Switch Mode

အခန်း (၇၄)

ကျောင်းသားအပေါင်း မှင်တက်သွားကြခြင်း

“ငါ့ရဲ့တတိယတပည့်လေးက သနားစရာကောင်းလိုက်တာ။ သူ့မှာ ကျင့်ကြံရေးအဆင့်တောင်မရှိသေးဘူး”

လုချန်ရှန်းသည် နင်ချန်းရှင်း၏ဇယားကွက်ကိုကြည့်ပြီး ခဏမျှ
စဉ်းစားကြည့်လိုက်သည်။

သူ့အတွက် ဆေးဝါးအချို့ကိုစီစဉ်ပေးပြီး ကျင့်ကြံရေးအဆင့်ကို မြှင့်တင်ပေးသင့်သလား။

[လက်ခံသူ.. စိတ်မပူပါနဲ့။ နင်ချန်းရှင်း ကွန်ဖြူးရှပ်တာအိုနဲ့ လုံးဝပေါင်းစပ်မိသွားတဲ့အခါ သူသည် အကာအရံတံတိုင်းတွေကို ဖြတ်ကျော်ပြီး နက်နဲတဲ့အဆင့်အထိ ရောက်သွားပါလိမ့်မယ်]

လုချန်ရှန်း ခေါင်းညိတ်ပြလိုက်သည်။

သူသိပ်နားမလည်သော်ငြား ခေါင်းညိတ်ရုံသာညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ချင်းထျန်းနျန်သည် ကျောင်းတော်သို့ပြန်ရောက်လာခဲ့သည်။

သူသည် စံအိမ်တော်ဆီသို့ တန်းတန်းမတ်မတ်ရောက်ချလာလေ၏။

လုချန်ရှန်းကိုတွေ့သောအခါ သူ မေးလိုက်၏။

“ဒီမကောင်းဆိုးဝါးတွေကို မင်းဘယ်လိုများရှာတွေ့လာတာလဲ”

“အကုန်လုံးပဲ”

လုချန်ရှန်းက အသံပြုလိုက်၏။

ချင်းထျန်းနျန်က ဒေါသတကြီးဖြင့်ပြန်ပြောလိုက်သည်။

“မင်းဘာတွေပြောနေတာလဲ။ ငါဆိုလိုတာက ယဲ့ချိုးပိုင်၊ဟုန်ရင်နဲ့နင်ချန်းရှင်းတို့လိုပါရမီရှင်တွေကို ဘယ်ကရှာတွေ့ခဲ့တာလဲလို့”

“အမ်…”

လုချန်ရှန်း ဘာများပြန်ပြောနိုင်မှာတဲ့လဲ။

ဤသည်မှာ စနစ်ထံမှ မစ်ရှင်တစ်ခုသာဖြစ်လေသည်..။

ချင်းထျန်းနျန်က ပင်မကျောင်းတော်တွင် ယဲ့ချိုးပိုင်လုပ်ခဲ့သောလုပ်ရပ်များကိုပြန်ပြောပြသည်။

ပင်မကျောင်းတော်၏ဌာနမှူးကပင် ယဲ့ချိုးပိုင်ကို ချီးကျူးနေသေးသည်။

သူက ယဲ့ချိုးပိုင်ကို ပင်မကျောင်းတော်တွင်တပည့်ခံစေချင်နေချေ၏။

ထိုစကားကိုကြားသော် လုချန်ရှန်းထိတ်လန့်သွားလေသည်။

“မဖြစ်ဘူး”

ထိုအဖြစ်ကြောင့် ချင်းထျန်းနျန်က ထရယ်လေသည်။

“ယဲ့ချိုးပိုင်လို သိပ်တော်တဲ့တပည့်တစ်ယောက်ကို လက်မလွှတ်နိုင်ဘူးမလား”

“ဒီလိုအရည်အချင်းမျိုးနဲ့တပည့်မျိုးကို ငါဆိုရင်လည်း လက်မလွှတ်ချင်ဘူး”

“ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါ မင်းအတွက် ငြင်းပေးခဲ့တယ်”

ထိုစကားကိုကြားသောအခါ လုချန်ရှန်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

“တော်သေးတယ်။ စားဖိုမှူးတစ်ယောက်လျော့သွားမယ်ဆိုတာက သိပ်ဆိုးတဲ့ကိစ္စပဲ”

“???”

ချင်းထျန်းနျန် မှင်တက်သွားလေသည်။

“စားဖိုမှူး”

လုချန်ရှန်းကလည်း သူ့စကားကို ချက်ချင်းပြန်ပြင်လိုက်သည်။

“မဟုတ်ဘူး။ မဟုတ်ဘူး။ ယဲ့ချိုးပိုင်က တပည့်ကောင်းတစ်ယောက်ပဲ။ ကျွန်တော် သူ့ကို ဘယ်လိုလုပ်လက်လွှတ်နိုင်မှာလဲ”

ချင်းထျန်းနျန်၏နှုတ်ခမ်းထောင့်များ တွန့်သွားချေသည်။

“မင်းက အသင်အပြသိပ်တော်တယ်ဆိုတော့ ကျောင်းတော်ကခန်းမတွေမှာ ဟောပြောသင်ပြပေးချင်စိတ်ရှိလား”

“ဆေးဝါးခန်းမရဲ့အကြီးအကဲက မင်းကို တပည့်တွေအတွက် ဆေးဝါးသန့်စင်နည်း သင်ပေးစေချင်နေတယ်”

“ဓားသိုင်းခန်းမရဲ့အကြီးအကဲကလည်း ဓားသိုင်းဥပဒေသတွေကိုသိမြင်နားလည်မှုနဲ့ပတ်သက်ပြီး ရှင်းပြစေချင်နေတာ”

“မင်းနဲ့ တာအိုလမ်းစဉ်အကြောင်း ဆွေးနွေးချင်နေကြတဲ့ကွန်ဖြူးရှပ်ဂိုဏ်းက အကြီးအကဲတွေလည်း ရှိသေးတယ်”

လုချန်ရှန်းသည် သူ၏အဂ္ဂိရတ်ပညာကို ထုတ်ပြခဲ့ပြီးဖြစ်၏။ အဂ္ဂိရတ်ခန်းမမှအကြီးအကဲများပင် သူတို့၏အရည်အချင်းမပြည့်မီမှုအတွက် ရှက်ရွံ့နေကြသည်။

သူ့အဆိုအရဆိုလျှင် လုချန်ရှန်းသည် တောင်ပိုင်းဒေသတွင် အတော်ဆုံးအဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သည်။

ဓားသိုင်းခန်းမ၏အကြီးအကဲကမူ ယဲ့ချိုးပိုင်၏အံ့မခန်းဖွယ်ရာအင်အားကို တွေ့မြင်ပြီးသည့်အချိန်ကတည်းက လုချန်ရှန်းအား ဂုဏ်ပြုထိုက်သူအဖြစ် သတ်မှတ်ထားပြီးဖြစ်၏။

သဘာဝကျကျပင် သူသည်လည်း လုချန်ရှန်းကို သင်ကြားဟောပြောစေချင်သည်သာ။

ခေါင်းဆောင်ရူကတော့လား။

ကွန်ဖြူးရှပ်ကျောင်းတော်တွင် တာအိုအကြောင်းဆွေးနွေးပြီးကတည်းက သူသည် နင်ချန်းရှင်းကို မျက်စိကျနေခဲ့သည်။

နင်ချန်းရှင်းသည် ကွန်ဖြူးရှပ်တာအိုအကြောင်းကို လေးလေးနက်နက်နားလည်ထားပြီးဖြစ်သည်။

နင်ချန်းရှင်း၏ဆရာသခင်တစ်ယောက်အနေနှင့် သူက ပို၍ပင်ထူးခြားနေဦးမည်မဟုတ်လား။

လုချန်ရှန်းကမူ အခြားသူများလို ဂုဏ်ယူဝင့်ကြွားမနေချေ။

ထိုအစား သူ့မျက်နှာထက်တွင် ကြက်ဟင်းခါးသီးစားလိုက်ရသည့်နှယ် ခါးသီးနေသောအမူအရာမျိုး ချိတ်ဆွဲထားသည်။

“ဦးလေးချင်း ကျေးဇူးပြုပြီး ကျွန်တော့်ကိုအလွတ်ပေးပါဦးဗျာ။ ကျွန်တော့်ကို ကြည့်ပါဦး။ ကျွန်တော်က တပည့်တွေကို လမ်းလွဲသွားအောင်သင်ပေးမိမယ်လို့မထင်ဘူးလား”

ချင်းထျန်းနျန်မျက်နှာမှာ သုန်မှုန်သွားရချေသည်။

ကျောင်းသားများကို လမ်းလွဲသွားစေမည်တဲ့လား။

သူ့မှာသာ ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် နင်ချန်းရှင်းတို့ကဲ့သို့ တပည့်များရှိနိုင်မည်ဆိုပါက စိတ်ကြိုက်လမ်းလွဲသွားပါစေလေ။

“မဟုတ်ဘူး။ မင်း ဒီနေ့သွားကိုသွားရမယ်”

လုချန်ရှန်းခမျာ သူ့ဗိုက်ကိုပွတ်လိုက်ရင်း ပြောလိုက်၏။

“ဒါပေမဲ့ ကျွန်တော် ဘာမှမစားရသေးဘူး…”

“မင်းအတွက်ပြင်ပေးဖို့ အိမ်တော်ဝန်းထဲကစားဖိုဆောင်ကိုပြောလိုက်မယ်”

အိမ်တော်ဝန်းထဲ၌ အရိယာအဆင့်ကိုမရောက်သေးသောကျောင်းသားများ ရှိနေဆဲပင်။

“အရသာမကောင်းရင် ဘယ်လိုလုပ်မလဲ…”

“ဒါဆို အပြင်ကစားသောက်ဆိုင်မှာ ဝယ်ခိုင်းလိုက်မယ်”

သူ ဘာများပြောနိုင်ဦးမှာတဲ့လဲ။ သူ ဘာများပြောနိုင်ဦးမှာတဲ့လဲ။

ချင်းထျန်းနျန်၏သဘောထားအရ သူ ယနေ့သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။

ယခုသာမသွားလျှင် တစ်ဖက်လူကလည်း ရပ်တန့်လိမ့်မည်မဟုတ်။

လုချန်ရှန်းသည် ခါးသက်သက်အမူအရာဖြင့်သာ ခေါင်းညိတ်ပြလိုက်ရသည်။

“ကောင်းပါပြီ။ ဒါပေမဲ့ သူတို့ကို ကောင်းကောင်းမသင်ပေးနိုင်ရင်တော့ အပြစ်မတင်နဲ့နော်”

ထိုအခြင်းအရာကိုမြင်သောအခါ ချင်းထျန်းနျန်က ကျေနပ်အားရစွာဖြင့်ပြောလာလေသည်။

“ရပါတယ်။ ကောင်းပြီ။ ဆေးဝါးခန်းမဆီကိုအရင်လိုက်ခဲ့”

လုချန်ရှန်းခမျာ သူ့နောက်ကိုလိုက်သွားရုံကလွဲ၍ အခြားရွေးချယ်စရာမရှိပေ။

ဆေးဝါးခန်းမသို့ သူတို့ရောက်လာလေသည်။

ဆေးဝါးခန်းမ၏အကြီးအကဲသည် ချင်းထျန်းနျန်ဆီမှ သတင်းရထားပြီးကတည်းက အခန်းလွတ်တစ်ခုကိုရှင်းလင်းထားပြီးဖြစ်၏။

ထိုအခန်းလွတ်ကြီး၏အလယ်တွင် အဂ္ဂိရတ်မီးဖိုတစ်ခုရှိသည်။

အဂ္ဂိရတ်မီးဖိုပတ်ပတ်လည်ရှိ ထိုင်ခုံများတွင် ကျောင်းသားများအပြည့်ပင်။

ထိုအချိန်တွင် ကျောင်းသားများ၏မျက်ဝန်းအစုံသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေချေသည်။

ဤသည်မှာ လုချန်ရှန်းပင်တည်း။

စံအိမ်တော်၏ခန်းမသခင်သည် ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် နင်ချန်းရှင်းကဲ့သို့သော ကြီးကျယ်ခမ်းနားသူများကို သင်ကြားပေးခဲ့သည်။

ဤမျှကြီးကျယ်ခမ်းနားသူများကို သင်ပြပေးနိုင်သူတစ်ယောက်က ရိုးရှင်းလိမ့်မည်မဟုတ်ချေ။

ထို့အပြင် လုချန်ရှန်းသည် အဂ္ဂိရတ်ပညာတွင် အောင်မြင်မှုအချို့ကို ပြုလုပ်ခဲ့ကြောင်း သူကြားသိခဲ့ရသည်။

သူသည် ချန်းယွမ်အဆင့်ကို ရာနှုန်းပြည့်အာမခံချက်ဖြင့် ဖြတ်ကျော်နိုင်သောဆေးဝါးကိုပင် သန့်စင်ခဲ့သည်။

ဆေးဝါးခန်းမ၏အကြီးအကဲပင်လျှင် ထိုသို့သောအဆင့်မျိုးရှိသည့်ဆေးဝါးကို မဖန်တီးနိုင်ပေ။

ဤအဆင့်မြင့်အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ သွန်သင်ပြသမှုကို နားထောင်ရမည့်ကိစ္စမျိုးကြောင့် သူတို့ စိတ်မလှုပ်ရှားဘဲမနေနိုင်တော့ပေ။

ထိုအချိန်တွင် ချင်းထျန်းနျန်က လုချန်ရှန်းကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။

ကျောင်းသားများသည် မတ်တတ်ထရပ်ပြီး ချင်းထျန်းနျန်ကို ရိုသေစွာဦးညွှတ်လိုက်ကြသည်။

“မင်္ဂလာပါ ကျောင်းအုပ်ကြီး”

ချင်းထျန်းနျန်က ခေါင်းညိတ်ပြပြီး သူ့အနောက်ကလူကိုလက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် ပြုံးလျက်ပြောသည်။

“ဒါက စံအိမ်တော်ရဲ့ခေါင်းဆောင် လုချန်ရှန်းပဲ။ သူက မင်းတို့ကို အဂ္ဂိရတ်ပညာကို ရှင်းပြလိမ့်မယ်။ သေချာနားထောင်ကြ”

အားလုံးက စိတ်လှုပ်ရှားစွာသဘောတူလိုက်ကြသည်။

ဆေးဝါးခန်းမ၏အကြီးအကဲကလည်း အနားသို့လျှောက်သွားလိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာ၏။

“ချန်ရှန်း မင်း ဘယ်အကြောင်းပြောမလဲ”

လုချန်ရှန်းခမျာ ဆွံ့အနေရှာသည်။

ဘယ်လိုပြောရမလဲဆိုတာ သူဘယ်လိုလုပ်သိမှာလဲ..

သူက ဤနေရာကိုအတင်းဆွဲခေါ်ခံလာရပြီး လုံးဝမပြင်ဆင်ခဲ့ရပေ။

ယခုမူ သူ့စိတ်က လုံးဝဗလာကျင်းနေသည်။

“ဆေးတစ်အိုး သန့်စင်ပြမယ်ဆိုရင်ရော.. ဘယ်လိုလဲ”

ထိုစကားကိုကြားသောအခါ ဆေးဝါးခန်းမ၏အကြီးအကဲက မှင်တက်သွားလေသည်။

“သူတို့ကိုသင်ပေးဖို့အတွက် အဂ္ဂိရတ်ပညာကို တကယ်သုံးပြမလို့လား။ မဖြစ်နိုင်တာ”

ဒါဆိုရင် ဒီမီးဖိုက ဘာလုပ်ဖို့လဲလို့…

ဆေးဖက်ဝင်ဆေးဝါးများကို ဆေးဝါးများအပေါ်အခြေခံ၍ တွက်ချက်ထားခြင်းမဟုတ်လေလား။

ချင်းထျန်းနျန်ကလည်း လုချန်ရှန်း သူ့ကို ဘယ်လိုသင်ပေးမလဲဆိုသည်ကို သိချင်နေခဲ့သည်။

လုချန်ရှန်းသည် မျှော်လင့်စောင့်စားနေသောကျောင်းသားများကိုကြည့်ပြီး ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ အခု ဆေးဝါးတချို့ကို ဖော်စပ်ပြမယ်။သေသေချာချာကြည့်ပြီး ကောင်းကောင်းလေ့လာကြည့်ပေါ့”

ထိုသို့ပြောပြီးနောက် လုချန်ရှန်းက သူ့ဘာသာ ဆေးဝါးသန့်စင်ဖို့ထသွားလေသည်။

လူတိုင်းကလည်း စိတ်လှုပ်ရှားနေခဲ့ကြသည်။

မဟာအဂ္ဂိရတ်ပညာရှင်တစ်ဦးကို အနီးကပ်ရှုစားခွင့်ရသည်မှာ တစ်သက်တွင်တစ်ခါမျှသာရနိုင်သောအခွင့်အရေးဖြစ်နိုင်လေသည်။

ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်းက တခြားဘာမှထပ်မပြောတော့ပေ။

သူ ဘာကို သန့်စင်မွမ်းမံသင့်သလဲ။

ယဲ့ချိုးပိုင်နှင့်အခြားသူများကို ပေးလေ့ရှိသည့် ကုစားရေးဆေးဝါးများကို သန့်စင်သင့်သလား။

သို့မဟုတ် အဆင့်ဖြတ်ကျော်နိုင်မည့်ဆေးဝါးများလား။

သို့သော် ဤနေရာတွင် လူအများအပြားရှိနေလေသည်။ ဦးလေးချင်းနှင့် အခြားသူများ၏ နှောင့်ယှက်မှုကိုရှောင်ရှားရန်အတွက် ခပ်လျှိုလျှိုလေးနေတာ ပိုကောင်းလိမ့်မည်။

လုချန်ရှန်းသည် စိတ်အစဉ်ကိုတည်ငြိမ်စေငည့်ဆေးကိုသန့်စင်ရန် ဆုံးဖြတ်လိုက်သည်။

ဤသည်မှာ သိုသိုသိပ်သိပ်နိုင်လောက်ပေသည်။

ထိုအကြောင်းကိုတွေးရင်း လုချန်ရှန်း ခပ်ကျိတ်ကျိတ်ရယ်မောလိုက်မိသည်။

သူသည် ဆေးဖက်ဝင်အပင်များကို ဆေးမီးဖိုထဲသို့ ပစ်ချလိုက်သည်။

ထို့နောက် မီးဖိုထဲ၌ မီးတောက်လောင်သွားလေသည်။

သူ့လက်ဖဝါးကို အဆက်မပြတ်လှန်လိုက်မှောက်လိုက်လုပ်ကာ အတွင်းမှ ဆေးရည်များကို ထုတ်ယူလိုက်သည်။

ဆေးဝါးခန်းမ၏အကြီးအကဲသည် ဤမြင်ကွင်းကိုကြည့်ပြီး ဤဆေးအမျိုးအစားသည် မည်သည့်ဆေးမျိုးဖြစ်သလဲဆိုသည်ကို သိချင်လာသည်။

ဆေးဖက်ဝင်အပင်များ ပေါင်းစပ်ခြင်းသည် အဘယ်ကြောင့်များ ဤမျှထူးဆန်းနေလေသလဲ။

ဆေးများကို သန့်စင်နေစဉ်တွင် လုချန်ရှန်းသည် ယခု စာသင်နေသည်ဖြစ်ရာ ထင်သာမြင်သာရှိသောသင်ကြားပို့ချချက်များကို ပေးသင့်သည်ဟုတွေးလိုက်သည်။

“ကြည့်..ဒီလောက်ဆိုရင် လုံလောက်ပြီ”

“အင်း.. ပြီးရင် ဒီမှာနည်းနည်းမွှေပေးပြီးရင် ပြီးသွားပြီ”

“အခြေခံအားဖြင့်တော့ ဒီလောက်ပဲ။ နားလည်တယ်မလား”

ထိုစကားကိုကြားသော် ကျောင်းသားအပေါင်း အံ့သြသွားလေ၏။

ဒါကို ဘယ်သူက နားလည်နိုင်မလဲ။ ဆေးဖက်ဝင်အပင်များအားလုံးကို အဂ္ဂိရတ်မီးဖိုထဲသို့ ပစ်ချသည်။ ထို့နောက် ဆေးရည်ကို အတူတကွထုတ်ယူသည်။

သူသည် ထိုအပင်များ၏ဆေးဖက်ဆိုင်ရာဂုဏ်သတ္တိများ တည့်မတည့်ကိုပင် လုံးဝထည့်သွင်းမစဉ်းစားခဲ့ပေ။

နားလည်မလည် မေးခွန်းထုတ်နေစရာပင်မလိုချေ။

နားလည်ဖို့ လုံးဝမဖြစ်နိုင်ပေ။

ထိုအချိန်မှာ ကျောင်းသားများလည်း စိတ်ထဲမှာတွေးမိလိုက်၏။

သူတို့ကပဲ အလွန်အားနည်းနေလေသလား။ သို့တည်းမဟုတ် အစ်ကိုယဲ့နှင့်တခြားသူများကပဲ တော်လွန်းနေလေသလား။ ဤကဲ့သို့သောသင်ကြားရေးနည်းလမ်းမျိုးအောက်တွင် သူတို့ အမှန်တကယ်ကြီးပြင်းလာခဲ့ရသည်တဲ့လား။

Comment

Leave a Reply

Options

not work with dark mode
Reset