ယခင်က ကျောင်းသားအချို့သည် ပါရမီကို အပြင်းအထန်ကြိုးစားအားထုတ်ခြင်းဖြင့် ဖြည့်စွမ်းနိုင်သည်ဟု ထင်ခဲ့ကြသော်လည်း ယခုမူ နားလည်သဘောပေါက်သွားလေပြီ။
ပါရမီက အမှန်တကယ်အရေးကြီးလှကြောင်း သူတို့သိလိုက်ရသည်။
အကြောင်းမှာ ပါရမီပါမလာသူများအဖို့ စီနီယာလု ယခုဘာလုပ်နေသလဲဆိုသည်ကို နားမလည်နိုင်ချေ။
အမှန်တကယ်မှာ ယဲ့ချိုးပိုင်တို့လည်း ဤမြင်ကွင်းကိုမြင်ခဲ့မည်ဆိုလျှင်ပင် နားမလည်နိုင်ပေ။
မကြာခင်မှာပင် ဆေးရနံ့က ကျောင်းတော်တစ်ခွင်ကို ပျံ့လွင့်လာသည်။
ကျောင်းတော်ထဲတွင် သိုင်းပညာကျင့်ကြံနေကြသူများက ဤရနံ့ကိုရလိုက်သည့်အချိန်မှာ ငြိမ်သက်သွားကြလေသည်။
အာရုံထွေပြားစေသောအတွေးများအားလုံးကိုလည်း ဖယ်ထုတ်ပစ်လိုက်သည်။
ဆေးဝါးခန်းမမှ ကျောင်းသားများသည်လည်း သူတို့၏စိတ်နှလုံးထဲရှိ ငြိမ်သက်မှုကို ခံစားလိုက်ရသည်။
တကယ်တမ်းတွင် မတိုင်ခင်က သူတို့နားမလည်နိုင်ခဲ့သောဆေးဖော်စပ်နည်းများနှင့် ကျင့်ကြံရေးနည်းဗျူဟာအချို့ကို နားလည်သိမြင်လာသည်။
ဆေးဝါးခန်းမအကြီးအကဲ၏စိတ်ဝိညာဉ်သည်လည်း မြှင့်တင်ပေးခံလိုက်ရသည်။
ဆေးရနံ့လေးတစ်ခုတည်းဖြင့် ယခုလိုအကျိုးသက်ရောက်မှုမျိုး ရှိနိုင်လေသတဲ့လား။
သို့ဖြစ်လေရာ ဆေးဝါးများ၏အဆင့်က ဘယ်အဆင့်လောက်များဖြစ်လေမလဲ။
အားလုံးက လုချန်ရှန်းကို စိုက်ကြည့်နေကြသည်။
ထိုအချိန်မှာ လုချန်ရှန်းက တည်ငြိမ်စွာစကားဆိုလာ၏။
“ဆေးတွေက ပြီးပြီ”
ဆေးမီးဖိုထဲရှိ ဆေးမွှေးရနံ့များ ချက်ချင်းချုပ်ထိန်းခံလိုက်ရသည်။
ပတ်ဝန်းကျင်ရှိဆေးရနံ့များသည် ဆေးပြားမီးဖိုထဲသို့ အမှန်စင်စစ်ပေါင်းစပ်သွားချေသည်။
လုချန်ရှန်းက လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ဆေးတစ်လုံးပြီးတစ်လုံး ကျောက်စိမ်းပုလင်းထဲသို့ ကျရောက်သွားလေ၏။
“အာ.. ကျွန်တော် ပုလင်းနည်းနည်းပဲယူလာမိတယ်။ အကြီးအကဲဆီက ငှားလို့ရမလား”
ထိုစကားကိုကြားသော် အကြီးအကဲကလည်း ကျောက်စိမ်းပုလင်းအသန့်ငါးလုံးကို လုချန်ရှန်းအား အမှုမဲ့အမှတ်မဲ့ပေးလိုက်လေသည်။
လုချန်ရှန်း စုတ်သပ်လျက်ပြောလိုက်၏။
“ဒါက သေးလွန်းတယ်။”
“သေးတာလား”
ကျောက်စိမ်းပုလင်းသန့်တစ်ဘူးတွင် ဆေးလုံးငါးလုံးခန့် သိမ်းဆည်းနိုင်လေသည်။
‘မင်းက ဘယ်လောက်တောင်သန့်စင်ထားတာမို့လို့လဲ’
သို့သော် အကြီးအကဲက လုချန်ရန်းကို နောက်ထပ်ပုလင်းဆယ်လုံး ထပ်ပေးလိုက်ချေသည်။
လုချန်ရှန်းကလည်း ပြောလိုက်သည်။
“ဒါဆို ရလောက်ပါပြီ”
ဤသို့ဖြင့် သူသည် ဆေးမီးဖိုကိုတစ်ချက်ရိုက်လိုက်သည်နှင့် အတွင်းမှာရှိနေသောဆေးများက ကျောက်စိမ်းပုလင်းထဲကို ချက်ချင်းဝင်ရောက်သွားလေသည်။
လူတိုင်း၏ အံ့သြသောအကြည့်များအောက်မှာပင် ကျောက်စိမ်းပုလင်းဆယ့်ခြောက်ပုလင်းစလုံး ပြည့်နှက်သွားလေသည်။
တကယ်တမ်းတွင် ဆေးတစ်လုံးကျန်နေသေးသည်။ ထိုတစ်လုံးကို လုချန်ရှန်းက တစ်ချက်မျှစိုက်ကြည့်ရင်း သူ့ပါးစပ်ထဲထည့်လိုက်၏။
သကြားလုံးဝါးနေသည့်အလာ ဆေးကို သူမျိုချလိုက်သည်။
ထိုအခြင်းအရာကိုမြင်လိုက်ရသောလူအပေါင်းမှာ ဆွံ့အသွားချေသည်။
ထိုစဉ်က သူပြောခဲ့သည့်စကားများက အမှန်တရားများဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။
အခြားလူများက ဆေးကိုသန့်စင်ရာတွင် အတိုင်းအတာယူနစ်အဖြစ် ဆေးလုံများကို အသုံးပြုကြသည်။
‘မင်းကတော့ ဆေးမီးဖိုကို ယူနစ်တစ်ခုအနေနဲ့ တကယ်ကြီးသုံးနေတာပဲ’
“ကောင်းပြီ။ ဒီလောက်ဆို မင်းတို့ရပြီလား'”
လုချန်ရှန်က ထိုလူအုပ်ကြီးကို ကြည့်လိုက်ပြီး အပြုံးလေးနှင့်ပြောသည်။
“မင်းတို့အားလုံးနားလည်မှာ သေချာပါတယ်”
ဆေးဝါးခန်းမအကြီးအကဲ : “…”
ကျောင်းသားများ : “…”
ချင်းထျန်းနျန်ခမျာ သူ့မျက်နှာကိုသာ လက်ဝါးဖြင့်အုပ်ထားမိတော့သည်။
ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ကို လုချန်ရှန်းသင်ပေးထားတာမှဟုတ်ရဲ့လားဟုပင် တွေးတောမိသည်။
ဆေးဝါးခန်းမ၏အကြီးအကဲက မေးလိုက်လေသည်။
“ဒါဆို ဒီဆေးရဲ့အသုံးဝင်ပုံက ဘာလဲ”
လုချန်ရှန်း ခဏမျှတွေးတောပြီး ပြောလိုက်၏။
“စိတ်အာရုံကိုရှင်းလင်းပေးပြီး စိတ်အစဉ်ကို အာဟာရဖြည့်ဖို့ပဲမဟုတ်လား။ကျွန်တော် အသေးစိတ်တော့မသိဘူး။ ခင်ဗျားတို့တစ်ယောက်ချင်းစီ စမ်းကြည့်လို့ရတယ်လေ”
ဤသို့ဖြင့် သူသည် လက်ကိုယမ်းလျက် ဆေးကို လူစေ့တန်းစေ့ဝေငှပေးလိုက်သည်။
ဆေးဝါးခန်းမတွင် ကျောင်းသားများများစားစားမရှိချေ။
အမှန်တကယ်တော့ လူတိုင်းတွင် ဆေးဝါးသန့်စင်နိုင်သည့်အရည်အချင်းမျိုးမရှိပေ။
ဆေးဝါးခန်းမအကြီးအကဲသည် ဆေးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး သင်္ကာမကင်းစွာဖြင့်စိုက်ကြည့်ကာ မျိုချလိုက်သည်။
ထိုအခြင်းအရာကိုမြင်သောအခါ ကျောင်းသားမျာ ဝမ်းသာလုံးစို့သွားလေသည်။
လုချန်ရှန်းလိုအဂ္ဂိရတ်ပညာရှင်တစ်ယောက် ဖန်တီးထားသောဆေးလုံးက သာမန်မဖြစ်နိုင်ချေ။
လူတိုင်း ဆေးလုံးကိုယူလိုက်ပြီးနောက်.. မျက်စိစုံမှိတ်ပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။
အချိန်အတော်ကြာသည်အထိ မည်သည့်အရှိန်အဝါမှပေါ်မလာပေ။
ထိုအဖြစ်ကိုမြင်သော လုချန်ရှန်းလည်း သက်ပြင်းချရင်း တစ်ကိုယ်တည်းတွေးလိုက်မိသည်။
“ဒီဆေးက အသုံးမဝင်ဘူးလို့သူတို့ထင်သွားရင် နောက်ဆိုရင် ငါ့ဆီလာမှာမဟုတ်တော့ဘူး…”
ထိုအကြောင်းကိုတွေးမိပြီး လုချန်ရှန်းက ချင်းထျန်းနျန်ကိုကြည့်ပြီး ပြောလိုက်သည်။
“ကျွန်တော့်ကို လာမရှာပါနဲ့လို့ပြောသားပဲ။ ကျိုးပဲ့နေတဲ့ဆေးတွေကို ကြည့်လိုက်ပါဦး။ အဲဒါတွေက အသုံးမဝင်ဘူး”
ချင်းထျန်းနျန်တစ်ခုခုပြောတော့မည့်ဆဲဆဲမှာပင် ကျောင်းသားများဆီက အရှိန်အဝါများ ထွက်ပေါ်လာလေသည်။
တစ်စုံတစ်ယောက်သည် ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်မှ ခရမ်းရောင်ဘုံဗိမာန်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။
လုချန်ရှန်း : “???”
ဒါက စိတ်ကိုကြည်လင်စေတဲ့ဆေး မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ်အဆင့်တက်သွားရတာလဲဟ..
လုချန်ရှန်းက ချင်းထျန်းနျန်ကို အမြန်လှည့်ကြည့်လိုက်ပြီး ရှင်းပြလိုက်၏။
“ဦးလေးချင်း.. ဒါက မတော်တဆမှုတစ်ခုပါ”
ချင်းထျန်းနျန် : “…”
သို့သော် ဤအခိုက်အတန့်တွင် အခြားလူတစ်ဦးက မတ်တတ်ထရပ်လာပြီး အံ့သြတကြီးပြောလာလေသည်။
“ကျွန်တော်သိပြီ။ ဒီဆေးကို ဘယ်လိုသန့်စင်ရမလဲဆိုတာသိပြီ”
ထို့နောက် သူသည် လုချန်ရှန်းဆီသို့လျှောက်လာပြီး ရိုသေစွာဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာလု။ ဒီဆေးကို ကျွန်တော် ဘယ်တုန်းကမှ အောင်အောင်မြင်မြင်မသန့်စင်နိုင်ခဲ့ဘူး။ အခုတော့ ကျွန်တော့်အတွေးတွေအကုန် ရှင်းသွားပြီ”
လုချန်ရှန်း : “???”
ဟေး ဟေး ဟေး အစ်ကိုကြီးရေ..ဒါက စိတ်ငြိမ်ဆေးတစ်ခုလေးပဲလေ။ မင်းအတွေးတွေက ဘယ်လိုရှင်းသွားရတာလဲ။
ထို့အပြင် သူသည် ရှင်းလင်းနေသောအတွေးအခေါ်ကြီးဖြင့် ဆေးဝါးကို ဘယ်လိုသန့်စင်မတဲ့လဲ။
ထိုအချိန်တွင် ရင်ပြင်၌ ဝိညာဉ်စွမ်းအားတစ်ခု ရုတ်ခြည်းမြင့်တက်လာလေသည်။
မူလက အားနည်းနေသောဝိညာဉ်စွမ်းအားသည် အမှန်တကယ်ပင် သိပ်သည်းစပြုလာသည်။
အဂ္ဂိရတ်ပညာရှင်အတွက် ဝိညာဉ်စွမ်းအားသည် မရှိမဖြစ်လိုအပ်သည်။
စိတ်ဝိညာဉ်စွမ်းအား၏ခွန်အားသည် အဂ္ဂိရတ်ပညာရှင်၏ဆေးဝါးသန့်စင်ခြင်း၏အောင်မြင်မှုနှုန်းနှင့် အရည်အသွေးကို တိုက်ရိုက်အကျိုးသက်ရောက်နိုင်လေသည်။
မူလက ဝိညာဉ်စွမ်းအားအတွက် စိုက်ပျိုးနည်းဗျူဟာများဟာ အလွန်နည်းပါးလှသည်။
လျှို့ဝှက်တာအိုကျောင်းတော်မှာပင် ဆေးဝါးခန်းမ၌သာရှိသည်။
ဝိညာဉ်စွမ်းအားကိုတိုးမြှင့်ပေးနိုင်သော ကောင်းကင်ဘုံရတနာများများကလည်း နည်းပါးလှသည်။
“ကျေးဇူးတင်ပါတယ် စီနီယာလု”
ကျောင်းသားသည် လုချန်ရှန်းအား ဦးညွှတ်ကာ သူ့မျက်ဝန်းထဲမှာလည်း ရိုသေလေးစားဟန်အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
လုချန်ရှန်း : “…”
ငါကပဲ ကိုယ့်ကိုယ်ကိုယ်လှည့်စားမိနေတာလား။
ထိုအခိုက်တွင် ဆေးဝါးခန်းမအကြီးအကဲသည် မျက်လုံးကိုဖွင့်၍ အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။
နူးညံ့သိမ်မွေ့သောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာလေသည်။
“ချန်ရှန်း.. မင်းရဲ့ဒီဆေးလုံးက တကယ့်ကိုမှော်ဆန်တာပဲ။ ငါ ဆေးဖော်စပ်နည်းကို နှစ်ပေါင်းများစွာသုတေသနလုပ်ခဲ့ပေမယ့် ဘယ်တုန်းကမှမအောင်မြင်ခဲ့ဘူး”
“ငါ အဲ့ဒါကိုလက်လျှော့ပြီးသွားပြီ။ ဒါပေမဲ့ အခု ငါ အဖြေတစ်ခုစဉ်းစားမိလိုက်တယ်”
“စကားမစပ်..ဒီဆေးနာမည်က ဘာလဲ”
လုချန်ရှန်း : “…”
ထိုအချိန်တွင် အနီးအနားရှိကျောင်းသားများလည်း နိုးကြားလာကြသည်။
လူတိုင်းသည် အနည်းနှင့်အများ တစ်ခုခုတော့ရရှိခဲ့ကြသည်။ ထို့နောက် လုချန်ရှန်းကို ဆက်တိုက်ကျေးဇူးတင်နေကြသည်။
လုချန်ရှန်းကမူ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်မိသည်။
သူ့မျက်လုံးများ မည်းမှောင်သွားချေသည်။
အား.. ငါ့ရဲ့အငြိမ်းစားဘဝလေး ဒီအတိုင်းအဆုံးသတ်သွားတော့မှာလား…
တစ်ခုခုကတော့ မှားနေလေသည်။ အဆုံးမှာမူ ၎င်းသည် အကောင်စုတ်ယဲ့ချိုးပိုင်၏အပြစ်များသာဖြစ်၏။
သူ ငါ့ကိုရောင်းမစားရင် အဲဒီဆေးလုံးတွေကိုသန့်စင်ပေးဖို့ တောင်းဆိုခံရမှာတဲ့လား။
အကယ်၍ သူသာ ထိုဆေးကိုမသန့်စင်ခဲ့ရပါက ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မတဲ့လား။
လုချန်ရှန်းခမျာ ထိုကလေးကို ငရဲကိုးဘုံအစီအရင်ထဲသို့ ပစ်ချလိုက်ချင်မိသည်။
ပြီးလျှင် သူ့ကို ငရဲပြည်အဆုံးထိပို့ပစ်လိုက်မည်။
ဤအခိုက်အတန့်တွင် အလယ်ပိုင်းဒေသမှာရှိနေသောယဲ့ချိုးပိုင်ခမျာ သမ်းဝေလိုက်မိလေသည်။
“ဆရာ ငါ့ဟင်းချက်လက်ရာကို သတိရနေတာများလား”
“ဒီကကိစ္စတွေကို တတ်နိုင်သမျှမြန်မြန်ပြီးအောင်လုပ်ပြီး ကျောင်းတော်ကိုပြန်တာပိုကောင်းမယ်”
လုချန်ရှန်း အမှန်တကယ်တွေးနေတာတွေကိုသာ ယဲ့ချိုးပိုင်သိပါက သူ ညတွင်းချင်း ဂိုဏ်းထဲကထွက်ပြေးသွားပေလိမ့်မည်..။
ထိုအချိန်တွင် ချင်းထျန်းနျန်သည် သူ့ရှေ့သို့လျှောက်လာသည်။
သူသည် လုချန်ရှန်း၏ပခုံးကိုပုတ်ကာ ပြုံးလျက်ပြောသည်။
“ချန်ရှန်း..မင်းသင်ပေးတဲ့နည်းလမ်းက သူတို့အတွက်မသင့်တော်ဘူးလို့ ငါထင်တယ်”
“ဒါဆို သူတို့က အဲဒါကိုနားမလည်နိုင်ဘူးဆိုတာ မင်းသိထားပြီးသားမို့လို့ သူတို့ရဲ့နေ့စဉ်ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့အတွက် ဒီဆေးဖက်ဝင်ဆေးဝါးကို တိုက်ရိုက်သန့်စင်ပြလိုက်တာပေါ့”
လုချန်ရှန်း၏မျက်လုံးများမှာ သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေချေသည်။
“ဟား… ဟားဟား….ဟားဟားဟား”
ချင်းထျန်းနျန်သည် လုချန်ရှန်း၏ပခုံးကိုဆုပ်ကိုင်ကာ အထက်ကိုပျံတက်သွားလိုက်သည်။
“သွားရအောင်။ ဓားသိုင်းခန်းမဆီကို ငါနဲ့လိုက်ခဲ့”
ထိုစကားကိုကြားသောအခါ လုချန်ရှန်းလည်း သူ့မှာ အခွင့်အရေးရှိသေးသည်ဟု တွေးလိုက်မိသည်။
နောက်မှ သူတို့ကို ကကျိုးကကြောင်ဖြစ်အောင် သင်ပေးလိုက်မည်။ သူတို့ထဲက တစ်ယောက်ကိုတော့ အကြီးအကျယ်နစ်နာစေနိုင်လောက်သည်။ ဤသည်မှာ ကိုယ့်ဂုဏ်သိက္ခာကိုယ် ဖျက်ဆီးခြင်းပင်ဖြစ်ပေလိမ့်မည်။