ်မလား…” ထက်ရှသော အသံက လူတိုင်း၏ခေါင်းကို တုန်ယင်သွားစေသည်။ ထိုအသံရှင်ကား အလွန် အားကောင်းသော ရှီအဆင့် ဓားတန်ခိုးရှင် ဖြစ်သည်။
“ကျွန်တော် ဂုဏ်ယူစွာနဲ့ လက်ခံပါတယ်…” စီဝူကျိက အရိုအသေ ပေးသည်။
“အခုလို ရက်ရောတဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ် စီနီယာ… ဒါပေမဲ့ ကျုပ်က ခေါင်းမာပြီး လွတ်လပ်မှုကို သဘောကျလို့ တစ်နေ့မှာ စီနီယာကို အပြစ်လုပ်မိမှာ စိုးရိမ်ပါတယ်… ဒါကြောင့် ကျိုးရှင်းတောင်ကို ညစ်ပတ်စေမည့်အစား ဒီအတိုင်းပဲ နေတာ အဆင်ပြေပါလိမ့်မယ်…” ကျွေ့ချိန်ချူက ပြောသည်။ အားလုံးက ဆွံ့အရသည်။ တစ်စုံတစ်ယောက်က အမှန်ပင် ရှီတန်ခိုးရှင်ကို ငြင်းပယ်ခဲ့သည်။ ထို့အပြင် ကျွေ့ချိန်ချူက ထိုစကားများကို ပျင်းရိစွာ ပြောဆိုခဲ့၏။ သူ၏နာမည်နှင့် အပြုအမူက အမှန်ပင် ကိုက်ညီလှသည်။
“ဒါဆိုလည်း မင်းလမ်း မင်းလျှောက်…” ရှီတန်ခိုးရှင်က တုံးတိတိ ပြောသည်။ သူက ငြင်းပယ်ခံရသည့် အတွက် အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။
ထို့နောက်တွင် ကျိုးရှင်းတောင် အကြီးအကဲများက ပြောသည်… “နောက်နှစ်သစ်မှာပဲ ကျိုးရှင်းတောင်က တပည့်အသစ် လက်ခံတော့မယ်… ဒီနေ့ ဖြစ်ခဲ့တာတွေကို မေ့လိုက်တော့… အားလုံး ပြန်လို့ရပြီ…”
လူအများအပြားက ဆွံ့အရသည်။ မရေမတွက်နိုင်သော လူများ ကျိုးရှင်းတောင်ကို လာရောက်ကြ သော်လည်း လူလေးယောက်ကသာ ရွေးချယ်ခံခဲ့ရပြီး တစ်ယောက်က သူတို့အား ပြန်လည် ငြင်းပယ်ခဲ့၏။
“မိန်းကလေးချင်ရဲ့ ကြင်ဖက်ကရော… ဘယ်သူ့ကို ရွေးမလဲ…” တစ်ယောက်က ကျယ်လောင်စွာ အော်မေးသည်။ အားလုံးကလည်း စိတ်ဝင်စားစွာ နားစွင့်ကြ၏။ ကျိုးရှင်းတောင် အကြီးအကဲ တစ်ယောက်က ပြောသည်… “မိန်းကလေးချင်ရဲ့ ကြင်ဖက်ကို အခု ရွေးချယ်ထားတဲ့ သုံးယောက်ထဲက ထပ်ရွေးမယ်… ဒါပေမဲ့ ကြင်ဖက်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးကျွမ်းဝင်တဲ့ ခံစားချက် လိုတာကြောင့် တော်ဝင်လမ်း အပြီးမှာပဲ ဘယ်သူက သင့်တော်တယ် ဆိုတာကို ဆုံးဖြတ်မယ်…”
အားလုံးက ခေါင်းညိတ်ကြသည်။
ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ ကျိုးရှင်းတောင်က တပည့်ခေါ်ခြင်းနှင့် ကြင်ဖက်ရွေးခြင်းကား အမှန်အားဖြင့် တော်ဝင်လမ်းအတွက် အဖော်ခေါ်ခြင်းသာ ဖြစ်သည်။ သည်နည်းဖြင့် သူမ၏အဖော်များက တော်ဝင်လမ်းတွင် သူမအတွက် အကောင်းဆုံး အထောက်အပံ့များ ဖြစ်လာမည်။
ထို့နောက်တွင် လူများ အလျှိုလျှို ထွက်ခွာကြသည်။
အကြီးအကဲ တစ်ယောက်က ကျိုးကျွမ်၊ လင်းဖေးပိုင်၊ ရီဖူရှင်းနှင့် တခြားလူများကို မေးသည်… “မင်းတို့က ကျိုးရှင်းတောင်ကို ဝင်ပြီး တန်ခိုးကျင့်မလား…”
“ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ…” ကျိုးကျွမ်က လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည်။
“ကျွန်တော် လက်ခံပါတယ်…” လင်းဖေးပိုင်က ခေါင်းညိတ်သည်။
ရီဖူရှင်းက ဦးညွှတ်သည်… “ကျွန်တော်တို့က တခြား ကျောင်းတစ်ကျောင်းရဲ့ တပည့်တွေမို့ ကျိုးရှင်းတောင်ကို ဝင်ဖို့ မသင့်တော်ပါဘူး… စီနီယာက နားလည် ပေးစေလိုပါတယ်…”
“ပြဿနာ မရှိဘူး…” အကြီးအကဲက ခေါင်းညိတ်ကာ ကျွေ့ချိန်ချူကို ကြည့်သည်… “မင်းကရော တော်ဝင်လမ်းအတွက် အဆင်သင့် ဖြစ်ပြီလား…”
“သေချာတာပေါ့… မဟုတ်ရင် ဒီကို ဘယ်လာမလဲ…” ကျွေ့ချိန်ချူက ပြုံးသည်။
“ကောင်းပြီ… ကျိုးရှင်းတောင် ကလည်း ဒီတစ်ခေါက် အတော်ဆုံး တပည့်တွေကို ရွေးပြီး လွှတ်မယ်… နောက်တစ်လနေရင် ဒီကို လာစုပါ… အားလုံးက တော်ဝင်လမ်းကို အတူတူ သွားကြ…” အကြီးအကဲက ပြောသည်။
“ဟုတ်ကဲ့…” အားလုံးက ခေါင်းညိတ်ကြသည်။ ထို့နောက် အကြီးအကဲများ ထွက်သွားကြ၏။
“ဆရာရီက ကျုပ်တို့ မြို့ရိုးဖြူမြို့ကို လိုက်မှာလား…” လီစွမ်းက ရီဖူရှင်းတို့အုပ်စုကို မေးသည်။
“ကျုပ်တို့လိုက်မယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဆရာချိန်ချူကရော မြို့ရိုးဖြူမြို့မှာ ကျုပ်တို့နဲ့အတူ သောက်ဖို့ စိတ်ဝင်စားပါသလား…” လီစွမ်းက ကျွေ့ချိန်ချူကို မေးသည်။
“ဝိုင်ကောင်းကောင်း ရှိလား…” ကျွေ့ချိန်ချူ၏မျက်လုံးများက အရောင်လက် သွားသည်။
“သိရပါလိမ့်မယ်…” လီစွမ်းက ပြုံးကာ ခေါင်းညိတ်သည်။
“ဒါဆိုလည်း ကောင်းပြီ…” ကျွေ့ချိန်ချူက ပြုံးကာ ခေါင်းညိတ်သည်။
လီစွမ်းက ပြုံးလျက် မေးသည်… “ဆရာချိန်ချူက ဘာလို့ ကျိုးရှင်းတောင်ကို မဝင်ခဲ့တာလဲ… ဓားရှီတန်ခိုးရှင်က တကယ် နာမည်ကျော်တဲ့လူပါ…”
“ကျုပ်တို့က တော်ဝင် ကျဲနန်းတော်ကို ဝင်မှာပဲ… ဘာလို့ ကျိုးရှင်းတောင်ကို ဝင်နေဦးမှာလဲ…” ကျွေ့ချိန်ချူက ပျင်းရိစွာ ပြောသည်။
“အမှန်ပဲ…” လီစွမ်းက ပြုံးလျက် ခေါင်းညိတ်သည်။
“ဆရာရီကရော.. တကယ်ပဲ ကျောင်းတစ်ကျောင်းမှာ သင်ကြားခဲ့တာပေါ့…” လီချန်းရီက ရီဖူရှင်းတို့ကို မေးသည်။ သူတို့အုပ်စုက အတော် အားကောင်းသည်ဟု ဆိုရမည်။ သူတို့က အကာနာအဆင့် ခုနစ်မျှသာ ရှိသေးသည်။ အကယ်၍ သူတို့က အကာနာ အဆင့်ကိုးကို ရောက်သောအခါ ကျိုးကျွမ်နှင့် လင်းဖေးပိုင်တို့က သူတို့ပြိုင်ဘက် ဟုတ်မည် မဟုတ်ပေ။
“ဟုတ်တယ်…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ လီချန်းရီက ထိုအကြောင်းကို ထပ်မမေးတော့။
မြို့ရိုးဖြူမြို့က ကျိုးရှင်းတောင်နှင့် အတော်အတန် အလှမ်းဝေးရာ သူတို့၏ခရီးက အနည်းငယ် ကြာမြင့်ခဲ့သည်။ လီစွမ်းတို့က မြို့တော်ဝန် အိမ်တော်ကို ပြန်သွားသော အချိန်တွင် ရီဖူရှင်းတို့အတွက် လီစွမ်းက မြို့တော်ဝန် အိမ်တော် အပြင်ဘက် တစ်နေရာတွင် နေစရာများ စီစဉ်ပေးခဲ့သည်။
“ငါတို့က တကယ်ပဲ သူတို့နဲ့ သွားမှာလား…” လို့လန်ရွှီက ရီဖူရှင်းကို မေးသည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ကျောင်းအုပ်က တော်ဝင်လမ်း အကြောင်းကို နည်းနည်းပဲ ရှင်းပြလိုက်တယ်… ငါတို့က အသေးစိတ် မသိဘူး… အခု သူတို့နဲ့ ခရီးအတူ သွားတာက ငါတို့အတွက် သတင်း အချက်အလက် အများကြီး ရနိုင်တယ်…”
လို့လန်ရွှီက ခေါင်းညိတ်သည်။ ရီဖူရှင်းက ဆုံးဖြတ်ပြီးမှတော့ သူမကလည်း ဘာမှ မပြောတော့။
ထို့နောက် ရီဖူရှင်းက ဂျီယူအား တွေးမိသည်။ သူတို့ မတွေ့ခဲ့သည်မှာ အချိန်များ လွန်စွာ ကြာမြင့်ခဲ့ပြီဟု သူ ခံစားနေရသည်။ သူ၏အစ်ကိုကြီးနှင့် ဆရာများကရော… အဆင်ပြေသလား သူမပြောတတ်။
သူက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်သည်။ အရှေ့မြေရိုင်း ဒေသမှ ဖြစ်ရပ်များ အစီအရီ သူ၏ခေါင်းထဲကို ဝင်ရောက်လာသည်။ ကော့တေးတွင် လေ့ကျင့်စဉ်က သူ့အတွက် အလွန် ပျော်ရွှင်ရသော ကာလများ ဖြစ်သည်။ သို့သော်လည်း သူတို့ ညီအစ်ကို မောင်နှမများက ခွဲခွာခဲ့ကြရ၏။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ရည်မှန်းချက် မြင့်မားသော်လည်း သူတို့က လေနှင့်အတူ လွင့်ပါး ပျောက်ကွယ် သွားကြသည်။ ဟွာချင်းချင်း ကဲ့သို့သော မိန်းမလှပင် သီလရှင် ဝတ်သွားခဲ့သည်။
ယခု သူက မြေရိုင်းဒေသကို ရောက်လာကာ ဂျီယူ၊ သူ၏အစ်ကို အစ်မများနှင့် ပြန်လည် တွေ့ဆုံရတော့မည်။ သူက တော်ဝင်လမ်းတွင် နိုဘယ်အဆင့် တက်လှမ်း နိုင်မည်လား သိလိုသည်။
ယခင် အချိန်များကို ပြန်တွေးရင်း ရီဖူရှင်းက တင်ပျဉ်ခွေ ထိုင်ကာ ကု့ချင်းအား ထုတ်လိုက်သည်။ သံစဉ်က လေထုထဲကို ပျံ့နှံ့သွားကာ ငြိမ်သက် တိတ်ဆိတ်သော ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာ ငြိမ့်ညောင်း သာယာသည်။ ကု့ချင်းသံစဉ်ကို နားထောင်သူတိုင်းက တခြား ရှုပ်ထွေးသော အတွေးများကို ပယ်ရှားနိုင်ကာ စိတ်ငြိမ်သက်မှုကို ရစေနိုင်သည်။
ရီဖူရှင်း အဆောင်နှင့် သိပ်မဝေးသော တစ်နေရာတွင် ကျွေ့ချိန်ချူက ကျောက်တုံး တစ်တုံးကို မှီကာ သေရည် သောက်နေသည်။ သူကား ထိုနေရာတွင် တိတ်ဆိတ်စွာပင် ရှိနေ၏။ ထိုစဉ်မှာပင် ကု့ချင်း တီးခတ်နေသော ရီဖူရှင်းအနီးကို မိန်းကလေး တစ်ယောက် ရောက်လာသည်။ သို့သော် သူမက ရီဖူရှင်းအား နှောင့်ယှက်ခြင်း မပြုဘဲ ဘေးမှ တိတ်ဆိတ်စွာပင် နားထောင်နေသည်။
အတန်ကြာလျှင် သံစဉ်က တိတ်ဆိတ် ပျောက်ကွယ် သွားကာ ရီဖူရှင်းက ပြုံးသည်… “မိန်းကလေးချန်းရီ…”
လီချန်းရီက လျှောက်လာကာ ပြောသည်… “အစ်ကိုက မြို့တော်ဝန် အိမ်တော်မှာ ညစာစားပွဲတစ်ခု လုပ်မလို့ရှိတယ်… ရှင်တို့ လာမလား သူက သိချင်နေတယ်…”
“ကျုပ်က လူစည်တဲ့ နေရာတွေကို သိပ်သဘောမကျဘူး… မိန်းကလေးချန်းရီ… ကျုပ် မသွားလို့ ရတယ်မလား…” ရီဖူရှင်းက ပြုံးသည်။
“ကျွန်မက အဲဒါကို ကု့ချင်းသံက ခံစားလို့ ရပါတယ်…” လီချန်းရီက ပြုံးလျက်ပြောသည်… “ရှင်က ဒီလို သံစဉ်မျိုးကို တီးဖို့ အရမ်း စိတ်တည်ငြိမ် နေရမယ် ထင်တယ်…”
“မိန်းကလေးက ချီးကျူးနေပါပြီ… ကျုပ်က နည်းနည်း စိတ်ရှုပ်နေတာနဲ့ ကု့ချင်းတီးပြီး စိတ်ငြိမ်အောင် လုပ်နေတာ…” တည်ငြိမ်သည် ဟူသော စကားကို ကြားသည်တွင် ရီဖူရှင်းက မချိပြုံး ပြုံးသည်။
“စိတ်တည်ငြိမ်အောင် ကု့ချင်းတီးတယ်…” လီချန်းရီက ရေရွတ်သည်… “ဆရာရီတီးတာကို ကျွန်မ လာနားထောင်လို့ ရလား…”
“အချိန်မရွေး ကြိုဆိုပါတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ လီချန်းရီကား မြို့တော်ဝန်၏သမီး ဖြစ်ကာ နိုဘယ်တန်ခိုးရှင် ဖြစ်သည်။ ထို့အပြင် သူမက မာနကင်းပြီး လှသည်။ သူမအား ကြည့်ကာ ရီဖူရှင်းက ကုယွန်ချီကို အမှတ်ရစေ၏။
“ကျေးဇူးတင်ပါတယ်…” လီချန်းရီက ပြုံးသည်။ ထို့နောက် သူမ၏အကြည့်ကာ ကျွေ့ချိန်ချူထံကို ရောက်သွားသည်။ ကျွေ့ချိန်ချူကလည်း သူမအား ပြုံးကြည့်သည်တွင် လီချန်းရီက ပြောသည်… “အစ်ကိုက ရှင့်အတွက် ဝိုင်တွေ ပို့ပေးလိုက်တယ်…” သူမက သယ်ယူလာသော ဝိုင်ပုလင်းများကို ပေးကာ ထွက်သွားသည်။
“ခင်ဗျားက တကယ်ပဲ ညစာစားပွဲကို မသွားဘူးလား…” ရီဖူရှင်းက ကျွေ့ချိန်ချူကို ကြည့်သည်။
“အဲဒီလိုနေရာမျိုးမှာ လူတွေက ဟန်ဆောင်မှု များတယ်… ကျုပ် စိတ်မဝင်စားဘူး…” ကျွေ့ချိန်ချူက ဝိုင်ပုလင်းကို ဖွင့်ကာ တစ်ကျိုက် မော့လိုက်ပြီး မှတ်ချက်ချသည်… “တကယ်ကောင်းတဲ့ အရသာပဲ… လီစွမ်း မလိမ်ဘူး… ဒါပေမဲ့ အရက်သောက်တဲ့အခါ ဘယ်သူနဲ့ သောက်တယ် ဆိုတာက ပိုပြီး အဓိပ္ပာယ်ရှိတယ်…”
ရီဖူရှင်းက အနည်းငယ် အံ့အားသင့်သွားပြီးမှ ပြုံးလျက် ခေါင်းညိတ်သည်… “အမှန်ပဲ…”
တစ်လလုံးတွင် လီချန်းရီက ရီဖူရှင်း ကု့ချင်းတီသည်ကို မကြာမကြာ လာနားထောင်သည်။ ရီဖူရှင်း တီးခတ်တိုင်းတွင်ကား ကျွေ့ချိန်ချူက အမြဲ ရှိနေတတ်သည်။ တီးခတ်ပြီးသောအခါ သူ့ကို မတွေ့ရတော့။ သို့သော် ထိုအရာက ပုံမှန်သာ ဖြစ်သည်။ သူ၏ ကု့ချင်းသံစဉ်က တန်ခိုးရှင်များ၏ စိတ်ကို လွန်စွာ တည်ငြိမ်စေကာ သူတို့၏ကျင့်စဉ်များတွင် အထောက်အကူ ဖြစ်စေသည်။
လီစွမ်းကလည်း တစ်ခါတစ်ရံ လာပြီး လည်ပတ်လေ့ရှိကာ ကျွေ့ချိန်ချူအတွက် ဝိုင်အရက် ကောင်းကောင်းများ သယ်လာလေ့ရှိသည်။
ရီဖူရှင်းမူကား ထိုတစ်လလုံးတွင် သူ၏ပညာရပ်များကို တိတ်ဆိတ်စွာပင် လေ့ကျင့်နေခဲ့သည်။
ယနေ့တွင် သူတို့က ကျိုးရှင်းတောင်၌ စုစည်းကြသည်။
လီစွမ်း၊ စီဝူကျိနှင့် ရွယ်ယွန်ပိုကျင်တို့ အားလုံးက သူတို့၏လူများကို ခေါ်ဆောင် လာကြကာ အများစုက နိုဘယ်များ ဖြစ်ကြသည်။ အကာနာ ထိပ်သီးများကလည်း လာရောက် စမ်းသပ်ကြသည်။
ကျိုးရှင်းတောင်မှ အုပ်စုမူကား အင်အား အတောင့်ဆုံးဟု ပြောရမည်။ အားလုံးက နိုဘယ်များ ဖြစ်ကြကာ ရှီတန်ခိုးရှင်များ၏ လက်ရင်းတပည့်များ ဖြစ်ကြသည်။ ထို့နောက် ရီဖူရှင်းတို့က အရှေ့ဘက်ကို ခရီးနှင်ကြကာ တောင်တန်းများ တောအုပ်များနှင့် ပင်လယ်များကို ကျော်ဖြတ်ကြသည်။ ထို့အတူ လမ်းတွင်လည်း ထိုအရပ်သို့ တူရူသွားနေကြသော မရေမတွက်နိုင်သော လူများကို တွေ့ကြရသည်။
ရက်နှစ်ဆယ်ခန့် ကြာသောအခါ သူတို့ရှေ့တွင် ပင်လယ်ပြင်ကြီးကို မြင်ကြရသည်။ ဤနေရာအား နယ်ခြား ပင်လယ်ဟု ခေါ်ကြ၏။ တစ်ဖက်ခြမ်းကို ဖြတ်ကျော် လိုက်သည်နှင့် သူတို့က ကျုံးကျိုးနယ်၏ ဗဟိုချက်မကို ရောက်သွားမည်။
ရီဖူရှင်းတို့ အုပ်စုက နယ်ခြား ပင်လယ်ကို ကျော်ဖြတ်ကြသည်။
“ငါတို့က ကျုံးကျိုးဒေသတွေကို ရောက်တော့မယ်…” ချင်ရန်၏ လှပသော မျက်လုံးများက အဝေးကို မျှော်ကြည့်နေသည်။ ပင်လယ်ကြီးတွင်ကား ဘာမှ မရှိသော်လည်း ကောင်းကင်ထက်တွင်ကား သတ္တဝါဆန်းများ ယာဉ်ပျံများကို တွေ့ရကာ တစ်ဖက်ခြမ်းကို ခရီးနှင်နေကြသည်။
“ကျူးကော့မိသားစုက ကျုံးကျိုးနယ်မှာ ရှိတယ်…” ရီဖူရှင်း၏ မျက်လုံးများက ရှေ့ကို စူးနစ်စွာ မျှော်ကြည့်နေသည်။ အစ်မနှစ်နှင့် ဂျီယူတို့က ကျုံးကျိုးနယ်၏ မြောက်ဘက်တွင် ရှိသည်။ သူကား တဖြည်းဖြည်းနှင့် နီးစပ်လာပြီ ဆိုနိုင်သည်။
***