Switch Mode

အခန်း (၈၉)

ခြိမ်းခြောက်နေသောအန္တရာယ်တစ်ရပ်

နေမဝင်အင်ပါယာ၌..

ဟွမ်းထျန်းမင်သည် ရာချီသန့်စင်ရေးနယ်မြေ၌ ပထမနေရာရထားသည့် ချန်းယွမ် အလယ်လတ်တန်းအဆင့်ရှိသူကွမ်ကျုံးယန်ကို ယဲ့ချိုးပိုင် အနိုင်ယူလိုက်သည့်အကြောင်း သိရှိပြီးဖြစ်၏။

သူသည် သူ့ထက် အဆင့်မြင့်သူနောက်တစ်ယောက်ကို အနိုင်ယူလိုက်ပြန်လေပြီ။

ထိုသတင်းကိုကြားလိုက်ရသောအခါ ဟွမ်းထျန်းမင်း၏အမူအရာမှာ မသာမယာဖြစ်သွားရသည်။

ခြံဝင်းငယ်လေးထဲမှာ ငေးငိုင်နေသောကျန်းချန်ကို သူကြည့်လိုက်မိသည်။

ထိုအချိန်တွင် သူ့နှလုံးသားထဲ၌ နောင်တတရားများ ဖိစီးနေ၏။

မိန်းမတစ်ယောက်အတွက်နှင့် မကောင်းဆိုးဝါးတစ်ကောင်ကို စော်ကားမိသည်မှာ အမှန်တကယ်ထိုက်တန်လေသလား။ သေချာပေါက်မထိုက်တန်ချေ။

ဟွမ်းထျန်းမင် အံတင်းတင်းကြိတ်ထားလိုက်မိသည်။

ယဲ့ချိုးပိုင်မှာ ထိုကဲ့သို့သောစွမ်းရည်မျိုး ဘယ်လိုလုပ်ရှိနေရလေသလဲ။

ထိုသူမှာ အရွယ်ရောက်ကြီးပြင်းလာလေပြီ။ သူကတော့ ထိုလူကို အညွန့်တလူလူ မတက်လာခင်ကတည်းက အညွန့်မချိုးထားနိုင်ခဲ့ပေ။

ဤသို့ဖြင့် ဟွမ်းထျန်းမင်လည်း တစ်ဖက်ကိုလှည့်ထွက်သွားလေတော့သည်။

ယဲ့ချိုးပိုင်က လျှို့ဝှက်ဓားသွားဂိုဏ်းကို ထွက်ခွာပေတော့မည်။ ဤသို့ဆိုလျှင် လျှို့ဝှက်ဓားသွားဂိုဏ်းသို့သွားရာလမ်းတွင် အစွမ်းကုန်သုံး၍ သုတ်သင်ရပေလိမ်မည်။

ဤကမ္ဘာ၏တစ်ဖက်တွင် အကန့်အသတ်မဲ့သော ကြယ်တာရာကောင်းကင်ကြီး ရှိ၏။

ထိုနေရာနှစ်ခုကြားရှိ ဆက်သွယ်ရေးလမ်းကြောင်းမှာ ဆိုးဆိုးဝါးဝါးပျက်စီးနေပြီဖြစ်သော ကြယ်တာရာလမ်းကြောင်းတစ်ခုပင်။

ထိုကြယ်တာရာလမ်းကြောင်းပေါ်မှာ ရုပ်သွင်ငါးခုက ကြယ်တာရာလမ်းကြောင်း၏အောက်ဘက်ရှိ ကမ္ဘာကို တိတ်တဆိတ်ကြည့်နေကြသည်။

“အဲဒီဝိညာဉ်ရေးရာအစီအရင်ကို ငါတို့ ချိုးဖောက်လို့ရနိုင်လောက်လား”

“ငါ့ရဲ့ခန္ဓာအစစ်နဲ့ဆိုရင်တော့ ဖြစ်နိုင်ပါတယ်”

ထိုစဉ်ကကြုံတွေ့ခဲ့သော အစီအရင်ကို ပြန်လည်အောက်မေ့မိသောအခါ သူတို့ ငါးယောက်သား မတုန်လှုပ်ဘဲမနေနိုင်ချေ။

ဤသည်မှာ စိတ်ဝိညာဉ်ထဲကလာသောကြောက်ရွံ့မှုပင်။

“ဂရုမစိုက်ဖို့ ငါအကြံပေးချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူကလည်း ငါတို့နဲ့ ရန်သူဖြစ်ချင်ပါတယ်လို့မှမပြောတာ”

“သူ့ရည်ရွယ်ချက်ကို ဘယ်သူသိနိုင်မှာလဲ။ အဲ့လိုခွန်အားမျိုးနဲ့ဆိုရင် သူက ဒီနယ်မြေက ဟုတ်ပုံမရဘူး”

“သူ့ရည်ရွယ်ချက်က ငါတို့နဲ့ အတူတူများဖြစ်နေမလား”

“ဘယ်လိုပဲဖြစ်ဖြစ် ခဏလောက်စောင့်ကြည့်ကြတာပေါ့။ သေချာတွေးတောပြီးမှလုပ်လည်း အချိန်ရပါသေးတယ်။ အဲဒီအချိန်ကျရင် ငါတို့အစီအစဉ်ကို အကောင်အထည်ဖော်ကြတာပေါ့”

“နားလည်ပါပြီ”

သူ့စကားအဆုံးတွင် သူတို့ငါးယောက်သား တစ်ခါမှရောက်မလာဖူးသည့်အလား နေရာမှပျောက်ကွယ်သွားလေတော့သည်။

ပျက်စီးနေပြီဖြစ်သော ကြယ်တာရာလမ်းကြောင်းမှာမူ ဗလာကျင်းလျက်။

အချိန်များ တဖြည်းဖြည်းကုန်ဆုံးလာလေသည်။

အကန့်အသတ်မရှိကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ကြီးထက်တွင် မဟူရာရောင်မီးလျှံများလောင်ကျွမ်းနေသည့် တစ်စုံတစ်ခုသည် လျင်မြန်စွာတိုက်ခိုက်လာလေ၏။

ကြယ်တာရာကောင်းကင်ထဲတွင် ဝင်တိုက်မိသမျှအရာရာတိုင်းမှာ မဟူရာရောင်မီးလျှံ၏ ဖျက်ဆီးခြင်းကိုခံရပြီး ပြာမှုန်များအဖြစ် လောင်ကျွမ်းပြာကျသွားပေသည်။

ထိုအချိန်တွင် ဤအမည်မသိမဟူရာရောင်မီးတောက်သည် ယိုယွင်းပျက်စီးနေသော ကြယ်တာရာလမ်းကြောင်းကိုဖြတ်သန်းကာ အကာအရံတံတိုင်းကိုပါ ကျော်ဖြတ်လျက် တိုက်နယ်ကြီးထဲသို့ ထိုးဆင်းလာသည်။

ဤပွက်လောရိုက်မှုဟာ သိပ်မကြီးမားလှပေ။ ၎င်းသည် တိုက်နယ်ကြီးပေါ်ရှိ ဘယ်အရာကိုမှလည်း မပျက်စီးစေခဲ့ချေ။

အမည်မသိမဟူရာရောင်မီးတောက်မှာ အလယ်ပိုင်းဒေသဆီသို့ ကျရောက်လာခဲ့ခြင်းပင်။

မဟူရာရောင်မီးတောက်များ ငြိမ်းသွားလေပြီ။

ထိုအရာမှာ အလွန်တရာသာမန်ဆန်လှသော ကျောက်တုံးတစ်တုံးဖြစ်သည်။

ထိုကျောက်တုံးထဲမှ လက်မောင်းတစ်ဖက် ဖောက်ထွက်လာခဲ့သည်။

တောင်ပိုင်းဒေသ…

စံအိမ်တော်၌…

သူအကြာကြီး စောင့်ဆိုင်းနေခဲ့ရသောအသံထွက်ပေါ်လာချိန်တွင် လုချန်ရှန်းမှာ အပင်များကို ရေလောင်းပြီးခါစဖြစ်သည်။

[လက်ခံသူ စစ်ဆင်ရေးတစ်ခုရလာပါပြီ။ တပည့်လက်ခံဖို့ အလယ်ပိုင်းဒေသကို သွားပါ]

[အမည် : အမည်မသိ]

[စွမ်းရည် : SSS အဆင့်]

[ပင်ကိုပါရမီ : ကောင်းကင်ဘုံမိစ္ဆာကိုယ်ထည်၊ မိစ္ဆာဘုရင်ပြန်လည်ဝင်စားလာခြင်း၊ ဧကရာဇ်ဖြစ်နိုင်ခြေအလားအလာရှိ]

“မိစ္ဆာဘုရင်တဲ့လား”

လုချန်ရှန်း တဒင်္ဂမျှ ကြက်သေသေသွားရသည်။

“ဧကရာဇ်ဖြစ်နိုင်ခြေအလားအလာရှိတဲ့နောက်တစ်ယောက် ဘာလို့ပေါ်လာပြန်တာလဲ။ ငါ့တပည့်တွေက ငါ့ထက်ပိုမိုက်နေတယ်လို့ ဘာလို့ထင်နေမိပါလိမ့်”

“ဒီလိုဆိုရင် ငါ့မှာရော ဘယ်လိုကိုယ်ရည်ကိုယ်သွေးမျိုးရှိတာလဲ။ တအားစွမ်းအားကြီးတဲ့ ကြံ့ခိုင်မှုမျိုးရှိနေတာလား”

စနစ် : “မရှိပါဘူး”

အေးစက်စက်နိုင်လှသော ထိုအသံကိုကြားလိုက်ရသောအခါ လုချန်ရှန်းခမျာ ဆွံ့အသွားရချေသည်။

ငါက တကယ်ကြီးအမှိုက်တစ်စများလား…

သူ ခေါင်းတခါခါဖြင့် သက်ပြင်းချလိုက်လေသည်။

”ထားလိုက်ပါတော့။ ထားလိုက်ပါတော့။ ငါ့တပည့်တွေအစွမ်းထက်နေရင် ပြီးတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ယဲ့ချိုးပိုင်လို နေရာတကာမှာ ပြဿနာရှာနေတာမှမဟုတ်တာ”

ဤသို့ဖြင့် သူဟာ နေရာမှ ပျောက်ကွယ်သွားပြီး အလယ်ပိုင်းဒေသကို ဦးတည်သွားလေတော့သည်။

နှစ်ရက် ကုန်လွန်သွားလေပြီ။

လွန်ခဲ့သည့်နှစ်ရက်က ယဲ့ချိုးပိုင်သည် ရာချီသန့်စင်ရေးနယ်မြေထဲရှိ ကွမ်ကျုံး ယန်၏စံချိန်ကို အောင်အောင်မြင်မြင်ချိုးနိုင်ခဲ့သည်။

သူသည် ၄၉လွှာမြောက်ကို ရောက်နေချေပြီ။

ကျောက်သားမျက်နှာပြင်ထက်တွင် ကွမ်ကျုံးယန်၏အဆင့်ကို ယဲ့ချိုးပိုင်က ယူထားလိုက်ပြီဖြစ်၏။

ထိုမြင်ကွင်းကိုမြင်သောအခါ လူတိုင်းဟာ ဤသည်မှာအစစ်အမှန်သာဖြစ်ကြောင်း ခံစားမိလိုက်သည်။

မည်သို့ပင်ဖြစ်စေ ယဲ့ချိုးပိုင်သည် ကွမ်ကျုံးယန်ကို အနိုင်ယူခဲ့သူပင်ဖြစ်သည်။

သူနှင့်အတူလိုက်ပါမည့်သူမှာ အတွင်းစံအိမ်တော်မှ အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူ့ခွန်အားက ချန်းယွမ်အလယ်လတ်အဆင့်ရှိသည်။

ကျန်တစ်ယောက်က လျန်ဖန်းဖြစ်၏။

လျန်ဖန်းကလည်း ယဲ့ချိုးပိုင်၏တိုက်ပွဲရလဒ်ကို ကြားထားပြီးသည်မှာ အသိသာ ချည်းပင်။ သူက စကားစလာသည်။

“ငါတို့ လျှို့ဝှက်ဓားသွားဂိုဏ်းကိုရောက်ရင် လက်ရည်ယှဉ်ကြည့်ရအောင်”

ယဲ့ချိုးပိုင်ကလည်း ခေါင်းညိတ်၍သဘောတူလိုက်လေ၏။

နံဘေးရှိ အတွင်းစည်းကျောင်းတော်အကြီးအကဲက ပြုံးလျက်ပြောလာသည်။

“ကောင်းပြီ။ သွားကြစို့”

ထို့နောက် အကြီးအကဲက လက်ကို ဝှေ့ယမ်းလိုက်သည်။

သင်္ဘောငယ်တစ်စင်းက လူတိုင်း၏ရှေ့မှာ ပေါ်လာလေသည်။

သူတို့သုံးယောက်ဟာ ထိုသင်္ဘောပေါ်တက်စီးပြီး လျှို့ဝှက်ဓားသွားဂိုဏ်းဆီသို့ ထွက်လာခဲ့လိုက်သည်။

သွားရာလမ်းတွင် ယဲ့ချိုးပိုင်က တင်ပျဉ်ခွေထိုင်လိုက်သည်။

ကျင့်ကြံရေးလမ်းကြောင်းပေါ်တွင် စွမ်းရည်တစ်ခုတည်းအပေါ် မှီခို၍မရပေ။

ပိုမြင့်သောအဆင့်ကို တက်လှမ်းလိုပါက မရှိမဖြစ်လိုအပ်သောအရာမှာ အလုပ်ကြိုးစားခြင်းပင်။

စွမ်းရည်မရှိလို့လည်း မဖြစ်နိုင်သည်ကတော့ ကျိန်းသေပေါက်ပင်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသော အကြီးအကဲကလည်း ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။

သူဟာ ယခုလိုစွမ်းရည်မျိုး ပိုင်ဆိုင်ထားသည့်တိုင် မောက်မာခြင်းမရှိ။ ထိုကဲ့သို့သောစိတ်နေစိတ်ထားမျိုးက မြင့်မြတ်လှသည်။

ကြီးမားလှသော အဖြူရောင်တောင်တန်းနယ်မြေကို သူတို့ ဖြတ်ကျော်လိုက်သည့်အခါ အကြီးအကဲ၏အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားပြီး ရှေ့ကို မျှော်ကြည့်လိုက်လေသည်။

ယဲ့ချိုးပိုင်နှင့်လျန်ဖန်းလည်း ကျင့်ကြံနေခြင်းကို ဖျက်သိမ်းကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။

သင်္ဘောရှေ့တွင် လူငါးဦးရပ်နေချေသည်။

ထိုငါးယောက်၏အနောက်တွင် လူအုပ်ကြီးတစ်စုရှိနေသည်။

ထိုလူများအားလုံးသည် သွေးနီရောင်မြင်းများကိုစီးထားကြပြီး လှံတံများကိုကိုင်ဆောင်ကာ သံချပ်ကာများကိုဝတ်ဆင်ထားသည်။

ယဲ့ချိုးပိုင်မှာ မျက်လုံးမှေးကျဉ်းလိုက်မိသည်။

ထိုစစ်တပ်သည် သူနှင့် အလွန်ရင်းနှီးနေပြီဖြစ်၏။

၎င်းမှာ နေမဝင်အင်ပါယာ၏ သံချပ်ကာယန္တရားတပ်ဖြစ်သည်။

နေမဝင်အင်ပါယာ၏ဘေးနားတွင်ရှိနေသော ဟွမ်းထျန်းမင်၏အမူအရာမှာ မှုန်မှိုင်းနေပြီး သူသည် ယဲ့ချိုးပိုင်ကို သတ်ဖြတ်လိုသောအရိပ်အယောင်များနှင့် ကြည့်နေလေသည်။

လျန်ဖန်းက ယဲ့ချိုးပိုင်ကိုကြည့်ကာ ပြောလာသည်။

“သူတို့က မင်းကိုပစ်မှတ်ထားနေကြတာလား”

ယဲ့ချိုးပိုင်လည်း အသာအယာခေါင်းညိတ်ပြလိုက်သည်။

အတွင်းအိမ်တော်၏အကြီးအကဲကလည်း အသံခပ်နိမ့်နိမ့်ဖြင့် အော်လိုက်လေသည်။

“မင်းတို့နေမဝင်အင်ပါယာက လျှို့ဝှက်တာအိုကျောင်းတော်ရဲ့သင်္ဘောကို တားရဲတယ်ပေါ့လေ”

လျှို့ဝှက်တာအိုကျောင်းတော်၏မျက်လုံးထဲမှာမူ နေမဝင်အင်ပါယာသည် အင်အားတောင့်တင်းလှသော်ငြား သူတို့ကိုတော့ မယှဉ်နိုင်ဟုမြင်ကြသည်။

ယခင်ကဆိုလျှင် နေမဝင်အင်ပါယာမှာ သူတို့ကို ဆန့်ကျင်ရဲသည့်သတ္တိပင်မရှိခဲ့ကြချေ။

ဟွမ်းထျန်းမင်က အတွင်းအိမ်တော်အကြီးအကဲကို ခပ်ဝေးဝေးမှနေ၍ အရိုအသေပေးလိုက်ပြီး အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။

“ဒီနေ့လာခဲ့တာက ကျွန်တော်တို့နေမဝင်အင်ပါယာနဲ့ ယဲ့ချိုးပိုင်ကြားကရန်ငြိုးကို ဖြေရှင်းဖို့ပါ။ ကျောင်းတော်ဘက်က ဝင်မနှောင့်ယှက်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”

အတွင်းအိမ်တော်အကြီးအကဲ၏ အမူအရာကလည်း အေးတိအေးစက်နိုင်နေပြီး စကားပြန်လိုက်လေ၏။

“ယဲ့ချိုးပိုင်က ငါတို့လျှို့ဝှက်တာအိုကျောင်းတော်က တပည့်တစ်ယောက်ပဲ။ မင်း သူ့ကိုထိရင် ငါတို့လျှို့ဝှက်တာအိုကျောင်းတော်ကိုတိုက်ခိုက်လိုက်တာနဲ့ အတူတူပဲ”

မည်သို့ပင်ဖြစ်စေ ယဲ့ချိုးပိုင်၏စွမ်းရည်နှင့်ခွန်အားမှာ အလွန်ကြောက်ခမန်းလိလိပင်။

စဉ်းစားနေရန် လုံးဝမလိုချေ။ အတွင်းစည်းအကြီးအကဲများကလည်း ယဲ့ချိုးပိုင်ကို အကာအကွယ်ပေးချင်ကြသည်သာ။

ထို့ပြင် နေမဝင်အင်ပါယာ၏ခွန်အားမှာ သူတို့ လျှို့ဝှက်တာအိုကျောင်းတော်နှင့် အကွာကြီးကွာခြားလှပေသည်။

ဟွမ်းထျန်းမင်က ခေါင်းတခါခါဖြင့်ပြောလာသည်။

“ဒီလိုဆိုရင် ကျွန်တော်လည်း ခင်ဗျားတို့ကို ဆန့်ကျင်ရုံပဲရှိတော့တာပေါ့”

သူ ဤနေရာကိုလာခဲ့ခြင်းမှာ ယဲ့ချိုးပိုင်၏ခေါင်းကို အရယူရန်ဖြစ်၏။

ယဲ့ချိုးပိုင်သာ မသေသေးပါက သူသည် အနာဂတ်မှာ နေမဝင်အင်ပါယာ အတွက် ကွယ်ဝှက်ထားသောအန္တရာယ်တစ်ခုဖြစ်လာမည်မှာ သေချာပေါက်ပင်။

ယခုတော့ ယဲ့ချိုးပိုင်က နေမဝင်အင်ပါယာကိုခြိမ်းခြောက်မှုပေးနေသော အန္တရာယ်တစ်ရပ်အလားပင်။

အချိန်ကျလာပြီဖြစ်၏။

ဤအန္တရာယ်ကောင်က နေမဝင်အင်ပါယာကို လာဖျက်ဆီးပေလိမ့်မည်။

ဟွမ်းထျန်းမင်အနေနှင့် ထိုအဖြစ်မျိုးကိုမမြင်ချင်ပေ။

ထို့ကြောင့် လျှို့ဝှက်တာအိုကျောင်းတော်၏အဆင့်အတန်းကို လျစ်လျူရှု၍ ယဲ့ချိုးပိုင်ကို ဖိအားပေးသုတ်သင်ချင်နေခြင်းပင်။

Comment

Leave a Reply

Options

not work with dark mode
Reset