ဤနေရာသည် တိမ်လွှာဖီးနစ်အင်ပါယာ၏တည်နေရာဟောင်းဖြစ်၏။
ဟုန်ရင်သည် စိတ်ဆုံးဖြတ်ထားဟန်မျက်ဝန်းအစုံဖြင့် သူ(မ)ရှေ့ရှိအပျက်အစီးပုံကြီးကို ကြည့်လိုက်သည်။
တစ်ချိန်တုန်းက တိမ်လွှာဖီးနစ်အင်ပါယာမှာ ဤပြည်မကြီး၏ တစ်ခုတည်းသောအုပ်ချုပ်သူဖြစ်သည်။
အင်အားစုအားလုံးကိုစုစည်းပြီး ကောင်းကင်ဘုံလမ်းမထက်မှာတိုက်ခိုက်ခဲ့သည့်တိုက်ပွဲကြောင့် တိမ်လွှာဖီးနစ်အင်ပါယာသာမက တိုက်နယ်ကြီးတစ်ခုလုံးပင် ပြင်းထန်လှစွာသောထိုးနှက်မှုတစ်ခုကို ခံစားခဲ့ရသည်။
မရေမတွက်နိုင်လောက်အောင် များပြားသောဂိုဏ်းများ၊ မိသားစုများနှင့် လျှို့ဝှက်မျိုးနွယ်စုများ သေကြေပျက်စီးခဲ့ရလေသည်။
ပညာရှင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ပွဲကျကုန်လေ၏။
အမွေအနှစ်များကလည်း သမိုင်းကြောင်းတစ်လျှောက် အမြစ်ဖြတ်ချေမှုန်းခံခဲ့ရသည်။
သို့သော် ဟုန်ရင်ကတော့ ကောင်းကင်ဘုံလမ်းမထက်တွင် တိုက်ပွဲဝင်ခဲ့ခြင်းကို နောင်တမရချေ။
ထိုအချိန်တုန်းက ဤတိုက်နယ်ကြီး၏ခွန်အားမှာ အထွတ်အထိပ်သို့ရောက်ရှိပြီးဖြစ်၍ ၎င်း၏အဆင့်မှာ ထပ်မံကျော်ဖြတ်စရာပင်မရှိတော့ပေ။
အကယ်၍ သူတို့သာ ကောင်းကင်ဘုံလမ်းမကို အနိုင်ယူပြီး ပိုမိုမြင့်မားသောကမ္ဘာတစ်ခုဆီသို့ မထွက်ခွါနိုင်ပါက သူတို့သည် အိုမင်းလာသည်အထိ သေရဖို့ထိုင်စောင့်နေကြရုံသာရှိ၏။
ထို့ပြင် ထာဝရအသက်ရှင်နိုင်ရေးကို မမက်မောသောကျင့်ကြံသူဟူ၍ ရှိပါ့မလား။
အသက်အရွယ်အိုမင်းလာပြီး သေသွားလိုက်ချင်သူများရှိပါ့မလား။
ဟုန်ရင်မှာ မခံမရပ်နိုင်လောက်အောင်ဖြစ်ခဲ့ရသည်။
အခြားဂိုဏ်းများနှင့် လျှို့ဝှက်မျိုးနွယ်စုများကလည်း ထိုအဖြစ်ကို အလိုမရှိကြပေ။
ဤသည်မှာ ကောင်းကင်ဘုံလမ်းမထက်၌ တိုက်ပွဲဖြစ်ခဲ့ရသည့်အကြောင်းအရင်းပင်။
ကောင်းကင်ဘုံလမ်းမကိုစောင့်ရှောက်သူများနှင့် တိုက်နယ်ကြီးတစ်ခုလုံးရှိအင်အားစုများအကြား စစ်ပွဲတစ်ခုဖြစ်ပွါးခဲ့သည်။
ဟုန်ရင်၏နံဘေးရှိ ယွင်မင်က တလေးတစားစကားဆိုလေ၏။
“အရှင်မ.. ကောင်းကင်ဘုံကိုးသွယ်မျိုးနွယ်စုမှာ လူတစ်ယောက်ပဲလိုပါတော့တယ်။ ကျန်တဲ့လူတွေအကုန်လုံးကို စုစည်းပြီးပါပြီ”
ဟုန်ရင်က ခေါင်းညိတ်ပြသည်။
ကောင်းကင်ဘုံကိုးသွယ်မျိုးနွယ်စု၏ နောက်ဆုံးလူတစ်ယောက်မှာ ယွင်ဟွမ်းအင်ပါယာအစောင့်အကြပ်များကိုဦးဆောင်ခဲ့သောပုဂ္ဂိုလ်ဖြစ်၏။
သူသည် တိမ်လွှာဖီးနစ်အင်ပါယာထဲတွင် တတိယအဆင့်ရှိသူဖြစ်သည်။
တိမ်လွှာစီးချင်း…
ထိုသူ၏အင်အားမှာ ဟုန်ရင်နှင့် အင်ပါယာဂုရုကြီးပြီးလျှင် အကောင်းဆုံးပင်။
ယွင်ကျန်းအတွက်တော့ သူ့ခန္ဓာကိုယ်က ကောင်းကင်ဘုံလမ်းမထက်ရှိ တိုက်ပွဲတုန်းက ဖျက်ဆီးခံခဲ့ရပြီဖြစ်၏။
သူ၏ဝိညာဉ်ကမူ အထူးကျင့်ကြံရေးနည်းဗျူဟာကြောင့် တိမ်လွှာဖီးနစ်အင်ပါယာ၏နယ်မြေဟောင်းကို စောင့်ကြပ်နိုင်နေဆဲပင်။
၎င်းမှာ သူ့အရှေ့ရှိအပျက်အစီးပုံကြီးပင်ဖြစ်သည်။
ဟုန်ရင်က ပြောလိုက်သည်။
“သွားရအောင်။ ငါ့နောက်က လိုက်ခဲ့”
ယွင်မင်ကလည်း ခေါင်းညိတ်ပြသည်။
ယဲ့ချိုးပိုင်မှာ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းထဲမှ အတင်းအကြပ်ရုပ်ရွှေ့ပြောင်းခံလိုက်ရသည်။
သူ တောင်ခြေကိုပြန်ရောက်သွားချိန်တွင် အဘိုးအိုက ဝါးကုလားထိုင်ပေါ်၌ လဲလျောင်းနေဆဲပင်။
ယဲ့ချိုးပိုင်က သူ့ကိုဦးညွှတ်လိုက်ပြီးနောက် ထွက်ခွါရန်ပြင်လိုက်သည်။
“အလယ်ပိုင်းအထွဋ်နားကိုသွားလိုက်။ ခေါင်းဆောင်က မင်းကိုတွေ့ချင်နေတယ်”
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်မှာ ကြက်သေသေသွားချေသည်။ ထို့နောက်မှာတော့ ခေါင်းညိတ်ပြပြီး ထွက်သွားလေသည်။
စမ်းချောင်းလေးနားက ဖြတ်သွားရသည့်အချိန်တွင် ယဲ့ချိုးပိုင်သည် ခြံဝင်းငယ်လေးဆီသို့ လျှောက်သွားလိုက်၏။
မုကျီချင်းကလည်း ယဲ့ချိုးပိုင်ရောက်လာသည်ကို အာရုံခံမိပုံပေါ်သည်။ သူ(မ)က ခြံတံခါးကိုဖွင့်လိုက်ပြီး အပြုံးလေးဖြင့်ဆီးကြိုလေ၏။
“ရှင် တစ်ခုခုရခဲ့သေးလား”
ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြပြီးပြောသည်။
“ငါ တော်တော်များများရလာခဲ့တယ်။ မိန်းကလေးမုကို ကျေးဇူးတင်ရမှာပဲ”
ထို့နောက် သူက ပြောလေသည်။
“အခါအခွင့်သင့်ရင် ငါ ဆရာ့ကိုမေးကြည့်ပေးပါဦးမယ်။ သူ့မှာ ဖြေရှင်းနည်းတစ်ခုတော့ရှိမှာပါ”
“ရှင့်ဆရာလား”
မုကျီချင်းက ခေါင်းငဲ့လျက်ပြောလာ၏။
“ဒါပေမဲ့ ကျွန်မမှာ ဒီလိုရုပ်ပိုင်းဆိုင်ရာပြဿနာမျိုးရှိနေတာ။ ကျွန်မမိဘတွေတောင် ဒါနဲ့ပတ်သက်ပြီး ဘာမှလုပ်မပေးနိုင်ဘူး။ သူတို့က ဒါကို အချိန်အတိုင်းအတာတစ်ခုလောက်ပဲ ဖိနှိပ်ပေးထားနိုင်တယ်လေ”
ယဲ့ချိုးပိုင်ကပြုံးလျက် ပြောလိုက်သည်။
“ဆရာ့ရဲ့အစွမ်းက အံ့မခန်းပဲ။ သူ့မှာ နည်းလမ်းတစ်ခုတော့ရှိမှာပါ”
ပြောပြီးပြီးချင်းပင် ယဲ့ချိုးပိုင်က သူ့အား ခေါင်းဆောင်က ကိစ္စတစ်ခုကြောင့်ရှာနေကြောင်းပြောပြီး ထွက်လာခဲ့လေသည်။
မုကျီချင်းမှာ ယဲ့ချိုးပိုင်ထွက်သွားသည်ကိုကြည့်နေရင်း ခါးသက်သက်မပြုံးဘဲမနေနိုင်ခဲ့ချေ။
သူ(မ)၏မိသားစုဝင်များမှာ အလွန်စွမ်းအားကြီးသူများပင်။
အလယ်ပိုင်းဒေသရှိ အင်အားစုများအားလုံးပေါင်းလျှင်ပင် သူ(မ)၏မိသားစုကို မယှဉ်နိုင်ပေ။
သို့သော် ဤကိစ္စနှင့်ပတ်သက်ပြီး သူတို့တောင် ဘာမှလုပ်မပေးနိုင်ခဲ့ချေ။
ယဲ့ချိုးပိုင်၏ဆရာဖြစ်သူက ဘယ်လိုလုပ်ပေးနိုင်မည်တဲ့လဲ။
သို့သော်ငြား မုကျီချင်းကတော့ ဘာတစ်ခွန်းမှမပြောလိုက်ပေ။
နှစ်ပေါင်းများလှစွာသောဤအချိန်အတောအတွင်းမှာ သူ(မ)အနေနှင့် သူ(မ)၏ကံကြမ္မာကို လက်ခံထားခဲ့ပြီးဖြစ်၏။
သူ(မ) ခေါင်းတခါခါဖြင့် ခြံဝင်းငယ်လေးဆီကို ပြန်သွားလေတော့သည်။
ယဲ့ချိုးပိုင်လည်း အလယ်ပိုင်းအထွဋ်နားဆီကို ရောက်လာခဲ့လေပြီ။
လမ်းတစ်လျှောက်တွင် ဘယ်သူကမှ ယဲ့ချိုးပိုင်းကိုမတားခဲ့ကြချေ။
သူသည် ဟောခန်းမကြီးတစ်ခု၏ဝင်ပေါက်နားအထိ လျှောက်လာခဲ့လိုက်သည်။
သို့သော် တံခါးကို သူဖွင့်တော့မည့်အချိန်မှာပင် အတွင်းဘက်မှာ ညွှန်ကြားရေးမှူး၏အသံ ထွက်ပေါ်လာလေသည်။
“ယဲ့ချိုးပိုင် ဝင်လာခဲ့ပါ”
သူ့စကားအဆုံးတွင် တံခါးပွင့်သွားချေသည်။
ယဲ့ချိုးပိုင်က အထဲကိုဝင်သွားပြီး ကိစ္စများကိုကိုင်တွယ်ဖြေရှင်းနေရသော ညွှန်ကြားရေးမှူးကို ကြည့်လိုက်သည်။
“ခေါင်းဆောင် ကျွန်တော့်ကို ဘာလို့ရှာနေရတာပါလဲ”
ညွှန်ကြားရေးမှူးက မော့ပင်ကြည့်မလာပေ။ သူက ခပ်ဖွဖွရယ်မောလျက် ပြောလာလေသည်။
“ဘာလို့လဲ။ အကြောင်းပြချက်မရှိဘဲ ရှာလို့မရဘူးလား”
ယဲ့ချိုးပိုင်က နှိမ့်ချလွန်းသည်လည်းမဟုတ်၊ မောက်မာနေခြင်းလည်းမဟုတ်သည့်ဟန်ဖြင့် စကားပြန်လိုက်၏။
“ကျွန်တော်က ခေါင်းဆောင်ကိုမရင်းနှီးဘူးလေ။ စကားစမြည်ပြောဖို့ရှာတာတော့မဟုတ်တာသေချာတယ်”
ထ်ုအကြောင်းကိုကြားသော် ညွှန်ကြားရေးမှူးက သူ့ခေါင်းကိုမော့လာပြီး ယဲ့ချိုးပိုင်ကို စေ့စေ့စပ်စပ်အကဲခတ်နေလေသည်။
နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းတွင် တတိယနေရာရထားသူတစ်ယောက်ဖြစ်သည့်အတွက် ဂျူနီယာများအားလုံးက သူ့ကိုမြင်သည်နှင့် မူမမှန်စွာငြိမ်ကုပ်သွားကြပေလိမ့်မည်။
ထိုသို့မှမဟုတ်လျှင် မမြင်ရသောခွန်အားတစ်ရပ်ကြောင့် ဖိနှိပ်ခံရမည်သာ။
မတ်မတ်ပင်ရပ်နေနိုင်မည်မဟုတ်ချေ။
တစ်ဖက်တွင်မူ ယဲ့ချိုးပိုင်မှာ နှိမ့်လည်းမနှိမ့်ချသလို မောက်လည်းမမောက်မာပေ။ သူက စိတ်လှုပ်ရှားခြင်းလည်း အလျဉ်းမရှိ။ သူ့ကျောပြင်မှာ ဖြောင့်မတ်နေလျက်သာ။
ခေါင်းဆောင်က အသာအယာခေါင်းညိတ်ပြပြီး ပြောသည်။
“ကိစ္စတစ်ခုရှိနေတာအမှန်ပဲ။ လျှို့ဝှက်ဓားသွားဂိုဏ်းဆိုတာကို မင်းကြားဖူးပြီးသားဖြစ်မှာပါ။ ဟုတ်တယ်မလား”
လျှို့ဝှက်ဓားသွားဂိုဏ်း..
အလယ်ပိုင်းဒေသကို သူရောက်လာစဉ်က ထိုအကြောင်းကို ချင်းထျန်းနျန်က ပြောပြဖူးသည်။
၎င်းသည် ကမ္ဘာပေါ်ရှိဓားသိုင်းကျင့်ကြံသူများ အလေးစားဆုံးနေရာပင်။
“ငါတို့လျှို့ဝှက်တာအိုကျောင်းတော်က လျှို့ဝှက်ဓားသွားဂိုဏ်းနဲ့ သဘောတူညီမှုတစ်ခုရှိထားတယ်”
“တစ်ဖက်ဂိုဏ်းရဲ့စိတ်တန်ခိုးရှင်ဘုံမှာကျင့်ကြံဖို့အတွက် ဆယ်နှစ်မှာတစ်ကြိမ် ကျောင်းသားတစ်ယောက်ကိုအပြန်အလှန်စေလွှတ်ရတယ်”
“လျှို့ဝှက်တာအိုကျောင်းတော်ရဲ့စိတ်တန်ခိုးရှင်ဘုံက တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းပဲ။ လျှို့ဝှက်ဓားသွားဂိုဏ်းက အဲ့ဒီတပည့်ကို မင်းတွေ့ပြီးလောက်ရောပေါ့”
ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြသည်။
ထိုသူမှာ ဓားကိုင်ထားသောအမျိုးသားပင်။
သူ့နာမည်မှာ လျန်ဖန်းဖြစ်၏။
ခေါင်းဆောင်ကလည်း သူ့စကားကိုဆက်၏။
“ဒီတစ်ခေါက် လျှို့ဝှက်ဓားသွားဂိုဏ်းက သူ့ကိုလွှတ်လိုက်တာလေ။ ဒါပေမဲ့ ငါတို့ဘက်ကတော့ ဘယ်သူ့ကိုမှမလွှတ်ရသေးဘူး”
ယဲ့ချိုးပိုင်၏နှလုံးခုန်သံမှာ စည်းချက်တစ်ချက်လွဲသွားရချေသည်။
“အဲ့ဒီကိစ္စကြောင့် ခေါင်းဆောင်က ကျွန်တော့်ကို ဒီခေါ်လိုက်တာလား”
ခေါင်းဆောင်က ခေါင်းညိတ်ပြလျက် ချီးကျူးလာသည်။
“မဆိုးဘူး။ ဓားသွားတောင်စွန်းနဲ့ကျောက်နံရံရဲ့လျှို့ဝှက်ချက်ကို မင်း နားလည်နိုင်သွားပြီဆိုမှတော့ မင်းရဲ့စွမ်းရည်က သိပ်ကောင်းလို့ပဲပေါ့။ အဲ့ဒါကြောင့် ငါတို့က မင်းကိုစေလွှတ်ဖို့ဆုံးဖြတ်လိုက်တာ”
ယဲ့ချိုးပိုင်မှာ အနည်းငယ်ဆွဲဆောင်ခံလိုက်ရ၏။
လျှို့ဝှက်ဓားသွားဂိုဏ်းဆိုသည်မှာ ဤကမ္ဘာပေါ်ရှိဓားသိုင်းကျင့်ကြံသူများအတွက် သန့်စင်သောနယ်မြေတစ်ခုပင်ဖြစ်သည်။
ဓားသိုင်းကျင့်ကြံသူတစ်ယောက်အနေနှင့် ယဲ့ချိုးပိုင်လည်း ထိုနေရာကိုမြင်ဖူးချင်လှသည်သာ။
“ဒါပေမဲ့ ကျွန်တော်က တောင်ပိုင်းဒေသရဲ့တပည့်ဆိုတော့..”
ခေါင်းဆောင်က လက်ကိုဝှေ့ယမ်းပြပြီး ပြောလာသည်။
“တောင်ပိုင်းဒေသဆိုတာကလည်း ငါတို့လျှို့ဝှက်တာအိုကျောင်းတော်ရဲ့တစ်စိတ်တစ်ပိုင်းပဲမဟုတ်လား”
“ကောင်းပြီ။ ငါ့ကိုပြောစမ်းပါဦး။ ဓားသင်္ချိုင်းအကြောင်း မင်း ဘယ်လောက်သိထားလဲလို့”
ယဲ့ချိုးပိုင်က ခေါင်းခါယမ်းပြလိုက်သည်။
“ကျွန်တော် မသိပါဘူး”
ထိုအရာကိုမြင်သော် ခေါင်းဆောင်ကလည်း ဓားသင်္ချိုင်းထဲမှာဖြစ်ပျက်ခဲ့သည့်အဖြစ်များကို သူ့အား ပြောပြလေတော့သည်။
“အဲ့ဒီထဲမှာ ဓားသိုင်းပညာရှိရဲ့အမွေအနှစ်တွေရှိတယ်။ ငါ မင်းကို အဲ့ဒီနေရာပို့တာက အဲ့ဒီအမွေတွေကို မင်းရနိုင်လိမ့်မယ်လို့မျှော်လင့်မိလို့”
“သေချာတာကတော့ အမွေအနှစ်တွေကိုရလာခဲ့ပြီဆိုရင် မင်းသိမြင်ရှုမှတ်လို့ရလာတဲ့အမွေတွေကို ကျောင်းတော်ကိုပြန်ပေးစရာမလိုပါဘူး”
“ကောင်းပြီ။ အခု မင်းသွားလို့ရပြီ။ ငါတို့ နှစ်ရက်အတွင်းသွားကြမယ်”
ယဲ့ချိုးပိုင်ထွက်သွားပြီးနောက်တွင် ပုံရိပ်တစ်ခုက ခေါင်းဆောင်၏အနောက်မှ ဖြည်းဖြည်းချင်းထွက်လာလေသည်။
“ခေါင်းဆောင် အဲ့ဒီနေရာကို အစက ကွမ်ကျုံးယန်ကိုပေးထားပြီးသားမဟုတ်လား။ အခု ယဲ့ချိုးပိုင်ကိုပြောင်းပစ်လိုက်တော့ ကောင်းပါ့မလား”
ခေါင်းဆောင်က စားပွဲကိုမှီလျက် တည်ငြိမ်စွာပြောလာလေသည်။
“ဘာများမှားနေလို့လဲ။ သူ လက်မခံနိုင်ဖြစ်နေရုံပဲရှိမှာပေါ့”
“တကယ်လို့ မင်းလည်းလက်မခံနိုင်ရင် အဲ့ဒီလိုအစွမ်းနဲ့ခွန်အားမျိုးရှိတယ်ဆိုတာ သွားပြီးသက်သေပြလိုက်”
“ကျင့်ကြံရေးလောကဆိုတာ အမြဲတမ်းဒီလိုချည်းပဲ။ လုပ်နိုင်တယ်ဆိုတော့လည်း လုပ်နိုင်တယ်ပေါ့။ မလုပ်နိုင်ဘူးဆိုရင်တော့ မင်း အပယ်ခံရမှာပဲ။ ဘာများမှားနေတာရှိလဲ”
ထိုလူမှာ စိုးရိမ်ကြောင့်ကြနေဟန်ပင်။
“ဒါပေမဲ့…”
“ဒါပေမဲ့ဆိုတာမရှိဘူး”
ခေါင်းဆောင်က သူ့ကိုတားဆီးလိုက်ပြီး တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းရှိရာအရပ်ကို လှမ်းကြည့်လိုက်သည်။ သူ သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဒါ အကြီးအကဲမုကိုယ်တိုင်ပြောတဲ့စကားပဲ။ မင်း ကန့်ကွက်စရာတစ်ခုခုရှိရင် အကြီးအကဲမုကိုသွားရှာ”
ထိုအကြောင်းကိုကြားသော် ထိုလူ၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားချေသည်။
အကြီးအကဲမုကလား..
အဘိုးအို၏ခွန်အားမှာ လျှို့ဝှက်ဆန်းကြယ်လှသည်။
သူ တိုက်ခိုက်နေပုံကို ဘယ်သူမှမမြင်ဖူးကြပေ။
အန္တိမအကြီးအကဲက အားလုံးကို အမိန့်တစ်ခုချမှတ်ထားကြောင်းကိုသာ သူသိသည်။
သူ့အနေနှင့် အကြီးအကဲမုကို သွားရန်မစရဲပေ။
အကြီးအကဲမုတောင်းဆိုသမျှအရာအားလုံးကို သူဖြည့်ဆည်းပေးရမည်။
ထိုသို့တွေးလိုက်မိပြီးနောက် ထိုလူမှာ ကူကယ်ရာမဲ့စွာခေါင်းညိတ်ပြရုံသာ တတ်နိုင်လေသည်။
“ကောင်းပါပြီ။ ကျွန်တော် ကွမ်ကျုံးယန်ကိုပြောလိုက်ပါ့မယ်”
ခေါင်းဆောင်ကလည်း ခေါင်းညိတ်ပြပြီးပြောလေသည်။
“သွားလေ”
ခဏမျှတွေးတောကြည့်ပြီးနောက် သူက ပြောလာပြန်၏။
“နစ်နာကြေးအနေနဲ့ ကွမ်ကျုံးယန်ကို တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းမှာ သုံးရက်ကျင့်ကြံခွင့်ပေးမယ်”
“နားလည်ပါပြီ”