ထိုအချိန်တွင် ရာချီသန့်စင်ရေးနယ်မြေထဲမှသတင်းများသည် ပျံ့နှံ့သွားပြီဖြစ်၏။
ထိုအခိုက်အတန့်လေးမှာ ၃၄ထပ်မြောက်၌ ချန်းယွမ်ကနဦးအဆင့်ရှိဓားသိုင်းကျင့်ကြံသူတစ်ယောက်က ချန်းယွမ်အဆင့်တစ်ဝက်ရောက်နေပြီဖြစ်သော မိစ္ဆာသားရဲနှစ်ကောင်ကို တစ်ကိုယ်တည်းရင်ဆိုင်တိုက်ခိုက်နေ၏။
ထို့အပြင် သူ့ဓားသိုင်းစျာန်အဘိညာဉ်သည် မဟာဓားသိုင်းပညာရှင်အဆင့်အထိ ရောက်ရှိနေပြီးဖြစ်၏။
ဤအချက်မှာ လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်နိုင်ပေသည်။
ပင်မဟောခန်းကြီးထဲ၌..
သက်လတ်ပိုင်းလူကြီးတစ်ယောက်က ချင်းထျန်းနျန်ကိုကြည့်ကာ ပြုံးပြလိုက်သည်။
“သူက မျိုးစေ့ကောင်းလေးပဲ။ ဘာလို့ သူ့ကို ပင်မကျောင်းတော်မှာပဲကျင့်ကြံဖို့ မခေါ်ထားနိုင်ရမှာလဲ။ ပြီးတော့လည်း ဒီကအရင်းအမြစ်တွေက ပိုကောင်းတယ်လေ”
ချင်းထျန်းနျန်ကလည်း အပြုံးလေးဖြင့် ပြန်ပြောသည်။
“ဒါက ကျုပ်ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူးလေ။ ပြီးတော့ ချိုးပိုင်ကလည်း ဆန္ဒရှိမှာမဟုတ်ဘူး”
“အိုး”
သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က အံ့သြသွားလေသည်။
“ပင်မကျောင်းတော်ထဲမှာ လေ့ကျင့်ရေးကွင်းပြင်သုံးခုတည်းရှိတာမဟုတ်ဘူး။ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းနဲ့ အရင်းအမြစ်တွေအများကြီးရှိသေးတယ်။ ဒီနေရာမှာကျင့်ကြံလေ့လာတာက အများကြီးအကျိုးရှိတယ်။ သူက ဘာလို့သဘောမတူရမှာလဲ”
“ခင်ဗျားကခွင့်မပြုချင်တာလို့တော့ မပြောနဲ့နော်”
ချင်းထျန်းနျန်က ခေါင်းကိုခါယမ်းလိုက်ပြီး ခပ်ပြုံးပြုံးဖြင့်ပြောလာလေသည်။
“ဒါက ပြဿနာမဟုတ်ပါဘူး။ သူ့မှာ ဆရာမရှိသေးဘူးဆိုရင်လည်း ကျုပ် သူ့ကိုဒီမှာနေဖို့ဖျောင့်ဖျကြည့်လိုက်မယ်။ သူ့အရည်အချင်းက သိပ်ကောင်းနေတာပဲကို”
ဆရာတဲ့လား။
သက်လတ်ပိုင်းအမျိုးသားက စိတ်ရှုပ်ထွေးစွာမေးခွန်းထုတ်လာလေသည်။
“သူ့ဆရာက ဘယ်သူလဲ။ သူက အလယ်ပိုင်းဒေသကပဲလား”
ယခုလိုတပည့်မျိုးကို သင်ကြားပြသပေးနိုင်စွမ်းရှိပုံထောက်လျှင် ထိုသူသည် အလယ်ပိုင်းဓားတောင်တန်းကများဖြစ်နေလေမလား။
ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် သူ ခေါင်းခါယမ်းလိုက်မိသည်။
အကယ်၍ ထိုလူက အလယ်ပိုင်းဓားတောင်တန်းကသာဆိုပါက လျှို့ဝှက်တာအိုကျောင်းတော်ကိုဝင်ရောက်လာရန်ပင် မလိုအပ်ပေ။
ထိုနေရာမှာ ဓားသိုင်းကျင့်ကြံသူများအတွက် အသင့်တော်ဆုံးနေရာပင်။
ထိုနေရာသည် အလယ်ပိုင်းဒေသရှိ ဓားသိုင်းကျင့်ကြံသူတိုင်း၏ပန်းတိုင်တဖြစ်လဲ မြင့်မြတ်နယ်မြေတစ်ခုဖြစ်သည်။
“လျှို့ဝှက်ဓားသိုင်းကျင့်ကြံသူတစ်ယောက်များလား”
ထိုအကြောင်းကိုကြားပြီး ချင်းထျန်းနျန်မှာ မရယ်ဘဲမနေနိုင်တော့ပေ။
ကမ္ဘာကြီးဆီကပုန်းကွယ်နေသူတဲ့လား။
ပညာရှင်တစ်ဦးတဲ့လား။
လုချန်ရှန်း မည်မျှအင်အားကြီးသလဲဆိုသည်ကို ချင်းထျန်းနျန်မသိသော်ငြား လုချန်ရှန်း အပျင်းကြီးလှသည်ကိုတော့ သူသိသည်။
၎င်းမှာ လျှို့ဝှက်ဓားသိုင်းကျင့်ကြံသူတစ်ယောက်နှင့် လုံးဝမတူချေ။
သက်လတ်ပိုင်းလူကြီးမှာ ချင်းထျန်းနျန် အူမြူးနေပုံကိုမြင်သောအခါ အကြောင်သားဖြစ်သွားရလေသည်။
တစ်ချိန်တည်းမှာပင် ခြံဝင်းအတွင်း၌မူ..
အမျိုးသမီးတစ်ယောက်က ခြံဝင်းထဲတွင် ထိုင်နေချေသည်။
သူ(မ)၏ဖြူလွလွဆံနွယ်များက မြေပြင်ပေါ်၌ ပြန့်ကျဲနေပေသည်။ သူ(မ)သည် မည်သည့်အဆင်တန်ဆာတစ်ခုမှမပါဘဲ မိုးပြာရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။
အဆင်တန်ဆာနည်းနည်းမျှပင် မလိုအပ်သည့်အလားပင်။
သူ(မ)၏မျက်ခုံးလေးများက တောင်တန်းနှစ်သွယ်အလား ထင်ရပြီး နှုတ်ခမ်းဖူးလေးများက နီရဲနေချေသည်။
ရေကန်ထဲရှိ ကြာပန်းလေးတစ်ပွင့်အလား ထင်မှတ်မှားစေသည်။
ထိုအခိုက်မှာ မလှမ်းမကမ်းရှိ ရံရွေတော်တစ်ဦးက ပြောလာလေသည်။
“သခင်မလေး.. ဓားသိုင်းကျင့်ကြံသူတစ်ယောက်က ကျောင်းတော်ကိုရောက်လာတယ်လို့ကြားတယ်”
ထိုရံရွေတော်မှာ အနားကိုကပ်မလာချင်၍မဟုတ်ဘဲ မလာဝံ့သောကြောင့်ဖြစ်၏။
အနီးကပ်သေချာကြည့်မည်ဆိုပါက ထိုအမျိုးသမီး၏ပတ်ပတ်လည်တွင် မြူခိုးများရစ်ဆိုင်းနေသည်ကို တွေ့ရပေလိမ့်မည်။
အနားကိုကပ်သွားမိပါက အင်အားကြီးမားသူမဟုတ်လျှင် ရေခဲကျောက်ရုပ်အဖြစ် ပြောင်းလဲခံလိုက်ရမည်သာ။
အမျိုးသမီးလေး၏နှုတ်ခမ်းမှာ အနည်းငယ်ပွင့်ဟသွားလေသည်။
သူ(မ)၏အသံလေးမှာ နူးညံ့ရိပ်တို့စွန်းထင်းနေသည်။
ဤသည်မှာ အခြားလူများအနေနှင့် သူ(မ)ကို ကာကွယ်ပေးချင်စိတ်ပေါ်လာစေသည်။
“ဓားသိုင်းကျင့်ကြံသူတဲ့လား။ သူက ဘယ်လောက်စွမ်းတာမို့လို့လဲ”
ရံရွေတော်လေးက ခဏမျှတွေးတောရင်း ပြောလေသည်။
“သူတို့ပြောတာကြားရသလောက်တော့ သူက မဟာဓားသိုင်းပညာရှင်အဆင့်ကို ရောက်ပြီးနေပြီတဲ့”
မဟာဓားသိုင်းပညာရှင်တဲ့လား။
အမျိုးသမီးက ခေါင်းတညိတ်ညိတ်လုပ်လျက် ဘာမှထပ်ပြောမလာတော့ပေ။
သူ(မ)အတွက်မူ ဘယ်အရာကမှ သူ(မ)ကို စိတ်ဝင်စားလာအောင် မဆွဲဆောင်နိုင်တော့ချေ။
ထိုအရာကိုမြင်သောအခါ ရံရွေတော်၏မျက်ဝန်းများမှာ မှိန်ဖျော့သွားပေသည်။
သခင်မငယ်လေးက အလွန်အမင်းတက်ကြွပြီး ပုံမှန်ဆိုလျှင် အခြားသူများကို ကြင်ကြင်နာနာဆက်ဆံတတ်သည်။ သို့သော် ဤရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကြောင့် ရွေးချယ်စရာမရှိဘဲ အထီးကျန်ရဖို့ဖြစ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရာချီသန့်စင်ရေးနယ်မြေ၏အပြင်ဘက်ရှိ ကျောက်သားမျက်နှာပြင်ကြီးရှေ့၌ လူအများအပြား မတ်တတ်ရပ်နေကြလေသည်။
“အဲဒီဓားသိုင်းကျင့်ကြံသူက ဘယ်သူလဲဟ”
“ငါတို့ကျောင်းတော်မှာ ဒီလိုအားကောင်းတဲ့ကျင့်ကြံသူမျိုးမပေါ်လာတာ ဘယ်လောက်ကြာပြီလဲ။ ဓားသိုင်းခန်းမက စီနီယာအစ်ကိုစန်းတောင်မှာမဟာဓားသိုင်းပညာရှင်အဆင့်ပဲရှိသေးတာမလား”
ထိူလူက စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြောလာလေသည်။
“သူက တောင်ပိုင်းဒေသကပဲ”
အကယ်၍ ကျန်းချောင်မြန်နှင့်အခြားလူများသာ ဤနေရာမှာရှိပါက ထိုလူသည် သူတို့ကိုလမ်းပြခဲ့သူဖြစ်ကြောင်း မှတ်မိပေလိမ့်မည်။
“တောင်ပိုင်းဒေသတဲ့လား”
လူတစ်ယောက်က အံ့သြတကြီးမေးလာလေသည်။
“တောင်ပိုင်းဒေသကို တောရိုင်းနယ်မြေလို့တောင်ခေါ်ကြတာမဟုတ်ဘူးလား။ အဲ့ဒီနေရာမှာ ဘယ်လိုလုပ်ပါရမီရှင်ဓားသိုင်းကျင့်ကြံသူပေါ်လာနိုင်မှာလဲ”
“ငါကြားဖူးတာတော့ မြောက်ပိုင်းဒေသမှာ ကျန်းချောင်မြန်လို့ခေါ်တဲ့ နံပါတ်တစ်မျိုးဆက်သစ်ဓားသိုင်းကျင့်ကြံသူတစ်ယောက်ရှိတယ်တဲ့”
ထိုလူက ခေါင်းခါလျက် ပြောလာလေသည်။
“အချက်အလက်တွေကို ငါကြည့်ပြီးပြီ။ တောင်ပိုင်းဒေသကအဲဒီလူက ယဲ့ချိုးပိုင်တဲ့။ ဒီမတိုင်ခင်အထိတော့ သူ့ကို ဘယ်သူမှမသိကြဘူး”
“ဒါပေမဲ့ နယ်မြေလေးခုသိုင်းပညာဖလှယ်ပွဲမှာတုန်းက သူက ကျန်းချောင်မြန်ကိုအနိုင်ယူခဲ့ပြီး ဓားသိုင်းစျာန်အဘိညာဉ်ကိုသိမြင်နားလည်သွားအောင်တောင် ကူညီပေးခဲ့တာတဲ့”
ထိုအချိန်တွင် လူတစ်ယောက်က ကျောက်သားမျက်နှာပြင်ကို အထိတ်တလန့်ဖြင့် လက်ညှိုးထိုးပြလေသည်။
“ကြည့်ကြဦး”
လူတိုင်းကလည်း ကျောက်သားမျက်နှာပြင်ကို ကြည့်လိုက်ကြပြီး အမူအရာများပြောင်းလဲသွားလေသည်။
နှစ်ပေါင်းများစွာတိုင်အောင် ငြိမ်သက်နေခဲ့သော အဆင့်သတ်မှတ်ချက်စာရင်းတွင် လူတစ်ယောက်က အတင်းအကျပ်ဝင်ရောက်လာလေသည်။
နဝမအဆင့်၊ ယဲ့ချိုးပိုင်၊ အထပ်၃၇။
ယခင်နဝမအဆင့်သည် အထပ်၃၆ထပ်၌ရှိနေခဲ့သည်။
ယခုမူ ယဲ့ချိုးပိုင်က သူ့အဆင့်ကိုအစားထိုးယူလိုက်လေသည်။
ထိုအချိန်မှာ ကျန်းချောင်မြန်မှာ မြေလွှာကျွံချိုင့်ဝှမ်းထဲက စိတ်ပျက်လက်ပျက်ထွက်လာလေသည်။
အထပ်သုံးတယ်အရောက်တွင် သူသည် ဂူပေါက်ဝရှိအစောင့်အကြပ်နှင့်ရင်ဆိုင်ရာ၌ ရှုံးနိမ့်ခဲ့ရသည်။
ထို့နောက် လူအုပ်ကြီးကလည်း ကျောက်သားမျက်နှာပြင်ရှေ့မှာ စုရုံးလိုက်ကြ၏။
ကျန်းချောင်မြန်လည်း လူတိုင်း၏အကြည့်နောက်ကိုလိုက်ပြီး ကျောက်သားမျက်နှာပြင်ထက်ကို ကြည့်လိုက်မိသည်။
ခဏမျှကြက်သေသေသွားပြီးနောက် သူ ခပ်ကျိတ်ကျိတ်ရယ်လိုက်မိသည်။
“တကယ်ပါပဲ။ ဒီနေရာမှာတောင် သူက ထိပ်ဆုံးအုပ်စုထဲပါနေတုန်း”
ကျန်းချောင်မြန် စိတ်ဓာတ်မကျသွားပေ။
သူ့အတွက်တော့ ယဲ့ချိုးပိုင်သည် သူအရောက်လှမ်းရမည့်ပန်းတိုင်ဖြစ်သည်။
ပစ်မှတ်က ပိုအားကောင်းလေလေ ကျန်းချောင်မြန် ပို၍စိတ်အားထက်သန်လေလေပင်။
ထိုအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည်လည်း ရာချီသန့်စင်ရေးနယ်မြေထဲမှ ထွက်ခွာလာခဲ့သည်။
ထွက်လာခဲ့ပြီးနောက် သူသည် ကျန်းချောင်မြန်ကိုကြည့်ကာ ပြုံးလိုက်သည်။
“အကျိုးသက်ရောက်မှုက ဘယ်လိုလဲ”
“မဆိုးပါဘူး။ ငါ ဥာဏ်အလင်းတစ်ခု ရခဲ့တယ်”
ကျန်းချောင်မြန်သည် ယဲ့ချိုးပိုင်ကိုကြည့်ကာ တအံ့တသြစကားဆိုလာချေသည်။
“ညီအစ်ကိုယဲ့ မင်း..ပင်လယ်ရေလှိုင်းအလယ်အလတ်အဆင့်ကို ဖြတ်ကျော်နိုင်သွားပြီလား”
ယဲ့ချိုးပိုင်ကလည်း ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“ငါတို့အဆင့်တွေ အခြေငြိမ်အောင်လေ့ကျင့်ဖို့ပြန်ကြရအောင်”
ထို့နောက် သူတို့နှစ်ဦးသားသည် လူတိုင်း၏အကြည့်အောက်မှာပင် ထွက်ခွာသွားခဲ့ကြသည်။
ယဲ့ချိုးပိုင်က ဘယ်လိုပုံစံရှိသလဲဆိုသည်ကို သူတို့မသိကြသေးပေ။
သူတို့သည် သူ့နာမည်ကို သိရုံမျှသာဖြစ်ပြီး သူ့ကိုတော့ သေချာမသိချေ။
ထိုလူအပေါင်းမှာ ထွက်ခွာသွားသော ယဲ့ချိုးပိုင်၏ပုံရိပ်ကိုသာကြည့်နေကြပြီး သက်ပြင်းချလိုက်မိကြသည်။
ထိုအချိန်တုန်းက သူသည် သူ့တို့ရှေ့တွင် အလွန်မာနကြီးပြခဲ့သည်။
သူတို့သည် ဌာနခွဲ၏ပါရမီရှင်များပင်ဖြစ်သော်လည်း ပင်မကျောင်းတော်သို့ ရောက်လာသည့်အချိန်မှာမူ သာမန်မျှသာဖြစ်နေလိမ့်သည်ဟု သူတို့ထင်ခဲ့ကြသည်။
ထို့ကြောင့် ထိုအရာကို များများစားစားအာရုံမစိုက်ခဲ့ပေ။
ယဲ့ချိုးပိုင်၏အရည်အချင်းသည် ဤမျှထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ လုံးဝမမျှော်လင့်ထားခဲ့ကြပေ။
အကယ်၍ သူတို့သည် ထိုအချိန်တုန်းကသာ သူ့ကို ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံခဲ့ကြမည်ဆိုလျှင် အနာဂတ်တွင် အလွန်သန်မာလှသောမဟာမိတ်မျိုးကို ရရှိကြလိမ့်မည်သာ..။
ထိုအချိန်တွင် စံအိမ်တော်တွင်း၌မူ..
လုချန်ရှန်းသည် ခုံတန်းလျားပေါ်တွင်လှဲနေပြီး အနည်းငယ်ပျင်းရိနေပေသည်။
“စနစ်..နောက်ထပ်တပည့်စုဆောင်းရေးမစ်ရှင်ရှိသေးလား”
[လောလောဆယ်တော့ မရှိသေးပါဘူး]
“ဟူး…”
တပည့်တပန်းများမရှိသောဘဝသည် အလွန်ဗလာကျင်းနေပေသည်။
အဓိကကတော့ သူ ချက်ပြုတ်ရန်ပင် ပျင်းလွန်းနေသောကြောင့်ပင်။
ထို့အပြင် တပည့်သုံးယောက်ရှိနေစဉ်အချိန်တုန်းက အနေအထားသည် အလွန်တက်ကြွနေပေသည်။
အိုး.. ယဲ့ချိုးပိုင်ကိုတော့ ခေါက်ထားလိုက်..
တကယ့်လူလိမ်ကောင်..
ကျင့်ကြံရေးပြုနေသည့်ယဲ့ချိုးပိုင်ခမျာ ရုတ်တရက်နှာချေလိုက်မိသဖြင့် နှာခေါင်းကိုပွတ်လိုက်သည်။
“တစ်ယောက်ယောက်ကများ ငါ့အကြောင်းတွေးနေတာလား”
[လက်ခံသူ ငြီးငွေ့နေတယ်ဆိုရင် တပည့်တွေရဲ့အချက်အလက်တွေကို စစ်ဆေးပြီး သူတို့ဘယ်လိုအခြေအနေရှိလဲဆိုတာကို ကြည့်နိုင်ပါတယ်]
ထိုစကားကိုကြားသော် လုချန်ရှန်းမှာ သူ့နှုတ်ခမ်းများကိုတွန့်ကွေးလိုက်မိသည်။
“မင်းပြောနေပုံက ငါကပဲ သူတို့ကိုလွမ်းနေသလိုလိုနဲ့..စစ်ဆေးမယ်”
တည်ကြည်ဖြောင့်မတ်လိုက်တဲ့ပါးစပ်..
[အကြီးဆုံးတပည့် – ယဲ့ချိုးပိုင်]
[အဆင့် – ပင်လယ်ရေလှိုင်းအလယ်အလတ်အဆင့်]
[နည်းပညာ – အာဒိကပ္ပဓားသိုင်းကျမ်း၊ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား]
[ဓားရေးကျွမ်းကျင်မှု၊ မဟာဓားသိုင်းပညာရှင်]
[လျှို့ဝှက်တာအိုကျောင်းတော်၏ပင်မကျောင်းတော်တွင် ကျင့်ကြံနေသည်]
“ပင်လယ်ရေလှိုင်းအလယ်အလတ်အဆင့်မှာလား။ တော်တော်မြန်တာပဲ”
[ဒုတိယတပည့် – ဟုန်ရင်]
[အဆင့် – ချန်းယွမ်ကနဦးအဆင့်]
[နည်းပညာ – ကိုးဘဝပြန်လည်ဝင်စားရေး၊ ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာ…]
[ပြန်လည်ဝင်စားရေးစျာန်အဘိညာဉ်ဘုံ၊ လှံတံစျာန်အဘိညာဉ်၊ မီးတောက်စျာန်အဘိညာဉ်]
[အရှေ့ပိုင်းဒေသတွင် တိမ်လွှာဖီးနစ်အင်ပါယာ၏လက်အောက်ငယ်သားဟောင်းများကို ရှာဖွေနေသည်]
“တိမ်လွှာဖီးနစ်အင်ပါယာရဲ့လက်အောက်ငယ်သားဟောင်းတွေတဲ့လား။ သူတို့ ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ”
လုချန်ရှန်း ခေါင်းခါယမ်းလိုက်မိသည်။
[တတိယတပည့် – နင်ချန်းရှင်း]
[အဆင့် – သေမျိုး]
[ကွန်ဖြူးရှပ်တာအိုအဆင့် : မဟာကွန်ဖြူးရှပ်ပညာရှင်]
[ကျင့်ကြံရေးနည်းဗျူဟာ – တာအိုသိုင်းကျမ်း]
[တောင်ပိုင်းဒေသတွင် တာအိုလမ်းစဉ်ဟောပြောပို့ချနေသည်]