Switch Mode

အခန်း (၇၉)

အာဒိကပ္ပဓားသိုင်းကျမ်း၊ ငြိမ်းချမ်းလှသောတောင်တန်းနှင့်မြစ်ပြင်များ

အာဒိကပ္ပဓားသိုင်းသည် အဆုံးမဲ့အသက်ဓာတ်များဖြင့် ပြည့်နှက်နေချေသည်။

ယခု ဟွမ်းကျန်းကျန့်သည် သွေးမီးတောက်မိစ္ဆာနည်းဗျူဟာကိုအသုံးပြုထားသောကြောင့် သူ့ခွန်အားသည် အဆပေါင်းများစွာတိုးပွါးနေပြီး ချန်းယွမ်အဆင့်ကိုပင် ယှဉ်နိုင်စွမ်းရှိသည်။

ယဲ့ချိုးပိုင်က နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိပညာရှင်တစ်ဦးကို သုတ်သင်နိုင်ခဲ့သော်လည်း သူသည် အကူပစ္စည်းနှင့် အကူကိရိယာများကို မှီခိုနေရဆဲဖြစ်၏။

တစ်ဖက်လူကို ယှဉ်နိုင်မလားဆိုသည်ကို ယဲ့ချိုးပိုင်မသိသော်ငြား စမ်းကြည့်ချင်မိသည်။

ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထက်မှာ တိုက်ခိုက်ရေးအရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး သူ့မျက်ဝန်းထဲရှိ တည်ငြိမ်နေဟန်အမူအရာကိုမြင်သောအခါ ဟွမ်းကျန်းကျန့်မှာ မှင်တက်စွာငေးမကြည့်ဘဲမနေနိုင်ချေ။

ထို့နောက် သွေးများက ငယ်ထိပ်အထိဆောင့်တက်လာပြီး သူ၏ဆင်ခြင်တုံတရားကို မောင်းထုတ်ပစ်လိုက်လေသည်။ သူ အမျက်ခြောင်းခြောင်းထွက်သွားလေ၏။

ဤသည်မှာ သွေးမီးတောက်မိစ္ဆာနည်းဗျူဟာ၏ နောက်ဆက်တွဲဆိုးကျိုးပင်။

သတိမမူမိဘဲ ဖိနှိပ်မထားနိုင်လိုက်လျှင် မန္တန်ရွတ်ဆိုသူ၏စိတ်ဝိညာဉ်ဆီကို ကြောက်မက်ဖွယ်ကောင်းသော ထိုသတ်ဖြတ်ရေးစျာန်အဘိညာဉ်များက တိုးလျှိုးဝင်ရောက်ချဉ်းကပ်လာပြီး သတ်ဖြတ်ဖို့သာသိတော့သည် သတ်ဖြတ်ရေးယန္တရားတစ်ခုဖြစ်လာစေသည်။

ဟွမ်းကျန်းကျန့်သည် ယဲ့ချိုးပိုင်ကို ဤနေရာမှာပင်သုတ်သင်ပစ်ဖို့ရာကြံရွယ်ထားပြီး နောက်ဆုတ်နိုင်မည့်လမ်းတစ်စပင် ပေးမထားဟုဆိုနိုင်လေသည်။

ထိုကဲ့သို့သောစွမ်းရည်မျိုးမှာ ကြောက်ခမန်းလိလိပင်။

အပင်နုတုန်း မချိုးထားလျှင် နောင်တွင် နေမဝင်အင်ပါယာကြီးဆီသို့ ပျက်သုဉ်းခြင်းများ သယ်ဆောင်လာပေလိမ့်မည်။

ထိုအချက်ကြောင့် ဟွမ်းကျန်းကျန့်မှာ အချိန်ဆွဲမထားရဲပေ။

သူသည် ယဲ့ချိုးပိုင်၏တာအိုအခြေခံအုတ်မြစ်ကို ဖျက်ဆီးရန်လည်း တွန်းဆုတ်တွေဝေနေခြင်းအလျဉ်းမရှိပေ။

ထိုအခိုက်အတန့်လေးမှာ ဟွမ်းကျန်းကျန့်က အနားကိုချဉ်းကပ်လာသည်။

သွေးကြောမျှင်များယှက်သန်းနေသော လက်သီးဆုပ်ကြီးကို ရုတ်ခြည်းပစ်သွင်းလိုက်သည်။

ယဲ့ချိုးပိုင်က နောက်လည်းမဆုတ်သလို ရှောင်လည်းမရှောင်ချေ။ သူသည် သူ့ဓားကိုသာကိုင်မြှောက်ပြီး လွှဲရိုက်ချလိုက်လေသည်။

ဓားသွားပေါ်ရှိ မှော်နက်မိစ္ဆာချီစွမ်းအင်သည် ထိုအခိုက်အတန့်လေးမှာ လုံးဝဥဿုံပျောက်ကွယ်သွားချေသည်။

ထိုအစား အဆုံးမဲ့အရှိန်အဝါများ ဖြာထွက်လာလေသည်။

အာဒိကပ္ပဓားသိုင်းကျမ်းသည် သူ့ခန္ဓာကိုယ်ထဲတွင် အရူးအမူးလှည့်လည်စီးဆင်းနေသည်။

ဤတိုက်ခိုက်မှုကို ယဲ့ချိုးပိုင်ကထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်နေကြောင်း မြင်လိုက်ရသောအခါ ပျံလွှားတိမ်တိုက်စင်မြင့်အောက်ရှိလူအပေါင်း အံ့သြထိတ်လန့်သွားကြလေသည်။

ဓားသွားနှင့်လက်သီးတို့ ထိခတ်မိကြလေသည်။

လူတိုင်းထင်ထားသလို ဓားသွား မထိခိုက်သွားသလို ယဲ့ချိုးပိုင်လည်း မသေခဲ့ချေ။

ဓားသွားပေါ်ရှိအဆုံးမဲ့စွမ်းအားများသည် ဓားသွားကွန်ယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားဟန်တူပြီး ဟွမ်းကျန်းကျန့်၏လက်သီးကို တစ်လွှာပြီးတစ်လွှာထပ်၍ ဖုံးအုပ်ထားလိုက်လေသည်။

၎င်းမှာ သူ့အားလွတ်မြောက်ဖို့ခက်စေသည်။

ဟွမ်းကျန်းကျန့်လည်း အနည်းငယ်မှင်တက်သွားချေသည်။

ယဲ့ချိုးပိုင်က သူ့လက်သီးချက်ကို တကယ်ခံနိုင်ရည်ရှိတယ်ပေါ့..

သွေးမီးတောက်မိစ္ဆာနည်းဗျူဟာကို အသုံးပြုခဲ့သောဟွမ်းကျန်းကျန့်သည် ချန်းယွမ်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားလေသည်။

ရုတ်ခြည်းဆိုသလိုပင် ဟွမ်းကျန်းကျန့်မှာ ထိတ်လန့်ဖွယ်အော်ဟစ်သံကြီးတစ်သံပေးလိုက်လေ၏။

ကြောက်ခမန်းလိလိအော်ဟစ်သံကြီးသည် သွေးနီရောင်အသံလှိုင်းကြီးတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားပြီး ယဲ့ချိုးပိုင်ဆီကို အပြေးနှင်လေတော့သည်။

ယဲ့ချိုးပိုင်ကလည်း ခပ်မြန်မြန်နောက်ဆုတ်ပြီး ဓားဖြင့်ပြန်တိုက်ခိုက်လေသည်။

“ငြိမ်းချမ်းသောတောင်တန်းများနဲ့မြစ်ပြင်များ”

ဤသည်မှာ အာဒိကပ္ပဓားသိုင်းကျမ်းထဲတွင် ပြဋ္ဌာန်းထားသောဓားသိုင်းစွမ်းရည်တစ်မျိုးဖြစ်သည်။

၎င်းမှာ ယခုအချိန်တွင် ယဲ့ချိုးပိုင်အသုံးပြုနိုင်သည့် တစ်ခုတည်းသောဓားသိုင်းစွမ်းရည်ဖြစ်၏။

ဓားသိုင်းစျာန်အဘိညာဉ်များ ညာသံပေးလာလေသည်။

ဓားသွားချီစွမ်းအင်ကလည်း ဝရုန်းသုန်းကားသောင်းကျန်းနေပြီး ဓားသွားရောင်ခြည်ကလည်း သွေးနီရောင်အသံလှိုင်းကြီးကို တောင်တန်းများနှင့်မြစ်ပြင်များကိုပင် ငြိမ်သက်သွားစေနိုင်သောစွမ်းအားဖြင့် တိုက်ခိုက်မှုပြုလေတော့သည်။

ရှဲ..

လျှပ်တပြက်အတွင်းမှာပင်..

သွေးနီရောင်အသံလှိုင်းကြီးမှာ အမှန်တကယ်ပြိုပျက်သွားရလေသည်။

ဓားရောင်ခြည်တန်းများသည် ရပ်တန့်မသွားဘဲ ဟွမ်းကျန်းကျန့်ကို ဆက်လက်တိုက်ခိုက်နေလေတော့သည်။

ထိုအခြင်းအရာကိုမြင်သော် ဟွမ်းကျန်းကျန့်က ဒေါသတကြီးဟစ်အော်လိုက်ပြီး မြေပြင်ပေါ်ကို ခြေဆောင့်ချလိုက်သည်။

ပျံလွှားတိမ်တိုက်စင်မြင့်ကြီးသည်လည်း ထိုအခိုက်အတန့်မှာ အပြင်းအထန်လှုပ်ယမ်းသွားလေသည်။ဗ

ဤစင်မြင့်သာ သာမန်ကြိုးဝိုင်းစင်လေးတစ်ခုဖြစ်ပါက ယခုအချိန်မှာ ပြိုသွားလောက်ပြီဖြစ်၏။

ထို့နောက် ဓားရောင်ခြည်တန်းများနှင့်ရင်ဆိုင်နေရချိန်မှာ ဟွမ်းကျန်းကျန့်၏ခန္ဓာကိုယ်သည် အမြောက်ဆန်တစ်ခုအလားပင်။

ယခု သူသည် သွေးမီးတောက်မိစ္ဆာနည်းဗျူဟာကို အသုံးပြုထားပြီးဖြစ်သောကြောင့် သူ၏ဆင်ခြင်တုံတရား ပျောက်ကွယ်သွားသည်မှာကြာလှလေပြီ။

ယခုမူ သူသည် သူ့ရှေ့ရှိရန်သူကို တစ်စစီဆွဲဖြဲကာ အသားကိုစား၍သွေးကိုသောက်ပစ်ချင်သည်ဟူသည်ကိုသာ သိတော့၏။

ဓားရောင်ခြည်များသည် နီးသည်ထက်နီးကပ်လာ၏။ ဟွမ်းကျန်းကျန့်၏လက်သီးသည် ယခုအချိန်လေးမှာ သွေးနီရောင်အလင်းတန်းများဝန်းရံထားခြင်းကို ခံနေရသည်မှာ သွေးနီရောင်ပင့်ကူမျှင်များ ရစ်ပတ်ခံထားရသည့်အလားပင်။

“အား,,,”

ဟွမ်းကျန်းကျန့်ခမျာ သားရိုင်းကောင်တစ်ကောင်နှယ် ဟိန်းဟောက်လိုက်၏။

ထို့နောက် လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

ထိုလက်သီးချက်သည် သားရိုင်းတစ်ကောင်အလား ဓားရောင်ခြည်ကို အပြင်းအထန်ရိုက်ချပစ်လိုက်သည်။

ထိုအချိန်မှာ ဓားရောင်ခြည်များသည် အပြင်းအထန်တုန်ခါသွားသည်။

သို့သော် ဟွမ်းကျန်းကျန့်၏လက်မောင်းမှာ အဆုံးမဲ့ဓားသိုင်းစျာန်အဘိညာဉ်များ၏ဖုံးလွှမ်းခြင်းကိုခံနေရသည်။

ဓားသိုင်းစျာန်အဘိညာဉ်သည် ထက်ရှသောဓားသွားများအလား ဟွမ်းကျန်းကျန့်၏လက်မောင်းကို ခုတ်ထစ်ပစ်လိုက်လေသည်။

အဟွတ်.. အဟွတ်..အဟွတ်..

သွေးများ တရစပ်ပန်းထွက်လာသည်။

ဟွမ်းကျန်းကျန့်မှာ အံတင်းတင်းကြိတ်လျက် နောက်ပြန်ဆုတ်လိုက်ရသည်။

သို့သော် ထိုအချိန်မှာပင် ယဲ့ချိုးပိုင်သည် နေရာမှပျောက်ကွယ်သွား၏။ သူသည် ဓားရောင်ခြည်အမျှင်တန်းများအဖြစ်သို့ အသွင်ပြောင်းကာ ဟွမ်းကျန်းကျန့်နောက်ဆုတ်သွားရာနောက်ကို လိုက်လေတော့သည်။

ထိုလူ ခွန်အားဆုတ်ယုတ်နေချိန်မှာ ဇီဝိန်ခြွေပစ်ချင်နေသည်။

ပျံလွှားတိမ်တိုက်စင်မည့်သည် သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးလိမ့်မည်။

ယဲ့ချိုးပိုင်ဘက်ကလည်း ရန်သူကို အလွတ်မပေးထားနိုင်ချေ။

တစ်ဖက်လူ အရေးနိမ့်နေချိန်မှာ သူ့ဘက်က သေချာပေါက်သုတ်သင်ပစ်ရမည်ဖြစ်ပြီး နောင်တွင်ပြဿနာမဖြစ်ရအောင် ရှင်းထားမှဖြစ်ပေလိမ့်မည်။

ဤသည်မှာ အကောင်းဆုံးရွေးချယ်မှုပင်။

သူ၏သူရဲကောင်းဆန်သောသည်းခံမှုအတွက်ကရော..

သူ့အတွက် ထိုအရာက မလိုအပ်ပေ။

သူသေကိုယ်သေတိုက်ရမည့်ရန်ငြိုးများက အစပြုမိပြီးခဲ့လေပြီ။ ယဲ့ချိုးပိုင်အနေနှင့် ဤကဲ့သို့သောပုဂ္ဂိုလ်တစ်ဦးကို ထပ်မဖန်တီးချင်တော့ပေ။

ယဲ့ချိုးပိုင် သူ့ဆီအပြေးလာနေသည်ကို ဟွမ်းကျန်းကျန့် မြင်လိုက်သည်။

သူ့မျက်ဝန်းများ သွေးရောင်လွှမ်းသွားလေသည်။ ထို့နောက် သူ၏ဒွါရခုနစ်ပေါက်မှ သွေးများစီးကျလာပေသည်။

ဤသည်မှာ ငရဲပြည်မှတွားတက်လာျသာ မိစ္ဆာတစ်ကောင်အလားပင်။

ဟွမ်းကျန်းကျန့်သည် မြေပြင်ပေါ်ကိုခြေချလိုက်ပြီး နောက်ပြန်ဆုတ်ချင်နေသည့်သူ့ကိုယ်သူ တားလိုက်ရသည်။

ထို့နောက် သူသည် လက်သီးတင်းတင်းဆုပ်လျက် ယဲ့ချိုးပိုင်ကို အပေါ်အောက်တိုက်ခိုက်ပြန်သည်။

ယဲ့ချိုးပိုင်သည် ထိုအခြင်းအရာကိုမြင်သောအခါ အေးတိအေးစက်နှာမှုတ်လိုက်သည်။ တစ်ဖက်လူ၏လက်သီးချက် မြေပြင်ပေါ်ကိုမကျရောက်ခင်မှာ သူ့ပုံရိပ်လေးက ယိမ်းထိုးသွားပြီး အနည်းငယ်တိမ်းစောင်းလိုက်သည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်သည် အခွင့်အရေးတစ်ခုရှာ၍ ဓားဖြင့် တိုက်ခိုက်လိုက်လေသည်။

ဟွမ်းကျန်းကျန့်ခမျာ အင်အားလွှမ်းမိုးခံလိုက်ရသဖြင့် မြန်မြန်ဆန်ဆန်နောက်ပြန်ဆုတ်လိုက်သည်။ သို့သော် သူ့လက်တစ်ဖက်က ထက်ရှလှသောဓားသိုင်းစျာန်အဘိညာဉ်၏တိုက်ခိုက်မှုကိင အပြင်းအထန်ခံစားလိုက်ရသည်။

ထိုလက်မောင်းမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားလေတော့သည်။

ယဲ့ချိုးပိုင်က ကြည့်ပင်မကြည့်ဘဲ ခပ်နိမ့်နိမြၽအသံဖြင့်အော်ဟစ်လိုက်သည်။

‘မိစ္ဆာ ဆင်းသက်လာလော့”

သတ္တမမြောက်သိုင်းကွက်..

မိစ္ဆာချီစွမ်းအင်များဖုံးလွှမ်းထားသော ဓားချက်နှင့်ဓားသိုင်းစျာန်အဘိညာဉ်တို့ ထွက်ပြူလာ၏။

ထိုအချိန်မှာ ဟွမ်းကျန်းကျန့်သည် ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိတော့ချေ။

သွေးမီးတောက်မိစ္ဆာနည်းဗျူဟာ၏ နောက်ဆက်တွဲဆိုးကျိုးများက စတင်ရုပ်လုံးပေါ်လာလေပြီ။

သူ၏လက်ရှိအင်အားနှင့်ဆိုလျှင် သူ အကြာကြီးထိန်းထားနိုင်မည်မဟုတ်တော့ပေ။

ယခုလေးတင် သူသည် ယဲ့ချိုးပိုင်ကြောင့် အပြင်းအထန်ဒဏ်ရာရထားသေးပြန်သည်။

ထိုဓားချက် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်မြင်ကွင်းကို သည်အတိုင်းထိုင်ကြည့်နေရုံသာတတ်နိုင်တော့သည်။

ထိုအခိုက်မှာပင် ဟွမ်းကျန်းကျန့်သည် သွေးဆာနေသောအခြေအနေမှရုန်းထွက်လာနိုင်လိုက်ပြီး ဓားချက်တစ်ချက်က သူ့ဆီကိုနီးကပ်လာကြောင်း မြင်လိုက်ရသည်။

သူ ခါးသက်သက်ပြုံးလိုက်မိ၏။

သူ့အနေနှင့် ယဲ့ချိုးပိုင်ဆီမှာ ယခုလိုဆိုးဆိုးဝါးဝါးအနိုင်ပိုင်းခံရလိမ့်မည်ဟု ထင်မထားချေ။

သို့သော် အတွေးလွန်နေဖို့အချိန်မရှိတော့ချေ။ ဟွမ်းကျန်းကျန့်သည် သူ့ကံကြမ္မာသူလက်ခံလိုက်ပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည်။

ယဲ့ချိုးပိုင်ကလည်း ရပ်ပြီး ထိုမြင်ကွင်းကို ထူးမခြားနားဟန်ဖြင့်စိုက်ကြည့်နေလေသည်။

အောက်ဘက်ရှိလူများလည်း ထိုမြင်ကွင်းကြောင့် အလွန်အမင်းထိတ်လန့်ေိကြ၏။

“ဟွမ်းကျန်းကျန့်က သူ့ကိုမယှဉ်နိုင်ဘူးလား”

“သနားစရာပဲ။ ဟွမ်းကျန်းကျန့်ရဲ့နာမည်က နောက်ဆိုရင် အဆင့်သတ်မှတ်ချက်ထဲကဖယ်ထုတ်ခံရတော့မှာပဲ”

“ပင်လယ်ရေလှိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ချန်းယွမ်အဆင့်ကျင့်ကြံသူကိုတိုက်ခိုက်နိုင်တဲ့အပြင် သတ်ပါသတ်နိုင်တယ်တဲ့။ ဒီကလေးရဲ့စွမ်းရည်က အံ့မခန်းပါလား”

သို့သော် လူတိုင်းလူတိုင်း ဆွေးနွေးနေကြစဉ်မှာပင်..

ပုံရိပ်တစ်ခုသည် ပျံလွှားတိမ်တိုက်စင်မြင့်ပေါ်ရှိ အကာအရံကိုချိုးဖောက်၍ ဟွမ်းကျန်းကျန့်အရှေ့သို့ ရောက်ချလာလေသည်။

ထို့နောက် သူသည် သူ့လက်ချောင်းကိုဆန့်တန်းလိုက်လေရာ အနက်ရောင်ဓားချက်ကြီးမှာပြိုကွဲသွားရသည်။

၎င်းသည် ကမ္ဘာကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

ယဲ့ချိုးပိုင်၏သူငယ်အိမ်များ ပြူးကျယ်သွားရသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသောလူအပေါင်း ကြက်သေသေသွားကြချေ၏။

“အဲ့ဒါ ဥပဒေပြဋ္ဌာန်းရေးခန်းမရဲ့ခန်းမအရှင်ပဲ”

“ငါကြားထားတာကတော့ ဟွမ်းကျန်းကျန့်က ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်ရဲ့တပည့်ဆိုပဲ”

ဟွမ်းကျန်းကျန့်လည်း အနည်းငယ်ထိတ်လန့်သွားချေသည်။ ထို့နောက် သူသည် အားနည်းဖျော့တော့စွာပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် ဆရာ”

ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်ကလည်း အသာအယာခေါင်းညိတ်ပြသည်။

ထို့နောက် သူသည် ယဲ့ချိုးပိုင်ကိုကြည့်ကာပြောလိုက်၏။

“ဒီမှာတင် ရပ်လိုက်ကြရအောင်”

ယဲ့ချိုးပိုင်သည် ခပ်ယဲ့ယဲ့မျက်မှောင်ကြုတ်လိုက်မိပြီး ထိုလူ၏အဆင့်အတန်းကြောင့် လုံးဝကြောက်လန့်သွားခြင်းမရှိချေ။ သူက အေးတ်အေးစက်ပြောလိုက်၏။

“ပျံလွှားတိမ်တိုက်စင်မြင့်ရဲ့စည်းမျဉ်းအရဆိုရင် ဘေးလူတွေဝင်ပါလို့မရဘူးမလား”

ဥပဒေပြဋ္ဌာန်းရေးခန်းမအရှင်က ယဲ့ချိုးပိုင်၏ခွန်းတုံ့ပြန်စကားကိုကြားသောအခါ သူ့မျက်ဝန်းထဲရှိအေးစက်စက်နိုင်မှုအရိပ်အယောင်များက ပိုမိုများပြားလာလေသည်။

သူကပြောလိုက်သည်။

“လုံလောက်ပြီလေ။ သူ့တာအိုအခြေခံအုတ်မြစ်လည်း ပျက်စီးသွားပြီပဲ”

“ဒီလိုဆိုရင် သူ ကျွန်တော့်ကိုသတ်ချင်တယ်ဆိုရင်တော့ ခင်ဗျားကျုပ်ကိုဝင်ကယ်ပြီး လုံလောက်ပြီလို့တားပေးမှာလား”

ဥပဒေပြဋ္ဌာန်းရေးခန်းမ၏အရှင်သည် စိတ်ရှည်သည်းခံမှုတို့ ကုန်ဆုံးသွားပုံရသည်။ သူသည် အေးတိအေးစက်နှာမှုတ်လိုက်ပြီး သူ့လက်ဝါးကိုဝှေ့ယမ်းလိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset