Switch Mode

အခန်း (၆၉)

လုချန်ရှန်း၏အောင်မြင်ရေးဆေးဝါး

ငါလူး..

သူပြန်ရောက်သည်နှင့် ယဲ့ချိုးပိုင်အတွက် အလုပ်များပိုခိုင်းရမည်။

မဟုတ်လျှင် သူ သင်ခန်းစာရမည်မဟုတ်ချေ။

လုချန်ရှန်း ထိုအကြောင်းကိုပိုတွေးမိလေလေ ဒေါသပိုထွက်လေလေပင်။

ဂိုဏ်းကိုသန့်ရှင်းရေးလုပ်ခိုင်းရုံမျှဖြင့် မလုံလောက်ချေ။

ထိုအချိန်တွင် ဆေးဝါးခန်းမအကြီးအကဲက စိုးရိမ်တကြီးမေးသည်။

“ချန်ရှန်း.. ဒီဆေးကို ဘယ်လိုသန့်စင်လိုက်တာလဲ။ ဒါက ကျောင်းတော်အတွက် အရမ်းအရေးကြီးတယ်”

ချန်းယွမ်အဆင့်မှ လူတစ်ဦးအား ရာနှုန်းပြည့်အာမခံချက်ဖြင့်ဖြတ်ကျော်နိုင်စေမည့်ဆေးဝါး..။

ဘေးထွက်ဆိုးကျိုးကတော့ အနာဂတ်မှာ သူဘယ်တော့မှအဆင့်မတက်နိုင်တော့သော်ငြား လုံးဝဖြတ်ကျော်ဖို့မဖြစ်နိုင်တော့ဘဲ သက်တမ်းကန့်သတ်ချက်ပြည့်သွားသူများအတွက်မူ အလွန်အသုံးဝင်လှသည်။

ဤဆေးဝါးမျိုးသာ အပြင်လောကသို့ ပျံ့နှံ့သွားပါက ဆေးတစ်လုံးတည်းကပင် ဂယက်လှိုင်းလုံးကြီးတစ်ခုကို ဖြစ်ပေါ်လာစေဖို့လုံလောက်လေသည်။

သွေးမုန်တိုင်းထန်သွားမည်ဟုဆိုလျှင်ပင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။

လုချန်ရှန်းခမျာ ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်ရ၏။

“စိတ်မပူပါနဲ့။ ကျွန်တော် အရင်စဉ်းစားပါရစေဦး”

ချန်းယွမ်အဆင့်ကျင့်ကြံသူကို အဆင့်ဖြတ်ကျော်နိုင်ဖို့ တွန်းအားပေးနိုင်သောဆေးပြားတဲ့လား။

ဤဆေးက ဘယ်လိုဆေးမျိုးလေလဲ။

သူ ယခင်က မမြင်ဖူးချေ။

“ဘယ်လိုလဲ။ မှတ်မိလား”

ဆေးဝါးခန်းမအကြီးအကဲ၏မျက်နှာမှာ မျှော်လင့်ချက်အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

လုချန်ရှန်းလည်း ထိုဆေးကို မည်ကဲ့သို့သန့်စင်ရမည်ဆိုသည်ကိုမသိကြောင်း မပြောနိုင်ပေ။ တကယ်တမ်းမှာတော့ ယဲ့ချိုးပိုင်က သူ့ကို ရောင်းစားပြီးသွားလေပြီ။

“ဘာလို့မပြောပြတာလဲ… ဒီဆေးလုံးရဲ့ထူးခြားချက်က ဘာလဲ”

ဆေးဝါးခန်းမအကြီးအကဲက မျက်မှောင်ကြုတ်ပြီး သင်္ကာမကင်းစွာမေးလေသည်။

“မင်းကိုယ်တိုင်သန့်စင်ထားတဲ့ဆေးပြားနဲ့ပတ်သက်ပြီး ဘာထူးခြားလဲဆိုတာ မသိဘူးလား”

လုချန်ရှန်း နာကျင်ချင်ဟန်ဆောင်ကာ သူ့ခေါင်းကိုပွတ်သပ်လိုက်သည်။

“မနေ့ညက ကောင်းကောင်းမအိပ်ရလို့ခေါင်းမူးနေတာ။ တချို့အရာတွေကို မမှတ်မိတော့ဘူး”

အကြီးအကဲက အံ့အားသင့်သွားချေသည်။

“မင်းရဲ့ကျင့်ကြံမှုကမနိမ့်ပါဘူး ဟုတ်တယ်မလား။ဘာလို့ခေါင်းကိုက်နေသေးတာလဲ။ မင်းမှာ လျှို့ဝှက်ရောဂါတစ်ခုခုများ ရှိနေလို့လား။ ငါကြည့်ကြည့်ရအောင်”

ပုံမှန်အားဖြင့် အကြီးအကဲများသည် လုချန်ရှန်း၏အကြောင်းကို ကောင်းစွာ မသိကြပေ။

သို့သော် လုချန်ရှန်းသည် ကျောင်းတော်၏အဖွဲ့ဝင်တစ်ဦးဖြစ်နေဆဲပင်။

အဂ္ဂိရတ်ခန်းမမှအကြီးအကဲများလည်း သဘာဝကျကျပင် စိုးရိမ်ပူပန်နေပေလိမ့်မည်။

လုချန်ရှန်းက သူ့လက်ကိုအမြန်ဝှေ့ယမ်းပြပြီး နောက်ပြန်ဆုတ်လိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ သာမာန်ခေါင်းကိုက်တာလေးပါ။ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး”

“ဆေးရဲ့ဝိသေသလက္ခဏာတွေကို ပြောပြပါဦး”

ဆေးဝါးခန်းမအကြီးအကဲသည် သံသယတချို့ရှိသော်လည်း ဆေး၏ဝိသေသလက္ခဏာများကို ရှင်းပြနေဆဲဖြစ်၏။

လုချန်ရှန်း ခဏမျှစဉ်းစားကြည့်လိုက်သည်။

ခြုံပြောရရင် ထိုဆေးက ချန်းယွမ်အဆင့်ရှိသူတစ်ယောက်ယောက်ကို အဆင့်ဖြတ်ကျော်သွားနိုင်အောင်လုပ်ပေးနိုင်လျှင်ရပြီမဟုတ်လား။

နှစ်ပေါင်းကြာလာသည်နှင့်အမျှ လုချန်ရှန်းဟာ ဆေးဝါးဖော်စပ်နည်းကို စူးစမ်းရှာဖွေနိုင်ခဲ့သည်။

ထိုဆေးလုံး၏ဖော်စပ်နည်းကို သူ မသိသော်လည်း ထိုဆေး၏ဝိသေသလက္ခဏာများအတိုင်း သန့်စင်မွမ်းမံနိုင်ပေသည်။

ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် လုချန်ရှန်းက အကြီးအကဲကိုပြောလိုက်သည်။

“ဒီလိုဆိုရင်ရောဘယ်လိုလဲ။ ဒီမှာပဲ သန့်စင်လိုက်မယ်လေ”

ဆေးဝါးခန်းမအကြီးအကဲက ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။

“ဒါဆို ငါ့နောက်ကိုလိုက်ခဲ့”

ဤသို့ဖြင့် သူသည် လုချန်ရှန်းကို သူ့အဂ္ဂိရတ်ဖိုရှိရာနေရာဆီသို့ ခေါ်သွားပေသည်။

လုချန်ရှန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့သိုလှောင်ရေးလက်စွပ်ထဲမှ ရတနာများစွာကို ထုတ်ယူလိုက်သည်။

ဆေးဝါးခန်းမအကြီးအကဲကတော့ အံ့အားသင့်သွားရှာသည်။

ဤကောင်းကင်ဘုံဆိုင်ရာပစ္စည်းများနှင့် မြေကမ္ဘာဆိုင်ရာရတနာများ၏ ဆေးဖက်ဝင်ဂုဏ်သတ္တိအချို့သည် အချင်းချင်းဆန့်ကျင်ဘက်ဖြစ်နေပြီး ပေါင်းစပ်၍မရနိုင်ပေ။

ဤသည်မှာ ဖိုကို ပေါက်ကွဲစေရုံသာရှိ၏။

သို့သော် လုချန်ရှန်းက ထိုဆေးဝါးကို ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် အကြီးအကဲက ဘာမှဝင်မပြောပေ။ လုချန်ရှန်း ဆေးဖော်စပ်နေသည်ကိုသာ သူကြည့်နေချေသည်။

ထိုအချိန်တွင် လုချန်ရှန်းလည်း သူ့ရှေ့တွင်ရှိသော ဆေးဖက်ဝင်ဆေးမြစ်များ၏ ဝိသေသလက္ခဏာများက အာရုံထဲတွင် ပေါ်လာသည်။

ပေါင်းစပ်မှု၏အကျိုးသက်ရောက်မှုကဘာလဲ။

တစ်ခုနှင့်တစ်ခုဆန့်ကျင်လျှင် ဘာဖြစ်လေမလဲ။ ပျက်ပြယ်အောင်ရော ဘယ်လိုနည်းလမ်းတွေသုံးနိုင်မလဲ။

ဤသည်မှာ အတိအကျမသိနိုင်သော ပြဒါးရှင်လုံးတစ်မျိုးဖြစ်သည်။ လုချန်ရှန်းအနေနှင့် မည်သို့ပြုလုပ်ရမည်ဆိုသည်ကိုမသိသောကြောင့် သေသေချာချာ စဉ်းစားရပေမည်။

အမွှေးတိုင်တစ်တိုင်စာခန့်ကြာပြီးနောက် လုချန်ရှန်းသည် မျက်လုံးများကိုဖွင့်ကာ ဆေးဖက်ဝင်အမြစ်များကို ဖိုထဲသို့ပစ်ချလိုက်သည်။

မီးတောက်သဘာဣသည် အဂ္ဂိရတ်မီးဖိုကိုဖုံးလွှမ်းထားသည့် မီးတောက်ပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤအဆင့်ကြောင့် ဆေးဝါးခန်းမအကြီးအကဲခမျာ မျက်ခုံးခပ်လှုပ်လှုပ်ပင်။

ဆေးဖက်ဝင်အပင်များကိုသန့်စင်ရာတွင် အပူချိန်ကို ကောင်းစွာထိန်းချုပ်နိုင်ရမည်။

အချို့သောဆေးဖက်ဝင်ပစ္စည်းများကို မီးပြင်းပြင်းဖြင့်ကျိုပြီး အချို့ကိုမူ ခပ်ဖြည်းဖြည်းအပူပေးရလေသည်။

မဟုတ်လျှင် ဆေးဖက်ဝင်အစွမ်းများကို ဖျက်ဆီးပစ်မိလိမ့်မည်။

လုချန်ရှန်းကတော့ အဂ္ဂိရတ်မီးဖိုတစ်ခုလုံးကို မီးတောက်များဖြင့်တိုက်ရိုက်ဖုံးအုပ်ထားလေသည်။ ထိုအပူချိန်က ပတ်ဝန်းကျင်ရှိလေထုကို ဖရိုဖရဲဖြစ်စေသည်။

ဆေးဝါးခန်းမအကြီးအကဲက ဘာမှမပြောသေးချေ။

လုချန်ရှန်းသည် မဆိုင်းမတွပင် ဆေးဖက်ဝင်အမြစ်များကို ပစ်ချလိုက်သည်။

သိပ်မကြာခင်မှာပင် သူသည် ဆေးမီးဖိုကို လက်ဝါးဖြင့်ရိုက်ချလိုက်လေရာ ဆေးရည်စီးကြောင်းတစ်ခု ထွက်လာလေသည်။

သူက ကျောက်စိမ်းပုလင်းအသန့်တစ်လုံးထဲသို့ ထည့်လိုက်သည်။

ဆေးဝါးခန်းမအကြီးအကဲက ထိုအရာကိုမြင်သော် အံ့ဩသွားချေသည်။ သူသည် အနီးကပ်ကြည့်ရန်အတွက် ချက်ချင်းကပ်သွားလိုက်သည်။

ဤဆေးဖက်ဝင်အရည်၏သန့်စင်မှုသည် အနည်းငယ်မျှပင်အညစ်အကြေးမရှိချေ။

ဤမျှများပြားသော ဆေးဖက်ဝင်အပင်အမြောက်အမြားကို တစ်ပြိုင်နက်တည်းထုတ်ယူနိုင်ဖို့ဆိုသည်မှာ သူ့အဖို့မဖြစ်နိုင်ပေ။

ဤအခိုက်အတန့်မှာ လုချန်ရှန်း၏အဂ္ဂိရတ်ပညာသည် သူ့ထက်များစွာသာလွန်ကြောင်း သေချာသိလိုက်ရသည်။

ထို့နောက် လုချန်ရှန်းသည် အရည်များကိုမီးဖိုထဲသို့ ပစ်ချလိုက်ပြန်သည်။

နောက်ထပ် အမွှေးတိုင်နှစ်တိုင်စာခန့် အချိန်ကုန်သွားပြန်သည်။

ဆေးမီးဖိုထဲမှ ဆေးမွှေးရနံ့တစ်ခုက ဖြည်းဖြည်းချင်းပျံ့လွင့်လာသည်။

ဆေးဝါးခန်းမအကြီးအကဲသည် ထိုအရာကို အနံ့ခံကြည့်လိုက်ချိန်မှာ ထိတ်လန့်သွားရလေသည်။

သို့သော် သူ အနည်းငယ်ပဟေဠိဖြစ်သွားရသည်။

ဤဆေး၏အမွှေးရနံ့သည် မတိုင်ခင်က ဟုန်ရင်ပေးခဲ့သောဆေးနှင့် အနည်းငယ်ကွဲပြားနေပုံရသည်။

ထိုအချိန်မှာ လုချန်ရှန်းက သူ့လက်ကိုဝှေ့ယမ်းလိုက်လေရာ ဖိုထဲမှဆေးတစ်လုံး ထွက်ပေါ်လာလေသည်။

လုချန်ရှန်းလည်း ထိုဆေးကို သူ့လက်ထဲတွင်ကိုင်ထားလိုက်သည်။

“ဘယ်လိုလဲ”

ဆေးဝါးခန်းမအကြီးအကဲက ရှေ့တိုးလာပြီးမေးလေသည်။

လုချန်ရှန်းကလည်း သူ့လက်ထဲကဆေးပြားကိုကြည့်ပြီး အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။

ဤဆေးလုံးကို ဆေးဝါးခန်းမအကြီးအကဲပြောပြထားသော ဝိသေသလက္ခဏာများအတိုင်း သန့်စင်ထားသော်လည်း နောက်ဆုံးအကျိုးသက်ရောက်မှုမှာ မည်သို့နှယ်ဖြစ်မည်ကို သူသေချာမသိချေ။

စမ်းသုံးကြည့်ဖို့ တစ်စုံတစ်ယောက်ကို ရှာရပေလိမ့်မည်။

“စမ်းသုံးကြည့်ဖို့လူတစ်ယောက်လောက် ဘာလို့မရှာတာလဲ”

အကြီးအကဲက ခေါင်းညိတ်ပြသည်။

“ကျောင်းတော်မှာ ချန်းယွမ်အဆင့်ရှိတဲ့လူတစ်ယောက်ရှိပေမဲ့ သူ့အခြေခံအုတ်မြစ်က မတည်မငြိမ်ဖြစ်နေလို့ တစ်လက်မလောက်တောင် အဆင့်ထပ်တိုးလို့မရတော့ဘူး။ သူ့ကို စမ်းကြည့်လို့ရတယ်”

လုချန်ရှန်း ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ဟုန်ရင်လည်း ရောက်ချလာသည်။

“ဆရာ.. တတိယဂျူနီယာမောင်လေး ရောက်လာပါပြီ”

တတိယဂျူနီယာမောင်လေးတဲ့လား။

လုချန်ရှန်းက ခေါင်းညိတ်ပြပြီးပြောလိုက်၏။

“နင်ချန်းရှင်း ဟုတ်တယ်မလား။ အကြီးအကဲနဲ့ငါ လုပ်စရာရှိသေးလို့ နောက်မှ ပြန်လိုက်မယ်”

ဆေးဝါးခန်းမအကြီးအကဲကလည်း ပြောလိုက်သည်။

“မင်းရဲ့ဆရာနဲ့ငါ ဆေးကိုစမ်းကြည့်မလို့”

ဆေးဝါးလား။

ဟုန်ရင်ခမျာ ခဏမျှလန့်ဖျပ်သွားပြီးမှ ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်မှတ်မိသွားသည်။

သူ(မ) မမေးဘဲမနေနိုင်တော့ပေ။

“အဲဒါက အမြုတေဖြိုခွင်းရေးဆေးဝါးပဲလား”

နှစ်ယောက်စလုံး ခေါင်းညိတ်ပြလိုက်ကြသည်။

လုချန်ရှန်း၏လက်ထဲရှိဆေးကို မြင်လိုက်ရသောအခါ ဟုန်ရင်လည်း ထိတ်လန့်သွားရှာသည်။

အမြုတေဖြိုခွင်းရေးဆေးဝါးသည် သူတို့ခေတ်အခါက ဆေးဖက်ဝင်သောဆေးတစ်မျိုးဖြစ်သည်။ ဆေးညွှန်းပျောက်နေသည်မှာ ကြာလှချေပြီ။

သူ(မ)မှာပင် မရှိပေ။ သူ့ဆရာက ထိုဆေးကို အမှန်တကယ်သန့်စင်ခဲ့လေသလား။

ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် ဟုန်ရင်လည်း စူးစမ်းချင်စိတ်ဖြင့်လိုက်သွားလေသည်။

ဗိမာန်တစ်ခုသို့ သူတို့ရောက်ရှိလာကြသည်။

ဤဗိမာန်သည် လျှို့ဝှက်တာအိုကျောင်းတော်မှ ကျင့်ကြံရေးနည်းစနစ်များနှင့် သိုင်းပညာများကို သိမ်းဆည်းထားသည့်နေရာဖြစ်၏။

ယဲ့ချိုးပိုင်၏ မပြည့်မစုံကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်းကို ဤနေရာက ရယူခဲ့ခြင်းဖြစ်သည်။

ဆေးဝါးခန်းမအကြီးအကဲသည် တံခါးဝတွင်ရပ်ပြီး ဦးညွှတ်လိုက်သည်။

“အကြီးအကဲလီ ခင်ဗျားကိုပြစရာတစ်ခုရှိတယ်”

ဗိမာန်တံခါးပွင့်လာပြီးနောက် အဘိုးကြီးတစ်ယောက်က ဖြည်းညင်းစွာထွက်လာလေသည်။

သူက ‘ဘာကိစ္စရှိလို့လဲဟုမေးလာသည်။

ယဲ့ချိုးပိုင်သာ ဤနေရာတွင် ရှိနေပါက ဤသည်မှာ ဗိမာန်စောင့်ရှောက်သူအကြီးအကဲဖြစ်ကြောင်း သူ အတပ်မှတ်မိလိမ့်မည်ပင်။

ဆေးဝါးခန်းမအကြီးအကဲက ဖြစ်စဉ်တစ်ခုလုံးကို ပြောပြလိုက်သည်။

အကြီးအကဲလီသည် ထိုစကားများကိုကြားသောအခါ သူ၏ရေသေလိုမျက်ဝန်းထဲတွင် လှုပ်ရှားသက်ဝင်ခြင်းအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

“တကယ်လား”

အကြီးအကဲကလည်း ခေါင်းညိတ်ပြလိုက်သည်။

“အန္တိမအကြီးအကဲလည်း ဆိတ်ငြိမ်ရာကိုရောက်သွားပြီ”

ထိုအကြောင်းကိုကြားသောအခါ အကြီးအကဲလီက ခေါင်းတညိတ်ညိတ်ဖြင့်ပြောလေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ကျင့်ကြံစဉ်က ဒီထက်ပိုပြီးမတိုးတက်နိုင်တော့ဘူး။ ငါ့မှာ သက်တမ်းလည်းသိပ်မကျန်တော့ဘူး။ ငါ စမ်းကြည့်မယ်ကွာ”

ဤသို့ဖြင့် အကြီးအကဲလီက လုချန်ရှန်း၏လက်ထဲရှိ အထူးဗားရှင်းဆေးဝါးကို ယူလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်တယ်။ သူ ထိုဆေးကိုမျိုချလိုက်ပြီး ဆေးအစွမ်းများကို စတင်စုပ်ယူလိုက်တော့သည်။

သိပ်မကြာခင်မှာပင် လူတိုင်း၏ အံ့အားသင့်နေသောအကြည့်များအောက်တွင် အကြီးအကဲလီသည် အမှန်တကယ်ပင် ဖြတ်ကျော်လာနိုင်ခဲ့ချေသည်။

သူသည် ချန်းယွမ်အဆင့်၏အလယ်အလတ်အဆင့်သို့တက်လှမ်းနိုင်ခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset