အာဒိကပ္ပဓားသိုင်းကျမ်းတွင် အဆုံးမဲ့အသက်ဓာတ်စွမ်းအားများ ပါဝင်လေသည်။
ရေခဲမြူအလွှာများကို သီးခြားပိုင်းခြားထားသည်မှာလည်း ဤစွမ်းအားများပင်။ သို့သော် ယဲ့ချိုးပိုင်ကမူ အအေးဓာတ်ကိုလုံးဝမခံစားရပေ။
ဆံဖြူအမျိုးသမီးမှာ ထိုမြင်ကွင်းကိုမြင်သော် အနည်းငယ်မျှပါးစပ်အဟောင်းသားဖြစ်သွားရှာသည်။ သူ(မ) တွေဝေမိန်းမောလျက်ပြောလိုက်၏။
“ရှင် ဘယ်လိုလုပ်လိုက်တာလဲ”
စွမ်းအားကြီးပုဂ္ဂိုလ်သာလျှင် သူ(မ)အနားကို ချဉ်းကပ်လာနိုင်ပေသည်။
သို့သော် ထိုသူသည်လည်း သက်ရောက်မှုရှိလိမ့်မည်ပင်။
ဌာနချုပ်၏အကြီးအကဲမှာ နယ်မြေလေးခုသတ်မှတ်ချက်စာရင်းတွင် တတိယနေရာတွင်ရှိ၏။ သူ သူ(မ)အနားကိုချဉ်းကပ်လာချိန်မျိုးတွင် သူ၏လှုပ်ရှားမှုများမှာ သက်ရောက်မှုရှိလေသည်။
သို့သော် ယဲ့ချိုးပိုင်ကမူ ဘာမှမဖြစ်သည့်အလား ပြုမူနေသည်။
ယဲ့ချိုးပိုင်ပြုံးလျက်ပြောလိုက်၏။
“ငါ့ရဲ့ကျင့်ကြံရေးနည်းဗျူဟာက ထူးခြားနေလို့လေ..ဟုတ်တယ်မလား”
“အထူးကျင့်ကြံရေးနည်းဗျူဟာလား”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြပြီး အေးခဲနေသောငါးကိုကြည့်လိုက်သည်။
“မင်း ငါးကင်စားချင်တယ်လို့ပြောလိုက်တာမလား”
ဆံဖြူအမျိုးသမီးက ယဲ့ချိုးပိုင်ကိုကြည့်၍ ခေါင်းညိတ်ပြသည်။ တောက်ပလှသော သူ(မ)၏မျက်ဝန်းလေးမှာ မျှော်လင့်စောင့်စားမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ထိုအရာကိုမြင်သော် ယဲ့ချိုးပိုင်က ခဏမျှတွေးတောလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူ့လက်မှာ အဆုံးမဲ့အသက်ဓာတ်စွမ်းအားများဖြင့် ဖုံးအုပ်ခံထားရသည်။ ထို့နောက် အေးခဲနေသောငါးကိုဖမ်းဆုပ်ပြီး မီးမွှေးလိုက်သည်။
မီးတောက်ကို ယဲ့ချိုးပိုင်၏အရှိန်အဝါဖြင့် ကာရံပေးထားထားသဖြင့် ရေခဲမြူထံမှ သက်ရောက်မှုမရှိချေ။
ယဲ့ချိုးပိုင်လည်း ငါးကြေးခွံများကိုဖယ်ထုတ်လိုက်သည်။
ထိုငါး၏ကိုယ်တွင်းအင်္ဂါများကိုလည်း ထုတ်ယူလိုက်၏။
ထို့နောက် သူ၏သိုလှောင်ရေးလက်စွပ်ထဲမှ ပုလင်းနှင့်ကရားများကို ထုတ်ယူလိုက်သည်။
ဤဟင်းခတ်အမွှေးအကြိုင်များမှာ သူ့ဆရာကိုယ်တိုင်ပြုလုပ်ထားခြင်းပင်။
ပဲငံပြာရည်နှင့် ဇီရာမှုန့်…
ဤရက်ပိုင်းအတွင်း သူ့ဆရာအတွက်ချက်ပြုတ်ပေးနေခဲ့ရင်း ယဲ့ချိုးပိုင် ထိုဟင်းခတ်အမွှေးအကြိုင်များကို ရှာတွေ့ခဲ့သည်။
“ဘယ်.. ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်သိလား”
ဆံဖြူအမျိုးသမီး၏ချိုသာလှသောအသံလေးက သူ့နံဘေးမှထွက်ပေါ်လာသည်။
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်က ပြုံးလျက်ပြောလိုက်၏။
“စားဖို့စောင့်နေ”
ငါးကိုင်ပြီးသွားသောအခါ သူက ထိုငါးကိုမီးပေါ်တင်၍ကင်လိုက်သည်။
ဆံဖြူအမျိုးသမီးမှာ ထိုမြင်ကွင်းကိုမြင်သောအခါ မီးပုံဘေးမှာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
သူ(မ)သည် မေးထောက်လျက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေမိသည်။ သူ(မ)၏မျက်တောင်ရှည်ကြီးများသည် သူ(မ)မျက်လုံးအဖွင့်အပိတ်လုပ်လိုက်လေတိုင်း ယပ်တောင်အသေးစားတစ်ခုနှင့်တူလှပေသည်။
ခဏအကြာတွင် မွှေးရနံ့တစ်မျိုးပျံ့လွင့်လာ၏။
ဆံဖြူအမျိုးသမီး၏မျက်ဝန်းများမှာ တစ်စုံတစ်ရာကို အနံ့ခံလိုက်မိသည့်အလား အရောင်တောက်လာလေသည်။ သူ(မ)၏လေသံမှာ အနည်းငယ်စိတ်လှုပ်ရှားနေပုံပေါက်၏။
“ဘယ်လောက်ကြာဦးမှာလဲ။ ဘယ်လောက်ကြာမလဲ”
ယဲ့ချိုးပိုင်လည်း အချိန်ကျပြီဟုသိရသောအခါ ငါးကို သူ(မ)လက်ထဲထည့်ပေးလိုက်သည်။
“ဒီမှာ.. စားတော့”
ဆံဖြူအမျိုးသမီးမှာ လက်နှစ်ဖက်ဖြင့်လှမ်းယူလိုက်ပြီး ငါးကင်ပူပူနွေးနွေးကိုကြည့်လိုက်သည်။ သူ(မ)မှာ စိတ်မရှည်လက်မရှည်ဖြင့် တစ်ကိုက်ကိုက်လိုက်လေသည်။
“ဟူး.. ပူလိုက်တာ”
ယဲ့ချိုးပိုင်မှာ ထိုအဖြစ်ကိုမြင်သောအခါ မရယ်ဘဲမနေနိုင်ချေ။
“ဖြည်းဖြည်းစားပါ။ မင်းဆီက ဘယ်သူမှလုမစားပါဘူး”
ဆံဖြူအမျိုးသမီးမှာ အသက်ရှူထုတ်ပြီးပြောလေသည်။
“အရသာရှိတယ်။ ကျွန်မ ပူပူနွေးနွေးအစားအသောက်တွေမစားရတာကြာပြီ”
ထိုအကြောင်းကိုကြားလိုက်ရသောအခါ ယဲ့ချိုးပိုင်မှာ မတတ်သာဘဲ မှင်တက်သွားရလေသည်။
ထို့နောက် ဆံဖြူအမျိုးသမီး၏ရုပ်ပိုင်းဆိုင်ရာပြဿနာအကြောင်းကို တွေးလိုက်မိပြီး မတတ်သာဘဲတိတ်ဆိတ်သွားမိသည်။
“မင်းက အရိယာအဆင့်ကိုရောက်ပြီးနေပြီမဟုတ်လား”
ဆံဖြူအမျိုးသမီးက အနည်းငယ်ရှက်သွေးဖြန်းသွားပြီး ပြောလာလေသည်။
“ကျွန်မ အရိယာအဆင့်ကိုရောက်ပြီးပါပြီ။ ဒါပေမဲ့… ကျွန်မ အစာစားရတာကို သဘောကျတုန်းပဲ။ အထူးသဖြင့် ပူပူနွေးနွေးအစားအသောက်တွေ”
“ဒါပေမဲ့ ကျွန်မမစားရတာတော်တော်ကြာပြီ။ အဲ့ဒါကြောင့် ရှင့်ကို အများကြီးကျေးဇူးတင်ပါတယ်”
ဆံဖြူအမျိုးသမီး၏ ကျေးဇူးတင်နေဟန်အကြည့်များကိုမြင်သောအခါ ယဲ့ချိုးပိုင် ပြုံးလိုက်မိသည်။
“နောက်ပိုင်းကျ ဒီလိုမျိုးစားချင်တယ်ဆိုရင် ငါ့ကိုလာရှာပေါ့”
ထိုစကားကိုကြားသောအခါ သူ(မ)မျက်နှာမှာ ဝင်းလက်သွားချေသည်။ သို့သော် ချက်ချင်းအရောင်မှိန်သွားပြန်၏။
“ကျွန်မ အပြင်ထွက်လို့မရဘူး.. ဒီရေခဲမြူကိုဖိနှိပ်ဖို့အတွက် တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းအရှိန်အဝါကို ပိုင်ဆိုင်နိုင်မှဖြစ်မယ်”
ယဲ့ချိုးပိုင်သည် သူ့အရှေ့ရှိ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းကို တစ်ချက်မျှကြည့်လိုက်သည်။
“အဆင်ပြေပါတယ်။ မင်း စားချင်တဲ့အခါ ငါ့ကိုသတင်းပို့လိုက်လေ။ ငါ မင်းအတွက်လာလုပ်ပေးမယ်”
“တကယ်လား”
“တကယ်”
ဆံဖြူအမျိုးသမီးက အားတက်သရောခေါင်းညိတ်ပြသည်။
“တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းကို သွားမလို့လား”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။
ဆံဖြူအမျိုးသမီးက ပြောလာသည်။
“ရှင်က ဓားသိုင်းကျင့်ကြံသူမလား။ ဒါဆို ရှင် အထဲကိုရောက်တဲ့အခါ ဓားသွားတောင်စွန်းရဲ့အနောက်ဘက်ကိုသွားဖို့မမေ့နဲ့နော်။ အဲ့ဒီမှာ ကျောက်နံရံတစ်ခုရှိတယ်။ အဲ့ဒီပေါ်မှာ ဓားသိုင်းတာအိုအတတ်ပညာကို မှတ်တမ်းတင်ထားတာ။ ယူနိုင်မယူနိုင်ကတော့ ကံပေါ်မူတည်တာပေါ့”
ယဲ့ချိုးပိုင်မှာ ကြက်သေသေသွားလေသည်။
“တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းအကြောင်း ကောင်းကောင်းသိလား”
ဆံဖြူအမျိုးသမီးက ပြုံး၏။
“သေချာတာပေါ့။ မြန်မြန်သွားတော့”
ထို့နောက် သူတို့နှစ်ယောက်မှာ အချင်းချင်းနာမည်ပြောပြလိုက်သည်။
ဆံဖြူအမျိုးသမီး၏နာမည်မှာ မုကျီချင်းဖြစ်ကြောင်း သူသိလိုက်ရသည်။
“သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာကို ဆရာများဖြေရှင်းပေးနိုင်မလားမသိဘူး”
“ပြဿနာမရှိလောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာမလုပ်နိုင်တာဘာမှမရှိဘူးလို့ ငါခံစားရတယ်”
“ငါပြန်သွားပြီး အချိန်ကျရင်မေးရမယ်”
တာအိုလမ်းစဉ်ရှာဖွေရေးတောင်ခြေကို သူတို့ရောက်လာခဲ့ကြသည်။
ထိုနေရာတွင် တားမြစ်ရေးအရံအတားတစ်ခုကို ခပ်ဖျော့ဖျော့အာရုံခံစားမိလိုက်သည်။
အကယ်၍ သူသာ ဇွတ်တိုးဝင်သွားပါက ထိုတားမြစ်ရေးအရံအတားကြောင့် တစ်စစီပေါက်ကွဲထွက်သွာလိမ့်မည်သာ။
ဤနေရာကို တင်းတင်းကြပ်ကြပ်ကာကွယ်ထားခြင်းမျိုးမရှိပေ။
လူအိုကြီးတစ်ယောက်က ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်လျက် ထိုင်နေလေသည်။
ယဲ့ချိုးပိုင်က ရှေ့ကိုတိုးသွားပြီး လက်ခုပ်နှစ်ဖက်ယှက်လျက် အရိုအသေပေးလိုက်သည်။
“စီနီယာ တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က ယဲ့ချိုးပိုင်..တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းထဲကိုဝင်ပြီး ကျင့်ကြံအားထုတ်ချင်လို့ပါ”
လူအိုကြီးက သူ့လက်ကိုဆန့်တန်းလိုက်သည်။
သူက ဘာတစ်ခွန်းမျှမပြောပေ။
ယဲ့ချိုးပိုင်မှာ ကြက်သေသေသွားပြီးနောက် အမှတ်စုဆောင်းရေးကျောက်ပြားကို ထိုလူ့ဆီကိုလှမ်းပေးလိုက်သည်။
ထိုလူကြီးက ထိုကျောက်ပြားပေါ်မှ အမှတ်တစ်ထောင်ကို နှုတ်ယူလိုက်ပြီး ယဲ့ချိုးပိုင်ကို ပြန်ပစ်ပေးလိုက်၏။
“အချိန်ကန့်သတ်ချက်က နေ့တစ်ဝက်ပဲ။ အချိန်ပြည့်သွားရင် အလိုအလျောက်အပြင်ကိုပြန်ပို့ခံရလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ထိုလူက ထပ်မံတိတ်ဆိတ်သွားပြန်သည်။
အမှတ်တစ်ထောင်ကို နေ့တစ်ဝက်တည်းတဲ့လား။
ယဲ့ချိုးပိုင်လည်း အသာအယာခေါင်းခါရမ်းလိုက်ပြီး တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းထဲသို့မဝင်ခင် ထိူလူကိုဦးညွှတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် လူအိုကြီးက သူ့မျက်လုံးကို အသာအယာပြန်ဖွင့်လာသည်။
“ဆန်းကြယ်တဲ့ကျင့်ကြံရေးနည်းဗျူဟာနဲ့ ပါရမီကောင်းတွေပိုင်ဆိုင်ထားတဲ့ မဟာဓားသိုင်းပညာရှင်တစ်ယောက်ပဲ။ ကြည့်ရတာ ကျောင်းတော်ထဲမှာ မျိုးစေ့ကောင်းတစ်စေ့ရှိနေပုံပဲ”
“ကြည့်ရပုံထောက်တော့ မဟာတိုက်ပွဲကြီးကလည်း တကယ်နီးလာနေပြီကိုး..”
ထို့နောက် သူက တစ်ဖန်မျက်လုံးပြန်မှိတ်သွားပြန်သည်။
တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းထဲတွင် ယဲ့ချိုးပိုင်မှာ အတွင်းပိုင်းရှိအရှိန်အဝါများကို ခံစားလိုက်ရသည်။
ပန်းတစ်ပွင့်ဖြစ်စေ၊ မြက်တစ်ဆုပ်စာဖြစ်စေ၊ သစ်ပင်တစ်ပင်ဖြစ်စေ သို့မဟုတ် သစ်ရွက်တစ်ရွက်ဖြစ်စေ တာအိုဒိဗ္ဗစက္ခုဉာဏ်တစ်မျိုး စီးဆင်းနေချေသည်။
ယဲ့ချိုးပိုင်မှာ သက်ပြင်းမချဘဲမနေနိုင်ပေ။ ပင်မကျောင်းတော်မှလူများက တောင်ပိုင်းဒေသမှလူများထက် ပိုသန်မာနေသည်မှာ အံ့သြစရာမရှိတော့ပေ။
ယဲ့ချိုးပိုင်က ဤနေရာတွင်ရပ်မနေချေ။ ထိုအစား သူသည် မုကျီချင်းညွှန်းလိုက်သော ဓားသွားတောင်စွန်းဆီသို့ ပြေးသွားလိုက်၏။
ယဲ့ချိုးပိုင်အနေနှင့် ဓားသိုင်းတာအိုကိုသာ အာရုံစိုက်ထားခြင်းဖြစ်၏။
သူ့အတွက်တော့ ဓားသိုင်းတာအိုသည် သူ၏ကျင့်ကြံရေးလမ်းစဉ်ပင်။
ဓားသိုင်းတာအိုကို ထိပ်ဆုံးအဆင့်အထိရောက်အောင် ကျင့်ကြံနိုင်ပါက အထွတ်အထိပ်သို့တက်လှမ်းနိုင်မည်သာ။
ယဲ့ချိုးပိုင် ထိုသို့တွေးလိုက်မိလေရာ အစိမ်းရောင်တိမ်တိုက်ဓားသွားသည် ညာသံပေးလာလေဟန်တူ၏။
တစ်ချိန်တည်းမှာပင် ဓားသိုင်းတာအို၏အရှိန်အဝါမှာ ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲတွင် တိတ်တဆိတ်စီးဆင်းနေလေတော့သည်။
သို့သော် ယဲ့ချိုးပိုင်ကတော့ ဘာကိုမျှမခံစားမိပေ။
ဓားသွားတောင်စွန်း…
နာမည်နှင့်လိုက်ဖက်လှစွာပင် တောင်ထွပ်တစ်ခုလုံးသည် ကောင်းကင်ယံဆိသို့ ဓားသွားတစ်လက် ဆန်တက်နေသည့်နှယ်ပင်။
ယဲ့ချိုးပိုင် ထိုနေရာသို့ခြေချလိုက်လေရာ ထက်ရှသောစျာန်အဘိညာဉ်တစ်မျိုးကို အာရုံခံမိလိုက်၏။
ဤသည်မှာ ဓားသိုင်းစျာန်အဘိညာဉ်ပင်။
ယဲ့ချိုးပိုင်လည်း အနည်းငယ်ထိတ်လန့်သွားပြီး ရှေ့ကို ဆက်လျှောက်သွားလိုက်သည်။
အနောက်ဘက်တွင် ကျောက်နံရံတစ်ခုရှိနေပေသည်။
အမျိုးသားတစ်ယောက်က လက်မောင်းထဲတွင် ဓားကိုပိုက်လျက် သူ့အရှေ့ရှိကျောက်နံရံကို အချိန်အတော်ကြာအောင် မလှုပ်မယှက်စိုက်ကြည့်နေသည်။
ယဲ့ချိုးပိုင် အနားကိုလျှောက်သွားတာတောင် သူက လုံးဝမလှုပ်ရှားပေ။
ထိုပုဂ္ဂိုလ်ကိုကြည့်ပြီး ယဲ့ချိုးပိုင်လည်း အနှောင့်အယှက်မပေးဘဲ ကျောက်နံရံကိုသာ စိုက်ကြည့်နေလိုက်သည်။
ကျောက်နံရံပေါ်တွင် ထူးခြားသောစာလုံးလည်းမရှိသလို ပန်းချီလည်းမရှိချေ။
ထိုနေရာတွင် ဓားရာများသာ တစ်ခုပြီးတစ်ခုရှိနေလေသည်။
နက်သည့်ဓားရာက နက်ပြီး တိမ်သည့်ဓားရာက တိမ်လေသည်။
ဓားရာတိုင်းမှာ မတူညီသော ဓားသိုင်းစျာန်အဘိညာဉ်ခွန်အားတစ်ခုစီရှိ၏။
၎င်းမှာ အဆုံးမရှိနိုင်တော့သလိုပင်။
ယဲ့ချိုးပိုင်သည် ဓားရာများကိုကြည့်ပြီး မျက်လုံးမှိတ်ချလိုက်သည်။
ဓားရာထဲရှိဓားသိုင်းစျာန်အဘိညာဉ်များက ယဲ့ချိုးပိုင်ဆီသို့ စတင်စီးဆင်းလာဟန်တူ၏။
ဓားသိုင်းစျာန်အဘိညာဉ်များသည် ယဲ့ချိုးပိုင်ကို ကြိုးမျှင်များနှယ် တစ်လွှာပြီးတစ်လွှာဖုံးအုပ်ထားလေသည်။
မူမမှန်သောဤလှုပ်ရှားမှုကြောင့် သူ့နံဘေးရှိလူက လှည့်ကြည့်လာလေ၏။
သူ့မျက်ဝန်းထဲတွင် ထိတ်လန့်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ယဲ့ချိုးပိုင်လည်း ဤအဖြစ်ကို မသိရှာပေ။
လုချန်ရှန်းသည်လည်း ဤသည်မှာ ကစဉ့်ကလျားအမြုတေဓားသွားကိုယ်ထည်၏သက်ရောက်မှုဖြစ်ကြောင်း ယခင်က မသိခဲ့ချေ။