အချိန်များ နောက်ကြောင်းပြန်ခြင်း…
အလယ်ပိုင်းဒေသရှိ ကြီးမားလှသောအဖြူရောင်တောင်တန်းနယ်မြေ၌…
တောင်တန်းနယ်မြေ၏ ဟိုးအတွင်းပိုင်းထဲတွင် မဟူရာမီးလျှံများတောက်လောင်နေသော နေရာတစ်ခုရှိ၏။
ထိုနေရာတွင် ပတ်ပတ်လည်ရှိသစ်ပင်များလည်း မဟူရာမီးလျှံကြောင့် လောင်ကျွမ်းနေလေသည်။
မီးလောင်ပြင်ကြီး၏အလယ်တွင် အနက်ရောင်ကျောက်တုံးကြီးတစ်တုံးရှိ၏။
ရုတ်ခြည်းပင် အဖြူရောင်ဝတ်ရုံနှင့်အမျိုးသားက ဧရာမကျောက်တုံးကြီးဆီသို့ တိုးကပ်လာပြီး မေးစေ့ကိုပွတ်လိုက်သည်။
“အမ်”
“စနစ်ကပြောတာ ဒီနေရာပါ။ ဒါပေမဲ့ ဘာလို့ ကျောက်တုံးကြီးပဲရှိနေရတာလဲ”
ထိုလူမှာ လုချန်ရှန်းပင်။
လုချန်ရှန်း၏စကားအဆုံးမှာ ကျောက်တုံးထဲမှ လက်မောင်းတစ်ဖက်က ရုတ်တရက်ဖောက်ထွက်လာလေသည်။
အမည်းရောင်ကျောက်တုံးပေါ်မှာ အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။
ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်းလည်း ထိတ်လန့်သွားရသည်။
“ဒါက.. မျောက်တစ်ကောင်လား”
သူ အရှေ့ကိုလျှောက်လာလိုက်လေရာ အတွင်းဘက်ရှိ အသက်ဝင်နေသောအရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းမှာ အလွန်အမင်းမြူးထူးတက်ကြွနေသည်။
လုချန်ရှန်းလည်း အနက်ရောင်ကျောက်တုံးထဲတွင် တစ်စုံတစ်ခုရှိနေသည်ဟူသော ခပ်ဖျော့ဖျော့အာရုံတစ်မျိုးကို ခံစားမိလိုက်ပြန်သည်။
နှလုံးခုန်သံတစ်ခု ရှိနေလေသည်။
ဘန်း…
ဘန်း
ဘန်း
အနက်ရောင်ကျောက်တုံးပေါ်ရှိအက်ကွဲကြောင်းများ ပိုမိုကြီးမားလာချိန်မှာ နှလုံးခုန်သံကလည်း ပိုမိုကျယ်လောင်လာလေသည်။
နှလုံးခုန်သံ ပိုမိုကျယ်လောင်သည်ထက် ကျယ်လောင်လာသည့်အတွက် ကြီးမားလှသောအဖြူရောင်တောင်တန်းနယ်မြေထဲရှိ မှော်ဝင်သားရဲများကို လှုံ့ဆော်လိုက်သလိုဖြစ်သွားဟန်တူပြီး ကြောက်မက်ဖွယ်ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။
အဖြူရောင်တောင်တန်းနယ်မြေတစ်ခုလုံး တရစပ်ဟိန်းဟောက်သံကြီးများနှင့် ပြည့်နှက်သွားလေသည်။
ထိုနှလုံးခုန်သံကို အဆင့်နိမ့်မှော်ဝင်သားရဲများပင် မခံနိုင်တော့သည့်အတိုင်းအတာအထိ ရောက်လာပြီး သေမတတ်ပေါက်ကွဲထွက်လာလေသည်။
ထိုအဖြစ်ကိုမြင်သော် လုချန်ရှန်းမှာ အနည်းငယ်မျှအံ့သြသွားရသည်။
ဤတပည့်ကတော့ သာမန်မဟုတ်တန်လေရာ။
ယခုအချိန်မှာ အနက်ရောင်ကျောက်တုံးပေါ်ရှိ အက်ကွဲကြောင်းကြီးမှာ ပိုမို ကြီးမားလာသည်။
ကျန်လက်တစ်ဖက်လည်း ထွက်လာလေပြီ။
ချက်ချင်းဆိုသလိုပင် သွေးအမြုတေစွမ်းအားတန်းကြီးများမှာ ကောင်းကင်ဆီသို့ ဆန်တက်သွားလေသည်။
အနက်ရောင်ကျောက်တုံးကြီးမှာ အပြင်းအထန်တုန်ခါလာပေသည်။
ထိုအခြင်းအရာကိုမြင်သောအခါ လုချန်ရှန်းလည်း လက်ကိုဝှေ့ယမ်းလျက် အကာအကွယ်တံတိုင်းတစ်ခုကို ငါးပိုက်ကွန်နှယ် ဖြန့်ကြက်လိုက်ပြီး ဤနေရာရှိရုတ်ရုတ်သဲသဲဖြစ်ရပ်များကို ချိတ်ပိတ်ပစ်လိုက်၏။
ဤကဲ့သို့သော အစွမ်းထက်လှသည့်လှုပ်ရှားမှုခွန်အားကြီးတစ်ခုကို အပြင်လူများသတိထားမိရန် မလွယ်တော့ပေ။
၎င်းသည် ပတ်ပတ်လည်ရှိမှော်ဝင်သားရဲများအပေါ်လည်း တိုက်ရိုက်သက်ရောက်မှုရှိသည်။
လုချန်ရှန်းဟာ သူ့တပည့်က မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်နေလိမ့်မလဲဆိုသည်ကို မျှော်လင့်စောင့်စားနေမိသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် ကြာသွားလေသည်။
အကာအကွယ်တံတိုင်းထဲရှိ လှုပ်ရှားမှုခွန်အားကြီးမှာ ပိုမိုပြင်းထန်လာသည်။
သူ၏နှလုံးခုန်သံကလည်း ဒရမ်တီးနေသည့်အသံနှင့် မိုးကြိုးပစ်နေသောအသံတို့နှင့် ဆင်တူလှပေသည်။
အနက်ရောင်ကျောက်တုံးပေါ်တွင် အက်ကွဲကြောင်းများ ပို၍ပို၍ပေါ်လာလေ၏။ အဆုံးတွင် အနက်ရောင်ကျောက်တုံးတစ်ခုလုံးမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားရသည်။
လုချန်ရှန်း၏ မျှော်လင့်စောင့်စားနေသောအကြည့်အောက်တွင် ထိုအနက်ရောင်ကျောက်တုံးကြီး ကွဲထွက်သွား၏။
လှမ်းကြည့်လိုက်ချိန်တွင် အဝတ်ဗလာနှင့်အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။
လုချန်ရှန်းမျှော်လင့်ထားသလိုမဟုတ်ပါဘဲ ထိုအမျိုးသားသည် အနည်းငယ်အားနည်းလှ၏။
သူ့ပုံစံမှာ သာမန်ဆန်ပြီး ရိုးရိုးသားသားပုံပေါက်နေသည်။
သူ့ခန္ဓာကိုယ်ထဲက သွေးအမြုတေစွမ်းအားကိုသာ ဘေးဖယ်ထားပါက သူ့တွင် ဘာတစ်ခုမှ ထူးထူးခြားခြားမရှိပေ။
ကောင်းကင်ဘုံမိစ္ဆာကိုယ်ထည်က ဘယ်လိုဖြစ်သွားပြီးလဲ။ အားနည်းနေတဲ့ ဒီခန္ဓာကိုယ်လေးနဲ့ ကောင်းကင်ဘုံမိစ္ဆာကိုယ်ထည်အကြောင်းလာပြောနေတာလား…
ဒီကောင်းကင်ဘုံမိစ္ဆာက ဘာလို့ ဒီလောက်ပိန်နေရတာလဲ။ ငါ့မှာ ဗဟုသုတများများစားစားမရှိဘူးဆိုတိုင်း လာလှည့်စားမနေနဲ့နော်…
မည်သို့ပင်ဆိုစေကာမူ ကံကောင်းစွာဖြင့် လူသားတစ်ယောက်ဖြစ်နေလေသည်။
မျောက်တစ်ကောင်သာဖြစ်နေမည်ဆိုပါက သူ ငြိမ်းချမ်းစွာအနားယူနိုင်မည် မဟုတ်လောက်ပေ။
ထိုအချိန်တွင် ထိုအမျိုးသားက မျက်လုံးဖွင့်လာပြီးနောက် ပထမဆုံး လုချန်ရှန်းကို မြင်လိုက်ရလေသည်။
“ဒါက …”
လုချန်ရှန်းခမျာ ကြက်သေသေသွားရချေသည်။.
“ခင်ဗျားက ဘယ်သူလဲ”
“ကျွန်တော်ကရော ဒီကိုဘာလို့ရောက်နေရတာလဲ”
ဘုရားရေ သူ အတိတ်မေ့နေတာလား…
လုချန်းရှန်း မဝံ့မရဲမေးလိုက်မိသည်။
“မင်း ဒီကိုဘယ်လိုရောက်လာလဲဆိုတာ မသိဘူးပေါ့”
ထိုစကားကိုကြားသောအခါ ထိုအမျိုးသားက ခေါင်းခါပြသည်။
“ဒါဆို မင်းနာမည် ဘယ်လိုခေါ်လဲ”
ယခင်ကဆိုလျှင် စနစ်က တပည့်ခန့်အပ်ရေးမစ်ရှင်ကို ကြေညာတိုင်း နာမည်ပါ ပြောပြတတ်သည်။
ဤတစ်ခေါက်မှာတော့ အမည်မသိဟုသာ ဖော်ပြခဲ့လေသည်။
ထိုအမျိုးသား၏မျက်ဝန်းများမှာ ဗလာကျင်းသွားပြီး ခေါင်းတကုတ်ကုတ်နှင့် ပြောလာသည်။
“နာမည်လား။ အဲ့ဒါကိုလည်း မမှတ်မိဘူးထင်တယ်”
ထိုအဖြစ်ကိုမြင်သော် လုချန်ရှန်းလည်း နောက်ထပ်ဆက်မေးမနေတော့ချေ။
သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ပြောလိုက်၏။
“ဒါဆို မင်း ငါ့ကိုဆရာအဖြစ်အသိအမှတ်ပြုချင်လား”
“တပည့်ခံတာလား”
လုချန်ရှန်းကိုကြည့်ပြီး ထိုအမျိုးသားမှာ အနည်းငယ်မှင်တက်နေလေသည်။
ထို့နောက် ခေါင်းညိတ်ပြပြီးပြောလာသည်။
“ကောင်းပြီလေ”
ထိုသို့ပြောပြီးနောက် ထိုအမျိုးသားက မသိစိတ်၏စေ့ဆော်မှုအရ ဒူးထောက်ချလိုက်ပြီး စကားဆိုလာ၏။
“ဆရာ့ကို နှုတ်ခွန်းဆက်သပါတယ်”
လုချန်ရှန်းကလည်း စိတ်ကျေနပ်စွာဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေမိသည်။
“မင်းမှာ နာမည်မရှိဘူးဆိုတော့ ငါမင်းကိုခေါ်ရတာခက်နေတယ်။ မင်းက အနက်ရောင်ကျောက်တုံးထဲက လာတာဆိုတော့ ငါမင်းကို စွန်းဝူ…”
“အာ မဟုတ်ဘူး မဟူရာလို့ခေါ်မယ်”
ထိုစကားကိုကြားသော် ထိုအမျိုးသားက ခေါင်းညိတ်ပြပြီး ခေါင်းကိုကုတ်နေချေသည်။ သူသည် ရိုးသားလှသောအပြုံးတစ်ပွင့်ကိုဆင်မြန်းလျက် ပြောလာလေသည်။
“ဆရာ့သဘောအတိုင်းပါပဲ”
ထိုအချိန်တွင် မစ်ရှင်အောင်မြင်သွားသောအသံက သူ့အာရုံထဲမှာ ထွက်ပေါ်လာသည်။
[ တပည့်ခန့်အပ်ရေးမစ်ရှင်ကို အောင်မြင်သွားတဲ့အတွက် လက်ခံသူကိုဂုဏ်ပြုပါတယ်။ တပည့်လက်ခံရေးဆုလာဘ်ကိုလည်း ချီးမြှင့်ပါတယ်]
[ ကောင်းကင်ဘုံမိစ္ဆာပုဆိန်လှံတံလက်နက်ကိုးသွယ်၊ ထာဝရမိစ္ဆာကိုယ်ထည်]
[အရိုင်းကောင်အထွတ်အမြတ်ကိုယ်ထည်ကို ရရှိလိုက်ပါပြီ ]
[ လက်ခံချင်ပါသလား]
လုချန်ရှန်း တစ်ချက်ကြည့်ကြည့်လိုက်သည်။
ကောင်းကင်ဘုံမိစ္ဆာပုဆိန်လှံတံလက်နက်ကိုးသွယ်မှာ ဆက်တိုက်အဆင့်မြှင့်နိုင်သောလက်နက်တစ်မျိုးဖြစ်သည်။
၎င်းမှာ နိဗ္ဗာန်ဘုံအထွတ်အထိပ်အဆင့် ရှိနေလေပြီ။
ထာဝရမိစ္ဆာကိုယ်ထည်ကမူ ခန္ဓာထိန်းကျောင်းရေးမိစ္ဆာနည်းဗျူဟာတစ်ခုဖြစ်ပြီး သူရထားသောအရိုင်းကောင်အထွတ်အထိပ်ကိုယ်ထည်မှာ ဤစကြဝဠာတစ်ခွင် အနှိုင်းမဲ့သည်ဟုပင်ပြောနိုင်သည်။
အထင်ကြီးလောက်ပါပေသည်။
“လက်ခံမယ်”
စကားအဆုံးတွင် လုချန်ရှန်း၏ခန္ဓာကိုယ်မှာ ကမ္ဘာမြေတုန်လှုပ်ဖွယ်ပြောင်းလဲမှုကြီးတစ်ခုကို ရုတ်ခြည်းတွေ့ကြုံခံစားလိုက်ရလေသည်။
သူ၏သွေးတွင်းချီစွမ်းအင်များမှာ ကြောက်မက်ဖွယ်လှိုင်းလုံးကြီးအလား ခန္ဓာကိုယ်ဗဟိုချက်၌ ဟိန်းဟောက်နေပေသည်။
မဟူရာက လုချန်ရှန်းကို အထိတ်တလန့်စိုက်ကြည့်နေသည်။
သူ့ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်နှင့်သွေးများပင် လုချန်ရှန်း၏ဖိနှိပ်မှုကို ခံလိုက်ရသည်။
လုချန်ရှန်းကတော့ သူ့လက်သီးကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်မိသည်။
“အာ… ငါဘာမှမခံစားလိုက်ရသလိုပဲ”
သို့သော် သူ ဘာမှမခံစားလိုက်ရသည့်အတွက်လည်း အပြစ်တင်၍မရပေ။ အကြောင်းမှာ သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ အထွတ်အထိပ်သို့ရောက်နေပြီးဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ၎င်းက ထပ်မံအားကောင်းလာသည့်တိုင် သူကတော့ များများစားစားခံစားမှုမရှိပေ။
” သောက်ကျိုးနည်း”
လုချန်ရှန်းမှာ ခေါင်းခါရမ်းပြီး မိစ္ဆာပုဆိန်လှံတံလက်နက်ကိုးသွယ်ကို ထုတ်ယူလိုက်သည်။ ထိုလက်နက်ကို မဟူရာကိုပေးလိုက်ပြီး ပြော၏။
“နောက်ပိုင်းကျရင် မင်း ဒါကို လက်နက်အဖြစ်သုံးလို့ရတယ်”
မဟူရာကလည်း မငြင်းချေ။ သူသည် ထိုလက်နက်ကို လက်နှစ်ဖက်စလုံးဖြင့် လှမ်းယူလိုက်ပြီး ရိုးသားစွာပြုံးပြလာသည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
လုချန်ရှန်းကလည်း ခေါင်းညိတ်ပြလိုက်ပြီး မဟူရာ၏နဖူးကို လက်ညှိုးညွှန်လိုက်သည်။
သူက ထာဝရမိစ္ဆာကိုယ်ထည်၏ကျင့်ကြံရေးနည်းလမ်းများကို မဟူရာအား သင်ပြပေးလိုက်သည်။
[ကောင်းကင်ဘုံမိစ္ဆာကိုယ်ထည်ရဲ့ချိတ်ပိတ်မှုကို မဟူရာအတွက် ကူညီဖယ်ရှားပေးပြီး သူ့မှတ်ဉာဏ်အပိုင်းအစတွေကို ပြန်လည်ရယူပေးရမဲ့ ပြုစုပျိုးထောင်ရေးမစ်ရှင်ကို အသက်သွင်းလိုက်ပါပြီ ]
[ ဒီကာလအတွင်းမှာ သင့်အနေနဲ့ ချိတ်တံဆိပ်ကို ဖိအားပေးပြီး ဖျက်ဆီးလို့မရပါဘူး]
လုချန်ရှန်းခမျာ ဆွံ့အသွားရလေသည်။
ချိတ်တံဆိပ်ဖယ်ရှားပြီးသွားလျှင် အဆင်ပြေသည်။
ယုတ္တိကျကျပြောရလျှင် မဟူရာ၏ခွန်အားက သေချာရေရာသောအဆင့်တစ်ခုအထိရောက်နေသရွေ့ ၎င်းကိုဖြတ်ကျော်နိုင်လိမ့်မည်မှာ သဘာဝပင်။
တစ်လှမ်းချင်းစီသွားဖို့သာလိုသည်။
မှတ်ဉာဏ်အပိုင်းအစများ ရှာဖွေဖို့အတွက်ကတော့လား။ ငါ ဘယ်လိုလုပ်သိမှာလဲလို့…
လုချန်ရှန်းမှာ ကူကယ်ရာမဲ့စွာခေါင်းခါလိုက်မိသည်။
“ကောင်းပြီ။ ပြန်ကြစို့”
မဟူရာကလည်း ခေါင်းညိတ်ပြပြီး လုချန်ရှန်းနောက်က လိုက်လာလေ၏။
အချိန်များကုန်လွန်ပြီး လက်ရှိအချိန်ကိုရောက်လာလေသည်။
အဖြူရောင်တောင်တန်းနယ်မြေ၏အထက်နားဆီ၌
ယဲ့ချိုးပိုင်သည် သူ့ရှေ့ရှိ သွေးနီရောင်စစ်တပ်ကြီးကိုကြည့်လိုက်လေသည်။
အရှေ့ရှိလူငါးယောက်ထဲတွင် နှစ်ယောက်မှာ မိတ်ဆွေဟောင်းများပင်။
တစ်ယောက်က အဆင့်သတ်မှတ်ချက်စာရင်းပေါ်တွင် အဆင့်၂၇ရထားသူ ဖန်ကျင်းယောင်ဖြစ်၏။
နောက်တစ်ယောက်ကတော့ အဆင့်ခုနစ်နေရာရထားသော အထိန်းတော်မင်ဖြစ်သည်။
ကျန်သုံးယောက်ကိုတော့ များများစားစားတွေးနေစရာမလိုချေ။ သူတို့လည်း သေချာပေါက် အဆင့်သတ်မှတ်ချက်စာရင်းပေါ်ကလူများပင်။
ဟွမ်းထျန်းမင်က ယဲ့ချိုးပိုင်ကို သတ်ဖြတ်လိုသောအမူအရာဖြင့် ကြည့်နေလေသည်။
“ယဲ့ချိုးပိုင်.. မင်းရဲ့အစွမ်းက ငါ့ကို ကြောက်ရွံ့သွားစေတယ်ဆိုတာတော့ ငါဝန်ခံပါတယ်”
“ဒါကြောင့်လည်း ငါ ဒီလိုပွဲကြီးပွဲကောင်းမျိုးကို မင်းအတွက်စီစဉ်လိုက်တာ”
“စီနီယာဖန်နဲ့ အထိန်းတော်မင်အပြင် ကျန်တဲ့လူသုံးယောက်က ငါတို့နန်းတော်ရဲ့ အကြည်ညိုခံအကြီးအကဲတွေပဲ။ သူတို့က အဆင့်၂၄ နဲ့ ၃၀ရှိတဲ့လူတွေပဲ”
“အဆင့်သတ်မှတ်ချက်စာရင်းဝင်ပညာရှင်ငါးယောက်နဲ့ သံချပ်ကာယန္တရားတပ် ဆိုရင် မင်းကိုသတ်ဖို့လုံလောက်တယ်မလား”