ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား..
ယဲ့ချိုးပိုင်သည် ဤရက်ပိုင်းအတွင်း၌ ခွန်အားများစွာတိုးလာသောကြောင့် ဆဋ္ဌမသိုင်းကွက်ကို ရှောင်တခင်ထုတ်သုံးနိုင်နေပြီဖြစ်၏။
ဟွမ်းကျန်းကျန့်လည်း ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ အံ့သြသွားလေသည်။
သာမန်ပင်လယ်ရေလှိုင်းအဆင့်ရှိသူသာဆိုလျှင် သူ့လက္ခဏာအမှတ်အသားအောက်မှာ စိစိညက်ညက်ကြေအောင်ကြေမွသွားပေလိမ့်မည်။
သို့သော် ယဲ့ချိုးပိုင်ကတော့မရှုံးနိမ့်ခဲ့ဘဲ ၎င်းကို ဓားဖြင့်ပင် အနိုင်ပိုင်းပစ်လိုက်သေးသည်။
အဆုံးမှာတော့ ဟွမ်းကျန်းကျန့်သည် ဟွမ်းထျန်းမင်တစ်ယောက် ဘာကြောင့်စိုးရိမ်သောကရောက်ပြီး ယဲ့ချိုးပိုင်ကိုရှင်းထုတ်ပစ်ရန် ဘာကြောင့်စိတ်စောနေသလဲဆိုသည်ကို နားလည်လိုက်သည်။
စျာန်အဘိညာဉ်မြစ်ပြင်ကြီးထဲမှာ ဟွမ်းကျန်းကျန့်သည် ဒေါသတကြီးအော်ဟစ်လိုက်ပြီး ခုန်တက်သွားလိုက်သည်။
ထို့နောက် သူ့လက်သီးကိုမြှောက်လိုက်လေရာ သူ၏တိုက်ခိုက်ရေးစျာန်အဘိညာဉ်များက ထိုလက်သီးဆုပ်ကိုဖုံးလွှမ်းထားလိုက်လေ၏။
“ကောင်းကင်ဘုံဖြိုခွင်းသူ”
ဟွမ်းကျန်းကျန့်က နောက်ကြောင်းပြန်လှည့်ဖို့ ရည်ရွယ်ချက်မရှိသည်မှာ ရှင်းနေချေသည်။
ချန်းယွမ်အဆင့်၏အရှိန်အဝါများ ထွက်ပေါ်လာလေသည်။
သူ၏တိုက်ခိုက်ရေးစျာန်အဘိညာဉ်က ယဲ့ချိုးပိုင်ဆီသို့ဦးတည်သွားလေသည်။
ထိုအရှိန်အဝါများသည် ယဲ့ချိုးပိုင်အား လုံးလုံးလျားလျားပိတ်ဆို့ထားလိုက်လေရာ သူ့မှာ နောက်ဆုတ်ဖို့လမ်းမရှိတော့ပေ။
ယဲ့ချိုးပိုင်ကလည်း နောက်ဆုတ်ဖို့ ဘယ်တုန်းကမှမတွေးခဲ့ပေ။
သူသည် သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားသွားက ရှေ့ကိုလွှဲယမ်းလိုက်သည်။
ထိုရိုက်ချက်တွင် လှပလွန်းသောဓားရောင်ခြည်လည်း မရှိသလို ဆန်းပြားသောဓားသိုင်းနည်းဗျူဟာများလည်း မရှိပေ။
သာမန်ရိုက်ချက်လေးတစ်ခုမျှသာဖြစ်၏။
သို့သော် ဤရိုက်ချက်တွင် ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုများ ကိန်းဝပ်နေချေသည်။
မိစ္ဆာချီစွမ်းအင်များသည် မိစ္ဆာဘုရင်ဆင်းသက်လာသကဲ့သို့ ထွက်ပေါ်လာသည်။
ပျံလွှားတိမ်တိုက်စင်မြင့်နားရှိလူများ တုန်လှုပ်သွားကြလေသည်။
သူ့စိတ်ဝိညာဉ်ထဲမှာ ငုပ်လျှိုးနေသောအာရုံတစ်ခုကလည်း အဆက်မပြတ်တိုးလာသည်။
“ဒါက ပင်လယ်ရေလှိုင်းအဆင့်ကျင့်ကြံသူတွေသုံးနိုင်တဲ့ ဓားသိုင်းနည်းဗျုဟာမလား”
“ဒီဓားသိုင်းက ကောင်းကင်ဘုံအဆင့်ဓားသိုင်းစွမ်းရည်ပဲ”
သူတို့၏ပင်မကျောင်းတော်တွင်ပင် ကောင်းကင်ဘုံအဆင့်ဓားသိုင်းနည်ဗျူဟာများမှာ အလွန်ရှားပါးလှသည်။
အလယ်ပိုင်းဒေသကြီးတစ်ခုလုံးတွင်ပင် အရေအတွက်များများစားစားမရှိသလောက်ပင်။
ထို့အပြင် အများစုကလည်း မပြည့်စုံကြချေ။
ဟွမ်းကျန်းကျန့် ယခုအသုံးပြုနေသောလက်သီးချက်နည်းဗျူဟာသည် လျှို့ဝှက်တာအိုကျောင်းတော်မှ မြေကမ္ဘာအဆင့်လက်သီးချက်နည်းဗျူဟာတစ်ခုဖြစ်သည်။
ထို့အပြင် ၎င်းကိုရယူရန်အတွက် အမှတ်များစွာသုံးစွဲခဲ့ရသည်။
ဟွမ်းကျန်းကျန့်လည်း အံ့အားသင့်သွားချေသည်။
ဤဓားချက်အောက်တွင် သူသည် အလွန်ပြင်းထန်လှသောအန္တရာယ်အငွေ့အသက်ကို အမှန်တကယ်ခံစားလိုက်ရသည်။
ပင်လယ်ရေလှိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ဤအတိုင်းအတာအထိ စေစားနိုင်လေသလား။
သို့သော် ယခုတော့မူ နောက်ဆုတ်၍မရတော့ပေ။
သူတို့၏အရှိန်အဝါများသည် တစ်ခုကိုတစ်ခုချုပ်နှောင်ထားပြီး နောက်ဆုတ်၍မရတော့ချေ။
ယခုသာ သူနောက်ပြန်ဆုတ်လိုက်ပါက စဉ်းတီတုံးပေါ်ကအသားလေးအလား သေရမည်ကို ထိုင်စောင့်နေရသလိုဖြစ်သွားလိမ့်မည်။
ဟွမ်းကျန်းကျန့်သည် ထိုအချက်ကို သဘာဝကျကျပင် နားလည်ထားသည့်အတွက် ဒေါသတကြီးဟိန်းဟောက်လိုက်သည်။
တိုက်ခိုက်ရေးစျာန်အဘိညာဉ်မှာ အသံကျယ်လောင်လာပြီး လက်သီးချက်ကလည်း လှုပ်ရှားတိုက်ခိုက်လိုက်လေသည်။
၎င်းမှာ ကောင်းကင်ဘုံကိုပင် ဖြတ်ကျော်နိုင်သောစွမ်းအားမျိုးရှိပုံရသည်။
လေထုထဲတွင် သွေးပျက်ဖွယ်တုန်ခါသံကြီးတစ်ခုထွက်ပေါ်လာသည်မှာ ထိုလေထုကြီးပြိုကွဲသွားတော့မည့်အလားပင်။
ယဲ့ချိုးပိုင်သည် သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားသွားကိုလွှဲယမ်းလိုက်ချိနထမှာ ူူ့အမူအရာက ထူးမခြားနားဟန်ရှိ၏။
ထို့နောက် ထိုဓားချက်သည် ဟွမ်းကျန်းကျန့်၏လက်သီးနှင့် ထိခတ်မိသွားသည်။
လူတိုင်း၏အံ့အားသင့်နေသော အကြည့်များအောက်မှာ နောက်ဆက်တွဲပေါက်ကွဲသံကြီးတစ်ခုက နေရာအနှံ့မြည်ဟည်းလာလေသည်။
ပျံ့လွှားတိမ်တိုက်စင်မြင့်ပေါ်ရှိအကြီးအကဲက ထိုအခြင်းအရာကိုမြင်သောအခါ ထိတ်လန့်သွားလေသည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းပြီး အတားအဆီးတစ်ခုချလိုက်သည်။ ထိုအတားအဆီးပ ပျံလွှားတိမ်တိုက်စင်မြင့်ကြီးကို ဖုံးအုပ်ထားလိုက်လေသည်။
နောက်ဆက်တွဲလှုပ်ခတ်မှုကြီးက ပြင်းထန်လာသည်။
လှိုင်းလုံးများသည် အတားအဆီးပေါ်တွင် တစ်ခုပြီးတစ်ခုပေါ်လာသည်။
ထိုအရာကိုမြင်သောအခါ အားလုံးက ပို၍ပင်အံ့သြသွားကြသည်။
သူတို့နှစ်ယောက်၏တိုက်ခိုက်မှုမှာ အလွန်အစွမ်းကြီးလှသည်။
ယဲ့ချိုးပိုင်သည် သိုင်းပညာထွန်းပေါက်မှုနိမ့်ပါးလှသော တောင်ပိုင်းဒေသမှဖြစ်၏
သူသည် ဟွမ်းကျန်းကျန့်ကို ဤအနေအထားအထိရောက်အောင် အမှန်တကယ်တိုက်ခိုက်နိုင်ပေသည်။
ယဲ့ချိုးပိုင်၏အရည်အချင်းမှာ သူတို့ထက်မဆိုးပေ။ ပို၍ပင်သာနေသေးသည်။
တစ်ဖက်တွင်မူ ပျံလွှားတိမ်တိုက်စင်မြင့်ပေါ်ရှိ ယဲ့ချိုးပိုင်သည် သူကိုင်ထားသောဓားဆီမှ အင်အားကြီးလှိုင်းများကို ခံစားမိလိုက်သည်။
ဤခွန်အားသည် အလွန်ကြောက်စရာကောင်းလှပေသည်။
တောင်ပိုင်းဒေသရှိလူများနှင့် အတူတူပင်။
ဒီတိုက်ခိုက်ရေးစျာန်အဘိညာဉ်များသည် သူ့စိတ်ကို အဆက်မပြတ်ဖိနှိပ်နေချေသည်။
တစ်ဖက်တွင်လည်း ဟွမ်းကျန်းကျန့်သည် အလွန်ဆိုးရွားသောအခြေအနေသို့ ရောက်နေလေသည်။
ကောင်းကင်ဘုံဖြိုခွင်ရေးစွမ်းအားကိုအသုံးပြုရန်ပင် သူ့အတွက် အလွန်ခက်ခဲနေပြီဖြစ်၏။
သူသည် ဤမြေကမ္ဘာအဆင့်သိုင်းပညာကို လုံးဝနားမလည်သေးပေ။
ယဲ့ချိုးပိုင်၏ဓားသွားထဲမှ ဓားသိုင်းစျာန်အဘိညာဉ်များသည် သူ့လက်မောင်းဆီကို ပြေးဝင်လာခဲ့သည်။
၎င်းသည် သူ့ခန္ဓာကိုယ်ကို အရူးအမူးဖျက်ဆီးပစ်လိုက်သည်။
တစ်ချက်ထိရုံမျှဖြင့် သူ့လက်မောင်းပေါ်မှာ အက်ကွဲကြောင်းများအမှန်တကယ်ရှိနေကြောင်းသိလိုက်ရသည်။
ဟွမ်းကျန်းကျန့်၏ခန္ဓာကိုယ်သည် အလွန်အစွမ်းထက်လှသည်။
သူ့ခန္ဓာကိုယ်၏ကြံ့ခိုင်မှုကိုလည်း သူကောင်းကောင်းသိသည်။
ဒါတောင်မှ ယဲ့ချိုးပိုင်ဟာ သူ့ခံစစ်ကို တစ်ချက်တည်းနှင့် ထိုးဖောက်နိုင်ဆဲပင်။
လူတိုင်း၏အံ့အားသင့်ကြောက်လန့်နေကြသောအကြည့်မျာအောက်တွင် ယဲ့ချိုးပိုင်က ဓားကိုလွှဲယမ်းလိုက်ပြန်သည်။
ဟွမ်းကျန်းကျန့်၏လက်မောင်းမှ သွေးများ အမှန်တကယ်ပန်းထွက်လာသည် ။
ဟွမ်းကျန်းကျန့်လည်း ဒေါသတကြီးအော်ဟစ်ပြီး နောက်ပြန်ဆုတ်သွားသည် ။
ဤသို့ဖြင့် ယဲ့ချိုးပိုင်၏တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သည်။
ယဲ့ချိုးပိုင်လည်း နောက်ကိုနှစ်လှမ်းခန့်ပြန်ဆုတ်လိုက်သည်။ သူ့မျက်နှာလည်း အနည်းငယ်နီမြန်းနေချေသည်။
ဟွမ်းကျန်းကျန့်၏လက်သီးချက်က သူ့ကို ထိခိုက်စေခဲ့သည်မှာ ရှင်းနေချေသည်။ သို့သော် ဤသည်မှာ ပြဿနာကြီးတော့မဟုတ်ချေ။
ဤတိုက်ခိုက်မှုအောက်တွင် ယဲ့ချိုးပိုင်သည် အပြည့်အဝအားသာချက်ရထားလိုက်လေသည်။
“ပင်လယ်ရေလှိုင်းအဆင့်လောက်နဲ့တောင်မှ ချန်းယွမ်အဆင့်လောက်ရောက်နေပြီး အနှိုင်းမဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ ဟွမ်းကျန်းကျန့်ကိုအနိုင်ယူလိုက်နိုင်တယ်တဲ့လား”
“သူက လျှို့ဝှက်ဓားသိုင်းအကျော်အမော်ပါရမီရှင်တစ်ယောက်လို့ မင်းပြောရင်တောင် ငါယုံမိမှာ”
“သူက အဲဒီဓားသိုင်းကျင့်ကြံသူတွေထက် ပိုသန်မာနေမလားလို့တွေးမိတယ်”
သူ့နောက်ရှိ ဝတ်ရုံရှည်နှင့်အမျိုးသားသည် ဤမြင်ကွင်းကိုမြင်သောအခါ ပြုံးလိုက်လေသည်။
“စိတ်ဝင်စားဖို့ကောင်းသားပဲ”
ထို့နောက် သူ လှည့်ထွက်သွားသည်။
သူ့နှလုံးသားထဲမှာ ရလဒ်ကို အဆုံးအဖြတ်ပေးလိုက်ပြီးဖြစ်လေရာ ဆက်လက်ကြည့်ရှုရန်မလိုအပ်တော့ပေ။
လူထွားကြီးကလည်း ထိုနည်းလည်းကောင်းပင်။
ပျံလွှားတိမ်တိုက်စင်မြင့်ပေါ်တွင်မူ ဟွမ်းကျန်းကျန့်၏အမူအရာမှာ အုံ့မှိုင်းနေပြီး နားလည်ရခက်လှသည်။
“ထျန်းမင်က ဘာလို့ဒီလောက်တောင်စိတ်ပူနေရတာလဲဆိုတာ ငါသိပြီ။ အနာဂတ်မှာ မင်းက တကယ်ပဲပြဿနာကောင်ဖြစ်လာတော့မှာ”
“တကယ်လို့ အခုသာမင်းကိုမရှင်းပစ်ရင် မင်းအင်အားကြီးထွားလာတာနဲ့ နေမဝင်အင်ပါယာကို ခြိမ်းခြောက်နိုင်စွမ်းရှိလာမှာကို ငါစိုးရိမ်မိတယ်”
“နေမဝင်အင်ပါယာအတွက် ငါ မင်းကို ဒီပျံလွှားတိမ်တိုက်စင်မြင့်ပေါ်မှာပဲ အနိုင်တိုက်ရမယ်”
ဤသို့ဖြင့် ဟွမ်းကျန်းကျန့်၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနီရဲလာသည်။
မီးကင်ခံထားရသော ပုစွန်အလားပင်။
သူ့မျက်လုံးထဲတွင်လည်း သွေးကြောမျှင်များပျံ့နှံ့လာသည်။
ဤသို့ဖြင့် မျက်လုံးတစ်ခုလုံးကို ပျံ့နှံ့သွားပေသည်။
ပြင်းထန်လှသော တိုက်ခိုက်ရေးစွမ်းအားဆီမှ သွေးစက်စျာန်အဘိညာဉ်တစ်ခု မြင့်တက်လာသည်။
၎င်းသည် သွေးစက်များအဖြစ်သို့ပြောင်းသွားတော့မည့်အလား အလွန်စေးကပ်နေချေသည်။
တစ်စုံတစ်ယောက်က အော်လိုက်သည်။
“သွေးမီးတောက်မိစ္ဆာနည်းဗျူဟာ”
“ဟွမ်းကျန်းကျန့်က ဒီအခြေအနေအထိရောက်အောင် ဖိအားပေးခံလိုက်ရတာပဲ”
ဘေးနားရှိ ရှီရှန်းကလည်း အံ့အားသင့်သွားပြီး မေးနေလေသည်။
“သွေးမီးတောက်မိစ္ဆာနည်းဗျူဟာကဘာကြီးလဲ”
တစ်စုံတစ်ဦးကလည်း မသိလိုက်မသိဘာသာဖြင့် ပြန်ဖြေသည်။
“သွေးမီးတောက်မိစ္ဆာနည်းဗျုဟာက မြေကမ္ဘာအဆင့်လျှို့ဝှက်နည်းဗျူဟာတစ်ခုပဲ။ မင်းရဲ့ကာယခွန်အားကို မြှင့်တင်ပေးပြီး လိုရာပန်းတိုင်ကိုရောက်နိုင်ဖို့အတွက် မင်းရဲ့သွေးအမြုတေကိုမီးမြှိုက်ပစ်တာ”
“သွေးမီးတောက်မိစ္ဆာနည်းဗျုဟာနဲ့ဆိုရင် မင်းခန္ဓာကိုယ်ရဲ့ခွန်အားက အနည်းဆုံးနှစ်ဆလောက်တိုးသွားလိမ့်မယ်!”
ထိုအကြောင်းကိုကြားသောအခါ ရှီရှန်းနှင့်ကျန်းဟယ်တို့၏အမူအရာများ သိသိသာသာပြောင်းလဲသွားလေသည်။
ယခုထက်နှစ်ဆပိုသန်မာသွားပါက သူ့ခန္ဓာကိုယ်က ဘယ်လောက်များသန်မာလိုက်လေမလဲ။
သူတို့ စိတ်မကူးကြည့်ဝံ့ကြပေ။
ကျန်းချောင်းမြန်၏အမူအရာသည် တဖြည်းဖြည်းတည်ငြိမ်လာသည်။
ထိုလူက ဆက်ပြောလေ၏။
“ပြင်းထန်တယ်ဆိုပေမဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ရှိတယ်။ သွေးမီးတောက်မိစ္ဆာနည်းဗျူဟာက ရန်သူရဲ့သွေးအမြုတေကိုမသောက်ရဘူးဆိုရင် စွမ်းရည်က တစ်သက်စာထိခိုက်ပျက်စီးရလိမ့်မယ်”
လူတိုင်း၏အမူအရာများမှာ ပြောင်းလဲသွားချေသည်။ အကျိုးဆက်များသည် သေးငယ်လှသည်တော့မဟုတ်ပေ။
ပျံလွှားတိမ်တိုက်ပေါ်ရှိ အကြီးအကဲသည်ပင်လျှင် အမူအရာပျက်ယွင်းသွားလေသည်။
ဟွမ်းကျန်းကျန့်သည် ကျောင်းတော်၏ပါရမီရှင်တစ်ဦးဖြစ်သည်။
သူတို့အနေနှင့် သူ့ကို ဤအတိုင်းအတာရောက်သည်အထိ မတိုက်ခိုက်စေချင်ပေ။
ယဲ့ချိုးပိုင်လည်း ဤမြင်ကွင်းကိုမြင်သောအခါ အနည်းငယ်ထိတ်လန့်သွားရသည်။
ယခုအချိန်တွင် ဟွမ်းကျန်းကျန့်၏အင်အားသည် ချန်းယွမ်အဆင့်ကျွမ်းကျင်သူများကိုပင် သာလွန်နေလေပြီ။
ဖိအားများကလည်း အဆပေါင်းများစွာတိုးပွားလာသည်။
တစ်ဖက်တွင်မူ ဟွမ်းကျန်းကျန့်သည် ဟောဟဲဆိုက်နေလေသည်။
သူရှူထုတ်လိုက်သောအငွေ့များပင် သွေးချင်းချင်းနီရဲနေပေသည်။
ခန္ဓာကိုယ်တစ်ခုလုံးလည်း ဖောင်းပွလာပြီး ခန္ဓာကိုယ်နေရာအနှံ့ရှိသွေးပြန်ကြောများ ခုန်လှုပ်သွားလေသည်။
ဟွမ်းကျန်းကျန့်သည် ယဲ့ချိုးပိုင်ကိုကြည့်ကာ ပြောလိုက်သည်။
“ငါ မင်းကို ငါ့လက်သီးချက်အောက်မှာ ပြားပြားဝပ်နေအောင်လုပ်ပြမယ်”
စကားအဆုံးတွင် ဟွမ်းကျန်းကျန့်၏ခန္ဓာကိုယ်ဟာ နေရာမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပေသည်။
ယဲ့ချိုးပိုင်သည် ပေါ့ဆမနေဝံ့ပေ။ သူသည် ခပ်နိမ့်နိမ့်အသံဖြင့် အော်ဟစ်လိုက်လေရာ ဖြူလွလွအရှိန်အဝါတစ်ခုက သူ့အား ဝန်းရံထားလိုက်ပေသည်။
အဆုံးမဲ့အသက်ဓာတ်စွမ်းအားများ အမှန်စင်စစ်ထွက်ပေါ်လာသည်။
၎င်းမှာ အာဒိကပ္ပဓားသိုင်းကျမ်းပင်ဖြစ်သည်။