Switch Mode

အခန်း (၇၁)

ရာချီသန့်စင်ရေးကွင်းပြင်

လျှို့ဝှက်တာအိုကျောင်းတော်၏ ပင်မခြံဝင်းသည် အလယ်ပိုင်းဒေသ၏လျှို့ဝှက်တာအိုတောင်တန်းပေါ်တွင် တည်ရှိသည်။

လျှို့ဝှက်လမ်းကြောင်းတောင်တန်းသည် ရှေးယခင်ကဆင်းသက်လာသည်ဟု ဆိုကြလေသည်။

လျှို့ဝှက်တာအိုတောင်တန်းတွင် စျာန်အဘိညာဉ်ဘုံသည် နေရာတိုင်းတွင်ရှိနေသည်ဟူသော ကောလာဟလများထွက်ပေါ်နေသည်။ အခွင့်အလမ်းလုံလုံလောက်လောက်ရှိနေသရွေ့ သိမြင်နားလည်နိုင်မည်သာ။

လျှို့ဝှက်တာအိုကျောင်း၏ ပထမဆုံးဌာနမှူးအဖြစ်တာဝန်ယူခဲ့သူသည် လျှို့ဝှက်တာအိုတောင်တန်းပေါ်တွင် တာအိုလမ်းစဉ်ကိုရောက်ရှိသွားပြီး အလယ်ပိုင်းဒေသ၏ မည်သည့်နေရာမှာမှထွက်ပေါ်လာခြင်းမရှိခဲ့ပေ။

ထိုအချိန်မှစ၍ လျှို့ဝှက်တာအိုကျောင်းတော်ကို စတင်တည်ထောင်ခဲ့သည်။

မြောက်ပိုင်းဒေသ၏ ဓားသိုင်းအကျော်အမော်သည် ယဲ့ချိုးပိုင်နှင့်အတူ ရောက်လာလေသည်။

အရှေ့ပိုင်းဒေသမှ ရှီရှန်းနှင့် အနောက်ပိုင်းဒေသမှ ကျန်းဟယ်တို့လည်းပါ၏။

သူတို့လေးယောက် အတူတကွစုစည်းမိသွားသည်။

ကျန်းချောင်မြန်သည် ယဲ့ချိုးပိုင်ကိုကြည့်ကာ ပြောလိုက်သည်။

“မင်း ပင်လယ်ရေလှိုင်းအဆင့်ကို ရောက်နေပြီလား။ အချိန်ကျလာရင် ငါတို့လက်ရည်စမ်းကြည့်ကြမလား

ကျန်းချောင်မြန်သည် ဓားသိုင်းစျာန်အဘိညာဉ်ကို လုံးဝဥဿုံနားလည်ခဲ့ပြီဖြစ်သည်။

သူသည် ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့်သို့ပင် ရောက်သွားသည်။

သူသည် သဘာဝကျကျပင် ယဲ့ချိုးပိုင်နှင့်လက်ရည်စမ်းချင်နေသည်။

ယဲ့ချိုးပိုင်ကလည်း ပြုံးပြီး ခေါင်းညိတ်သဘောတူလိုက်သည်။

ရှီရှန်းက ပြုံးသည်။

“မင်းက အခု ပင်လယ်ရေလှိုင်းအဆင့်ကိုတောင် ရောက်နေပြီ။ ငါတို့ မင်းကိုမယှဉ်နိုင်လောက်တော့ဘူးထင်တယ်”

ကျန်းဟယ်ကမူ ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောပေ။

သို့သော်လည်း ဒေသလေးခုအကြား သိုင်းပညာဖလှယ်ပွဲပြီးကတည်းက သူ့အရှိန်အဝါကို ပို၍ပင်ထိန်းချုပ်နိုင်လာသည်။

ထိုအချိန်မှာ လူတစ်ယောက် လမ်းလျှောက်လာလေသည်။

ထိုလူ၏အမူအရာမှာ အေးတိအေးစက်နိုင်လှလေသည်။ သူက သူတို့လေးယောက်ကို ကြည့်လိုက်သည်။

“မင်းတို့က အထူးကျောင်းတော်ကလား။ ငါ့နောက်ကလိုက်ခဲ့”

သူ့လေသံက လွန်စွာဂရုမစိုက်ဟန်ပေါက်၏။

သူတို့လေးယောက်ကမူ စိတ်ထဲမထားချေ။

သူတို့သည် ထိုလူ့နောက်ကလိုက်သွားလိုက်သည်။

ထိုလူက လမ်းလျှောက်နေရင်း သူတို့ကိုပြောလာသည်။

“ပင်မကျောင်းတော်ရဲ့ စည်းကမ်းတွေက မင်းတို့ဆီကစည်းကမ်းတွေနဲ့ကွဲလွဲနေနိုင်တယ်။ မင်းတို့ သတိထားရမယ်။ ပင်မကျောင်းတော်မှာ လုံးဝ ဝင်ခွင့်မပြုထားတဲ့ တားမြစ်နယ်မြေနှစ်ခုရှိတယ်။ ပထမနေရာက ဘိုးဘေးတွေကျင့်ကြံရာနေရာဖြစ်တဲ့ ဘိုးဘွားပိုင်တောင်တန်းပဲ”

“ဒုတိယတစ်ခုကတော့ တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းပဲ။ အဲ့ထဲကို အမှတ်အလုံအလောက်ရှိတဲ့သူတွေကသာ ဝင်လို့ရတယ်”

ရှီရှန်းကလည်း သိလိုစိတ်ဖြင့်မေးလေသည်။

“တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းဆိုတာ ဘယ်လိုနေရာလဲ”

ထိုလူက သူ့ကိုတစ်ချက်မျှလှည့်ကြည့်လာပြီး အနည်းငယ်စိတ်မရှည်ပုံလည်းရသည်။ သူက ရှင်းပြလာသည်။

“တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းက အမတလမ်းစဉ်ကိုရှာဖွေပြီး တာအိုလမ်းစဉ်ကိုရှာဖွေတဲ့နေရာတစ်ခုပဲ။ ချန်းယွမ်အဆင့်ကို ဖြတ်ကျော်ပြီးသွားရင် အဲ့ဒီထဲမှာ မင်းတို့ တာအိုစွမ်းအားကိုခံစားကြည့်နိုင်တယ်။ ငါ အများကြီးတော့မသိဘူး”

ထိုစကားကိုကြားသောအခါ ရှီရှန်းနှင့်အခြားသူများ အံ့သြသွားကြရသည်။

စျာန်အဘိညာဉ်ဘုံသည် လူတစ်ဦး၏တိုက်ခိုက်ရေးစွမ်းရည်ကို များစွာတိုးမြှင့်ပေးနိုင်သည်။

ဥပမာ ယဲ့ချိုးပိုင်နှင့် ကျန်းချောင်မြန်၏ဓားသိုင်းစျာန်အဘိညာဉ်ပင်။

ဤအရာများသည် ကံကောင်းမှသာတွေ့ကြုံရနိုင်ပြီး ရှာဖွေ၍မရနိုင်သော အရာများဖြစ်သည်။

တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းမှာမူ ထိုအရာကိုနားလည်သိမြင်နိုင်ဖို့ အခွင့်အလမ်းရှိသည်။

ရှီရှန်းမှာ စိတ်ထဲမှာ တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။

အလယ်ပိုင်းဒေသ၏ပင်မကျောင်းတော်ဆိုသည့်အတိုင်းပင် နက်နဲလှစွာသောအခြေခံအုတ်မြစ်ရှိလေသည်။

ထိုလူက ဆက်ပြောသည်။

“နောက်တစ်ခုကတော့ မင်းတို့ ကြိုက်တဲ့ခန်းမကိုရွေးချယ်နိုင်တယ်။ တာအိုကို ဆွေးနွေးတာအပြင် တခြားလေ့ကျင့်ရေးကွင်းပြင်သုံးခုရှိတယ်။ အဲဒါတွေက ဝိညာဉ်တော်သန့်စင်ရေး၊ ခန္ဓာကိုယ်သန့်စင်ရေးနဲ့ ရာချီသန့်စင်ရေးတွေပဲ”

ဝိညာဉ်တော်သန့်စင်ခြင်းမှာ စိတ်ဝိညာဉ်ကို ကျင့်ကြံပျိုးထောင်ရန်ဖြစ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းမှာ ခန္ဓာကိုယ်ကိုလေ့ကျင့်ပေးရန်ဖြစ်သည်။ ရာချီသန့်စင်ရေးကွင်းပြင်ကတော့ အမှန်တကယ်တိုက်ပွဲဝင်ရာနေရာဖြစ်သည်။

“လေ့ကျင့်ရေးကွင်းပြင်တွေမှာ အဆင့်သတ်မှတ်ချက်စာရင်းတစ်ခုရှိလိမ့်မယ်။ ထိပ်ဆုံးဆယ်ယောက်က အမှတ်တွေရမယ်။ မင်းတို့ အဲ့ဒီအမှတ်တွေကို ပစ္စည်းတွေနဲ့လည်းလဲလှယ်နိုင်သလို တာအိုလမ်းစဉ်ရှာဖွေရေးတောင်တန်းကိုဝင်ရောက်ဖို့လည်း သုံးနိုင်တယ်”

ပြောရင်းဆိုရင်းဖြင့် သူတို့နေရမည့်နေအိမ်ဆီသို့ ရောက်လာသည်။

ကျန်းချောင်မြန်နှင့် ယဲ့ချိုးပိုင်တို့၏ဂူဗိမာန်များသည် ဆင်တူပြီး ဓားသိုင်းခန်းမ၏အပိုင်ဖြစ်၏။

ရှီရှန်းနှင့် ကျန်းဟယ်တို့ကတော့ သိုင်းပညာခန်းမထဲတွင်ရှိသည်။

သူတို့ ခဏမျှအနားယူပြီး အတူတူဆုံလိုက်ကြသည်။

ရှီရှန်းက ယဲ့ချိုးပိုင်ကိုကြည့်ပြီး ပြောလိုက်သည်။

“ငါနဲ့ကျန်းဟယ် ခန္ဓာကိုယ်သန့်စင်ရေးကွင်းပြင်ကို အရင်သွားကြည့်မလို့။ မင်းတို့နှစ်ယောက်ရော ဘယ်လိုလဲ”

ယဲ့ချိုးပိုင်နှင့် ကျန်းချောင်မြန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

ကျန်းချောင်မြန်က ပြောလာသည်။

“ငါ ရာချီသန့်စင်ရေးကွင်းပြင်ကိုသွားဖို့လုပ်ထားတာ။ ညီအစ်ကိုယဲ့ ငါတို့အတူတူသွားကြမလား”

ယဲ့ချိုးပိုင် ခေါင်းညိတ်လိုက်သည်။ သူလည်း အတွေးအတူတူပင်။

ကျန်းချောင်မြန်က သူ့ဓားကို ချက်ချင်းဆွဲထုတ်လိုက်ပြီးပြုံးလိုက်သည်။

“ငါတို့မသွားခင် လေ့ကျင့်ကြရအောင်။ ငါတို့ကြားက ကွာဟချက်ဘယ်လောက်ကြီးလဲဆိုတာ ငါကြည့်ချင်တယ်”

ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလိုက်ပြီး သူ့သစ်သားဓားကို ထုတ်ယူလိုက်သည်။

ရှီရှန်းနှင့်ကျန်းဟယ်တို့က နောက်ဆုတ်သွားကြသည်။

ကျန်းချောင်မြန်သည် မျက်လုံးကိုမှေးကျဉ်းလိုက်ပြီး ယဲ့ချိုးပိုင်ဆီကို ဓားဖြင့်လွှဲချလိုက်သည်။

ဓားသိုင်းစျာန်အဘိညာဉ်သည် ဂူဗိမာန်တစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။

ကျန်းချောင်မြန်၏လက်ရှိဓားသိုင်းစျာန်အဘိညာဉ်သည် ယခင်ကနှင့်မတူချေ။ သူ အများကြီး ပိုသန်မာလာသည်။

ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့်၏ အင်အားကိုလည်း ထုတ်ဖော်ပြသလာခဲ့သည်။

ယဲ့ချိုးပိုင်ကိုရင်ဆိုင်ရသည့်အခါ သာမန်အသိတရားနှင့်အကဲဖြတ်၍မရပေ။

ရှီရှန်းက ထိုမြင်ကွင်းကိုကြည့်ပြီး သက်ပြင်းမချဘဲမနေနိုင်ပေ။

“ကျန်းချောင်မြန်ရဲ့ခွန်အားက အများကြီးတိုးတက်လာတာပဲ။ အခု သူ့ဆီက ရိုက်ချက်လေးတစ်ချက်ကိုတောင် ငါ မခံနိုင်တော့မှာစိုးရိမ်မိတယ်”

ကျန်းဟယ်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသေးသည်။

“ငါ့ရဲ့ဗုဒ္ဓဝိဇ္ဇာကိုယ်ထည်ကလည်း ဒီရိုက်ချက်ကိုခံနိုင်ရည်ရှိမှာမဟုတ်ဘူး”

ထိုအဖြစ်ကိုမြင်လိုက်ရသောအခါ ယဲ့ချိုးပိုင်၏အမူအရာက ပြောင်းလဲမသွားချေ။ ဓားသိုင်းစျာန်အဘိညာဉ်သည် သစ်သားဓားပေါ်၌ တလိပ်လိပ်ထွက်ပေါ်လာလေသည်။

ထို့နောက် သူသည် သူ့ဓားကိုလွှဲယမ်းလိုက်သည်။

ဓားသိုင်းစျာန်အဘိညာဉ်သည် ဓားရောင်ခြည်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းချောင်မြန်၏ဓားသိုင်းစျာန်အဘိညာဉ်ကို တိုက်ခိုက်ပစ်လိုက်သည်။

ရိုးရှင်းပုံရသည်။ သို့သော် ထိုဓားချက်၏ချွန်မြမှုကြောင့် မည်သူ့ကိုမဆို တုန်လှုပ်သွားစေမည်သာ။

ကျန်းချောင်မြန်လည်း အတူတူပင်။ ထက်ရှသောဓားသိုင်းစျာန်အဘိညာဉ်ကို အာရုံခံမိလိုက်သောအခါ သူ့အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားလေသည်။

ထို့နောက်မှာတော့ သူသည် ရှောင်မပြေးဘဲ တည့်တည့်တိုးဝင်သွားသည်။

ဓားသိုင်းစျာန်အဘိညာဉ်နှစ်ခု ထိပ်တိုက်ဝင်တိုးမိကြလေသည်။

သို့သော် ကျန်းချောင်မြန်၏ဓားသိုင်းစျာန်အဘိညာဉ်မှာ ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိသော ဆွေးမြည့်သစ်သားနှင့်တူလေသည်။

ယဲ့ချိုးပိုင်၏ထက်ရှသောဓားသိုင်းစျာန်အဘိညာဉ်က သူ့ဓားသိုင်းစျာန်အဘိညာဉ်ကိုအနိုင်ပိုင်းလိုက်သည်။

ကျန်းချောင်မြန် အနည်းငယ်နောက်ဆုတ်သွားပြီး ယဲ့ချိုးပိုင်ကလည်း အချိန်မီရပ်တန့်လိုက်သည်။

ထိုအခြင်းအရာကိုမြင်တော့ ကျန်းချောင်မြန်က ခါးသက်သက်ပြုံးပြီးပြောလာသည်။

“ဓားသိုင်းစျာန်အဘိညာဉ်ကို နားလည်နိုင်သွားပြီး ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့်ကိုတက်လှမ်းနိုင်သွားတော့ ငါတို့ကြားကကွာဟချက်ကို ချုံ့ပစ်နိုင်ပြီလို့ ငါထင်ထားခဲ့တာ။ အခုတော့ ကွာဟချက်က ပိုပိုကြီးလာတာပဲ”

ကျန်းချောင်မြန်တိုးတက်လာချိန်တွင် ယဲ့ချိုးပိုင်သည် ပို၍ပင်တိုးတက်လာသည်။

ထို့အပြင် ယဲ့ချိုးပိုင်၏ဓားသိုင်းစျာန်အဘိညာဉ်သည် မဟာဓားသိုင်းပညာရှင်အဆင့်သို့ ရောက်ရှိနေသည်မှာကြာလေပြီ။ ကျန်းချောင်မြန်၏ ဓားသိုင်းစျာန်အဘိညာဉ်အသစ်က သူ့ကို မည်သို့ယှဉ်နိုင်မည်တဲ့လဲ။

ရှီရှန်းက ညည်းညူမိလေသည်။

“ငါတို့အထင်သေးခဲ့ဖူးတဲ့တောင်ပိုင်းဒေသမှာ ညီအစ်ကိုယဲ့လို ထက်မြက်တဲ့ပါရမီရှင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ”

ကျန်းဟယ်ကလည်း ခေါင်းညိတ်သဘောတူလေသည်။

“ညီအစ်ကိုယဲ့ရဲ့ဆရာနဲ့တွေ့ချင်လိုက်တာ။ ဒီလောက်ထူးချွန်တဲ့တပည့်ကို ဘယ်သူကများ စနစ်တကျလေ့ကျင့်ပေးနိုင်တာလဲ”

ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်ပြုံးလိုက်မိသည်။

“ဆရာလား။ သူ့ကြည့်ရတာ ဘာမှလုပ်စရာမရှိသလိုပဲ။ ဒါပေမဲ့ သူ့အစွမ်းက ငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ”

“ဒါဆို အခွင့်သင့်ရင် ငါတို့နဲ့မိတ်ဆက်ပေးရမယ်နော်”

“ဒါက ဆရာ့ရဲ့စိတ်အခြေအနေပေါ်မှာပဲ မူတည်တယ်”

“ကောင်းပြီ။ ကောင်းပြီ။ လေ့ကျင့်ရေးကွင်းပြင်ကို သွားကြည့်ရအောင်။ ပင်မကျောင်းတော်ရဲ့အရည်အချင်းတွေက ဘာတွေများထူးခြားလဲဆိုတာ ကြည့်ကြတာပေါ့”

ဤသို့ဖြင့် ရှီရှန်းနှင့်ကျန်းဟယ်တို့သည် ခန္ဓာသန့်စင်ရေးကွင်းပြင်ဆီကို ထွက်သွားကြသည်။

ကျန်းချောင်မြန်ကတော့ ယဲ့ချိုးပိုင်နှင့်အတူ ရာချီသန့်စင်ရေးကွင်းပြင်ဆီသို့ လိုက်သွားခဲ့သည်။

ရာချီသန့်စင်ရေးကွင်းပြင်သည် တောင်တန်းများပေါ်ရှိ ချိုင့်ဝှမ်းတစ်ခုတွင် တည်ရှိသည်။

မြေလွှာကျွံချိုင့်ဝှမ်းတွင် တပည့်များစွာက မတ်တတ်ရပ်လျက် စောင့်ကြည့်နေကြသည်။

သူတို့သည် အရှေ့ရှိ အနက်ရောင်ကျောက်ချပ်ကြီးတစ်ချပ်ကို ကြည့်နေကြတယ်။

ကျောက်ပြားပေါ်တွင် အမည်ဆယ်ခုရေးထိုးထားသည်။ ရှင်းနေပေသည်။ ဤသည်မှာ အဆင့်သတ်မှတ်ချက်ပင်။

ပထမနေရာတွင် ကွမ်ကျုံးယန်ဟူသောစာလုံးကို ရေးထွင်းထားသည်။

ကွမ်ကျုံးယန်၏နောက်တွင်မူ ၄၇ထပ်ဟုရေးထွင်းထားသည်။

“၄၇ထပ်က ဘာကိုဆိုလိုတာလဲ”

ကျန်းချောင်မြန်က သင်္ကာမကင်းမေးခွန်းထုတ်လိုက်သည်။

ဘေးနားက လူတစ်ယောက်ကကြားသွားပြီး စိတ်အားထက်သန်စွာရှင်းပြလာလေသည်။

“တပည့်အသစ်တွေ ဟုတ်တယ်မလား။ ဒီနေရာကို အဆင့်ငါးဆယ်ဆိုပြီး အပိုင်းခွဲထားတယ်လေ။ အဆင့်နိမ့်ရာကိုသွားလေလေ ပေါ်လာတဲ့မှော်ဝင်သားရဲတွေက ပိုအားကောင်းလေလေပဲ”

အခြားလူတစ်ဦးကလည်း ဝင်ပြောသည်။

“နောက်ဆုံးအဆင့်သုံးဆင့်ကို ဘယ်သူမှမရောက်နိုင်တာ နှစ်တစ်ရာတိုင်ခဲ့ပြီ။ စီနီယာအစ်ကိုကွမ် လုပ်နိုင်ပါ့မလား”

“မင်းတို့က တပည့်အသစ်တွေဆိုတော့ ပထမအဆင့်ငါးဆင့်ကို အရင်သွားပြီး ကျင့်ကြံလေ့လာရင်အကောင်းဆုံးပဲ။ ပဉ္စမအဆင့်ပြီးရင် မှော်ဝင်သားရဲတွေက အရမ်းသန်မာလာတော့မှာ။ မင်းတို့ အကောင်းဆုံးကြိုးစားပေါ့ကွာ”

ကျန်းချောင်မြန်က ပြုံးပြီးခေါင်းညိတ်ပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ထို့နောက် သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး မြေလွှာကျွံချိုင့်ဝှမ်းဆီသို့ ထွက်လာခဲ့ကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset