စံအိမ်တော်တဲ့လား။ ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ..
တောင်တန်းဂိတ်တံခါးကို စောင့်ကြပ်ရသည့်တပည့်နှစ်ယောက်က ခေါင်းငဲ့လျက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ထို့နောက် ထိုပညာရှင်ကဆိုလာသည်။
“ကျွန်တော့်ဆရာနာမည်က လုချန်ရှန်းပါ”
လုချန်ရှန်းတဲ့လား။
ခဏနေပါဦး..
အပြင်စည်းတပည့်နှစ်ယောက်မှာ တစ်ဖက်သို့လှည့်ကာ ထိုပညာရှင်လေးကို စိုက်ကြည့်လိုက်သည်။
“မင်းက စီနီယာလုရဲ့တပည့်လား”
ထိုပညာရှင်လေးကပြုံးပြီး ခေါင်းညိတ်ပြသည်။
သို့သော်လည်း အပြင်စည်းတပည့်တစ်ဦးက သင်္ကာမကင်းမေးခွန်းထုတ်လေသည်။
“မင်းမှာ စီနီယာလုရဲ့တပည့်ဖြစ်ကြောင်း သက်သေပြစရာတစ်ခုခုရှိလား”
လုချန်ရှန်၏နာမည်ဂုဏ်သတင်းသည် ဟိုးလေးတကြော်ကြော်ပျံ့နှံ့သွားသည်။
အပြင်စည်းတပည့်များသည်လည်း ထိုသို့မေးရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
နင်ချန်းရှင်း ခဏမျှစဉ်းစားကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
“ဆရာက ကျွန်တော့်ကို တိုကင်ပြားမပေးခဲ့ဘူး။ ဒါပေမဲ့ မင်းတို့နှစ်ယောက် ဒီအကြောင်းကို သွားပြီးသတင်းပို့လို့ရပါတယ်။ အဲဒီအခါ မင်းတို့သိပါလိမ့်မယ်”
တပည့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ နင်ချန်းရှင်းသည် လုချန်ရှန်း၏တပည့်ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ သူတို့ ပေါ့ပေါ့ဆဆမနေဝံ့ကြပေ။ သူတို့ ခေါင်းတညိတ်ညိတ်နှင့်ပြောလိုက်သည်။
“ကောင်းပြီ။ ငါ အခုချက်ချင်းသတင်းပို့လိုက်မယ်”
ဤအခိုက်တွင် ထိုတပည့်များစကားဆုံးသည်နှင့် မလှမ်းမကမ်းမှသည် လူသုံးလေးယောက်ခန့် လျှောက်လာကြလေသည်။
ထိုမြင်ကွင်းကိုမြင်သော် အမျိုးသားတစ်ယောက်က မေးလေသည်။
“ဟမ် ဘာဖြစ်နေတာလဲ”
အပြင်စည်းတပည့်များက ထိုလူ့ကိုတွေ့သောအခါ ချက်ချင်းပင်တရိုတသေဖြင့်ပြန်ပြောလေသည်။
“စီနီယာအစ်ကိုကျုံးဝူ.. ဒီပညာရှင်က စီနီယာလုရဲ့တပည့်လို့ပြောနေလို့ ကျွန်တော်တို့အတည်ပြုဖို့အတွက် သွားတင်ပြမလို့ပါ”
ကျုံးဝူကလည်း ထိုစကားကိုကြားသောအခါ နင်ချန်းရှင်းကို အကဲခတ်သလိုကြည့်လိုက်၏။
“ကောင်းပြီ။ သွားလေ”
အပြင်စည်းတပည့်များ ထွက်သွားပြီးနောက် ကျုံးဝူသည် နင်ချန်းရှင်းကိုကြည့်ကာ သိလိုစိတ်ဖြင့်မေးလိုက်သည်။
“စီနီယာလုမှာ တပည့်နှစ်ယောက်ပဲရှိတာပါ။ သူ နောက်ထပ်တပည့်တစ်ယောက်လက်ခံထားတယ်လို့လည်း မကြားမိပါလား”
နင်ချန်းရှင်းက ပြုံးလျက် တည်တည်ငြိမ်ငြိမ်ဖြင့်ပြန်ဖြေသည်။
“ကျွန်တော်က ဆရာရဲ့တပည့်အသစ်ပါ။ မသိတာသဘာဝကျပါတယ်”
ထိုစကားကိုကြားသော် ကျုံးဝူ ခေါင်းညိတ်လိုက်သည်။ သူ့အနေနှင့် တစ်ဖက်လူကို မယုံမကြည်ဖြစ်နေခြင်းတော့မဟုတ်ချေ။
တကယ်တမ်းဆိုလျှင်လည်း စီနီယာလု၏တပည့်အဖြစ်ဟန်ဆောင်ဖို့ ဘယ်သူက သတ္တိရှိမှာတဲ့လဲ။
စီနီယာလု၏တပည့်များအားလုံးသည် ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့ကဲ့သို့အဆင့်မြင့်ထူးချွန်သူများဖြစ်ကြသည်။
သာမန်လူများအနေနှင့် အယောင်ဆောင်၍မဖြစ်နိုင်ချေ။
ဤသို့ဆိုလျှင် နင်ချန်းရှင်း၏အရည်အချင်းသည် အလွန်တရာကြောက်မက်ဖွယ်ကောင်းလောက်အောင်ကြီးမားမည်မှာ သေချာလှသည်။
ထိုအကြောင်းကိုတွေးရင်း ကျုံးဝူက စကားဆိုလိုက်၏။
“ဒါဆို ခင်ဗျားက အရမ်းသန်မာမှာပဲ ဟုတ်တယ်မလား။ ခင်ဗျားရဲ့အဆင့်ကို ကျွန်တော် အတပ်မပြောနိုင်ဘူး။ နည်းလမ်းလေးပေးလို့ရမလား”
နင်ချန်းရှင်းက ခေါင်းခါယမ်းပြီးပြောလိုက်၏။
“ကျွန်တော့်မှာ အဆင့်ရယ်လို့မရှိပါဘူး”
“ဘာအဆင့်မှမရှိဘူးလား”
ကျုံးဝူနှင့် သူ့အနောက်ရှိလူနှစ်ယောက်မှာ အံ့အားသင့်သွားကြပေသည်။
သာမန်သေမျိုးတစ်ယောက်လေလား။
နင်ချန်းရှင်းက စာအုပ်ခြင်းတောင်းကို ကျောပေါ်သို့ပင့်တင်လိုက်ပြီး ပြုံးပြလိုက်သည်။
“ကျွန်တော်က စာပေပရှင်တစ်ယောက်ပါ”
“စာပေပညာရှင်တဲ့လား”
ကျုံးဝူကလည်း ပြုံးလိုက်မိသည်။
“ကျွန်တော်တို့ကလည်း စာပေပညာရှင်တွေပါပဲ။ ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံအားထုတ်ပါတယ်။ မင်းရဲ့လမ်းညွှန်မှုကို တောင်းလို့ရမလား”
နင်ချန်းရှင်းခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။
“လမ်းညွှန်မှုလို့မသတ်မှတ်ဝံ့ပါဘူး။ ဆွေးနွေးတယ်ပဲဆိုကြပါစို့”
ကျုံးဝူ၏အနောက်ကလူနှစ်ဦးသည် ဤမြင်ကွင်းကိုမြင်လိုက်သောအခါတွင် ကူကယ်ရာမဲ့စွာပြောလိုက်မိသည်။
“စီနီယာလုရဲ့တပည့်က စီနီယာအစ်ကိုကျုံးနဲ့ ဘယ်လိုယှဉ်သာမလဲဆိုတာ ငါသိချင်မိတယ်”
“စီနီယာအစ်ကိုကျုံးက ကွန်ဖြူရှပ်တာအိုကျောင်းတော်ရဲ့ အကြီးတန်းကိုယ်စားလှယ်လောင်းတစ်ဦးပဲလေ။ သူ့ရဲ့ကွန်ဖြူးရှပ်တာအိုကျင့်ကြံမှုက အရမ်းလေးနက်တယ်။ ဒီအပိုင်းမှာ သူက စီနီယာလုရဲ့တပည့်ထက် အားနည်းနေတာတော့မဖြစ်လောက်ဘူးလားလို့”
“ပြောရခက်တယ်။ စီနီယာလုရဲ့တပည့်တွေက အရမ်းတော်ကြတာလေကွာ…”
“ဒီလူက စီနီယာလုရဲ့တပည့်ဆိုတာတကယ်မှန်ရင် ငါစိုးရိမ်မိတာက…”
“အမှန်ပဲ”
ထိုအချိန်တွင် ကျုံးဝူက စကားဆိုလိုက်၏။
“အခုခေတ်မှာ လူတိုင်းက အသက်ရှည်ဖို့အတွက် သိုင်းပညာကိုလေ့လာကျင့်ကြံကြပါတယ်။ အဂ္ဂိရတ်ပညာနဲ့အစီအရင်တွေကိုလည်း အရန်အနေနဲ့လေ့လာကြပြီး လက်နက်တာအိုကို ကျင့်ကြံတဲ့သူတွေတောင်ရှိသေးတယ်။ ဒါပေမဲ့ ကွန်ဖြူးရှပ်တာအိုကိုတော့ လူတော်တော်များများက စိတ်မဝင်စားကြဘဲ ငြင်းဆန်တတ်ကြတယ်။ ခင်ဗျားရော ဘယ်လိုထင်လဲ တာအိုရောင်းရင်းရေ”
နင်ချန်းရှင်းကပြုံးလိုက်ပြီး ထိတ်လန့်ခြင်းအလျဉ်းမရှိပေ။ သူ့အမူအရာက ငြိမ်သက်နေပြီး သူ့မျက်ဝန်းများက ဘာသိဘာသာနိုင်နေလေသည်။
“ဘာကွာလို့လဲ”
ထိုစကားကိုကြားသော် ကျုံးဝူ အံ့အားသင့်သွားလေ၏။ သူ့နောက်ရှိ တပည့်နှစ်ယောက်လည်း အံ့အားသင့်သွားကြသည်။
ကွာခြားချက်တဲ့လား။
သိုင်းပညာကိုကျင့်ကြံအားထုတ်သည့်အခါ သူတို့သည် တောင်များကိုရွေ့လျားစေနိုင်ပြီး ပင်လယ်များကို ရေအတိဖုံးလွှမ်းစေကာ အမတအရာများကို စူးစမ်းလေ့လာနိုင်ကြသည်။
ဆေးဝါးတာအိုကို ကျင့်ကြံအားထုတ်ခြင်းက လူတစ်ယောက်၏ကံကြမ္မာကို ပြောင်းလဲစေနိုင်ပြီး ဆွေးမြည့်ခြောက်ကပ်နေသောသစ်တောအုပ်ကိုပင် နွေဦးပေါက်စေနိုင်သည်။
အစီအရင်ဖွဲ့စည်းပုံများကိုသာ ကျွမ်းကျင်တတ်မြောက်ပါက ပင်လယ်များကိုမီးလောင်တိုက်သွင်းကာ မြို့များကိုဖျက်ဆီးပစ်၍ ကမ္ဘာကြီးကိုပါ ဖျက်ဆီးပစ်နိုင်သည်။
လက်နက်တာအိုကို ကျွမ်းကျင်တတ်မြောက်ပြီးလျှင် ထိုလူသည် ကောင်းကင်ဘုံကိုပင်ထိန်းချုပ်နိုင်ပြီး အလွန်ချမ်းသာကြွယ်ဝလာပေလိမ့်မည်။
ကွန်ဖြူးရှပ်တာအိုကရော..
ဒါလည် လေ့လာမှုတစ်ခုမဟုတ်လား။
ပိုပြီးလေးလေးနက်နက်ပြောရမည်ဆိုလျှင် မိမိ၏စိတ်နှင့်ခန္ဓာကိုကျင့်ကြံအားထုတ်ခြင်းသာဖြစ်၏။
ထိုသို့တွေးကြည့်လိုက်သောအခါ ကျုံးဝူနှင့်အပေါင်းအပါများသည် သူတို့၏တာအိုနှလုံးသားကိုပင် သံသယဝင်လာခဲ့သည်။
သူတို့ ဘာကြောင့် ကွန်ဖြူးရှပ်တာအိုကို လေ့လာကျင့်ကြံခဲ့တာလဲ..။
သို့သော် နင်ချန်းရှင်း နောက်တစ်ကြိမ်ထပ်ပြောလာသည့်စကားက သူတို့သုံးယောက်ကို နှိုးဆော်လိုက်နိုင်လေသည် ။
“တာအိုရောင်းရင်းတို့.. သိုင်းပညာတာအို၊ အဂ္ဂိရတ်တာအို၊ အစီအရင်တာအိုနဲ့ လက်နက်သန့်စင်ရေးတာအိုတွေမှာ ‘တာအို’ဆိုတဲ့စကားလုံးပါနေတာ ကွန်ဖြူးရှပ်တာအိုလိုပါပဲလို့ မင်းပြောခဲ့တယ်လေ။ တာအိုအမျိုးအစားပေါင်းများစွာရှိပေမဲ့ နောက်ဆုံးကျတော့ အဲဒါတွေအားလုံးက တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားကြတာပါပဲ။
မင်း ဒါကို ပြီးပြည့်စုံအောင် ကျင့်ကြံအားထုတ်နေသရွေ့တော့ ဒါဟာ မြင့်မြတ်တဲ့တာအိုဖြစ်လာပါလိမ့်မယ်”
ထိုအချိန်တွင် လုချန်ရှန်း ပြောခဲ့ဖူးသောစကားများက နင်ချန်းရှင်း၏စိတ်အာရုံထဲဝယ် ပဲ့တင်ထပ်သွားချေသည်။
“တကယ်တော့ သိုင်းပညာတာအိုက တောင်တန်းတွေကိုရွှေ့ပြီး ပင်လယ်တွေကို ရေအတိလွှမ်းစေနိုင်ပေမဲ့ ကွန်ဖြူးရှပ်တာအိုက ကမ္ဘာကြီးကို စကားလုံးတစ်လုံးတည်းနဲ့ အဆုံးအဖြတ်ပေးနိုင်ပါတယ်။
အဂ္ဂိရတ်တာအိုက လူတစ်ဦးရဲ့ကံကြမ္မာကိုပြောင်းလဲစေနိုင်ပြီး ကွန်ဖြူးရှပ်တာအိုကတော့ လူတစ်ဦးရဲ့စိတ်အစဉ်ကိုချိတ်ဆက်နိုင်ပြီး ဝိညာဉ်ကို ဖျက်ဆီးနိုင်တော့မှာမဟုတ်ဘူး။
အစီအရင်တွေက ပင်လယ်ကိုလောင်ကျွမ်းစေပြီး မြို့ပြတွေကိုဖျက်ဆီးနိုင်တယ်။ ကွန်ဖြူးရှပ်တာအိုကတော့ ဒါကို စာကြောင်းတစ်ကြောင်းတည်းနဲ့လည်း လုပ်ဆောင်နိုင်စွမ်းရှိတယ်”
ထိုစကားကိုကြားသောအခါ ကျုံးဝူနှင့်အပေါင်းအပါများ၏မျက်လုံးများက ပိုကြည်လင်လာပြီး ကျုံးဝူ၏အရှိန်အဝါများလည်း ဖြည်းဖြည်းချင်းမြင့်တက်လာလေသည်။
ထို့နောက် သုံးယောက်သားတင်ပျဉ်ခွေထိုင်ချလိုက်ပြီး အရှိန်အဝါများကလည်း အဆက်မပြတ်လိပ်တက်လာချေသည်။
သူ အဆင့်တက်တော့မည်မှာ သိသာလှသည်။
ထိုအခြင်းအရာကိုမြင်သည့်အခါ နင်ချန်းရှင်းကပြုံးလျက် သူ့ကို မနှောင့်ယှက်တော့ပေ။
သူ့မှာ ကျင့်ကြံမှုအဆင့်မရှိပေ။ သူသည် သာမန်စာပေပညာရှင်တစ်ဦးမျှသာဖြစ်သည်။
ခဏအကြာတွင် အပြင်စည်းတပည့်များပြန်ရောက်လာကြသည်။
သူတို့နောက်မှာလည်း ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ပါလာသည်။
ထိုအမျိုးသားသည် စူးရှသောမျက်ခုံးမျက်ဖန်နှင့် တောက်ပသောမျက်လုံးများရှိသည်။ သူသည် ကျောက်စိမ်းနှယ် ချောမောခံ့ညားလှသည်။
အမျိုးသမီး၏သွားတန်းများသည် စီစီရီရီရှိလှပြီး သူ(မ)၏မျက်နှာလေးသည် ပန်းချီကားထဲရှိ ကောင်းကင်ဘုံနတ်သမီးတစ်ပါးကဲ့သို့ပင်။
သူတို့နှစ်ယောက်သည် နင်ချန်းရှင်းဆီသို့ လျှောက်သွားကြသည်။
ထိုသူများထဲက အမျိုးသားဖြစ်သူက သူ့ကိုပြုံးပြလျက်မေးလေသည်။
“မင်းက ဆရာ့ရဲ့တပည့်လား”
နင်ချန်းရှင်း ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ် စီနီယာအစ်ကို”
“အိုး..မင်း ငါ့ကိုသိတယ်လား”
ထိုလူက အနည်းငယ်အံ့သြသွားလေသည်။
နင်ချန်းရှင်းက ခေါင်းညိတ်ပြီးပြုံးပြလိုက်၏။
“ဆရာက မင်းအကြောင်းကိုပြောဖူးတယ်။ သူက ငါ့မှာ စီနီယာအစ်ကိုကြီးတစ်ယောက်ရှိတယ်တဲ့။ ဒါက ဒုတိယစီနီယာအစ်မပဲဖြစ်ရမယ်”
ဟုန်ရင်က အပြုံးလေးဖြင့်ပြောလာသည်။
“မင်းက ဆရာ့ရဲ့တပည့်ဆိုမှတော့ ငါတို့နောက်ကိုလိုက်ခဲ့ပါ”
ကိုးဘဝတိုင် ဖြတ်သန်းတွေ့ကြုံခဲ့ဖူးပြီးနောက် ဟုန်ရင်သည် နင်ချန်ရှင်းလိမ်မလိမ် အတပ်ပြောနိုင်သည်။
ယဲ့ချိုးပိုင်က ကျုံးဝူနှင့်အခြားသူများကိုကြည့်ပြီး အံ့သြတကြီးပြောလေသည်။
“ဒီသုံးယောက်က ဘယ်လိုဖြစ်လို့အဆင့်မြှင့်တင်ရေးကျင့်ကြံနေရတာလဲ”
နင်ချန်ရှင်းက ခေါင်းညိတ်ပြပြီးပြောလိုက်၏။
“ကျွန်တော် ဒီတာအိုရောင်းရင်းတွေနဲ့ ဆွေးနွေးခဲ့တာလေ”
တာအိုဆွေးနွေးမှုတဲ့လား။
သူတို့ ဒီလိုပဲ အဆင့်ဖြတ်ကျော်နိုင်သွားတာလား..
ဟုန်ရင်နှင့် ယဲ့ချိုးပိုင်တို့သည် နင်ချန်းရှင်းကို ကြည့်လိုက်ကြသည်။
နင်ချန်းရှင်း၏ ကျင့်ကြံရေးအဆင့်ကို မမြင်နိုင်သော်လည် ရိုးရှင်းပုံတော့မပေါ်ပေ။
ထို့ကြောင့် သူတို့နှစ်ဦးသည် နင်ချန်းရှင်းကို အိမ်သို့ပြန်ခေါ်လာခဲ့သည်။
သိပ်မကြာခင်မှာပင် ကျုံးဝူနှင့်အပေါင်းအပါများအားလုံး ကျော်ဖြတ်နိုင်သွားလေသည်။
သူတို့ မျက်လုံးဖွင့်လာသည့်အခါ အပြင်စည်းတပည့်များက သူတို့ကို ကြည်ညိုအားကျစိတ်ဖြင့် ကြည့်နေကြ၏။ သူက စိုးရိမ်တကြီးမေးလိုက်လေသည်။
“အဲဒီကျင့်ကြံသူရောင်းရင်း ဘယ်ရောက်သွားတာလဲ”
အပြင်စည်းတပည့်က ပြန်ဖြေသည်။
“အာ.. သူ့ကို စီနီယာအစ်ကိုယဲ့လာခေါ်သွားပြီ”
ကျုံးဝူက ခေါင်းတညိတ်ညိတ်ဖြင့် သက်ပြင်းချလိုက်သည်။
“စီနီယာအစ်ကိုလုရဲ့တပည့်တွေက မျှော်လင့်ထားသလိုပဲ။ အားလုံးက အရမ်းစွမ်းအားကြီးတာပဲ…”
သူ့နောက်က လူနှစ်ယောက်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
အခြားတစ်ဖက်တွင်မူ..
လုချန်ရှန်းက ယဲ့ချိုးပိုင်အား ဘယ်လိုပြစ်ဒဏ်ပေးရမလဲဆိုသည်ကို စိတ်ထဲမှာတွေးရင်း ကျိန်ဆဲလိုက်မိသည်။
ဆေးဝါးခန်းမ၏အကြီးအကဲနေထိုင်ရာခြံဝင်းထဲသို့ သူရောက်လာသည်။
ဆေးဝါးခန်းမအကြီးအကဲသည် အစကတည်းက သူပြန်ရောက်လာသည့်သတင်းကို သိထားပြီးဖြစ်ပုံရသည်။ သူသည် တံခါးအပြင်တွင် အသင့်စောင့်ဆိုင်းနေလေသည်။
လုချန်ရှန်းကိုမြင်သောအခါ သူ ချက်ချင်းမေးခွန်းထုတ်လေတော့သည်။
“ချန်ရှန်း အဲ့ဒီဆေးကို မင်း ဘယ်လိုဖန်တီးတာလဲ”
လုချန်ရှန်း၏မျက်နှာ ဆတ်ခနဲတွန့်သွားရချေသည်။
အဲ့ဒီဆေးက ဘယ်လိုဆေးလဲဟ..
သူတို့ကလည်း ငါ့ကိုမပြောလိုက်ဘူး…
အနည်းဆုံးတော့ တစ်ချက်လောက်ကြည့်ပါရစေဦး..