တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်း
ဓားသွားတောင်စွန်း
ဤနေရာတွင် ဓားသိုင်းကျင့်ကြံသူများအကြောင်းနှင့်ပတ်သက်သည့် ဧရာမလျှို့ဝှက်ချက်တစ်ခုကို ဝှက်ထားသည်ဟု ပြောစမှတ်ပြုကြသည်။
လျှို့ဝှက်ဓားသွားဂိုဏ်းမှလူများပင် ဓားသွားတောင်စွန်း၏ကျောက်နံရံထက်ကအတတ်ပညာများကို သိနားလည်နိုင်ရန်အတွက် တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းကို ဝင်ရောက်နိုင်ဖို့ဆိုလျှင် အဖိုးအခကြီးကြီးမားမားပေးရလည်းပေးချင်ကြသည်။
ထိုစဉ်က ပင်မအိမ်တော်၏အုပ်ချုပ်သူဟောင်းက စည်းကမ်းချက်များနှင့်ပတ်သက်၍ လျှို့ဝှက်ဓားသွားဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်များနှင့်ဆွေးနွေးခဲ့သည်။
စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်၏။
ဓားသွားတောင်စွန်းနှင့်ကျောက်နံရံကို ရှုမှတ်သိမြင်နိုင်ရန်အတွက် လျှို့ဝှက်ဓားသွားဂိုဏ်းက တပည့်တစ်ယောက်ကို ဆယ်နှစ်လျှင်တစ်ကြိမ်စေလွှတ်နိုင်သည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်တာအိုကျောင်းတော်ကလည်း ဘိုးဘေးဘီဘင်များ၏စိတ်စွမ်းအားကိုသိမြင်ရှုမှတ်နိုင်ရန်အတွက် တပည့်တစ်ယောက်ကို လျှို့ဝှက်ဓားသွားဂိုဏ်း၏ဓားသင်္ချိုင်းဆီကို စေလွှတ်နိုင်ပေသည်။
ဓားသင်္ချိုင်း
လျှို့ဝှက်ဓားသွားဂိုဏ်း၏ပညာရှင်မျိုးဆက်များ ကွယ်လွန်သွားလျှင် သူတို့၏ဓားများက ဓားသင်္ချိုင်းကို ပြန်ရောက်သွားကြသည်။
ထိုဓားထဲတွင်ကျန်ရှိနေသေးသော ဓားသိုင်းစျာန်အဘိညာဉ်နှင့် ဓားသိုင်းတာအိုသိမြင်မှုများမှာ ဓားသိုင်းကျင့်ကြံသူများ ဘဝတစ်လျှောက်ရှာဖွေစုဆောင်းထားခဲ့သောအရာများပင်။
ထို့အပြင် ကောလာဟလများအရ လျှို့ဝှက်ဓားသွားဂိုဏ်း၏ဓားသင်္ချိုင်းထဲတွင် ဓားသွားပညာရှိအဆင့်ရှိသော ဓားတစ်လက်ရှိသည်ဟုသိရသည်။
ဤသည်မှာ မရေမတွက်နိုင်သောဓားသိုင်းကျင့်ကြံသူများ လျှို့ဝှက်ဓားသွားဂိုဏ်းကို မက်မောနေရသည့်အကြောင်းအရင်းပင်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်၏ဘေးရှိ ဓားကိုင်ထားသောအမျိုးသားသည် ဤမူမမှန်မှုကြောင့် ဆွဲဆောင်ခံလိုက်ရပြီး လှမ်းကြည့်လာလေ၏။
သူ့မျက်လုံးများမှာ အံ့သြမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေပေသည်။
ထိုသူသည် ဤနေရာတွင် ကျင့်ကြံရှုမှတ်နေသည်မှာ သုံးရက်ရှိနေလေပြီ။
မူမမှန်သောလှုပ်ရှားမှုမျိုးလည်း မရှိခဲ့ပေ။
သူ၏ဓားသိုင်းတာအိုသိမြင်မှုမှာ နက်နဲသည်ထက်နက်နဲလာသည်။
သို့သော် ယဲ့ချိုးပိုင်ကဲ့သို့ပြောင်းလဲမှုမျိုးကို မလှုံ့ဆော်နိုင်ခဲ့ပေ။
ကျောက်နံရံထက်ရှိ ဓားရာထဲမှဓားသိုင်းစျာန်အဘိညာဉ်များသည် ယဲ့ချိုးပိုင်၏ဆွဲဆောင်မှုကိုခံလိုက်ရပုံပေါ်ပြီး သူ့ဆီသို့ စီးဆင်းသွားလေသည်။
ထိုအချိန်မှာ ယဲ့ချိုးပိုင်က သူ့မျက်ဝန်းများကိုမှိတ်ထားလိုက်သည်။
သူ၏အသိဉာဏ်ပင်လယ်ထဲတွင် အဘိုးအိုတစ်ယောက် ပေါ်ပေါက်လာ၏။
“အိုး.. တော်တော်တောင်ကြာသွားခဲ့ပြီ။ နောက်ဆုံးတော့ ငါ့ရဲ့အမွေတွေနဲ့ထိုက်တန်တဲ့လူတစ်ယောက် ပေါ်လာပြီပဲ”
ယဲ့ချိုးပိုင်က အဘိုးအိုကိုကြည့်ပြီး မေးလိုက်၏။
“အဲ့ဒါက စီနီယာချန်ထားရစ်ခဲ့တဲ့အမွေအနှစ်ကျောက်နံရံလား”
အဘိုးအိုက သူ့မုတ်ဆိတ်မွေးဖြူဖြူကြီးကို ပွတ်သပ်လိုက်သည်။
သူ့ရုပ်သွင်မှာ မပီဝိုးတဝါးနိုင်လှသော်ငြား သူ့မျက်လုံးများကတော့ အလွန်အမင်းအသက်ဝင်လှသည်။ ယဲ့ချိုးပိုင် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဓားသိုင်းစျာန်အဘိညာဉ်တစ်မျိုးစီးဆင်းနေသည်ကို ခံစားလိုက်မိသည်။
“အမှန်ပဲ။ ဒီလောက်ကြာသွားပြီမှန်း သတိတောင်မထားမိလိုက်ဘူး”
ယဲ့ချိုးပိုင် မေးလိုက်သည်။
“ဒါဆို စီနီယာက အခု ဘယ်မှာရှိနေတာလဲ”
ထိုစကားကိုကြားသောအခါ အဘိုးအိုက ပြုံးလျက် ခေါင်းခါရမ်းလိုက်သည်။
“အဲ့ဒီအချိန်တုန်းကတိုက်ပွဲပြီးသွားတော့ ငါလည်းဆုံးပါးသွားခဲ့တာပဲ။ ဒီနေရာမှာကျန်နေခဲ့တာက စိတ်စွမ်းအားအကြွင်းအကျန်တစ်ခုပဲ”
ထိုစဉ်က ထိုတိုက်ပွဲတဲ့လား။
စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်ထဲတွင် ဖြစ်ပျက်ခဲ့သောအဖြစ်များကို သူ ပြန်တွေးလိုက်သည်။
ကောင်းကင်ဘုံမိစ္ဆာဓားသွားပညာရှိက သူ့အားပြောခဲ့သည့်စကားကိုပင်။
ထိုတိုက်ပွဲ၌ တကယ်ပဲဘာများဖြစ်ခဲ့လေသလဲ။
ပညာရှင်အများအပြားလည်း တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးသွားခဲ့ပြီး သူတို့၏အမွေအနှစ်များလည်း မျိုးသုဉ်းပျောက်ကွယ်သွားပေလိမ့်မည်။
ယဲ့ချိုးပိုင်၏ရှုပ်ထွေးမှုကို အဘိုးအိုကလည်း သတိထားမိဟန်တူပြီး ရှင်းပြလာသည်။
“အဲ့ဒီတုန်းက ကောင်းကင်ဘုံတာအိုပျက်စီးသွားခဲ့တယ်။ မင်း ပိုမြင့်မားတဲ့အဆင့်တစ်ခုကိုရောက်ချင်တယ်ဆိုရင် အဆင့်မြင့်စကြဝဠာတစ်ခုကို ဝင်ရောက်နိုင်မှဖြစ်မှာ”
“တကယ်လို့ ဒီကမ္ဘာကြီးကနေထွက်ခွါချင်တယ်ဆိုရင် ကောင်းကင်ဘုံလမ်းမပေါ်မှာ တိုက်ခိုက်မှုတစ်ခုလုပ်ရလိမ့်မယ်”
“ဒါပေမဲ့ ကောင်းကင်ဘုံလမ်းမကိုဖြတ်ဖို့ ဘယ်လွယ်လိမ့်မလဲ။ အဲ့ဒီတုန်းက တိမ်လွှာဖီးနစ်အင်ပါယာက တိုက်နယ်တစ်ခုလုံးမှာရှိတဲ့ ပညာရှင်တွေကိုစုစည်းပြီး ကောင်းကင်ဘုံလမ်းမပေါ်မှာ မကြုံစဖူးတိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့တယ်။ဒါပေမဲ့ ရလဒ်ကတော့ အရှုံးနဲ့ရင်ဆိုင်လိုက်ရတာပါပဲ”
“ပြီးတော့ အဲ့ဒီတိုက်ပွဲမှာ မရေမတွက်နိုင်တဲ့ပညာရှင်တွေ တိုက်ပွဲကျသွားခဲ့တာ”
“ငါလည်းအပါအဝင်ပေါ့”
ကောင်းကင်ဘုံတာအိုပြိုလဲခဲ့လေပြီ။
ကောင်းကင်ဘုံလမ်းမကိုအောင်နိုင်ခြင်း..
ယဲ့ချိုးပိုင်ခမျာ ပဟေဠိဖြစ်နေရသည်။
အဘိုးအိုက ယဲ့ချိုးပိုင်ကိုကြည့်၍ပြောလိုက်သည်။
“ဒီပတ်သက်မှုအကြောင်းကို မင်းမသိတာ မဆန်းပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့လက်ရှိအဆင့်က အဲ့ဒီလျှို့ဝှက်ချက်ကိုနားလည်ဖို့ မလုံလောက်သေးဘူး”
“မင်း ငါ့လိုအဆင့်ကိုရောက်လာရင် မင်းဘာသာနားလည်သွားပါလိမ့်မယ်။ ကောင်းကင်ဘုံလမ်းမနဲ့ အဲ့ဒီအပြင်ဘက်ကလူတွေရဲ့အမြင်မှာတော့ ငါတို့က ပုရွက်ဆိတ်သာသာပဲ”
ယဲ့ချိုးပိုင် မေးလိုက်သည်။
“အဲ့ဒီတုန်းက လမ်းမပေါ်ကလူတွေ ဘယ်လောက်အစွမ်းထက်လဲ”
ထိုအကြောင်းကိုကြားသော် အဘိုးအိုကသက်ပြင်းချလိုက်ပြီး မျက်ဝန်းထဲ၌ တည်ငြိမ်အေးဆေးလေဟန်အမူအရာဖြင့် ပြောပြလေသည်။
“ငါ သူတို့ကို လုံးဝမခုခံနိုင်သလိုခံစားရတယ်”
ယဲ့ချိုးပိုင် ထိတ်လန့်သွားရှာလေသည်။
သူ့အရှေ့ရှိအဘိုးအိုမှာ ကောင်းကင်ဘုံလမ်းမကို ခုပင်မခုခံနိုင်ဘူးတဲ့လား။
ဒါဆို ဆရာဆိုရင်ရော..
ယဲ့ချိုးပိုင်မှာ ယခုအထိ သူ့ဆရာ၏ခွန်အားကို မခန့်မှန်းနိုင်သေးပေ။
“ကောင်းပြီ။ ဒါတွေအကုန်လုံးကို နောက်ပိုင်းကျရင် မင်းသိလာမှာပါ”
အဘိုးအိုက လက်ဝှေ့ယမ်းပြီးပြောလေသည်။
“ငါ့ရဲ့စိတ်စွမ်းအားက ပေါ်လာခဲ့ပြီးပြီဆိုတော့ အကြာကြီးထိန်းထားနိုင်မှာမဟုတ်တော့ဘူး။ မင်း လက်ခံနိုင်သလောက်လက်ခံထားလိုက်”
“အဲ့ဒါအပြင် မင်းဆီကနေ ကောင်းကင်ဘုံမိစ္ဆာဓားသွားသူတော်စင်ရဲ့အရှိန်အဝါကို အာရုံခံမိတယ်။ မင်း ကောင်းကင်ဘုံမိစ္ဆာဓားသွားနည်းဗျူဟာကို ကျင့်ကြံတာမလား”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။
“ဒီလိုဆိုရင် ငါ့ရဲ့ဓားသွားနည်းဗျူဟာကို သင်ယူဖို့မလိုတော့ဘူး။ ကောင်းကင်ဘုံမိစ္ဆာဓားသွားနည်းဗျူဟာကို အပြင်းထန်ဆုံးအဆင့်အထိကျင့်ကြံရင် အဲ့ဒီစွမ်းအားက မသေးလှဘူး”
ထိုအခိုက်အတန့်တွင် အဘိုးအို၏ပုံရိပ်ယောင်အသွင်အပြင်မှာ ရုပ်လုံးပေါ်လာလေ၏။
သူ၏လက်ဖဝါးတစ်ချက်အလှုပ်မှာ ဓားသိုင်းစျာန်အဘိညာဉ်က ယဲ့ချိုးပိုင်၏အသိဉာဏ်ပင်လယ်ထဲတွင် ရှုပ်ယှက်ခတ်သွားချေသည်။
ထိုစျာန်အဘိညာဉ်များက အဘိုးအိုကိုဗဟိုပြု၍ ပတ်ပတ်လည်တွင် လွှမ်းခြုံထားလိုက်လေသည်။
ယဲ့ချိုးပိုင်မှာ ဓားသိုင်းစျာန်အဘိညာဉ်အောက်တွင် ရှိနေလေ၏။
ပတ်ဝန်းကျင်တစ်ခုလုံး ကြိုးမျှင်များဖြင့်ပြည့်နှက်နေသည့်အလားပင်။ သူသာ နည်းနည်းလောက်လှုပ်မိပါက ကောင်းကင်တစ်ခွင်ပြည့်နှက်နေသည့် ဓားသိုင်းစျာန်အဘိညာဉ်က သူ့ကိုသုတ်သင်ပစ်လိမ့်ပေမည်။
အဘိုးအိုက တခစ်ခစ်ရယ်ပြီးပြောသည်။
“မင်းမှာ ဓားသွားနည်းဗျူဟာချို့တဲ့နေတာမျိုးမရှိလို့ ဒီနည်းဗျူဟာကို ငါ မင်းကိုသင်ပေးလိုက်မယ်”
“ငါက ငါ့ဘဝရဲ့နောက်ပိုင်းနေ့ရက်တွေမှာ ဒီနည်းဗျူဟာကိုဖန်တီးဖို့အတွက် ငါ့တစ်ဘဝလုံးကို ဓားသိုင်းတာအိုရှုမှတ်တဲ့နေရာမှာ မြှုပ်နှံထားခဲ့တာ”
“မရေမတွက်နိုင်တဲ့ဓားသိုင်းစျာန်အဘိညာဉ်ကြောင့်ဖြစ်ပေါ်လာတဲ့နယ်မြေတစ်ခု။ ဒီနယ်မြေထဲမှာဆိုရင် ရန်သူမှန်သမျှပုန်းအောင်းမနေနိုင်ဘူး”
“တစ်ဖက်လူရဲ့ဓားသိုင်းစျာန်အဘိညာဉ်က မင်းရဲ့စိတ်စွမ်းအားအတိုင်း လိုက်ပြီးလှုပ်ရှားလိမ့်မယ်။ ရန်သူဘက်က အဲ့ဒါကိုခုခံနိုင်စွမ်းရှိမှာမဟုတ်ဘူး”
“ငါကတော့ အဲ့ဒါကို ဓားသွားပိုင်နက်နယ်မြေလို့ခေါ်တယ်”
ယဲ့ချိုးပိုင်၏နှလုံးခုန်သံမှာ စည်းချက်တစ်ချက်လွဲသွားရလေသည်။
အကယ်၍ ရန်သူနှင့်ရင်ဆိုင်ရသည့်အခါ သူသာ ဤဓားသွားပိုင်နက်နယ်မြေကိုသုံးမည်ဆိုလျှင် ရန်သူမှာ ဓားသွားပိုင်နက်နယ်မြေ၏တိုက်ခိုက်မှုကိုလည်း သတိထားရဦးမည်ဖြစ်၏။
၎င်း၏စွမ်းအားမှာ ပို၍ပင်အဆုံးမဲ့လေသည်။
ရန်သူဘက်ကသာ သတိလက်လွတ်ဖြစ်သွားပါက သူတို့သည် ဤဓားသွားပိုင်နက်နယ်မြေထဲမှာ သုတ်သင်ခံရလိမ့်ပေမည်။
အဘိုးအို၏မျက်ဝန်းထဲတွင် ဂုဏ်ယူဝင့်ကြွားဟန်အရိပ်အယောင်များဖြင့်ပြည့်နှက်နေချေသည်။
“မင်း ဘယ်လောက်အထိထပ်ပြီးသိမြင်နားလည်နိုင်မလဲဆိုတာက မင်းအပေါ်ပဲမူတည်တော့တယ်”
ဤသို့ဖြင့် အဘိုးအိုမှာ ပျောက်ကွယ်သွားလေတော့သည်။
သို့သော် ဓားသွားပိုင်နက်နယ်မြေကတော့ တည်ရှိနေဆဲပင်။
တစ်ချိန်တည်းမှာပင် ဓားသွားပိုင်နက်နယ်မြေနှင့်ပတ်သက်သည့် သတင်းအချက်အလက်များက ယဲ့ချိုးပိုင်၏စိတ်အစဉ်ထဲသို့ စီးဆင်းသွားပေ၏။
ယဲ့ချိုးပိုင်လည်း စတင်နားလည်သိမြင်စပြုလာ၏။
ပြင်ပလောကတွင်မူ ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်မှာ ထိတ်လန့်ဖွယ်ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်လာစေသည်။
ဓားသိုင်းစျာန်အဘိညာဉ်သည်လည်း ကောင်းကင်ထိတိုင်ဆန်တက်၍ မြည်ဟည်းလာလေ၏။
ဓားကိုင်ထားသောအမျိုးသားမှာ ထိုမြင်ကွင်းကို အံ့သြတကြီးကြည့်နေချေသည်။
“ဒါက ကျောက်နံရံထဲမှာချန်ထားရစ်ခဲ့တဲ့အမွေအနှစ်တစ်ခုများလား”
“ဒီလူက ဘယ်သူပါလိမ့်”
ထိုလူက ရောက်ရောက်ချင်းမှာပင် ကျောက်နံရံပေါ်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။ ယခုလည်း အမွေအနှစ်များကို ဆက်ခံနေပြန်လေသည်။ ဤအဖြစ်က ထိုအမျိုးသားကိုအံ့သြသွားစေသည်။
သို့သော် သူက ယဲ့ချိုးပိုင်ကိုမနှောင့်ယှက်ခဲ့ချေ။
ယခုအခါ ကျောက်နံရံပေါ်ရှိဓားသိုင်းစျာန်အဘိညာဉ်များမှာ ပျောက်ကွယ်သွားလေပြီ။
ကျန်ရစ်နေသည့်အရာဟူ၍ သာမန်ဓားရာတစ်ခုသာ..။
ထိုအချိန်၌ တာအိုလမ်းစဉ်ရှာဖွေရေးတောင်ခြေတွင် အဘိုးအိုက သူ့မျက်လုံးကိုဖွင့်လိုက်ပြီးသည့်နောက် သူ၏နောက်ကျိကျိမျက်ဝန်းအစုံတွင် အလင်းရောင်တစ်ခုလက်ခနဲဖြစ်သွားလေသည်။
“အိုး စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ အဲ့ဒီကလေးမှာ အခွင့်အလမ်းကောင်းတစ်ခုရှိနေပုံပဲ”
ထိုသို့ပြောပြီးနောက် သူသည် မလှမ်းမကမ်းမှတစ်ဆင့် တည်နေရာတစ်ခုဆီသို့ အသံပို့လွှတ်လိုက်သည်။
“တောင်ပိုင်းဒေသကလာတဲ့ကလေးကို နေရာပေးလိုက်”
ထိုအခိုက် ပင်မအိမ်တော်၏ထိပ်ဆုံးတွင် ကျောင်းအုပ်ကြီးရှိနေလေသည်။
အဘိုးအိုထံမှ အသံပို့လွှတ်မှုကိုကြားလိုက်ရပြီးနောကိ ကျောင်းအုပ်ကြီးမှာ ကြက်သေသေသွားလေ၏။ သို့သော် အဘိုးအို၏ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်ခဲ့ပေ။ သူက ခေါင်းညိတ်ပြပြီးပြောလိုက်သည်။
“စီစဉ်လိုက်ပါ့မယ်”
တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်း၏ဓားသွားတောင်စွန်း..
အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် ကျန်သေးပေသည်။
ထိုအချိန်မှာ ယဲ့ချိုးပိုင်သည် သူ့မျက်လုံးကိုဖွင့်လိုက်၏။
ဓားသိုင်းစျာန်အဘိညာဉ်များလည်း ဖြာထွက်လာသည်။
၎င်းတို့သည် သူ့ပတ်ပတ်လည်မှာ ဆက်လက်လှည့်ပတ်နေ၏။
သူ့ဘေးရှိအမျိုးသားလည်း ထိုဓားသိုင်းစျာန်အဘိညာဉ်၏ဝန်းရံခြင်းကို ခံထားရသည်။
“ဒါက အမွေအနှစ်လား”
ယဲ့ချိုးပိုင်မှာ အသာအယာအော်ဟစ်လိုက်လေရာ ဓားသိုင်းစျာန်အဘိညာဉ်နယ်မြေမှာ ရုတ်ခြည်းထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် သူ့ပတ်ပတ်လည်ရှိအရာတိုင်းကို ဓားသိုင်းစျာန်အဘိညာဉ်မုန်တိုင်းက တစ်ပိုင်းစီခွဲခြားလိုက်၏။
ထိုအထဲမှာ ထိုအမျိုးသားသည် ဓားသွားပိုင်နက်နယ်မြေ၏တိုက်ခိုက်မှုကို မခံရပေ။
ထိုအခြင်းအရာကိုမြင်သောအခါ သူ အလွန်စိတ်ကျေနပ်သွားသည်။ ထို့နောက် သူက ဓားသွားပိုင်နက်နယ်မြေကို ဖယ်ထုတ်လိုက်ပြီး ဓားကိုင်ထားသောအမျိုးသားကို ကြည့်လိုက်၏။
ဓားကိုင်ထားသောအမျိုးသားကလည်း ရှေ့ကိုခြေတစ်လှမ်းတိုးလာပြီး ပြောလိုက်သည်။
“လျှို့ဝှက်ဓားသွားဂိုဏ်းက လျန်ဖန်းပါ”
ယဲ့ချိုးပိုင်ကလည်း သူ့ကိုယ်သူပြန်မိတ်ဆက်လိုက်သည်။
တစ်ဖက်တွင်မူ ဧရာမကန္တာရကြီးထဲ၌…
ဟုန်ရင်၏အရှေ့တွင်ရှိနေသည်မှာ မြို့ပျက်ကြီးတစ်ခုပင်။
မြို့နံရံများမှာ အလွန်တရာပျက်စီးနေချေပြီ။
သို့သော် မြို့တော်ဂိတ်တံခါးပေါ်မှာ ထွင်းထုထားသောစာလုံးနှစ်လုံးကတော့ ထင်ရှားပြတ်သားနေဆဲပင်။
ယွင်ဟွမ်း…