Switch Mode

အခန်း (၈၀)

မင်းက ဗုဒ္ဓနဲ့ပဋ္ဌာန်းဆက်ရှိတယ်

ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်၏မျက်လုံးထဲမှာမူ ယဲ့ချိုးပိုင်သည် တောင်ပိုင်းဒေသမှ ပညာသင်ကျောင်းသားတစ်ဦးမျှသာဖြစ်သည်။

သူက ပါရမီရှင်တစ်ဦးဖြစ်နေတော့ရော ဘာအရေးလဲ။ သူ့ဘဝတစ်သက်မှာ ပါရမီရှင်ဘယ်လောက်များများကို မြေတောင်မြှောက်ပေးခဲ့တာမို့လို့လဲ…

ထို့ပြင် ဟွမ်းကျန်းကျန့်သည် သူ့တပည့်ဖြစ်သည်။ သို့ဖြစ်ရာ သူ့အနေနှင့် သဘာဝကျကျပင် သူ့ကိုကာကွယ်ပေးရမည်။

တစ်ပါးလူ၏လက်ထဲမှာ သူအားသေခွင့်မပြုနိုင်ချေ။

ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်၏တိုက်ခိုက်မှုမှာ မျှော်လင့်မထားသည့်ကိစ္စဖြစ်၏။

ပျံလွှားတိမ်တိုက်စင်မြင့်သည် ရန်ငြိုးအမုန်းတရားများကို ဖြေဖျောက်ကာ သေသည်အထိတိုက်ခိုက်ရမည့်နေရာဖြစ်သည်။

ဤသည်မှာ ဥပဒေပြဋ္ဌာန်းရေးခန်းမကိုယ်တိုင် ကြီးကြပ်ကွပ်ကဲသောနေရာလည်းဖြစ်၏။

ဥပဒေပြဋ္ဌာန်းရေးခန်းမ၏အရှင်တစ်ယောက်အနေနှင့် အလွန်ဘက်လိုက်လှပေသည်။

ယဲ့ချိုးပိုင်၏မျက်လုံးများသည် အေးစက်မှုအရိပ်အယောင်များဖုံးလွှမ်းသွားပြီး ဓားကို လွှဲယမ်းလိုက်လေသည်။

ဤဓားသည် ငြိမ်းချမ်းသောတောင်တန်းများနှင့်မြစ်ပြင်များကို တိုက်ရိုက်အသုံးပြုထားခြင်းပင်။

အာဒိကပ္ပဓားသိုင်းကျမ်းသည်လည်း အစွမ်းရှိသမျှတိုက်ခိုက်လေတော့သည်။

ဓားသိုင်းစျာန်အဘိညာဉ်များသည် ကောင်းကင်ဘုံထိတိုင်ကျူးကျော်ထိပါးနေလေပြီ။

တစ်ဖက်လူသည် ချန်းယွမ်အဆင့်ပညာရှင်စစ်စစ်ဖြစ်သည်။

သူသည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းထဲတွင်လည်း ရှိနေပြန်သည်။

ယဲ့ချိုးပိုင်အနေနှင့် သူ့ကို လျှော့မတွက်ရဲပေ။

သို့သော် ထိုသို့ဆိုလျှင်ပင် လက္ခဏာအမှတ်အသားကြောင့် အပိုင်းပိုင်းအစစဖြစ်နေရရှာသော ဓားရောင်ခြည်များသည် ယဲ့ချိုးပိုင်ဆီသို့ ကျရောက်လာလေသည်။

ဖူး…

သူသည် သွေးတစ်ပွက်စာမျှအန်ထုတ်လိုက်မိပြီး လေထဲကိုလွင့်ထွက်သွားလေသည်။

ရှင်းလင်းနေသည့်အချက်မှာ အကယ်၍ သူသာ အစိမ်းရောင်တိမ်တိုက်ဓားသွားကို အသုံးမပြုပါက နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိ ပညာရှင်များကိုတိုက်ခိုက်နိုင်ရန် ခက်ခဲနေဆဲပင်။

ဥပဒေပြဋ္ဌာန်းရေးခန်းမ၏ခန်းမအရှင်သည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်တွင် အဆင့်၂၁ဖြစ်၏။

ယဲ့ချိုးပိုင်သည် ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်ကိုကြည့်ပြီး အေးတိအေးစက်နှာမှုတ်လိုက်သည်။

“ဒါက ဥပဒေပြဋ္ဌာန်းရေးခန်းမတဲ့လား။ စည်းကမ်းတွေကို ခင်ဗျားတို့စိတ်ကြိုက်ချိုးဖျက်ချင်သလိုချိုးဖျက်နေမယ်ဆိုရင် ဘာလို့ ဥပဒေပြဋ္ဌာန်းရေးခန်းမကို တည်ထောင်ထားသေးလဲ”

ထိုစကားကိုကြားလိုက်ရသော လူအပေါင်းမှာ ပင့်သက်ရှိုက်လိုက်မိကြသည်။

သူတို့လည်း လက်မခံနိုင်လောက်အောင်ဖြစ်ရသော်ငြား ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်ကဲ့သို့သော ပညာရှင်တစ်ဖြစ်လဲ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိပုဂ္ဂိုလ်မျိုးရှေ့မှာ သူတို့၏ဒေါသကို မျိုသိပ်ထားရုံသာရှိသည်။

သို့သော် ယဲ့ချိုးပိုင်ကမူ စိုးရိမ်ကြောက်လန့်နေခြင်း အလျဉ်းမရှိပေ။

သူ ပြောချင်လျှင် ပြောချပစ်လိုက်သည်သာ။

ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်သည်လည်း ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး လက်ဝါးကိုထပ်ဝှေ့ယမ်းလိုက်ပြန်၏။

ယဲ့ချိုးပိုင်ကို ဤနေရာမှာသတ်ဖြတ်လိုက်ခြင်းက သူ့ဂုဏ်သိက္ခာကိုထိခိုက်စေသည်ဆိုသော်ငြား အချိန်တစ်ခုကြာလျှင် အဆင်ပြေသွားမည်ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဤကမ္ဘာကြီးမှာ အင်အားကြီးသူကိုသာ ဦးညွှတ်ကြဆဲပင်။

စည်းကမ်းတွေကိုတော့လား။

ထိုစည်းကမ်းများသည် ပညာရှင်များဖန်တီးထားသောအရာဖြစ်သည်။ ပညာရှင်များအနေနှင့် ဖောက်ဖျက်လိုက်လည်းဖြစ်၏။

ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင်၏မျက်ဝန်းအစုံမှာ အညှာအတာကင်းမဲ့သွားပြီး အစိမ်းရောင်တိမ်တိုက်ဓားသွားကို နောက်တစ်ကြိမ်ဆွဲထုတ်ချင်စိတ်ပေါက်သွားရသည်။

ထိုအချိန်မှာပင် ဓားသွားအလင်းတန်းတစ်ခုက ကောင်းကင်ဆီမှဖြာကျလာပြီး ယဲ့ချိုးပိုင်ရှေ့သို့သက်ဆင်းလာ၏။

ထို့နောက် သူက သူ့လက်ချောင်းကိုဆန့်ထုတ်လိုက်၏။

လက်ချောင်းထဲရှိခွန်အားတစ်ရပ်က ဓားသွားချီစွမ်အင်အဖြစ်ပြောင်းလဲသွားပြီး လက္ခဏာအမှတ်အသားကို ပြိုကွဲသွားစေလေသည်။

ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်မှာ ယဲ့ချိုးပိုင်၏အရှေ့မှလူကိုကြည့်ပြီး မျက်လုံးများမှေးကျဉ်းထားလိုက်မိသည်။

ကျန်းချောင်မြန်က ပို၍ပင်အံ့သြသွားရလေသည်။

“ဆရာ”

ရောက်လာသူမှာ မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ဓားသိုင်းကျင့်ကြံသူတစ်ဦးလည်းဖြစ်၊ မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏အန္တိမအကြီးအကဲလည်းဖြစ်သည်။

ယွင်ကျင်းသည်နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်တွင် နံပါတ်ခြောက်နေရာ၌ရှိ၏။

သူသည် ဓားသိုင်းဘိုးဘေးတစ်ဦးပင်ဖြစ်၏။

ယဲ့ချိုးပိုင်သည် ယခုလက်ရှိ မဟာဓားသိုင်းပညာရှင်တစ်ဦးဖြစ်နေလေပြီ။ မဟာဓားသိုင်းပညာရှင်၏အထက်တွင် ဓားသိုင်းဘိုးဘေးရှိ၏။

ဓားသိုင်းဘိုးဘေး၏အထက်တွင်မူ ဓားသိုင်းပညာရှိပင်။

“ယွင်ကျင်းလား။ မင်း မြောက်ပိုင်းဒေသကျောင်းတော်ကို ဘာလို့ စောင့်ရှောက်မနေဘဲ အလယ်ပိုင်းကို ဘာလာလုပ်တာလဲ”

ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်သည် မျက်လုံးကိုမှေးကျဉ်းကာ သူ့လေသံကလည်း စိတ်မကျေနပ်မှုများဖြင့် ပြည့်နှက်နေလေသည်။

ယွင်ကျင်းကတော့ အမူအရာကင်းမဲ့နေလေသည်။ သူသည် ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်ကိုကြည့်ပြီး အေးတိအေးစက်ပြောချလိုက်သည်။

“ကျိုးရှီကျုံး.. မင်းရဲ့စရိုက်က အခုထိမပြောင်းလဲသေးတဲ့ပုံပဲ။ သိပ်မောက်မာလွန်းတယ်။ မင်းက လျှို့ဝှက်တာအိုကျောင်းတော်ဆီကို အနှေးနဲ့အမြန် ပြဿနာသယ်လာလိမ့်မယ်”

ကျိုးရှီကျုံးက နှာမှုတ်လျက် ခွန်းတုံ့ပြန်၏။

“ဘာလို့လဲ။ မင်း သူ့ကိုကာကွယ်ပေးချင်လို့လား”

“သူ့ပြစ်မှုကဘာလဲ”

ယွင်ကျင်းက မေး၏။

“ပျံလွှားတိမ်တိုက်စင်မြင့်ရဲ့စည်းမျဉ်းတွေက မင်းတို့ဥပဒေပြဋ္ဌာန်းရေးခန်းမကပဲ ချမှတ်ထားတာလေ။ အဲ့ဒါကို မင်းတို့ကိုယ်တိုင်ချိုးဖောက်ချင်တာလား”

“ကျိုးရှီကျုံး..အိုး.. ကျိုးရှီကျုံး.. ငါတို့လျှို့ဝှက်တာအိုကျောင်းတော်ရဲ့ဂုဏ်သိက္ခာကျဆင်းသွားမှာမကြောက်ဘူးလား။

ယွင်ကျင်း၏စကားလုံးမှာ နှလုံးသားကိုတည့်ထိလေသည်။

ကျိုးရှီကျုံး၏အမူအရာမှာ လွန်စွာအကျည်းတန်သွားသော်လည်း သူလုပ်နိုင်တာလည်းမရှိပေ။

ယွင်ကျင်း၏ခွန်အားမှာ သူ့ထက် အများကြီးသာလွန်လေသည်။

သူ့ရာထူးကလည်း ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်ဖြစ်သောသူ့ထက် လွန်စွာမြင့်မားလှသည်။

ယွင်ကျင်းက ယဲ့ချိုးပိုင်ကိုလှည့်ကြည့်ပြီးပြောလိုက်သည်။

“မင်းကြိုက်တာလုပ်”

“ဓားသိုင်းကျင့်ကြံသူတစ်ယောက်ရဲ့ဓားသွားက ယိမ်းယိုင်လို့မရဘူး။ ဓားသိုင်းကျင့်ကြံသူတစ်ယောက်ရဲ့နှလုံးသားက ရပ်တန့်လို့မရဘူး

ယွင်ကျင်းသည် ယဲ့ချိုးပိုင်၏စွမ်းရည်ကို သိမြင်ထားပြီးဖြစ်၏။

ယွင်ကျင်း၏အမြင်အရဆိုလျှင် သူသည် ဓားသိုင်းပညာရှိဖြစ်လာနိုင်ခြေရှိသည်။

ဓားသိုင်းပညာရှိပေါ်ထွန်းမလာခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့်ချီခဲ့လေပြီ။

ဓားသိုင်းပညာရှိတစ်ဦးထွန်းပေါက်လာခြင်းကို သူ မျက်မြင်တွေ့ချင်မိသည်။

ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလျက် ဟွမ်းကျန်းကျန့်ကိုကြည့်လိုက်သည်။

ထို့နောက် သူသည် မှော်နက်မိစ္ဆာဓားသွားကိုထုတ်ယူကာ သူ့ဆီသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။

ခြေတစ်လှမ်းစီတိုင်းမှာ ဓားသိုင်းစျာန်အဘိညာဉ်တို့က များသည်ထက်များပြားလာသည်။

သူ့အရှိန်အဝါကလည်း ဤအခိုကိအတန့်လေးမှာ ပိုသန်မာသည်ထက်သန်မာလာလေသည်။

ဟွမ်းကျန်းကျန့် ထိုမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်က သူ့ကို သေချာပေါက်လာသတ်တော့မည်ဖြစ်ကြောင်း သိလိုက်သည်။

သူ့ရှေ့ရှိ ကျိုးရှီကျုံးကိုမကြည့်ဘဲ မနေနိုင်လိုက်ချေ။

ကျိုးရှီကျုံး၏အမူအရာမှာ လွန်စွာအကျည်းတန်နေ၏။ သူသည် ယဲ့ချိုးပိုင်ကိုကြည့်ပြီး မာမာထန်ထန်ပြောလိုက်သည်။

“မင်း တကယ်ပဲတစ်ဇွတ်ထိုးလုပ်ချင်တာလား”

ယဲ့ချိုးပိုင်က စကားမပြန်ချေ။

သူ့အရှိန်အဝါသည် တရစပ်မြင့်တက်နေဆဲပင်။

ထိုအခြင်းအရာကိုမြင်သော် ကျိုးရှီကျုံးသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး တိုက်ခိုက်ရန်ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် ယွင်ကျင်းကလည်း ကျိုးရှီကျုံးရှေ့ကိုရောက်ချလာပြီး သူ့မျက်ခုံးနှစ်ဖက်ကြားနေရာကို လက်ညှိုးညွှန်လိုက်ချေသည်။

ထိုအခိုက်အတန့်လေးမှာ ယွင်ကျင်း၏မျက်နှာသည် ရေခဲတမျှအေးစက်နေပြီး သူ့အသံကလည်း ငရဲအလား တစ်စုံတစ်ယောက်၏နှလုံးသားကို အေးခဲပြီး ကြောက်ရွံ့ထိတ်လန့်သွားစေသည်။

“မင်း ထပ်လှုပ်ရဲရင်လှုပ်လိုက် ကျိုးရှီကျုံး.. လျှို့ဝှက်တာအိုကျောင်းတော်ရဲ့သိုးမည်းတစ်ကောင်ကို နေရာမှာတင်ရှင်းပစ်ဖို့လည်း ငါ လက်မတွန့်ဘူးနော်”

လျှို့ဝှက်တာအိုကျောင်းတော်သည် တာအိုလမ်းစဉ်သင်ကြားပြသပေးရန်ဝတ္တရားရှိလေသည်။

စည်းမျဉ်းစည်းကမ်းများကလည်း များပြားလှသည်။

အကယ်၍ ပျံလွှားတိမ်တိုက်စင်မြင့်၏စည်းမျဉ်းများကို သာမန်ကာလျှံကာချိုးဖောက်မိပါက ကျောင်းသားများက ကျောင်းတော်ကို မေးခွန်းထုတ်လာတော့မည်မဟုတ်ပါလား။

ကျောင်းတော်ထဲမှကျောင်းသားများဘက်က အယုံအကြည်ကင်းမဲ့သွားပါက သူတို့အနေနှင့် လောကကြီးကို ဘယ်လိုဟောပြောဆုံးမနိုင်တော့မည်တဲ့လဲ။

သူတို့ဂုဏ်သိက္ခာကို ဘယ်လိုများမြှင့်တင်ရတော့မည်တဲ့လဲ။

ကျိုးရှီကျုံး၏လုပ်ရပ်များသည် ယွင်ကျင်း၏အောက်ခြေစည်းကို ထိပါးမိလိုက်ပြီဖြစ်၏။

ယွင်ကျင်း၏မျက်ဝန်းထဲမှ သတ်ဖြတ်ရေးစျာန်အဘိညာဉ်များကို အာရုံခံစားမိလိုက်သောအခါ ကျိုးရှီကျုံးလည်း သူသာထပ်လှုပ်ရှားရဲပါက သူ့အရှေ့ရှိဓားသိုင်းပညာရှင်က သူ့ကို လက်မနှေးဘဲသတ်ပစ်တော့မည်ဆိုသည်ကို တပ်အပ်သိလိုက်လေသည်။

ထို့ကြောင့် ယဲ့ချိုးပိုင် ဟွမ်းကျန်းကျန့်ဆီသို့ တစ်လှမ်းချင်းတိုးသွားနေသည့်မြင်ကွင်းကိုသာ သူကြည့်နေလိုက်ရသည်။

ထိုအချိန်မှာ ဟွမ်းကျန်းကျန့်သည် သွေးမီးတောက်မိစ္ဆာနည်းဗျူဟာ၏နောက်ဆက်တွဲဆိုးကျိုးကြောင့် လှုပ်ရှားနိုင်စွမ်းကင်းမဲ့နေပြီဖြစ်၏။ သူသည် ဓားတစ်လက်ကိုင်စွဲလျက် သူ့ဆီကိုချဉ်းကပ်လာသောယဲ့ချိုးပိုင်ကိုကြည့်ရင်း တစ်စုံတစ်ခုကိုပြောတော့မည်ဆဲဆဲမှာပင် သူ့ပါးစပ်ကိုပိတ်ထားလိုက်ရသည်။

လက်ရှိမှာ သူ ဘာပြောပြော အသုံးမဝင်မှန်းသိနေသောကြောင့်ပင်။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်သည် ဘက်မတူကြချေ။

နှစ်ဖက်စလုံးသည် တစ်ဖက်လူမသေမချင်း အနားမရနိုင်သောအခြေအနေမှာ ရှိနေကြခြင်းပင်။

သူ့မျက်လုံးကိုသာ မှိတ်ထားမိလိုက်တော့သည်။

ယဲ့ချိုးပိုင်က ဟွမ်းကျန်းကျန့်ရှေ့သို့ ကြောက်မက်ဖွယ်ဓားသိုင်းစျာန်အဘိညာဉ်တို့ကိုသယ်ဆောင်ကာ လျှောက်လာပြီးနောက် ဓားဖြင့်လွှဲယမ်းပစ်လိုက်လေသည်။

တွေဝေတုံ့ဆိုင်းနေခြင်း အလျဉ်းမရှိပေ။

ထိုဓားချက်သည် ဟွမ်းကျန်းကျန့်၏မျက်ခုံးနှစ်ဖက်ကြားရှိနေရာကို ထိုးဖောက်သွားသည်။

ထိုနေရာတွင် မည်သည့်အရှိန်အဝါမှမရှိတော့ပေ။ ဟွမ်းကျန်းကျန့်လည်း သေဆုံးသွားလေပြီ။

ထိုမြင်ကွင်းကိုမြင်လိုက်ရသော ကျိုးရှီကျုံး၏အမူအရာမှာ အလွန်အမင်းအကျည်းတန်သွားလေသည်။ သူသည် အေးတိအေးစက်နှာမှုတ်လျက် အဝေးသို့ပျံသန်းသွားလေတော့သည်။

ထိုမြင်ကွင်းကိုမြင်သောအခါ ယွင်ကျင်းသည် လက်ပြန်ချလိုက်ပြီး ယဲ့ချိုးပိုင်ကိုကြည့်လိုက်၏။

“ကောင်းကောင်းလေ့ကျင့်..”

ဤသို့ဖြင့် သူသည် ကျန်းချောင်မြန်ကို ငေးကြည့်လိုက်သည်။

ကျန်းချောင်မြန် : “…”

သူ့ဆရာ၏အကြည့်က ဘာအဓိပ္ပါယ်လဲဆိုသည်ကို သူသိသည်။

ယဲ့ချိုးပိုင်ကိုကြည့်ပြီး မင်းကိုယ်မင်းပြန်ကြည့်စမ်း…

စိတ်ပျက်ဖို့ကောင်းလိုက်တဲ့ ကောင်လေး…

ထိုအခိုက်တွင် လေထုအလယ်ရှိ သက်လတ်ပိုင်းလူကြီးတစ်ယောက်၏ဘေးသို့ ရောက်သွားလေသည်။

“မင်း သူ့ကို မျှော်လင့်ချက်ခပ်ကြီးကြီးထားလိမ့်မယ်လို့ထင်မထားဘူး”

ယွင်ကျင်းက သက်လတ်ပိုင်းအရွယ်အမျိုးသားကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဒီကလေးက မွေးရာပါဓားသိုင်းကျင့်ကြံသူတစ်ယောက်ပဲ။ အဲ့ဒီအဆင့်ကိုတက်လှမ်းနိုင်တာလည်း သူတစ်ယောက်ပဲရှိတယ်။ ငါ့လျှို့ဝှက်တာအိုကျောင်းတော်ကဆိုတာကိုအသာထားဦး။ ငါ သူ့ကိုကာကွယ်ပေးရမှာ သဘာဝပဲလေ”

“ဒါပေမဲ့ ခေါင်းဆောင်.. ခင်ဗျားလည်း အခုလေးတင်ရောက်လာမလား။ ဘာလို့ ယဲ့ချိုးပိုင်ကိုမတားခဲ့တာလဲ”

သက်လတ်ပိုင်းအရွယ်အမျိုးသားက ပြုံးလျက်ပြောလေသည်။

“ကျိုးရှီကျုံးက တအားစည်းကျော်လွန်းနေပြီ။ သူက ဥပဒေပြဋ္ဌာန်းရေးခန်းမရဲ့အရှင်ဖြစ်ဖို့ မထိုက်တန်တော့ဘူး”

ထို့ပြင် သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ယဲ့ချိုးပိုင်၏နောက်ကွယ်ရှိပုဂ္ဂိုလ်ကို ပိုကြောက်နေမိသည်။

ကြောက်ခမန်းလိလိဆရာသခင်..

ထိုကဲ့သို့သောတပည့်မျိုးကို ပျိုးထောင်နိုင်သူမှာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်လေမလဲ။

“ယွင်ကျင်း..မင်း ဘာလို့ ပင်မကျောင်းတော်ကိုပြန်လာပြီး ဥပဒေပြဋ္ဌာန်းရေးခန်းမရဲ့ ခန်းမအရှင်လာမလုပ်တာလဲ”

“မေ့လိုက်တော့။ ငါ လွတ်လွတ်လပ်လပ်နေချင်သေးတယ်”

“မင်း,.”

တစ်ချိန်တည်းမှာပင် တောင်ပိုင်းရှိ မြင့်မားလှသောတောင်တန်းရွာလေးထဲမှာမူ..

နင်ချန်းရှင်းသည် ရွာလေးထဲမှထွက်မည့်ဆဲဆဲမှာပင် ဘုန်းကြီးတစ်ပါးက သူ့ရှေ့မှာ ရုတ်ခြည်းပေါ်ပေါက်လာလေသည်။

“အကျိုးတော်ဆောင်ကြီး..မင်းက ဗုဒ္ဓနဲ့ ပဋ္ဌားဆက်ပါတာပဲ။ ငါနဲ့အတူ စိတ်နှလုံးစင်ကြယ်သန့်စင်ရေးကျောင်းတော်ကို လိုက်ခဲ့ချင်လား”

Comment

Leave a Reply

Options

not work with dark mode
Reset