သူ အမှန်တကယ်အဆင့်ကျော်နိုင်သွားချေသည်။
အကြီးအကဲလီ မျက်လုံးဖွင့်လိုက်လေသည်။ ရေသေနှယ်တည်ငြိမ်လှသော သူ့မျက်ဝန်းထဲတွင် စူးရှရှအလင်းရောင်တစ်ခု လင်းလက်နေသည်။
သူသည် ဤအဆင့်တွင် နှစ်ပေါင်းများစွာပိတ်မိနေခဲ့သည်။ သူ့အနေနှင့် မျှော်လင့်ချက်ကိုစွန့်လွှတ်ခဲ့ပြီးဖြစ်သော်လည်း ယခုမူ ဖြတ်ကျော်သွားနိုင်ခဲ့ပြီဖြစ်၏။
ဟုန်ရင်လည်း ဤမြင်ကွင်းကြောင့် အလွန်အံ့အားသင့်သွားရသည်။
ဆေးဖော်စပ်နည်းမရှိသည်မှာ ရှင်းလင်းနေသော်လည်း ဆေး၏အာနိသင်ကို သိရုံမျှဖြင့် ထိုဆေးကို ပုံတူကူးယူနိုင်သည်တဲ့လား။
မဖြစ်နိုင်ပေ…။ ဤသည်မှာ အမှန်မဟုတ်နိုင်ပေ။
ဖောက်ထွက်ရေးဆေးဝါးကိုသုံးပြီးနောက် အကြီးအကဲလီ၏ခန္ဓာကိုယ်ရှိ အရှိန်အဝါက မူလနှင့်မတူတော့ချေ။
လုချန်ရှန်း သက်ပြင်းချလိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် သူ လုပ်နိုင်ခဲ့သည်။ မဟုတ်လျှင် သူ့အတွက် ရှင်းပြဖို့ ခက်ခဲလိမ့်မည်။
ထိုအကြောင်းကိုတွေးရင်း လုချန်ရှန်းသည် ပြန်သွားပြီး ယဲ့ချိုးပိုင်ကိုသင်ခန်းစာပေးဖို့ဆုံးဖြတ်လိုက်သည်။
ဤအခိုက်အတန့်တွင် အကြီးအကဲလီ၏အရှိန်အဝါသည် အားနည်းဖျော့တော့သွားခြင်းမရှိဘဲ အဆမတန်မြင့်တက်လာသည်။
အကြီးအကဲက အံ့သြမှင်တက်သွားလေသည်။ သူက လုချန်ရှန်းကိုကြည့်ကာ မေးလိုက်၏။
“ချန်ရှန်း.. ဒါ ဘယ်လိုဖြစ်တာလဲ”
လုချန်ရှန်းက ပြန်မဖြေပေ။
သူ မဖြေချင်တာမျိုးမဟုတ်ဘဲ သူ မည်သို့နှယ်ပြန်ဖြေရမှန်း မသိသောကြောင့်ဖြစ်သည်။
အကြီးအကဲလီသည် ပြင်းထန်လှသောထိုအရှိန်အဝါကို ခံစားလိုက်ရပြီး သူ့မျက်ဝန်းထဲတွင်လည်း စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေလေသည်။
သူ တင်ပျဉ်ခွေထိုင်လိုက်ပြန်သည်။
သူ့ခန္ဓာကိုယ်ရှိ ကျင့်ကြံရေးနည်းစနစ်များသည် အရူးအမူးလှည့်လည်စီးဆင်းနေပြီး ကျန်ရှိနေသေးသော ဆေးဖက်ဆိုင်ရာစွမ်းအားများက သူ၏မျှခြေဗဟိုထိတိုင် ပြည့်လျှမ်းသွားခဲ့သည်။
အကြီးအကဲလီသည် သူ့မျှခြေများကို ဖိနှိပ်နေပုံရသည်။
ဆေးဝါးခန်းမအကြီးအကဲသည် ထိုမြင်ကွင်းကိုမြင်သောအခါ အံသြသွားချေသည်။
“ဒီဆေးသုံးပြီးရင် အဆင့်ထပ်မတက်နိုင်တော့ဘူးလို့ ပြောထားတာမဟုတ်ဘူးလား”
“အမ်…”
လုချန်ရှန်းက ပြောလိုက်သည်။
“ဒါက ဒီမွမ်းမံသန့်စင်မှုရဲ့ရလဒ်ကြောင့်များဖြစ်နိုင်မလား”
ဟုန်ရင်လည်း အနည်းငယ်ထိတ်လန့်သွားသည်။
ခဏအကြာတွင် အကြီးအကဲလီက မတ်တတ်ထရပ်လိုက်သည်။
သူ့အဆင့်သည် ချန်းယွမ်အလယ်အလတ်အဆင့်တွင် တည်ငြိမ်သွားခဲ့သည်။
“ဒီဆေးကိုသောက်ရင် နောင်မှာ အဆင့်ထပ်မတက်နိုင်တော့ဘူးလို့ မင်းပြောလိုက်တယ်မဟုတ်လား”
အကြီးအကဲလီခမျာ အံ့ဩသွားရသည်။
“ဒါပေမဲ့ ငါတော့ အဆင့်ထပ်တက်နိုင်နေသေးတယ်လို့ ဘာလို့ခံစားနေရတာလဲ”
ဤအခိုက်အတန့်တွင် အကြီးအကဲလီ၏မျှခြေဗဟိုချက်သည် အသက်ဝင်လာပုံရပြီး ပြင်းထန်လှစွာသောတက်ကြွမှုများကို လှစ်ဟပြလာပြန်လေသည်။
တစ်ချိန်တည်းမှာပင်၊ သူ၏တန်ထျန်ထဲရှိ ဝိညာဉ်ရေးရာချီစွမ်းအင်သည် လှိုင်းလုံးကြီးတစ်ခုပမာ ဂယက်ထလာချေသည်။
ရေသေအိုင်လေးတစ်ခု မဟုတ်တော့ပေ။
လုချန်ရှန်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ဟုန်ရင်က ပို၍ပင်အံ့သြသွားရသည်။
မူလလက်ဟောင်းအဆင့်မြှင့်တင်ရေးဆေးဝါးသည် သူ့ပင်ကိုစွမ်းရည်ကို လုံးလုံးလျားလျားလောင်ကျွမ်းစေခဲ့ပြီး အဆင့်မြှင့်တင်ခြင်း၏အကျိုးသက်ရောက်မှုကို ခံစားရစေသည်။
ယခုမူ သူ့သခင်ဖန်တီးထားသောဆေးသည် တစ်ဖက်လူကို အဆင့်ဖြတ်ကျော်ခွင့်ပေးနိုင်ရုံသာမက သူ့အရည်အချင်းများကိုလည်း တိုးတက်သွားစေပုံပေါ်သည်။
အနာဂတ်တွင် လူတစ်ယောက်၏အရည်အချင်းများကို ပြောင်းလဲပစ်ရန်ဆိုသည်မှာ အလွန်ခက်ခဲလှပေသည်။
ထိုအခြင်းအရာကိုမြင်သောအခါ ဆေးဝါးခန်းမအကြီးအကဲလည်း အလွန်စိတ်လှုပ်ရှားသွားချေသည်။
ဤဆေး၏အာနိသင်သည် လျှို့ဝှက်တာအိုကျောင်းတော်အတွက် များစွာအထောက်အကူဖြစ်စေသည်ဟု ဆိုနိုင်သည်။
ခန်းမအသီးသီးမှအကြီးအကဲများသည် အခြေခံအားဖြင့် ချန်းယွမ်အဆင့်သို့ ရောက်ရှိပြီးဖြစ်၏။
ဤဆေးလုံးကိုသောက်သုံးပြီးလျှင် ကျင့်ကြံရေးအဆင့်ကိုဖောက်ထွက်နိုင်ရုံသာမက လူတစ်ယောက်၏ပင်ကိုယ်စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်လေသည်။
ဤဆေးလုံးမျိုးသည် ယခင်က လုံးဝမကြားဖူးသောအရာပင်ဖြစ်၏။
ထိုအရာကိုမြင်သောအခါ လုချန်ရှန်းက ပြောလာလေသည်။
“သန့်စင်ပြီးသွားတော့ ဆေးလေးနည်းနည်းထပ်လုပ်ထားသေးတယ်။ ဒီမှာထားခဲ့မယ်နော်။ ကျွန်တော် အရင်သွားနှင့်ပါတော့မယ်”
ဖော်စပ်နည်းကိုမူ လုချန်ရှန်း ချန်မထားရစ်ခဲ့ပေ။
အရေးကြီးဆုံးအချက်မှာ ထိုဖော်စပ်နည်းကိုပေးလျှင်ပင် သူတို့ ထိုဆေးကိုပြုပြင်မွမ်းမံနိုင်မည်မဟုတ်ပေ။
လုချန်ရှန်းသည် ထိုဆေးထဲသို့ အသက်ဓာတ်စွမ်းအားများကို ထည့်သွင်းခဲ့သည်။
လျှို့ဝှက်တာအိုကျောင်းတော်တွင် ဘယ်သူ့မှာများ အသက်ဓာတ်စွမ်းအားရှိလေသလဲ။
တိုက်ကြီးတစ်ခွင်မှာပင် ရှာတွေ့ရန်မဖြစ်နိုင်ချေ။
ထိုဆေးကိုကိုင်ထားရင်း ဆေးဝါးခန်းမအကြီးအကဲ၏မျက်ဝန်းများ တောက်ပလာလေ၏။
“ကောင်းပြီ။ ငါ ခေါင်းဆောင်နဲ့သွားဆွေးနွေးလိုက်ဦးမယ်”
ဤသို့ဖြင့် သူထွက်သွားလေသည်။
လုချန်ရှန်းလည်း ခေါင်းယမ်းလိုက်ပြီး ဟုန်ရင်နှင့်အတူ စံအိမ်တော်ဆီကို ပြန်လာခဲ့သည်။
ထိုအချိန်တွင် စဲအိမ်တော်အတွင်း၌..
ယဲ့ချိုးပိုင်နှင့် နင်ချန်းရှင်းတို့ စကားစမြည်ပြောနေကြသည်။
လုချန်ရှန်းကိုတွေ့သောအခါ သူတို့အားလုံး မတ်တတ်ထရပ်လိုက်ပြီး ဦးညွှတ်လိုက်ကြသည်။
“မင်္ဂလာပါ ဆရာ”
လုချန်ရှန်း ခေါင်းညိတ်ပြလိုက်သည်။ သူက နင်ချန်းရှင်းကိုကြည့်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်မေးလေသည်။
“ဒီကြားထဲ တစ်ခုခုများ သင်ယူတတ်မြောက်ခဲ့သေးလား”
သူ့အနေနှင့် ဆရာသခင်တစ်ယောက်ကဲ့သို့ ပြုမူရပေမည်။
နင်ချန်းရှင်းကလည်းပြုံးလျက် ပြောလိုက်လေသည်။
“ကျွန်တော် အများကြီးသင်ယူခဲ့ရပါတယ်”
ယဲ့ချိုးပိုင်ကလည်း ဝင်ပြောလေသည်။
“တတိယဂျူနီယာညီလေးရဲ့ကွန်ဖြူးရှပ်တာအိုကျင့်ကြံမှုက တစ်မူထူးတယ်လို့ပြောလို့ရတယ်။ ကွန်ဖြူးရှပ်တာအိုကျောင်းတော်ကလူတွေတောင် အခုဆိုရင် တတိယဂျူနီယာညီလေးကို လေးစားနေကြပြီ”
ယဲ့ချိုးပိုင်သည် သူ၏တတိယညီလေးရောက်လာသည့်အတွက် အလွန်ပျော်ရွှင်နေသည်မှာ ရှင်းနေချေသည်။
အချိန်ကျလာလျှင် လုပ်စရာအလုပ်တစ်ခုခုရလာပါက သူ့ဂျူနီယာညီလေးကို တာဝန်ခွဲပေးနိုင်သည်မဟုတ်ပါလား။
သို့သော်လည်း ယဲ့ချိုးပိုင်၏စကားဆုံးသည်နှင့် လုချန်ရှန်းမှာ ဒေါသထွက်သွားရပေသည်။
ဒီကလေးရဲ့အပြစ်တွေချည်းပဲ..
သူသည် ဆေးဝါးများကိုသန့်စင်မွမ်းမံရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
သူသာ အောင်မြင်ခဲ့မည်ဆိုလျှင် နောင်မှာ သူ့အား အခြားလုပ်ငန်းဆောင်တာများကို လုပ်ခိုင်းလာတော့မည်ဖြစ်၏။
ဒီငါးဆားနယ်… အိုး မဟုတ်သေးဘူး။
သာယာအေးဆေးလှသောဘဝလေးက သူနှင့် ပို၍ပို၍ဝေးကွာလာလေပြီ။
“ဒီထဲမှာ မင်းဝင်ပြောစရာဘာရှိလို့လဲ”
ယဲ့ချိုးပိုင် ကြက်သေသေသွားလေသည်။
“အမ်…”
“တောင်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပြီးပြီလား”
ယဲ့ချိုးပိုင်လည်း ခေါင်းကုတ်ရင်း ပြန်ဖြေသည်။
“အရွက်ကြွေတွေအကုန်လုံး လှည်းကျင်းပြီးပါပြီ…”
လုချန်ရှန်းက ထပ်ပြောပြန်သည်။
“ဖုန်တွေကရော။ ဒီနေရာကိုဖြတ်သွားဖြတ်လာလုပ်နေတဲ့ငှက်တွေရဲ့မစင်တွေကရော”
တောင်တစ်ခုလုံးကို အကာအရံများဖြင့် ဖုံးလွှမ်းထားသောကြောင့် ဖုန်မှုန့်များက အဘယ်မှာတင်နိုင်ပါအံ့နည်း။ သို့သော် ယဲ့ချိုးပိုင်သည် ယခုအချိန်တွင် ဘာတစ်ခွန်းမှ မပြောဝံ့တော့ပေ။ သူ့ဆရာက စိတ်ဆိုးနေသေးသည့်အတွက် သူ့မှာ ခါးသက်စွာမပြုံးဘဲမနေနိုင်ပေ။
“ဆရာ..ကျွန်တော် အခုသွားလိုက်ပါ့မယ်”
“နေဦး”
လုချန်ရှန်းက မီးဖိုချောင်ကိုလက်ညှိုးထိုပြပြီး ပြောလိုက်၏။
“ထမင်းအရင်ချက်လိုက်”
ယဲ့ချိုးပိုင် : “…”
နောက်ရက်များတွင် ခေါင်းဆောင်ရူသည် နင်ချန်းရှင်းကို ကွန်ဖြူးရှပ်တာအိုကျောင်းတော်တွင် ဟောပြောပို့ချပေးရန်အတွက် ဖိတ်ကြားခဲ့သည်။
အစပိုင်းတွင် လူအချို့က နင်ချန်းရှင်း၏စွမ်းရည်ကို သံသယဝင်ခဲ့ကြသည်။
သို့သော် နင်ချန်းရှင်း၏ဟောပြောပို့ချချက်အဆုံးမှာမူ ကွန်ဖြူးရှပ်တာအိုကျောင်းတော်မှ ကျောင်းသားများသည် နင်ချန်းရှင်းကိုတွေ့သောအခါတိုင်း ဆရာတစ်ယောက်နှယ် လေးစားစွာနှုတ်ဆက်ကြသည်။
ဆရာသခင်ကတော့ ဆရာသခင်နေရာ၌ရှိထိုက်သည်သာ။
ဟုန်ရင်သည်သည် သူမ၏ကျင့်ကြံရေးအဆင့်များကို ပေါင်းစည်းနေချေသည်။
ယဲ့ချိုးပိုင်ကမူ လုချန်ရှန်းအတွက် ချက်ပြုတ်လျှင်ချက်ပြုတ်၊ မဟုတ်လျှင် တောင်တစ်တောင်လုံးကို သန့်ရှင်းရေးလုပ်လေသည်။
ဤကာလအတွင်း အကြီးအကဲများသည် အဂ္ဂိရတ်ပညာနှင့်ပတ်သက်သောမေးခွန်းများကိုမေးရန်အတွက် လုချန်ရှန်း၏စံအိမ်တော်ဆီသို့ မကြာခဏလာကြသည်။
ပထမအကြိမ်အနည်းငယ်က အဆင်ပြေသေးသည်။
အကြီးအကဲများရောက်လာသည်နှင့် လုချန်ရှန်းကလည်း ပုန်းဖို့နေရာရှာထားလေသည်။
နောက်ထပ်ရက်အနည်းငယ်ကြာသွားလေပြီ။
နင်ချန်းရှင်းက လုချန်ရှန်းကိုနှုတ်ဆက်လိုက်သည်။
သူသည် တောင်ပိုင်းဒေသတွင် တရားဟောပြောပို့ချရန် ပြင်ဆင်ထားသည်။
ဟုန်ရင်က နင်ချန်းရှင်းကိုပြောသည်။
“ဂျူနီယာမောင်လေး.. မင်းက စီနီယာအစ်ကိုလို အပြင်မှာဒုက္ခများမဲ့လူမျိုးမဟုတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ဒီဖီးနစ်ကျောက်စိမ်းဆွဲသီးလေးကိုပေးလိုက်မယ်”
နင်ချန်းရှင်းက ပြုံးပြီး ခေါင်းညိတ်ပြသည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မကြီး”
ယဲ့ချိုးပိုင်ခမျာ မျက်လုံးလှိမ့်လိုက်မိသည်။
ဒုက္ခများသည်တဲ့လား။
သူ ဘာကို ဆိုလိုတာလဲ..
အကြီးဆုံးစီနီယာအစ်ကိုတစ်ယောက်အနေနှင့် ယဲ့ချိုးပိုင်သည် ထုံးစံအတိုင်း သူ့စိတ်ရင်းကိုပြသရမည်ဖြစ်၏။
သူသည် ရှေ့သို့တိုးကာ နင်ချန်းရှင်းကို အသံထုတ်လွှင့်ရေးအဆောင်ယတြာကို ပေးလိုက်သည်။
“မင်း အန္တရာယ်ကြုံရင် ငါ့ကို ဆက်သွယ်ဖို့မမေ့နဲ့နော်။ ငါ အမြန်ပြေးလာခဲ့မယ်”
ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့၏စိတ်ရင်းကို ခံစားလိုက်ရသောအခါ နင်ချန်းရှင်း၏ နှလုံးသားလေး နွေးထွေးသွားရသည်။
ထို့နောက် သူသည် လုချန်ရှန်းကိုဦးညွှတ်၍အရိုအသေးပေးလိုက်၏။
“ဆရာ..စီနီယာအစ်ကိုနဲ့ စီနီယာအစ်မတို့ ကျွန်တော် သွားလိုက်ပါဦးမယ်”
“ဟုတ်ပြီ”
နင်ချန်းရှင်း ထွက်သွားပြီးနောက် ချင်းထျန်းနျန် ရောက်ချလာသည်။
“ချိုးပိုင် အဆင်သင့်ဖြစ်ပြီလား”
ယနေ့သည် သူ ပင်မကျောင်းတော်ကိုသွားရမည့်နေ့ပင်။
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သည်။ လက်ရှိမှာ တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်တွင် သူ့အတွက် ပြိုင်ဘက်မရှိပေ။
ပင်မကျောင်းတော်ဆီသို့ ချီတက်ဖို့အချိန်တန်လေပြီ။
ဟုန်ရင်သည်လည်း ရက်အနည်းငယ်ကြာအောင် လေ့လာကျင့်ကြံပြီးနောက် စံအိမ်တော်မှ ထွက်လာခဲ့လိုက်သည်။
သူဘယ်သွားမှန်း မည်သူမှမသိချေ။
လုချန်ရှန်းကလည်း များများစားစားမမေးတတ်ပေ။
သူသည် ထိုင်ခုံမှာထိုင်နေရင်း သက်ပြင်းမချဘဲမနေနိုင်ချေ။
“စားဖိုမှူးတွေတော့ ပြန်သွားကြပြန်ပြီ”
အလယ်ပိုင်းဒေသ၌…
၎င်းသည် နယ်မြေကြီးလေးခုတွင် မပါဝင်သော်လည်း သူ့အင်အားကို လျှော့တွက်၍မရပေ။
ဂိုဏ်းဂဏများနှင့် မင်းမျိုးမင်းနွယ်များလည်း အများအပြားရှိလေသည်။
၎င်းတို့မှာ မင်းမျိုးမင်းနွယ်မိသားစုဝင်သုံးစု၊ ဂိုဏ်းနှစ်ဂိုဏ်းနှင့် ပထမအိမ်တော်တို့ ပါဝင်လေသည်။
ဂိုဏ်းနှစ်ခုတွင် လျှို့ဝှက်ဓားဂိုဏ်းနှင့် အဂ္ဂိရတ်ဂိုဏ်းတို့ပါဝင်သည်။
ပထမအိမ်တော်မှာ လျှို့ဝှက်တာအိုကျောင်းတော်ဖြစ်ပေသည်။
မင်းမျိုးမင်းနွယ်မိသားစုဝင်သုံးစုသည် အဆန်းကြယ်ဆုံးပင်ဖြစ်သည်။ သူတို့တွင် မိသားစု၏သွေးသားရင်းချာများရှိထားသောကြောင့် တပည့်လက်ခံခြင်းမပြုချေ။
ယခုမူ ယဲ့ချိုးပိုင်သည် လျှို့ဝှက်တာအိုကျောင်းတော်၏ ပင်မခြံဝင်းဆီသို့ ရောက်ရှိနေပြီဖြစ်၏။