ဓားသိုင်းခန်းမ၌..
ယဲ့ချိုးပိုင်၏တည်ရှိမှုကြောင့် လူတိုင်းနီးပါးက လုချန်ရှန်းကို လျှို့ဝှက်တာအိုကျောင်းတော်တွင် အသန်မာဆုံးဓားသိုင်းကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။ အကြောင်းမှာ ယဲ့ချိုးပိုင်ကဲ့သို့ဓားသိုင်းကျင့်ကြံသူတစ်ယောက်ကို သင်ကြားပေးနိုင်စွမ်းရှိပြီး ထိုမျှငယ်ငယ်ရွယ်ရွယ်လေးဖြင့် ဓားသိုင်းစျာန်အဘိညာဉ်ကို နားလည်သဘောပေါက်အောင်သင်ပြပေးနိုင်ခဲ့သောကြောင့်ပင်။
ယဲ့ချိုးပိုင်သည် နယ်မြေလေးခုသိုင်းပညာဖလှယ်ပွဲတွင် တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်အတွက် ပထမနေရာယူပေးခဲ့သည်။
ထိုအချက်က ချင်းထျန်းနျန်၏ကျောင်းအုပ်ရာထူးကိုမြဲမြံစေရန် ကူညီပေးနိုင်ခဲ့သည်။
ထိုကဲ့သို့သောဘုန်းတန်ခိုးများကြောင့် လုချန်ရှန်းသည် စင်စစ်အံ့သြစရာကောင်းလှကြောင်း သူတို့ခံစားမိခဲ့သည်။
ထိုအချိန်က ရှင်းဟုန်ယီကလည်း ထိုလူအုပ်ကြားတွင် ရှိနေလေသည်။
လုချန်ရှန်း ယဲ့ချိုးပိုင်အား မည်သို့မည်ပုံသင်ကြားပေးနေသလဲဆိုသည်ကို သူ(မ)မြင်ချင်မိသည်။
ထိုအချိန်မှာ ချင်းထျန်းနျန်က လုချန်ရှန်းကို ဓားသိုင်းခန်းမဆီသို့ ခေါ်ဆောင်လာခဲ့သည်။
အလားတူပင် ဓားသိုင်းခန်းမမှကျောင်းသားများ၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုအရိပ်အယောင်များ ပြည့်နှက်နေသည်။
ဓားသိုင်းခန်းမ၏အကြီးအကဲလည်း ထိုနေရာတွင် ရှိနေခဲ့သည်။ လုချန်ရှန်းအနေနှင့် ယဲ့ချိုးပိုင်ကို မည်သို့နှယ်သင်ကြားပြသပေးသလဲဆိုသည်ကို သိချင်နေသည်မှာ အသိသာချည်းပင်။
ထိုအဖြစ်ကိုမြင်သောအခါ လုချန်ရှန်းက နှာမှုတ်လိုက်မိသည်။
ဒီလိုဆိုမှတော့ သူ ဓားသိုင်းတစ်ကွက်နှစ်ကွက်လောက် ကစားပြလိုက်ရင်မကောင်းဘူးလား..
ချင်းထျန်းနျန်က လောဆော်လိုက်သည်။
“ကောင်းပြီ။ စလိုက်ရအောင်။ မြန်မြန်လုပ်။ ငါတို့ ကွန်ဖြူးရှပ်ကျောင်းတော်ကိုလည်း သွားရဦးမယ်”
လုချန်ရှန်းခမျာ အနည်းငယ်အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။
သူတို့က သူ့ကို ထုတ်လုပ်ရေးအဖွဲ့၏မြည်းတစ်ကောင်လို တကယ်ကြီးဆက်ဆံနေကြတာလား..
ကျောင်းသားများ၏အကြည့်အောက်တွင် လုချန်ရှန်းသည် သစ်ကိုင်းတစ်ကိုင်းကို ကောက်ကိုင်လိုက်သည်။
ထို့နောက် ရုတ်တရက်ဆိုသလိုပင် ရှေ့ကိုထိုးချလိုက်သည်။
ထို့နောက် အလျားလိုက်ဖြတ်ချလိုက်သည်။
နောက်ထပ် ဒေါင်လိုက်မျဉ်းစောင်းအတိုင်း ခုတ်လိုက်ပြန်၏။
လုချန်ရှန်း ဘာစကားတစ်ခွန်းမှမပြောဘဲ ဓားရေးကစားနေသည်ကိုမြင်သောအခါ အခြားသူများလည်း ရှုပ်ထွေးသွားကြကုန်သည်။
ထို့အပြင် ဤဓားသိုင်းနည်းဗျူဟာသည် အခြေခံဓားသိုင်းနည်းဗျူဟာပင်မဟုတ်ပါလော။
ဓားသိုင်းခန်းမအကြီးအကဲလည်း အနည်းငယ်ပဟေဠိဖြစ်သွားရသည်။
လုချန်ရှန်း ဘာလုပ်နေတာလဲ။
ဤအခိုက်အတန့်တွင် စင်မြင့်ပေါ်တွင်ရပ်နေသော လုချန်ရှန်းသည် လူတိုင်း၏မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးနေဟန်အကြည့်များကို မြင်လိုက်ရသည်။ သူ မပျော်နိုင်ဘဲမနေနိုင်ပေ။
အလုပ်ဖြစ်တယ်ဟ..
သူ အခြေခံဓားသိုင်းနည်းဗျူဟာကို ထပ်ခါထပ်ခါကစားပြလိုက်သည်။
ဓားချက်တစ်ချက်..။
အလျားလိုက်ဓားချက်..။
စင်အောက်ရှိ ရှင်းဟုန်ရီသည် ဤမြင်ကွင်းကိုကြည့်ရင်း တွေးတောနေမိသည်။
အခြေခံဓားသိုင်းနည်းဗျူဟာကိုသာသုံးပြီး ယဲ့ချိုးပိုင်လို ပါရမီရှင်တစ်ယောက်ကို သူ ဘယ်လိုများသင်ကြားပေးခဲ့လေသလဲ။
နောက်ကွယ်တွင် ပိုမိုလေးနက်သော အဓိပ္ပါယ်များရှိနေပေလိမ့်မည်။
ထိုအရာကို သူတို့သတိမထားမိရုံသာဖြစ်၏။
ရှင်းဟုန်ယီလည်း ဓားရှည်တစ်ချောင်းကိုထုတ်ယူကာ အခြေခံဓားသိုင်းနည်းဗျူဟာကို ကျင့်ကြံလိုက်သည်။
လုချန်ရှန်းလုပ်သမျှ သူ(မ)လည်းလိုက်လုပ်လေသည်။
ရှင်းဟုန်ယီတစ်ယောက် အခြေခံဓားသိုင်းနည်းဗျုဟာထဲတွင် တဖြည်းဖြည်းစျာန်ဝင်သွားချေ၏။
လုချန်ရှန်း ဘာလုပ်နေသလဲဆိုသည်ကို သူ(မ)စိတ်မပူတော့ပေ။ ထိုအစား သူ(မ)သည် သူ(မ)၏ဓားသိုင်းနည်းဗျူဟာတွင်သာ စျာန်ဝင်စားနေခဲ့သည်။
အခြေခံဓားသိုင်းနည်းဗျူဟာ..။
ဓားသိုင်းကျင့်ကြံကြသူတိုင်းဟာ ဓားနှင့်စတင်ထိတွေ့မိသည့်အချိန်မှစ၍ ဤအခြေခံဓားသိုင်းနည်းဗျူဟာကို စတင်ကျင့်ကြံကြရသည်။
သို့သော်လည်း အောင်မြင်မှုအနည်းငယ်ရရှိပြီးနောက်တွင် လူတိုင်းက ထိုအခြေခံဓားသိုင်းနည်းဗျူဟာကို စွန့်လွှတ်ခဲ့ကြသည်။
ဤသည်မှာ သဘာဝပင်။
ဤဓားသိုင်းနည်းဗျူဟာသည် တိုက်ခိုက်ရေးနည်းလမ်းတစ်ခုသာဖြစ်သည်။
အခြားဓားသိုင်းနည်းဗျူဟာများလောက် လှပပြီးအစွမ်းထက်နေခြင်းမျိုးတော့ မဟုတ်ပေ။
သို့ဖြစ်ရာ သူ ဘာကြောင့်များ အခြေခံဓားသိုင်းနည်းဗျူဟာကို အထူးတလည်ကစားပြနေရသလဲ။
သူ့ဦးနှောက် ချောင်သွားတာများလား…
သို့သော်လည်း ရှင်းဟုန်ယီသည် တစ်စုံတစ်ခုကို ဖမ်းဆုပ်မိလိုက်ပုံရသည်။
အခြေခံဓားသိုင်းနည်းဗျူဟာ…
အခြေခံ…။
သိုင်းပညာကျင့်ကြံရေးလမ်းစဉ်မှာ အရေးကြီးဆုံးအရာကဘာလဲ။
ဤသည်မှာ တာအိုအခြေခံအုတ်မြစ်သာဖြစ်၏။
သူ၏တာအိုအခြေခံအုတ်မြစ်သာ မတည်မငြိမ်ဖြစ်နေပါက နောင်မှာ အဆင့်ခပ်မြင့်မြင့်သို့ တက်လှမ်းနိုင်မည်မဟုတ်ချေ။
ရှင်းဟုန်ယီ နားလည်သွားလေပြီ။
လုချန်ရှန်း၏ရည်ရွယ်ချက်ကို သူ(မ) နားလည်သွားချေပြီ။
ရုတ်ခြည်းပင် ရှင်းဟုန်ယီ၏ခန္ဓာကိုယ်ထဲမှ ဓားသွားချီစွမ်းအင်ရောင်ခြည်တန်းတစ်ခု ထွက်ပေါ်လာသည်။
အားလုံးက ရှင်းဟုန်ယီကို တအံ့တသြလှည့်ကြည့်လိုက်ကြသည်။
ထိုအရာမှာ ဓားသိုင်းခန်းမအကြီးအကဲနှင့် ချင်းထျန်းနျန်ကိုလည်း ဆွဲဆောင်လိုက်နိုင်သည်။
လုချန်ရှန်း၏ခံစားချက်များ မကောင်းတော့ပေ။
မဖြစ်နိုင်တာ…
ဤအခိုက်အတန့်တွင် ဖြာထွက်လာသော ဓားသွားချီစွမ်းအင်များသည် စင်စစ်ထက်ရှလှပေသည်။
“ဓားသိုင်းစျာန်အဘိညာဉ်လား”
ဓားသိုင်းခန်းမအကြီးအကဲက ရုတ်တရက်မတ်တတ်ထရပ်လိုက်ပြီး အံ့သြတကြီးပြောလိုက်လေသည်။
“သူ ဓားသိုင်းစျာန်အဘိညာဉ်နဲ့ထိတွေ့မိသွားပြီပဲ”
လူတိုင်း ထိတ်လန့်သွားကြရသည်။
ရှင်းဟုန်ယီသည် အခြေခံဓားသိုင်းနည်းဗျူဟာကို အသုံးပြုရုံမျှဖြင့် ဓားသိုင်းစျာန်အဘိညာဉ်နှင့် ထိတွေ့မိသွားချေသည်။
လုချန်ရှန်း : “???”
ငါ ဘာတွေလုပ်လိုက်မိတာလဲ။ သောက်ကျိုးနည်း ငါ ဘာလုပ်လိုက်မိတာလဲ။
ငါ သစ်ကိုင်းကို အသာလေးယမ်းလိုက်တာနဲ့ နောက်တစ်ယောက်က အဆင့်တက်သွားပြန်ပြီတဲ့လား။
ထိုအချိန်တွင် ရှင်းဟုန်ယီ မျက်လုံးပြန်ဖွင့်လာပြီး လုချန်ရှန်းကိုဦးညွှတ်လာလေသည်။
“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာလု”
လုချန်ရှန်း :”…”
ငါ ဘာတွေများလမ်းညွှန်ခဲ့မိလို့လဲ..
မဟုတ်ဘူးလို့ ပြောစမ်းပါ… ငါ ပြောင်းလဲပေးပါ့မယ် ဟုတ်ပြီလား။
ဓားသိုင်းခန်းမအကြီးအကဲက ရှင်းဟုန်ယီကိုကြည့်ပြီး ပြောလိုက်လေသည်။
“ရှင်းဟုန်ယီ.. မင်း ဘယ်လိုနားလည်သွားတာလဲဆိုတာကိုပြောပြပါဦး”
ရှင်းဟုန်ယီက ခေါင်းညိတ်ပြလိုက်ပြီး သူ(မ)၏နှလုံးသားထဲရှိ ထိုးထွင်းသိမြင်မှုနှင့် အခြေခံဓားသိုင်းနည်းဗျူဟာကို နားလည်သဘောပေါက်သွားခြင်းအကြောင်းကို စတင်ရှင်းပြခဲ့သည်။
ထိုစကားကိုကြားပြီးနောက် လူတိုင်းလူတိုင်းဟာ မတွေးတောမဆင်ခြင်ဘဲမနေနိုင်တော့ချေ။
ဓားသိုင်းခန်းမအကြီးအကဲသည်ပင် ဉာဏ်အလင်းပွင့်သွားလေသည်။
သေချာပေါက်ပဲလေ..
အခြေခံတွေ..။
၎င်းသည် ဓားသိုင်းနည်းဗျူဟာအားလုံး၏ မူလအစဖြစ်သည်။
ဓားသိုင်းနည်းဗျူဟာအားလုံးသည် အခြေခံဓားသိုင်းနည်းဗျူဟာဆီမှ ခွဲဖြာထွက်သွားကြသည့်အရာများပင်။
သို့သော် ဓားသိုင်းနည်းဗျူဟာ၏စွမ်းအားသည် ဆန်းသစ်သောဓားသိုင်းနည်းဗျူဟာများအပေါ် အားကိုးနေရမည့်အစား မိမိကိုယ်ကိုသာ အားကိုးမှရသည့်အရာမျိုးဖြစ်၏။
ဓားသိုင်းခန်းမ၏ အကြီးအကဲက တင်ပျဉ်ခွေထိုင်လိုက်သည်။
သူ့ဓားသိုင်းစျာန်အဘိညာဉ်က ထပ်မံဖောက်ထွက်လာပြန်သည်။
သူ၏ဓားသိုင်းစျာန်အဘိညာဉ်သည် မဟာဓားသိုင်းပညာရှင်အဆင့်သို့ရောက်ရှိသွားခဲ့သည်။
အခြားတပည့်များကရော…
သူတို့လည်း အဆင့်တက်လျှင်တက် မဟုတ်လျှင် ဓားသွားချီစွမ်းအင်များ ပိုမိုသိပ်သည်းလာကြသည်။
လူတိုင်းသည် အနည်းနှင့်အများ တစ်စုံတစ်ခုကိုတော့ ရလိုက်ကြသည်သာ။
လုချန်ရှန်းခမျာ ဘာပြောရမှန်းမသိပေ။
ထိုအချိန်တွင် ချင်းထျန်းနျန်သည် လုချန်ရှန်း၏ပခုံးကိုဆုပ်ကိုင်လိုက်ပြီး ပြောလေသည်။
“ကောင်းပြီ။ ကွန်ဖြူးရှပ်ကျောင်းတော်ကို သွားရမဲ့အချိန်ရောက်ပြီ”
“မလိုက်လို့မရဘူးလား…”
“ဘာဖြစ်လို့လဲ။ မင်း သူတို့ကို ဘယ်လောက်ကောင်းကောင်းသင်ပေးခဲ့လဲဆိုတာ ကြည့်လိုက်စမ်းပါဦး”
ထို့နောက် အချိန်အတိုင်းအတာတစ်ခု ကုန်ဆုံးသွားသည်။
နေဝင်ခါနီးချေပြီ။
ကွန်ဖြူးရှပ်ကျောင်းတော်ရှိရာနေရာ၌ ဒါဇင်နှင့်ချီသောအရှိန်အဝါများ ထွက်ပေါ်လာလေသည်။
ထိုအဖြစ်ကိုမြင်သောအခါ လုချန်ရှန်းလည်း လက်လျှော့လိုက်လေတော့သည်။
မည်သို့ပင်ဖြစ်စေ ဤလူတစ်စုသည် သူ ဘာပဲလုပ်ပြပြ အဆင့်တက်နိုင်မည်သာဖြစ်၏။
မသိလျှင် သူ့ဘာသာဗျူဟာချထားသည့်အလားပင်။
ခေါင်းဆောင်ရူသည် လုချန်ရှန်း၏ပခုံးကိုပုတ်ကာ အပြုံးလေးဖြင့်ပြောလာလေသည်။
“ချန်ရှန်း..မင်းက ဆရာတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတာပဲ။ နောက်လည်း ကျောင်းသားတွေကို များများလာသင်ပေးပါဦးကွာ”
လုချန်ရှန်း : “…”
ချင်းထျန်းနျန်က ထပ်ပြောပြန်၏။
“ဓားသိုင်းခန်းမနဲ့ ဆေးဝါးခန်းမလည်းရှိသေးတယ်။ ငါတို့ အဲဒီကို မကြာမကြာသွားပေးရမယ်”
လုချန်ရှန်း : “…”
ထိုအချိန်တွင် ခပ်ထွားထွားပုံရိပ်တစ်ခုက အပြေးရောက်ချလာပေသည်။
“ချန်ရှန်း.. မင်း ငါ့သိုင်းပညာခန်းမကိုလည်း လာပြီးသင်ပေးရမယ်နော်။ မင်း အဲ့ဒီကိုမလာရသေးဘူး”
၎င်းမှာ သိုင်းပညာခန်းမ၏အကြီးအကဲဖြစ်သည်။
သူလည်း သတင်းရပြီးသွားပြီဖြစ်ကြောင်း သိသာလှသည်။
သူ့မှာ မနာလိုဖြစ်ရလွန်းသဖြင့် မျက်လုံးများပင် နီရဲနေချေသည်။
လုချန်ရှန်း ခေါင်းညိတ်ပြလိုက်သည်။
တကယ်လို့ ငါမှားတာရှိခဲ့ရင်လည်း ဒီလိုတွေလုပ်ခိုင်းနေမဲ့အစား အပြစ်သာပေးလိုက်ပါလားလို့….
သူ့ငါးဆားနယ်ဘဝလေးကတော့ သည်တစ်သက်ဝေးလေပြီ။
လုချန်ရှန်း၏အမည်နာမသည် တောင်ပိုင်းဒေသတစ်ခွင်သို့ ပျံ့နှံ့သွားပြန်လေသည်။
နောက်တစ်ခေါက်ကျောင်းအပ်ချိန်ရောက်လာမည်ကိုပင် သူကြောက်မိသည်။
ထိုလူတစ်စုက စံအိမ်တော်၏တံခါးများကိုပင် ဖျက်ဆီးပစ်ချေတော့မည်။
ဤကိစ္စအားလုံးက ယဲ့ချိုးပိုင်၏အပြစ်ပင်။
နောက်သုံးရက်လောက်ကြာသောအခါ အလယ်ပိုင်းဒေသ၌..
ဤသုံးရက်အတွင်း ယဲ့ချိုးပိုင်သည် ရာချီသန့်စင်ရေးနယ်မြေသို့ ဆက်သွားခဲ့သည်။
သူတို့သည် မှော်ဝင်သားရဲများကို အဆက်မပြတ်တိုက်ခိုက်ခဲ့ကြသည်။
တိုက်ခိုက်ရေးနည်းဗျူဟာများနှင့် ဓားသိုင်းနည်းဗျူဟာများကိုလည်း နားလည်သိမြင်ခဲ့ကြသည်။
သူတို့အားလုံး တိုးတက်လာခဲ့ကြသည်။
သူ့အဆင့်က တစ်ဆင့်ပိုမြင့်လာပြီး အဆင့်ရှစ်နေရာသို့ တက်လှမ်းလာသည်။
လူတိုင်း စုတ်သပ်လိုက်မိကြချေသည်။
သုံးရက်အတွင်းမှာပင် သူသည် နောက်တစ်ဆင့်သို့တက်လာနိုင်ခဲ့သည်။ ဤအမြန်နှုန်းကြီးက မည်သူမျှစိတ်ကူးမယဉ်ရဲသောအရာဖြစ်သည်။
ဤကျောက်သားမျက်နှာပြင်ပေါ်ရှိလူစာရင်းသည် နှစ်အတော်ကြာအောင် မပြောင်းလဲဘဲရှိခဲ့လေသည်။
ယနေ့တွင်မူ…
ယဲ့ချိုးပိုင်နှင့် ကျန်းချောင်မြန်တို့သည် ရာချီသန့်စင်ရေးနယ်မြေထဲမှ ထွက်လာခဲ့ကြသည်။
ထိုစဉ် ယဲ့ချိုးပိုင်၏အရှေ့၌ လူတစ်ယောက်ပိတ်ရပ်လိုက်သည်။
“ယဲ့ချိုးပိုင်လား”
ယဲ့ချိုးပိုင်က မျက်ခုံးပင့်လျက် ခေါင်းညိတ်ပြလိုက်သည်။
“ဘာဖြစ်လို့လဲ”
ထိုလူက အပြုံးလေးဖြင့်ပြောလာလေသည်။
“ထွေထွေထူးထူးမဟုတ်ပါဘူး။ ငါ မင်းနဲ့လက်ရည်စမ်းချင်ရုံပါ”
ယဲ့ချိုးပိုင် အနည်းငယ်အံ့သြသွားရသည်။
သူ့ဘေးနားရှိ တစ်စုံတစ်ယောက်က ပြောလာလေ၏။
“ဒါက အရင်အဆင့်ရှစ်နေရာရထားခဲ့တဲ့ ဟွမ်းကျန်းကျန့်ပဲ”
ဟွမ်းကျန်းကျန့်တဲ့လား။ ဟွမ်းမျိုးရိုးနာမည်နှင့် လူတစ်ယောက်တဲ့လားလေ…။