ဗုဒ္ဓနှင့် ပဋ္ဌာန်းဆက်ပါသည်တဲ့လား။
နင်ချန်းရှင်းသည် သူ့ရှေ့ရှိ သင်္ကန်းဝတ်ထားသောဘုန်းကြီးကိုကြည့်ပြီး များများစားစားစားမတွေးမိပေ။ သူသည် ခေါင်းကိုခါယမ်းလျက် ငြင်းပယ်လိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်တော်က တခြားဂိုဏ်းကပါ”
ဘုန်းကြီးအိုကြီးက ထိုစကားကိုကြားသောအခါ ဒေါသထွက်ခြင်းအလျဉ်းမရှိချေ။ ထိုပုဂ္ဂိုလ်က သူ့အား ဆက်လက်သွေးဆောင်နေပြန်၏။
“အကျိုးတော်ဆောင်ကြီး.. မင်းရဲ့ဗုဒ္ဓအထုံပါရမီက အရမ်းနက်နဲတယ်။ ငါနဲ့အတူ စိတ်ကြည်လင်သန့်စင်ရေးဘုရားကျောင်းကို လိုက်ခဲ့မယ်ဆိုရင် ကမ္ဘာကြီးကို ဗုဒ္ဓလမ်းစဉ်တွေနဲ့ကယ်တင်နိုင်မှာ”
ထိုစကားကိုကြားသည့်တိုင် နင်ချန်းရှင်းက ခေါင်းခါပြနေဆဲပင်။
ဘုန်းကြီးအိုကြီးကလည်း အပြုံးလေးဖြင့်ဆိုလာ၏။
“အကျိုးတော်ဆောင်ကြီး ဘာလို့ခေါင်းပဲခါနေရတာလဲ”
နင်ချန်းရှင်းကလည်း ခွန်းတုံ့ပြန်၏။
“မဟာတာအိုလမ်းစဉ်က ပန်းတိုင်တစ်ခုတည်းရှိတာပါ။ ဗုဒ္ဒကလည်း တာအိုပါပဲ။ ကျွန်တော်က ကမ္ဘာကြီးကိုကယ်တင်ဖို့ ဘာလို့ စိတ်ကြည်လင်သန့်စင်ရေးဘုရားကျောင်းကိုသွားရမှာလဲ”
ဘုန်းကြီးအိုကြီးက ပြောသည်။
“စိတ်ကြည်လင်သန့်စင်ရေးဘုရားကျောင်းက ဗုဒ္ဓတရားတော်တွေကို ဟောပြောပို့ချပေးဖို့အတွက် ပဓာနထားတာပါ”
“ပြီးတော့ ဖရိုဖရဲဖြစ်နေတဲ့ဒီနေ့ခေတ်ကြီးမှူ ဗုဒ္ဒတရားတော်တွေကသာ အသင့်တော်ဆုံးပဲ”
“အခု မဟာတိုက်ခိုက်ရေးခေတ်ကြီးကလည်း ရောက်လာတော့မယ်။ ငါစိုးရိမ်မိတာက ငါတို့ဗုဒ္ဓဂိုဏ်းကြီးက လူတွေကို ဒီကပ်ဘေးကြီးကနေကယ်မထုတ်နိုင်မှာကိုပဲ”
မဟာတိုက်ခိုက်ရေးခေတ်ကြီးတဲ့လား။
နင်ချန်းရှင်း ပဟေဠိဖြစ်သွားရသည်။
“မဟာတိုက်ခိုက်ရေးခေတ်ဆိုတာ ဘာကြီးလဲ”
ဘုန်းကြီးအိုကြီးက တိုက်ရိုက်ပြန်မဖြေချေ။ ထိုအစား သူကပြုံးလျက် ပြောလာလေသည်။
“ဒီကိစ္စကိုပြောလို့မဖြစ်ဘူးလို့ ဗုဒ္ဒကဟောထားတယ်”
နင်ချန်းရှင်းက သူ့ခေါင်းကိုခါယမ်းလိုက်မိသည်။ သူ့အတွက်မူ လူတိုင်းသည် ဗုဒ္ဓဂိုဏ်း၏မဟာတာအိုလမ်းစဉ်ကို ယုံကြည်ကိုးကွယ်သော ဤဘုန်းကြီးလို ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ကိုယ်စီကျင့်ကြံနေကြသည်သာဖြစ်၏။
ထိုကိစ္စနှင့်ပတ်သက်ပြီး အမှားဟူ၍မရှိပေ။
ထို့နောက် သူသည် ဘုန်းကြီးအိုကြီးကို အသာအယာဦးညွှတ်ပြလိုက်ပြီး တရားဟောပြောပို့ချရန်အတွက် နောက်တစ်နေရာကို သွားချင်နေပေသည်။
ထိုအခြင်းအရာကိုမြင်သော် ဘုန်းကြီးအိုကြီးက သူ့ကိုထပ်နေဖို့ဆွဲမထားတော့ပေ။ သူ ခေါင်းသာခါယမ်းလိုက်ပြီး သက်ပြင်းချမိသည်။
“နှမြောစရာပဲ။ သူက ဗုဒ္ဓရဲ့သားတော်ရာထူးကိုဆက်ခံဖို့ အသင့်တော်ဆုံးဟာကို။ ဒါပေမဲ့ သူ့ဘက်ကကျတော့ အဲ့လိုမတွေးဘူးပဲ။ ငါ လက်လျှော့ရုံပဲပေါ့”
ဤသို့ဖြင့် သူသည် တစ်ခါမှပေါ်မလာခဲ့ဖူးသလိုမျိုး နေရာမှပျောက်ကွယ်သွားလေတော့သည်။
ထိုအချိန်တွင် ချင်းထျန်းနျန်က စံအိမ်တော်သို့ ရောက်နေလေသည်။
ဝါးကုလားထိုင်လေးပေါ်မှာ အားနည်းဖျော့တော့စွာလဲလျောင်းနေသော လုချန်ရှန်းကိုကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။
“နေ့တိုင်း ဒီလိုတွေလုပ်ရတာ အချိန်ဖြုန်းရာကျတယ်လို့မထင်ဘူးလား”
လုချန်ရှန်းမှာ မျက်လုံးလည်လိုက်မိပြီး အားနည်းစွာပြောလိုက်လေသည်။
“သူတို့ကိုသင်ပေးရတာက ပိုပြီးအချိန်ဖြုန်းရာကျတယ်လို့ပဲ ထင်တယ်”
ချင်းထျန်းနျန် : “…”
“ကောင်းပြီ။ ထိုင်ဦး။ ငါမင်းကို ပြောစရာရှိလို့ ”
လုချန်ရှန်းက မလှုပ်ပေ။ သူ မျက်လုံးမှိတ်လိုက်ပြီး ပြော၏။
“ပြောပါ”
ထိုအခြင်းအရာကိုမြင်သော် ချင်းထျန်းနျန်မှာ သူ့ကို ဘာမှလည်းမလုပ်နိုင်ချေ။ သူ မကျေမနပ်ဖြင့်ပြောရုံသာတတ်နိုင်၏။
“ပင်မကျောင်းတော်မှာ ယဲ့ချိုးပိုင်တစ်ခုခုဖြစ်သွားတယ်”
“တစ်ခုခုဖြစ်သွားတယ်တဲ့လား”
လုချန်ရှန်းမှာ အနည်းငယ်မျှ စတင်တက်ကြွလှုပ်ရှားလာပြီး မေးလိုက်လေ၏။
“အဲ့ဒီကလေးကို ဘယ်သူကရန်စလိုက်ပြန်ပြီ”
ချင်းထျန်းနျန်လည်း ဖြစ်စဉ်အစအဆုံးကိုပြန်ပြောရင်း အနည်းငယ်ဒေါသထွက်သွားချေသည်။
“နောက်ဆုံးကျတော့ စီနီယာယွင်က ယဲ့ချိုးပိုင်ကိုကယ်လိုက်တယ်လေ”
ထိုစကားကိုကြားလိုက်ရပြီးနောက် လုချန်ရှန်းလည်း တုံးခနဲပြန်လှဲလိုက်ပြီး ပြောလေသည်။
“အဆင်ပြေပါတယ်”
ချင်းထျန်းနျန်မှာ ရှေ့ကိုလျှောက်လာပြီး လုချန်ရှန်း၏နားရွက်ကို ဆွဲလိမ်လိုက်သည်။ သူက ဒေါသတကြီးပြောလာလေသည်။
“မင်းကတော့…စီနီယာယွင်က ယဲ့ချိုးပိုင်ကိုကူညီပေးခဲ့တာလေ။ ယဲ့ချိုးပိုင်ရဲ့ဆရာတစ်ယောက်အနေနဲ့ မင်း သူ့ကိုကျေးဇူးမတင်သင့်ဘူးလား”
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ဟုတ်ပါပြီ”
လုချန်ရှန်းခမျာ ခပ်သွက်သွက်မတ်တတ်ထရပ်လိုက်ရပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရသည်။
“သွား သွား သွား.. ကျွန်တော် ခဏလောက်အနားယူပါရစေ”
“အခုချက်ချင်းသွား”
ချင်းထျန်းနျန် ဒေါသထွက်နေသည်ကိုမြင်လိုက်ရသောအခါ လုချန်ရှန်းမှာ ခေါင်းညိတ်ပြပြီး ပြောလိုက်ရသည်။
“ကျွန်တော် အခုပဲသွားလိုက်ပါ့မယ်”
ဤသို့ဖြင့် သူလည်း နေရာမှပျောက်ကွယ်သွားလေတော့သည်။
ချင်းထျန်းနျန်းကမူ မြောက်ပိုင်းဒေသတည်ရှိရာအရပ်မျက်နှာကိုကြည့်ပြီး ခေါင်းတခါခါလုပ်နေမိ၏။
“ဒီကလေးတော့…”
သို့သော် သူ့စကားမဆုံးခင်မှာပင် လုချန်ရှန်းက ချင်းထျန်းနျန်ရှေ့သို့ ပြန်ပေါ်လာပေသည်။ သူသည် ခေါင်းတကုတ်ကုတ်လုပ်လျက် ပြောလာ၏။
“အမ်.. ဦးလေးချင်း မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က ဘယ်နားမှာလဲ”
ချင်းထျန်းနျန် : “…”
ချင်းထျန်းနျန်လည်း လုချန်ရှန်းအား တည်နေရာကိုညွှန်ပြလိုက်ရသည်။
ထို့နောက်မှာတော့ လုချန်ရှန်းလည်း ထွက်သွားလေတော့သည်။
ချင်းထျန်းနျန်ခမျာ ကူကယ်ရာမဲ့စွာပြောလိုက်မိ၏။
“ဒီကလေးက ဘာလို့ဒီလောက်တောင် စိတ်မချချင်စရာကောင်းနေရတာလဲ”
အခြားတစ်ဖက်တွင်မူ နေမဝင်အင်ပါယာထဲ၌..
လက်ရှိအချိန်တွင် နန်းတော်ခန်းမထဲ၌ ဟွမ်းထျန်းမင်နှင့် ဘုရင်ဟွမ်းယီထုံတို့ ရှိနေချေသည်။
“ဒီသတင်းက အမှန်ပဲလား”
ဟွမ်းထျန်းမင်၏အမူအရာမှာ မှုန်မှိုင်းနေပြီး ခေါင်းညိတ်ပြလျက်ပြန်ပြောလိုက်သည်။
“အမှန်ပါပဲ။ ဟွမ်းကျန်းကျန့်က ယဲ့ချိုးပိုင်ရဲ့လက်ချက်နဲ့ ဆုံးသွားပါပြီ”
ထိုအကြောင်းကိုကြားသော် ဟွမ်းယီထုံသည် ခေါင်းလည်းညိတ်ပြရင်း ဟွမ်းထျန်းမင်ကိုလည်း စိတ်ပျက်စွာစိုက်ကြည့်နေချေသည်။
“သူက ပင်လယ်ရေလှိုင်းအဆင့်လေးနဲ့ ကျန်းကျန့်ကိုသတ်နိုင်တာပဲ။ အဲ့သလိုပဲ သူက နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းထဲမှာပါတဲ့ ထျန်းရွှမ်းကိုလည်းသတ်ပစ်ခဲ့တယ်။ ယဲ့ချိုးပိုင်က သူ့ထက်မြက်မှုကိုထုတ်ပြခဲ့ပြီးပြီလို့ပြောလို့ရတယ်”
ဟွမ်းယီထုံ၏ ခံစားချက်ကင်းမဲ့သောစကားများကိုကြားသောအခါ ဟွမ်းထျန်းမင်လည်း မတုန်လှုပ်ဘဲမနေနိုင်တော့ပေ။
သူ့ခမည်းတော် ဒေါသထွက်နေပြီဖြစ်ကြောင်း သူသိလိုက်သည်။
ဟွမ်းထျန်းမင်လည်း ရုတ်ခြည်းဒူးထောက်ချလိုက်ပြီး အရိုအသေပေးလိုက်သည်။
“ခမည်းတော်..ကျွန်တော့်ကို အချိန်နည်းနည်းလောက်ထပ်ပေးပါ။ ကျွန်တော် သေချာပေါက် ယဲ့ချိူးပိုင်ကိုသတ်မှာပါ”
“အချိန်လား”
ဟွမ်းယီထုံက နောက်ကို တစ်ပတ်လှည့်လိုက်ပြီး ကြမ်းပြင်ပေါ်မှာဒူးထောက်နေသောဟွမ်းထျန်းမင်ကို ကြည့်လိုက်လေ၏။
“ငါ မင်းကိုအချိန်အများကြီးပေးခဲ့ပြီးပြီ။ ဒါပေမဲ့…”
“မင်း ငါ့ကို သိပ်စိတ်ပျက်အောင်လုပ်တာပဲ။ ယဲ့ချိုးပိုင်က ပိုပိုပြီးအစွမ်းထက်လာပြီ”
“သူ့နောက်မှာ ကျောထောက်နောက်ခံအဖြစ်နဲ့ တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ရှိနေရုံတင်မကဘူး။ ဓားသိုင်းပညာရှင်ယွင်ကျင်းကလည်း သူ့ကိုထောက်ပံ့ပေးနေသေးတယ်။ အဲ့ဒီအပြင် အခု ပင်မကျောင်းတော်ကလည်း သူ့ကိုထောက်ပံ့ပေးနေတဲ့ကိစ္စကို စိတ်ပူနေရတာကွ”
ထိုအကြောင်းကိုကြားသော် ဟွမ်းထျန်းမင်ခမျာ ထိတ်လန့်တုန်လှုပ်သွားချေသည်။
“ပင်မကျောင်းတော်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဟွမ်းယီထုံ၏မျက်ဝန်းထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားလေသည်။
“မင်း ဒါလေးတောင်နားမလည်ဘူးလား”
“ယဲ့ချိုးပိုင်က ဥပဒေပြဋ္ဌာန်းရေးခန်းမရဲ့ခန်းမအရှင် ကျိုးရှီကျုံးရဲ့ရှေ့မှာတင် ဟွမ်းကျန်းကျန့်ကိုသတ်ပစ်နိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပါယ်က ပင်မကျောင်းတော်ကလည်း ယဲ့ချိုးပိုင်ကို ပိုဘက်လိုက်နေတယ်ဆိုတဲ့သဘောပဲလေ”
“အဲ့ဒီလူတွေက ယဲ့ချိုးပိုင်ရဲ့စွမ်းရည်ကိုအသိအမှတ်ပြုထားပြီးပြီလို့လည်းပြောလို့ရတယ်”
ထိုအကြောင်းကိုကြားသော် ဟွမ်းထျန်းမင်၏မျက်နှာမှာ ဖြူဖျော့သွားလေသည်။
ဟွမ်းယီထုံ၏စကားသာမှန်နေခဲ့လျှင် ယဲ့ချိုးပိုင်ကို သူသတ်နိုင်မည့်ဖြစ်နိုင်ခြေမှာ သုညသာဖြစ်၏။
သူသည် ဓားသိုင်းပညာရှင်ယွင်ကျင်း၏အထောက်အပံ့ကို ရထားရုံသာမက ပင်မကျောင်းတော်၏မျက်နှာသာပေးခြင်းကိုလည်း ခံထားရသည်။
ပင်မကျောင်းတော်၏ခွန်အားမှာ နေမဝင်အင်ပါယာထက်သာလွန်လေသည်။
ဟွမ်းယီထုံပင်လျှင် သူတို့ကိုမဆန့်ကျင်ရဲပေ။
ဒီတော့ ငါဘာလုပ်ရမလဲ..
ဟွမ်းထျန်းမင်တစ်ယောက် ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။
ဟွမ်းယီထုံကလည်း ဟွမ်းထျန်းမင်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
“အခုမှတော့ ငြိမ်းချမ်းရေးကမ်းလှမ်းဖို့မဖြစ်နိုင်တော့ဘူး။ စိတ်ပူမနေနဲ့။ ဒါကို ငါကိုင်တွယ်လိုက်မယ်”
ဤစကားကိုကြားသည့်တိုင် ဟွမ်းထျန်းမင်မှာ ကံကောင်းသလိုမခံစားမိပေ။ ထိုအစား သူ့မျက်နှာမှာ ပို၍ပင်ဖြူဖျော့သွားချေသည်။
သူ့ခမည်းတော်က သူ့အပေါ်လက်လျှော့ထားလိုက်ပြီဖြစ်ကြောင်း သူသိသည်။
ထပ်ခါတလဲလဲကျရှုံးမှုများက ဟွမ်းယီထုံ၏နှလုံးသားထဲရှိ သူ့နေရာကိုဆုံးရှုံးသွားစေခဲ့သည်။
သူပိုင်ဆိုင်မှုဖြစ်သော တိုင်းပြည်၏ဆက်ခံသူဖြစ်နိုင်ခြေလည်း ဝေးလေပြီ။
တစ်ချိန်တည်းမှာပင် ခြံဝင်းထဲ၌..
ကျန်းချန်မှာ ထိုသတင်းကိုကြားသောအခါ စိတ်သက်သာရာစွာသက်ပြင်းချလိုက်မိသည်။
သို့သော်ငြား သူ(မ)နှင့်ယဲ့ချိုးပိုင်အကြားရှိလက်ရှိဆက်ဆံရေးကို သတိရမိလိုက်ချိန်မှာတော့ စိတ်ပူပန်နေဟန်အမူအရာမျိုးပြောင်းလဲသွားလေ၏။
တစ်ဖက်တွင်မူ ဟုန်ရင်မှာ တောင်တန်းတစ်ခုပေါ်တွင် ရှိနေလေသည်။
ထိုနေရာ၏အတွင်းပိုင်းမှာ တောင်တန်းဝိညာဉ်ချီစွမ်းအင်များနှင့် ပြည့်နှက်နေချေသည်။
ဤသည်မှာ တောင်တန်းဗဟိုချက်ပင်ဖြစ်၏။
ဤတောင်တန်းသည် ရှေးပညာရှိများက ဖန်တီးထားခြင်းဖြစ်၏။
ဟုန်ရင်က သူ(မ)၏ရှေ့တွင်ရှိနေသော အလွန်အမင်းအားနည်းဖျော့တော့နေသည့်စိတ်ဝိညာဉ်ကိုကြည့်လိုက်၏။
သူ(မ)၏စိတ်ဝိညာဉ်သည် အစစ်အမှန်နှင့်ပုံရိပ်ယောင်အကြား တစ်လှည့်စီပြောင်းလဲနေလေသည်။
“အရှင်မ..မဟာတိုက်ခိုက်ရေးခေတ်ကြီးက မကြာခင်စတင်လာပါတော့မယ်။ ကျေးဇူးပြုပြီး ဒီမတိုင်ခင်မှာ လက်အောက်ငယ်သားဟောင်းတွေကိုစုစည်းပြီး တိမ်တိုက်ဖီးနစ်အင်ပါယာကို ပြန်လည်ဖွဲ့စည်းထားလိုက်ပါ”
“အဲ့ဒါမှ ကျွန်တော်တို့တွေလည်း ကောင်းကင်ဘုံတိုက်ခိုက်ရေးလမ်းကြောင်းကို နောက်တစ်ခါထပ်တိုက်လို့ရမှာပါ”
ဟုန်ရင်က ခေါင်းညိတ်ပြသည်။
ကောင်းကင်ဘုံတာအိုမှာ ပြိုလဲခဲ့လေပြီ။ အကယ်၍ သူ(မ)သာ ဤကမ္ဘာကိုစွန့်ခွါပြီး ပိုမြင့်မားသောနေရာကိုသွားလိုလျှင် သူ(မ)အနေနှင့် ကောင်းကင်ဘုံလမ်းကြောင်းကိုသာ အသုံးပြုရမည်ဖြစ်၏။
ကောင်းကင်ဘုံလမ်းကြောင်းကို စောင့်ကြပ်နေသောပုဂ္ဂိုလ်မှာ အနှိုင်းမဲ့စွမ်းအားကြီးမားလှပေသည်။
ထိုအခါက ကောင်းကင်ဘုံလမ်းကြောင်းကိုတိုက်ခိုက်ခဲ့စဉ်မှာ တိမ်တိုက်ဖီးနစ်အင်ပါယာသည် ဖျက်ဆီးခံခဲ့ရ၏။
ယခုမူ မဟာတိုက်ခိုက်ရေးခေတ်ကြီး စတင်တော့မည့်ဖြစ်ရာ ဟုန်ရင်အနေနှင့် ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်မှဖြစ်ပေမည်။