ဝေစုကို သတ်မှတ်ပြီးဖြစ်၏။
ယဲ့ချိုးပိုင်ကို ကွမ်ကျုံးယန်၏နေရာတွင် အစားထိုးလိုက်ပြီး လျှို့ဝှက်ဓားသွားဂိုဏ်း၏စိတ်တန်ခိုးရှင်ဘုံအဆင့်ရှိသည့် ဓားသင်္ချိုင်းကိုစေလွှတ်မည့်သတင်းမှာ ကျောင်းတော်တစ်ခုလုံးကို ပျံ့နှံ့သွားလေတော့သည်။
“ယဲ့ချိုးပိုင်လား။ တောင်ပိုင်းဒေသက အဲ့ဒီလူလား”
“အမှန်ပဲ။ ရာချီသန့်စင်ရေးနယ်မြေထဲမှာ အချိန်တိုလေးအတွင်း ပဥ္စမနေရာကို ရောက်ချသွားတဲ့ ကြောက်ဖို့ကောင်းတဲ့အဲ့ဒီလူလေ”
“ဒါပေမဲ့ သူနဲ့စီနီယာအစ်ကိုကွမ်ကြားမှာ ကွာဟချက်တော့ရှိနေသေးတာပဲမဟုတ်လား။ စီနီယာအစ်ကိုကွမ်က ရာချီသန့်စင်ရေးနယ်မြေထဲမှာ လက်ရှိပထမရထားတာပဲကို။ အခုဆိုရင် သူက အဆင့်၄၇ကိုတောင်ရောက်နေပြီ”
“အဆုံးထိရောက်ဖို့ အဆင့်နှစ်ဆင့်ပဲလိုတော့တာလား”
“တစ်ဖက်ကကြည့်ရင် ယဲ့ချိုးပို်ငရဲ့အရှိန်ကလည်း အရမ်းမြန်တယ်ဆိုပေမဲ့ သူက အခုမှ အလွှာလေးဆယ်မှာပဲရှိသေးတာလေ။ ဟုတ်တယ်မလား”
“အရည်အချင်းကိုကြည့်မယ်ဆိုရင် ယဲ့ချိုးပိုင်က စီနီယာအစ်ကိုကွမ်ကိုမမှီသေးဘူး”
ကျန်းချောင်မြန်နှင့်အခြားလူများလည်း ထိုသတင်းကို ကြားလိုက်ရသည်။
ယဲ့ချိုးပိုင် သူ့နေအိမ်ကိုပြန်ရောက်သောအခါ သူတို့သုံးယောက်သားက ထိုနေရာတွင် သူ့ကိုစောင့်ဆိုင်းလျက်သားဖြစ်နေလေသည်။
ယဲ့ချိုးပိုင်ခမျာ ထိုသုံးယောက်သား ကျောက်သားစားပွဲမှာထိုင်နေသည်ကိုမြင်လိုက်ရသောအခါ ကူကယ်ရာမဲ့သွားပြီး မှင်တက်သွားရချေသည်။
“မင်းတို့သုံးယောက်က ဒီကိုဘာလို့ရောက်နေတာလဲ။ လေ့ကျင့်ရေးကွင်းပြင်မှာ သွားလေ့မကျင့်ဘူးလား”
ရှီရှန်းက သူ့မျက်ဆံကိုလှန်ပြီး ပြောလာလေသည်။
“ငါက မင်းနဲ့ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ မင်းက လျှို့ဝှက်ဓားသွားဂိုဏ်းရဲ့စိတ်တန်ခိုးရှင်ဘုံကိုသွားရတော့မှာလေ”
“အာ.. ဘယ်လိုလုပ်သိတာလဲ”
ကျန်းဟယ်ကပြုံးလျက် စကားဆိုလာလေသည်။
“ဒီသတင်းက ကျောင်းတော်တစ်ခုလုံးမှာ ပွထနေပြီ”
ယဲ့ချိုးပိုင်လည်း ပခုံးတွန့်ပြပြီး ဝင်ထိုင်လိုက်သည်။
ကျန်းချောင်မြန်မှာ အားကျနေဟန်ပင်။
“လျှို့ဝှက်ဓားသွားဂိုဏ်း… ငါ့ဆရာပြောတာကတော့ အဲ့ဒီနေရာက ဒီကမ္ဘာပေါ်က ဓားသိုင်းကျင့်ကြံသူတွေအတွက်တော့ မြင့်မြတ်တဲ့နယ်မြေတစ်ခုပဲတဲ့။ တစ်နေ့နေ့တော့ ငါလည်း သွားကြည့်ချင်သေးတယ်”
“ဒါပေမဲ့ မင်း ဘယ်လိုလုပ်လိုက်တာလဲ။ အဲ့ဒီနေရာက ကွမ်ကျုံးယန်အတွက်လျာထားတာလို့လည်းကြားထားတယ်”
ယဲ့ချိုးပိုင်က ခေါင်းခါရမ်းလျက် ပြောလိုက်၏။
“ငါလည်းမသိဘူး”
ရှီရှန်းက သက်ပြင်းချလိုက်လေ၏။
“အဲ့ဒီတုန်းက နယ်မြေလေးခုယှဉ်ပြိုင်ပွဲမှာ မင်းက အထင်သေးခံခဲ့ရဆုံးလူပဲ။ အခုတော့ မင်းက ငါတို့ကိုတောင်ကျော်တက်သွားပြီး ရှေ့ကိုရောက်နေပြီ”
ကျန်းဟယ်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့်ဝင်ပြောလေသည်။
“ငါတို့သုံးယောက် မင်းကိုလိုက်မမီတော့မှာကိုတောင် စိုးရိမ်မိတယ်”
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်က ကျီစယ်လိုဟန်ဖြင့်ပြုံးလျက် စကားဆိုလာသည်။
“မင်းပြောနေပုံက အရင်တုန်းကလည်း မင်း ငါ့ကိုယှဉ်နိုင်ခဲ့တာကျလို့”
“ငါလူး ဒါကိုတော့ ငါသည်းမခံနိုင်ဘူးဟေ့”
“ဒီကလေးကို သင်ခန်းစာတစ်ခုလောက်မပေးထားရင် သူ မိုးပေါ်အထိ မြောက်တက်သွားမှာစိုးရတယ်”
သိပ်မကြာခင်တွင် ယဲ့ချိုးပိုင်သည် ခြံဝင်းထဲမှထွက်လာခဲ့ပြီး ရာချီသန့်စင်ရေးနယ်မြေဆီကိုသွား၍ နည်းနည်းလောက်ထပ်ကျင့်ကြံရန် စီစဉ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဓားသွားပိုင်နက်နယ်မြေ၏စွမ်းအားကို တိုက်ပွဲအစစ်အမှန်တွင် အသုံးချ၍ စစ်ဆေးကြည့်ချင်နေသည်သာ။
ခြံဝင်းထဲ၌ ကျန်းချောင်မြန်နှင့်အခြားနှစ်ယောက်မှာ စိတ်လက်မကြည်မသာဖြစ်နေရချေသည်။
သူတို့ကို ယဲ့ချိုးပိုင်က သင်ခန်းစာပေးသွားသည်မှာ အသိသာချည်းပင်။
“ဒီကောင်က တကယ်ကိုလူယုတ်မာပဲ”
တစ်ချိန်တည်းမှာပင် ကွမ်ကျုံးယန်သည် စိန်ခေါ်ရေးကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်လေ၏။
သူက ယဲ့ချိုးပိုင်နှင့်တိုက်ခိုက်ချင်နေပေသည်။
နောက်ဆုံးတိုက်ပွဲ၏တည်နေရာကို ပျံလွှားတိမ်တိုက်စင်မြင့်ဟု သတ်မှတ်လိုက်သည်။
ဤသည်မှာ အသေအကြေတိုက်ရမည့်တိုက်ပွဲမျိုးမဟုတ်ချေ။ လောင်းကြေးမှာ အနိုင်ရသူသည် လျှို့ဝှက်ဓားသွားဂိုဏ်းဆီကို သွားခွင့်ရမည်ဟူသောသတ်မှတ်ချက်မျိုး ဖြစ်၏။
ကွမ်ကျုံးယန်သည် ကျောင်းတော်၏ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေသည်မှာ သိသာလှသည်။
သူ့အနေနှင့် သူက ယဲ့ချိုးပိုင်ထက်ပိုသာပါကြောင်း သက်သေပြချင်နေခဲ့သည်။
ဤသတင်းက ခေါင်းဆောင်ဆီကိုပါ ရောက်သွားလေ၏။
သူကလည်း ဤကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်ခြင်းမရှိ။
ယဲ့ချိုးပိုင်က ထိုသတင်းကိုကြားသည့်အခါ ဘာတစ်ခွန်းမှမပြောဘဲ ပျံလွှားတိမ်တိုက်စင်မြင့်ဆီကို ဦးတည်လာလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့အနေနှင့် ဓားသွားပိုင်နက်နယ်မြေ၏စွမ်းအားကို ကွမ်ကျုံးယန်အပေါ် သုံးကြည့်၍ရပေသည်။
ထိုအချိန်မှာ ပျံလွှားတိမ်တိုက်စင်မြင့်နားတွင် ကျောင်းသားများဖြင့် ပြည့်နှက်နေလေတော့သည်။
ကျန်းချောင်မြန်နှင့် အခြားနှစ်ယောက်လည်း ရောက်ချလာကြသည်။
ပျံလွှားတိမ်တိုက်စင်မြင့်ပေါ်တွင်မူ ကွမ်ကျုံးယန်က စောင့်နေလျက်သား..။
“စီနီယာအစ်ကိုကွမ်က ယဲ့ချိုးပိုင်ကိုစိန်ခေါ်တာ မသင့်တော်ပါဘူးကွာ။ ဘယ်လိုပဲဖြစ်ဖြစ် စီနီယာအစ်ကိုကွမ်က ချန်းယွမ်အလယ်အလတ်အဆင့်ပညာရှင်လေ”
“ဒါကတကယ်ကြီးကို ကြီးနိုင်ငယ်ညှဉ်းလုပ်နေတာပဲ”
လူတိုင်းဆွေးနွေးပြောဆိုနေကြစဉ်မှာပင် ယဲ့ချိုးပိုင်က ရောက်ချလာလေသည်။
စင်မြင့်ပေါ်သို့ သူခုန်တက်လိုက်သည့်အခါ လူတိုင်းက လှမ်းကြည့်လာကြသည်။
သူတို့ဟာ ယဲ့ချိုးပိုင်တစ်ယောက် စိန်ခေါ်မှုကိုတကယ်လက်ခံလိုက်လိမ့်မည်ဟု ထင်မထားခဲ့ကြချေ။
အကယ်၍ ယဲ့ချိုးပိုင်ဘက်က စိန်ခေါ်မှုကိုလက်မခံခဲ့လျှင်လည်း လူတိုင်း နားလည်ပေးနိုင်သည်။
သူတို့နှစ်ယောက်၏ကျင့်ကြံရေးအဆင့်များက အလွန်ကွာဟနေသည်မဟုတ်လား။
ကွမ်ကျုံးယန်က ယဲ့ချိုးပိုင်ကိုကြည့်ပြီး သာမန်ကာလျှံကာမျှပြောလာလေသည်။
“မင်းနဲ့ငါ့ကြားမှာ ဘာရန်ငြှိုးမှမရှိတဲ့အတွက် သူသေကိုယ်သေတိုက်နေစရာတော့မလိုပါဘူး”
“ဒါပေမဲ့ လောင်းကြေးအနေနဲ့ နိုင်တဲ့လူက လျှို့ဝှက်ဓားသွားဂိုဏ်းကိုသွားခွင့်ရမယ်။ မင်း လက်ခံလား”
ယဲ့ချိုးပိုင်၏အမူအရာမှာ ပြောင်းလဲမသွားပေ။
“ပျံလွှားတိမ်တိုက်စင်မြင့်ပေါ်မှာ ကျုပ်ရပ်နေပြီပဲကို မေးနေစရာလိုသေးလို့လား”
ကွမ်ကျုံးယန်က အသာအယာခေါင်းညိတ်ပြလိုက်သည်။
“အဲ့လိုဆိုရင် ငါ မင်းကိုအသာစီးယူမှာမဟုတ်ပါဘူး။ ငါ့ရဲ့ကျင့်ကြံမှုကို ပင်လယ်ရေလှိုင်းအလယ်အလတ်အဆင့်အထိ လျှော့ချပြီးမှ မင်းနဲ့တိုက်ခိုက်မယ်”
လူအပေါင်းမှာ ခေါင်းညိတ်လိုက်ကြလေသည်။
“အဲ့လိုဆိုရင်တော့ တော်တော်လေးမျှတသွားပြီ”
“ဒါပေမဲ့ ယဲ့ချိုးပိုင်က တကယ်ကြီးအရေးနိမ့်နေတုန်းပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စီနီယာအစ်ကိုကွမ်က ချန်းယွမ်အဆင့်ကို ခံစားဖူးထားပြီးပြီလေ”
“ကျင့်ကြံရေးနည်းလမ်းပဲဖြစ်ဖြစ် ဈာန်အဘိညာဉ်အဆင့်သိမြင်နားလည်မှုမှာပဲဖြစ်ဖြစ် သူက ယဲ့ချိုးပိုင်ထက်သာတာပေါ့ကွ”
“ယဲ့ချိုးပိုင်က ကံဆိုးမိုးမှောင်ကျနေတုန်းပါပဲ”
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။
တစ်ဖက်လူသည် သူနှင့်တစ်ဆင့်တည်းတူညီအောင် ဖိနှိပ်ထားသည်။
ဤသို့ဆိုပါက သူ့အနေနှင့် ဓားသွားပိုင်နက်နယ်မြေ၏စွမ်းပကားကို မည်သို့နှယ်စမ်းသပ်ရလေမလဲ။
သူ ဓားသွားပိုင်နက်နယ်မြေကိုထုတ်သုံးဖို့ပင် လိုလိုက်မည်မဟုတ်။
ယဲ့ချိုးပိုင်၏မျက်လုံးထဲမှာမူ အဆင့်တူချင်းအတူတူဆိုလျှင် ခြိမ်းခြောက်မှုတစ်ရပ်ဟုပင် မခံစားမိပေ။ သူသည် ဤနှစ်များအတွင်း သူ့ထက်အဆင့်မြင့်သူများနှင့်သာ တိုက်ခိုက်လာခဲ့ရသည်။
ထို့ပြင် ဘယ်တုန်းကမှလည်း သူမရှုံးဖူးပေ။
ယဲ့ချိုးပိုင် မကျေမနပ်ဖြစ်နေသည်ကိုမြင်သောအခါ ကွမ်ကျုံးယန်လည်း ပဟေဠိဖြစ်သွားရလေသည်။
“ဘာလို့လဲ။ မင်း မကျေနပ်ဘူးလား”
ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြပြီးပြောလိုက်သည်။
“ခင်ဗျားရဲ့အဆင့်ကို ဖိနှိပ်ထားစရာမလိုပါဘူး။ အဲ့လိုမှမဟုတ်ရင် ခင်ဗျား ကျုပ်ရဲ့တိုက်ကွက်နည်းနည်းလေးကိုတောင် ထပ်ခံနိုင်ရည်ရှိမှာမဟုတ်လောက်ဘူး”
ထိုစကားကိုကြားသော် ကွမ်ကျုံးယန်၏အမူအရာမှာ အေးစက်သွားလေတော့သည်။
“မောက်မာလိုက်တာ”
ဤသို့ဖြင့် သူသည် ဥပဒေပြဌာန်းရေးခန်းမ၏အကြီးအကဲကိုကြည့်ပြီး ပြောလိုက်သည်။
“စကြရအောင်”
ယဲ့ချိုးပိုင်ကလည်း အကြီးအကဲကို ခေါင်းဆတ်ပြလိုက်သည်။
ပျံလွှားတိမ်တိုက်စင်မြင့်ထက်ရှိတိုက်ပွဲမှာ တရားဝင်စတင်ချေပြီ။
ထင်ထားသည့်အတိုင်းပင် ကွမ်ကျုံးယန်က သူ့အရှိန်အဝါကို ပင်လယ်ရေလှိုင်းအလယ်အလတ်အဆင့်အထိ ဖိနှိပ်ထားခဲ့လေသည်။
သူ့လက်ထဲရှိဓားက ဓားသိုင်းဈာန်အဘိညာဉ်များ ထွက်ပေါ်လာချေသည်။
ဓားသိုင်းဈာန်အဘိညာဉ်သည် ကွမ်ကျုံးယန်၏အနောက်တွင် ဓားရှည်တစ်လက်ကိုအသွင်ပေါ်လာစေ၏။
ထို့နောက် ကွမ်ကျုံးယန်၏ဓားသွားနှင့်အတူ လေပွေတစ်သွယ်တိုက်ခတ်လာပြီး ယဲ့ချိုးပိုင်ကိုတိုက်ခိုက်လေတော့သည်။
ဤသည်မှာ လေပြည်ဈာန်အဘိညာဉ်အဆင့်ပေတည်း။
ကွမ်ကျုံးယန်က ဓားသွားဈာန်အဘိညာဉ်၏စွမ်းအားကို ပိုမိုပြင်းထန်လာအောင်လုပ်လိုက်ခြင်းဖြင့် ဓားသိုင်းဈာန်အဘိညာဉ်ပေါ်ရှိ လေပြည်ဈာန်အဘိညာဉ်ကို ပိုမိုတိုးပွားလာစေခဲ့သည်။
ထိုမြင်ကွင်းကို ယဲ့ချိုးပိုင်မြင်သောအခါ သူ့မျက်ဝန်းများမှာ တည်ငြိမ်မှုအတိပြီး၏။
သူက လက်ထဲတွင် သစ်သားဓားကိုကိုင်စွဲထားပြီး ကွမ်ကျုံးယန်၏လေပွေဓားသွားများကို တိုက်ခိုက်လေတော့သည်။
အစကမူ ကွမ်ကျုံးယန်သည် ယဲ့ချိုးပိုင်က လက်ထဲတွင် သစ်သားဓားကိုင်ထားသည်ကိုမြင်သောအခါ မကျေမနပ်ဖြစ်နေမိသည်။
သူ့ကိုတိုက်ခိုက်ဖို့ သစ်သားဓားကိုသုံးသည်တဲ့လား။
သူက သူ့ကိုအထင်သေးနေလေသလား။
စင်မြင့်အောက်ကလူများကလည်း ထိုသို့တွေးနေကြသည်သာ။
သူတို့လည်း ယဲ့ချိုးပိုင်က အနည်းငယ်မောက်မာသည်ဟု တွေးလိုက်မိကြသည်။
ကွမ်ကျုံးယန်က သူ့အဆင့်ကိုဖိနှိပ်ထားသည့်တိုင် အခြားရှုထောင့်များတွင် သူသည် ယဲ့ချိုးပိုင်ထက်ပိုသန်မာနေသည်သာ။
ကျန်းချောင်မြန်နှင့် ကျန်နှစ်ယောက်ကတော့ ခေါင်းတခါခါလုပ်နေကြလေသည်။
“ကွမ်ကျုံးယန်လုပ်နိုင်လိမ့်မယ်လို့ ငါတော့မထင်ဘူး”
“ယဲ့ချိုးပိုင်လိုမကောင်းဆိုးဝါးမျိုးကို သာမန်အသိစိတ်လောက်နဲ့အကဲဖြတ်လို့ ဘယ်ရမလဲ”
“ခင်ဗျားရဲ့ကျင့်ကြံရေးအဆင့်ကိုဖိနှိပ်ထားရင်… အစ်ကိုယဲ့က ခင်ဗျားကိုတစ်စစီဖြစ်အောင်ခြေမွသွားမှာစိုးမိပါရဲ့”
သူဟာ အဆင့်အတူတူချင်းဆိုလျှင် ကျော်လွှားရန်မဖြစ်နိုင်သောသူဖြစ်ပြီး အဆင့်များအလှမ်းဝေးလျှင်လည်း အနိုင်ယူရန်မလွယ်ကူလှပေ။
ဤသည်မှာ ယဲ့ချိုးပိုင်အကြောင်းကိုသိထားသူများ၏ တန်ဖိုးဖြတ်မှုပင်။
မျက်စိတစ်မှိတ်အတွင်းမှာတင် သစ်သားဓားများက လေပွေဓားသွားများဆီသို့ သက်ဆင်းသွားချေသည်။
လူတိုင်းထင်နေသလို သစ်သားဓားသည် ကျိုးပဲ့ပျက်စီးသွားခြင်းမျိုးမရှိ။
ဆန့်ကျင်ဘက်အနေနှင့် လေပွေဓားသွားများမှာ ထိုအချိန်မှာပင် ပြိုပျက်သွားရလေသည်။
၎င်းသည် သစ်သားဓားကို လုံးဝမခုခံနိုင်ခဲ့ချေ။
ထိုမြင်ကွင်းကိုမြင်သော် ကွမ်ကျုံးယန်မှာ ကြက်သေသေသွားရလေသည်။
လူအပေါင်းမှာ ပို၍ပင်ထိတ်လန့်သွားချေသည်။
ယဲ့ချိုးပိုင်က သစ်သားဓားကိုကိုင်မြှောက်ကာ ကွမ်ကျုံးယန်ကိုကြည့်လိုက်သည်။ သူ ပေါ့ပေါ့ပါးပါးဖြင့် ပြောလာသည်။
“ခင်ဗျားမှာရှိတာ ဒါအကုန်ပဲဆိုရင် ခင်ဗျားရဲ့အဆင့်ကို မဖိနှိပ်ထားသင့်ဘူး”
ထိုစကားလုံးများမှာ အလွန်တရာမောက်မာလှသည်။
သို့သော် ယဲ့ချိုးပိုင်၏အမူအရာအရဆိုလျှင် ၎င်းမှာ သဘာဝကျနေသလိုပင်။
ကွမ်ကျုံးယန်၏အမူအရာမှာ အနည်းငယ်ရုပ်ဆိုးအကျည်းတန်နေလေ၏။
သူ ယဲ့ချိုးပိုင်ကို အထင်သေးခဲ့မိလေခြင်း….
လူတိုင်းလည်း လက်ရှိအချိန်မှာ ယဲ့ချိုးပိုင်၏ခွန်အားကို နားလည်လိုက်လေပြီ။
သူသည် ရာချီသန့်စင်ရေးနယ်မြေထဲတွင် ပဉ္စမနေရာကို ဆယ်ရက်ကျော်ကျော်အချိန်လေးအတွင်းမှာပင် အရယူနိုင်ခဲ့သည်။
ဤသည်မှာ သေချာပေါက်တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။