ရာချီသန့်စင်ရေးနယ်မြေ၌ အဆင့်ငါးဆယ်ခွဲခြားသတ်မှတ်ထားသည်။
ထိုအထပ်ငါးဆယ်စလုံးတွင် မှော်ဝင်သားရဲများက နေရာတိုင်းမှာရှိနေချေသည်။
ပထမအဆင့်ငါးဆင့်လုံးရှိ မှော်ဝင်သားရဲများသည် ခရမ်းရောင်ဘုံဗိမာန်အဆင့်တွင်ရှိကြသည်။
ဆဋ္ဌမအဆင့်ကိုရောက်လိုပါက ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသော အစောင့်အကြပ်ကို ဦးစွာအနိုင်ယူရမည်ဖြစ်၏။
အကယ်၍ ပထမအဆင့်ငါးဆင့်ရှိမှော်ဝင်သားရဲကပင် အလွန်အားကောင်းနေလေလျှင် နောက်ပိုင်းအဆင့်မှော်ဝင်သားရဲများ မည်မျှအထိအစွမ်းထက်နေလေမလဲ။
ယဲ့ချိုးပိုင်နှင့် ကျန်းချောင်မြန်တို့သည် မြေလွှာကျွံချိုင့်ဝှမ်းထဲသို့ ခုန်ဆင်းသွားကြသည်။
သူတို့ ပထမအထပ်ကို ရောက်သွားကြသည်။
ဤနေရာသည် သဘာဝအတိုင်းဖြစ်တည်နေခြင်းလေလား၊ လူလုပ်ထားခြင်းလေလားဆိုသည်ကို သူတို့သေချာမသိပေ။
ပထမအဆင့်တွင် ဧရာမကျောက်ဆောင်ကြီးတစ်ခုက ချောက်ကမ်းပါးပေါ်မှ ငေါထွက်နေပြီး ထိုကျောက်ဆောင်ကြီးကို ကျောက်တုံးများဖြင့် ဖုံးအုပ်ထားလေသည်။
ကျောက်ဆောင်တောအုပ်ကြီးအလားပင်။
ဤအချိန်တွင် ပထမအဆင့်၌ လူသိပ်မရှိတော့ပေ။
သိသာနေသည့်အချက်မှာ ပထမအဆင့်သည် ပင်မကျောင်းတော်သားများကို ထောင်ချောက်ဆင်ဖမ်းထားရန် မလုံလောက်ပေ။
ကျန်းချောင်မြန်သည် ယဲ့ချိုးပိုင်ကိုကြည့်ပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။
“ဘယ်သူက အဆင့်ပိုများအောင်ကျော်ဖြတ်နိုင်လဲဆိုတာ ပြိုင်ကြမလား”
ယဲ့ချိုးပိုင်ကလည်း ပခုံးတွန့်ပြပြီး သာမန်ကာလျှံကာပြောလိုက်လေသည်။
“ကောင်းပြီလေ”
ဤသို့ဖြင့် သူတို့နှစ်ယောက်သား အရှေ့ကို ပြေးသွားကြသည်။
ဤမှော်ဝင်သားရဲအများစုသည် ခရမ်းရောင်ဘုံဗိမာန်ကနဦးအဆင့်တွင်ရှိကြသည်။
သူတို့နှစ်ယောက်ကို တားဆီးနိုင်မည့်နည်းလမ်း လုံးဝမရှိပေ။ ဓားသွားချီစွမ်းအင်တစ်ချက်စာမျှဖြင့် ဤနေရာတစ်ဝိုက်ကို ဖြတ်ကျော်သွားနိုင်ချေသည်။
ဘေးပတ်ပတ်လည်တွင်ရှိနေကြသူများက ထိုအခြင်းအရာကိုမြင်သောအခါ လှည့်မကြည့်ဘဲ မနေနိုင်ကြပေ။
“အဲဒါ လူသစ်နှစ်ယောက်လား။ ငါသူတို့ကို ဘာလို့မတွေ့ဖူးရတာလဲ”
“ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက် တပည့်အသစ်တွေက အရမ်းသန်မာတာပဲလား”
သူတို့နှစ်ယောက်သည် ဒုတိယအဆင့်သို့ တက်လှမ်းရာလမ်းတစ်လျှောက်လုံး အကုန်အပြတ်ရှင်းပစ်ခဲ့ကြသည်။
နှစ်ယောက်သား ဒုတိယအဆင့်သို့ တက်လှမ်းသွားသည်။
ထို့နောက် တတိယအဆင့်။
စတုတ္ထအဆင့်။
ပဉ္စမအဆင့်ရှိ ဂူတစ်ခု၏ဝင်ပေါက်အောက်သို့ ရောက်လာခဲ့သည်။
ဤအပေါက်ကိုဖြတ်ကျော်ပြီးပါက ဆဋ္ဌမအဆင့်သို့ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။
ထိုအချိန်တွင် ဂူအဝင်ဝ၌ အကြီးအကဲတစ်ယောက်ထိုင်နေလေသည်။
“ဘယ်သူ အရင်သွားချင်လဲ”
ဝင်ပေါက်ကိုဖြတ်ကျော်လိုပါက ခရမ်းရောင်ဘုံဗိမာန်အဆင့်ရှိသော မိစ္ဆာတစ်ကောင်ကို အနိုင်ယူရပေမည်။
ကျန်းချောင်မြန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
ထိုမြင်ကွင်းကိုမြင်သောအခါ အကြီးအကဲက တိုကင်ပြားတစ်ခုကိုထုတ်လိုက်သည်။ လှိုဏ်ဂူထဲမှ ခြင်္သေ့နက်တစ်ကောင် ဖြည်းညင်းစွာထွက်လာပေသည်။
ထိုခြင်္သေ့ကြီးက ကျန်းချောင်မြန်ကို ဟိန်းဟောက်လိုက်လေရာ အသံလှိုင်းလုံးကြီးက သူ့ဆီသို့ ပြေးသွားလေ၏။
ကျန်းချောင်မြန်က မရှောင်တိမ်းပေ။ ထိုအစား သူက ထိုအသံလှိုင်းလုံးကို ကြံ့ကြံ့ခံပြီး ခြင်္သေ့နက်ကို ဓားဖြင့်ခုတ်ချလိုက်သည်။
ဓားရောင်ခြည်သည် ရှည်လျလျဓားသွားများအဖြစ်သို့ ပြောင်းလဲသွားပြီး ခြင်္သေ့ကြီး၏ ကြီးမားလှသောခန္ဓာကိုယ်ကြီးကို တိုက်ခိုက်လေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ခြင်္သေ့ကြီး၏တစ်ကိုယ်လုံး သွေးချင်းချင်းနီရဲသွားချေသည်။
ထို့နောက် သနားစဖွယ်ညည်းတွားသံတစ်ခုနှင့်အတူ လဲကျသွားသည်။
အကြီးအကဲက ထိုအဖြစ်ကိုမြင်သည့်တိုင် အံ့သြဟန်မပြချေ။ သူက ဘာသိဘာသာဖြင့် ခေါင်းညိတ်ပြသည်။
“ကောင်းပြီ။ ဝင်တော့။ နောက်တစ်ယောက်လာခဲ့”
ကျန်းချောင်မြန်သည် အထဲကိုမဝင်ဘဲ ယဲ့ချိုးပိုင်ကိုစောင့်နေလိုက်သည်။
ယဲ့ချိုးပိုင်ကမူ သစ်သားဓားကိုကိုင်စွဲထားပြီး မတ်တတ်ရပ်လိုက်သည်။
အကြီးအကဲသည် တိုကင်ပြားကိုထုတ်ယူလိုက်ပြန်လေရာ ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသော အခြားမိစ္ဆာတစ်ကောင်က ဂူပေါက်ဝမှ ထွက်လာသည်။
ယဲ့ချိုးပိုင် အရှေ့သို့ ခြေတစ်လှမ်းတိုးပြီး မြေပြင်ပေါ်သို့သက်ဆင်းလိုက်သည်။
ရုတ်ခြည်းပင် ဓားသွားချီစွမ်းအင်ရောင်ခြည်တန်းတစ်ခု ထွက်ပေါ်လာချေသည်။
၎င်းသည် မှော်ဝင်သားရဲ၏ မျက်ခုံးနှစ်ဖက်ကြားနေရာမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားလေသည်။
မှော်ဝင်သားရဲ၏မျက်လုံးအစုံသည် အသက်ကင်းမဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားပေသည်။
“ဟုတ်ပြီ။ အထဲဝင်သွားလို့ရပြီ”
ထိုအခြင်းအရာကိုမြင်သော် ထိုအကြီးအကဲကခေါင်းညိတ်ပြပြီး ထိုင်ခုံပေါ်တွင် ပြန်သွားထိုင်နေလေသည်။
သူတို့နှစ်ဦးလည်း ထိုအကြီးအကဲကို ဦးညွှတ်ပြလျက် ဂူထဲသို့ဝင်သွားကြသည်။
ဂူအပေါက်ဝက အောက်ဘက်ဆီသို့ တောက်လျှောက်ကျသွားလေသည်။
ခြောက်ထပ်မြောက်တွင် အလင်းရောင်မရှိသလောက်ပင်။
ထိုနေရာကို ကျောက်သားအလွှာများဖြင့် ဖုံးလွှမ်းထားလေသည်။
ယဲ့ချိုးပိုင်နှင့် ကျန်းချောင်မြန်တို့လည်း ဆက်လက်သုတ်သင်ခဲ့ကြသည်။
အဆင့်အနိမ့်ပိုင်းရောက်လာလေလေ မှော်ဝင်သားရဲများက ပိုမိုအားကောင်းလာလေလေဖြစ်၏။
ဤအတောအတွင်းမှာ ယဲ့ချိုးပိုင်၏တိုက်ခိုက်ရေးအတွေ့အကြုံသည် ပိုမိုများပြားလာကာ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားကို ထိန်းချုပ်နိုင်စွမ်းကလည်း မြင့်မားလာခဲ့သည်။
ထိုအချိန်တွင် ကျန်းချောင်မြန်ခမျာ သက်ပြင်းသာချမိတော့သည်။
“ပင်မကျောင်းတော်မှာရှိတဲ့ အရင်းအမြစ်တွေက အများကြီးပိုကောင်းတယ်လို့ လူတွေပြောကြတာ မအံ့သြတော့ပါဘူး။ ဒီရာချီသန့်စင်ရေးနယ်မြေတစ်ခုတည်းကတင် တခြားဒေသလေးခု လိုက်ယှဉ်နိုင်တဲ့အရာမဟုတ်ဘူး”
ယဲ့ချိုးပိုင်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။ ဤနေရာဟာ အမှန်စင်စစ်လေ့ကျင့်ဖို့အကောင်းဆုံးနေရာပင်။
သူတို့နှစ်ယောက် ဆက်လက်ဆင်းလာခဲ့လိုက်သည်။
သုံးဆယ့်တစ်ထပ်ကိုရောက်သောအခါ ကျန်းချောင်မြန် တုံ့ခနဲရပ်တန့်သွားသည်။
ဤမှော်ဝင်သားရဲများသည် ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။
ထို့အပြင် ဤမှော်ဝင်သားရဲများသည် တစ်ကောင်တည်းမဟုတ်တော့ပေ။ သူတို့မှာ ဉာဏ်ရည်ဥာဏ်သွေးလည်းကောင်းမွန်ပြီး ရန်သူကို အတူတကွတိုက်ထုတ်ကြပေလိမ့်မည်။
“ငါ ဒီမှာပဲရပ်လိုက်တော့မယ်။ ညီအစ်ကိုယဲ့.. မင်းကတော့ ဆက်ဆင်းလို့ရသေးတယ်မဟုတ်လား”
ယဲ့ချိုးပိုင်သည် သူ့ရှေ့ရှိလှိုဏ်ဂူကိုကြည့်လိုက်ပြီး ခပ်ယဲ့ယဲ့ခေါင်းညိတ်လိုက်သည်။
သူ့နောက်ဆုံးအကန့်အသက်က ဘယ်လောက်အထိရှိသလဲဆိုသည်ကို သူသိချင်မိသည်။
အောက်သို့ သူဆက်ဆင်းသွားလိုက်၏။
နှစ်ရက်ခန့်ကြာသွားလေပြီ။
ယဲ့ချိုးပိုင်မှာ သုံးဆယ့်လေးလွှာထိတိုင် ရောက်နေပြီဖြစ်၏။
ထိုနေရာတွင် ချန်းယွမ်အဆင့်ကိုခြေလှမ်းတစ်ဝက်ရောက်ပြီးဖြစ်သော မိစ္ဆာသားရဲကောင်ကြီးများလည်းရှိ၏။
ဤနေရာအရောက်မှာ ယဲ့ချိုးပိုင်လည်း အနည်းငယ်တင်းမာမှုကိုခံစားလိုက်ရသည်။
ယခင် ထျန်းရွှမ်ကိုသတ်ခဲ့စဉ်က သူသည် အစိမ်းရောင်တိမ်တိုက်ဓားသွားကို အားကိုးပြီး ရန်သူကိုလျှော့တွက်ထားခဲ့သည်။
ယဲ့ချိုးပိုင်သည် ပင်လယ်ရေလှိုင်းကနဦးအဆင့်တွင်သာရှိပြီး ချန်းယွမ်အဆင့်သို့ ခြေလှမ်းတစ်ဝက်မျှရောက်နေပြီဖြစ်သောမိစ္ဆာသားရဲနှင့် ရင်ဆိုင်ခဲ့ရသည်။
ဤအခိုက်အတန့်မှာမူ ချန်းယွမ်အဆင့်သို့ ခြေလှမ်းတစ်ဝက်စာမျှရောက်နေပြီဖြစ်သော မိစ္ဆာသားရဲနှစ်ကောင် ပေါ်ထွက်လာလေသည်။
သူတို့ထဲကတစ်ကောင်မှာ ဦးခေါင်းပေါ်၌ ချိုလေးချောင်းပါသောနွားတစ်ကောင်အလားပင်။ သူ့သားမွေးများကလည်း အလွန်ရှည်လျားပြီး မိုးကာအင်္ကျီဝတ်ထားသလိုပင်။
ကျန်တစ်ကောင်တွင် ကျားသစ်၏ဦးခေါင်းနှင့် ကျားတစ်ကောင်၏ကိုယ်ထည်မျိုးရှိသည်။ ၎င်း၏အစွယ်နှစ်ချောင်းသည် အလွန်ထက်ရှလှသည်။
ထို့ပြင် ထိုမှော်ဝင်သားရဲနှစ်ကောင်မှာ အလွန်အစွမ်းထက်လှသောအရှိန်အဝါများရှိသည်။
ယဲ့ချိုးပိုင်က နောက်မဆုတ်ပေ။ သူသည် ထိုသားရဲနှစ်ကောင်နှင့်ရင်ဆိုင်ရန်အတွက် သစ်သားဓားအစား မှော်နက်မိစ္ဆာဓားသွားကိုကိုင်စွဲထားချေ၏။
ကျောင်းတော်ရှိလူများက ထိုမြင်ကွင်းမျိုးကိုမြင်လိုက်ရသည့်အခါ အနည်းငယ်အံ့သြသွားချေသည်။
ယဲ့ချိုးပိုင်သည် ပင်လယ်ရေလှိုင်းကနဦးအဆင့်၌သာ ရှိနေသေးသည်။
ယခုအချိန်လေးမှာ သူသည် ချန်းယွမ်အဆင့်သို့ ခြေလှမ်းတစ်ဝက်ရောက်ပြီးနေသောသားရဲများကို တစ်ယောက်တည်းတိုက်ခိုက်နေခြင်းဖြစ်သည်။
ထိုမှော်ဝင်သားရဲနှစ်ကောင်သည် ဟိန်းဟောက်လျက် ယဲ့ချိုးပိုင်ဆီသို့ ဘယ်တစ်ဖက်၊ညာတစ်ဖက်ဆီမှ ပြေးဝင်လာသည်။
ထိုခဏလေးမှာ သူ့အရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ကြီးမားလှစွာသောအင်အားနှစ်ရပ်က ယဲ့ချိုးပိုင်ကိုဖိနှိပ်ထားသည်။
ယဲ့ချိုးပိုင်က ရှောင်မသွားချေ။ သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားသွားထဲမှ မိစ္ဆာချီစွမ်းအင်များ ထွက်ပေါ်လာလေသည်။
ဓားသွားရောင်ခြည်သည် သူ့ခန္ဓာကိုယ်ကို ဝိုင်းရံထားပြီး ဓားသိုင်စျာန်အဘိညာဉ်ကလည်း အသံပေးလာလေ၏။
“ဓားသိုင်းစျာန်အဘိညာဉ်လား”
“မဆိုးဘူးပဲ။ ဓားသိုင်းစျာန်အဘိညာဉ်ကိုတောင် သိမြင်ထားတာပဲ။ မင်းရဲ့ အရည်အချင်းက သိပ်မဆိုးဘူးထင်တယ်”
“မင်းက ချန်းယွမ်ခြေလှမ်းတစ်ဝက်အဆင့်ရှိတဲ့ သားရဲနှစ်ကောင်ကို စိန်ခေါ်ရဲလောက်အောင် မာနကြီးတာတော့မဆန်းပါဘူး”
အလယ်ပိုင်းဒေသတွင် ဓားသိုင်းစျာန်အဘိညာဉ်ကို သိမြင်နားလည်သူများများစားစားမရှိသော်လည်း ထိုကိစ္စမှာ ထွေထွေထူးထူးမဟုတ်ပေ။
သို့သော် နောက်ဆက်တွဲအဖြစ်အပျက်က လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
ယဲ့ချိုးပိုင် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီးနောက် သူ၏ဓားသိုင်းစျာန်အဘိညာဉ်ကလည်း ရှည်လျားလှသော ဓားသွားချီစွမ်းအင်မြစ်ပြင်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် မှော်ဝင်သားရဲနှစ်ကောင်ဆီသို့ အပြေးနှင်သွားပေသည်။
“ဓားသိုင်းစျာန်အဘိညာဉ်က မြစ်ပြင်ကြီးဖြစ်သွားတာလား”
“ဓားသိုင်းစျာန်အဘိညာဉ်ကျွမ်းကျင်မှုတဲ့။ မဟာဓားသိုင်းပညာရှင်ပဲ”
“ပင်လယ်ရေလှိုင်းအဆင့်လောက်နဲ့ မဟာဓားသိုင်းပညာရှင်အဆင့်ကို ရောက်နေပြီတဲ့လားဟ”
အားလုံးက သူ့ကို လှည့်ကြည့်လိုက်ကြသည်။
အလယ်ပိုင်းဒေသတွင် ဓားသိုင်းစျာန်အဘိညာဉ်ကို ကျွမ်းကျင်သူဟူ၍ အမြောက်အများမရှိခဲ့ချေ။
ထို့အပြင် ယဲ့ချိုးပိုင်သည် ပင်လယ်ရေလှိုင်းကနဦးအဆင့်တွင်သာရှိနေသေးသည်။
ထိုအချိန်တွင် ဓားသွားချီစွမ်းအင်မြစ်ပြင်ကြီးသည် အလွန်ထက်ရှလှသောဓားနှင့် ဓားသွားချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
ထို့နောက်မှာမူ တိုက်ခိုက်မှုစတင်လေတော့သည်။
မှော်ဝင်သားရဲနှစ်ကောင်ကလည်း ဒေါသတကြီးဟိန်းဟောက်နေပြီး ပြင်းထန်လှသောအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
၎င်းသည် ဓားသွားချီစွမ်းအင်မြစ်ပြင်ကြီးကို တိုက်ထုတ်နေပုံပေါ်သည်။
ယဲ့ချိုးပိုင်သည် သေခြင်းတရားကို ထိုင်စောင့်မနေဘဲ အနားသို့ချဉ်းကပ်သွားခဲ့သည်။
သူ့လက်ထဲရှိမှော်နက်မိစ္ဆာဓားသွားက ချိုလေးချောင်းနွားကြီးကို ခုတ်ချပစ်လိုက်သည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ ဆဋ္ဌမသိုင်းကွက်..
စိတ်ဝိညာဉ်ကိုပင်တုန်လှုပ်စေနိုင်သော ပြင်းထန်လှသည့် မိစ္ဆာချီစွမ်းအင်များပေါက်ကွဲထွက်လာသည်။
ချိုလေးချောင်းသတ္တဝါကြီး၏မျက်လုံးထဲတွင် တုံ့ဆိုင်းနေသောအရိပ်အယောင်များ ပေါ်ပေါက်လာသည်။
သို့သော်လည်း ယခုအခိုက်အတန့်လေးမှာ ယဲ့ချိုးပိုင်သည် သူ၏ဓားဖျားပေါ်၌ ရပ်နေလေသည်။
ရုတ်ခြည်းပင် ထောင့်လေးထောင့်က သုံးထောင့်ကွဲထွက်သွားသည်။
ချိုလေးချောင်းရှိသောနွားကြီးသည် ငယ်သံပါအောင်အော်ဟစ်ပြီး ဆုတ်ခွာသွားလေသည်။
တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်ကလည်း တစ်ပတ်လှည့်၍ အလျားလိုက်ဖြတ်ချလိုက်သည်။
ဓားသွားချီစွမ်းအင်များ ဆန်တက်လာပြီး ရိုက်ချက်ကြီးတစ်ခုနှယ်အသွင်ပြောင်းသွားပြီးနောက် ကျားသစ်ကြီးပေါ်သို့ ကျရောက်သွားသည်။
ကျားသစ်သည် ဒေါသတကြီးဟိန်းဟောက်ပြီး သွေးထွက်နေသောပါးစပ်ကြီးကို ဖွင့်ဟလိုက်သည်။ ထို့နောက် ကြီးမားလှသောအစွယ်ကြီးနှစ်ချောင်းဖြင့် ဓားသွားရောင်ခြည်များကိုကိုက်ခဲထားလိုက်သည်။
ကျားနှင့်ကျားသစ်တို့၏ အားကိုးရာလက်နက်များမှာ ကြီးမားလှသော ထိုအစွယ်ကြီးနှစ်ချောင်းပင် ဖြစ်သည်။
ဓားရောင်ခြည်သည် ဘန်းခနဲမြည်သံနှင့်အတူ ပေါက်ကွဲသွားလေရာ ကျားနှင့်ကျားသစ်တို့ကလည်း ခြေလှမ်းအနည်းငယ်မျှ နောက်ပြန်ဆုတ်သွားချေသည်။
ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
ပင်လယ်ရေလှိုင်းကနဦးအဆင့်ရှိသူတစ်ယောက်က ချန်းယွမ်အဆင့်မိစ္ဆာသားရဲများနှင့်ရင်ဆိုင်ရာ၌ အရေးမနိမ့်ခဲ့ပေ။