ထိုအခိုက်အတန့်တွင် နေမဝင်အင်ပါယာ၏တော်ဝင်နန်းတော်၌..
ခန်းမဆောင်ထဲရှိ နဂါးပလ္လင်ပေါ်တွင်ထိုင်နေသော ဟွမ်းယီထုံသည် အောက်မှလူများထံမှ သတင်းကိုကြားရသောအခါ မျက်မှောင်ကြုတ်လိုက်မ်သည်။
“အရိပ်လုပ်ကြံရေးဗိမာန်က ရှင်းထုတ်ခံလိုက်ရပြီလို့ပြောနေတာလား။ အရိပ်လုပ်ကြံရေးဗိမာန်အရှင်ကရော အခြေအနေဘယ်လိုရှိလဲ”
အောက်ဘက်ရှိမိန်းမစိုးကလည်း ပြန်ဖြေလေသည်။
“အရိပ်လုပ်ကြံရေးဗိမာန်အရှင်လည်း ပျောက်နေပါတယ်”
ဟွမ်းယီထုံမှာ ပို၍ပင်မျက်မှောင်ကြုတ်မိသွားချေသည်။
အရိပ်လုပ်ကြံရေးဗိမာန်အရှင်၏ခွန်အားအရဆိုလျှင် ဟွမ်းယီထုံသည် ထိုလူ အကြောင်းပြချက်မရှိဘဲ သေဆုံးသွားသည်ဟုဆိုလျှင် ယုံနိုင်မည်မဟုတ်ပေ။
သို့သော်လည်း ယခု အရိပ်လုပ်ကြံရေးတပ်ဖွဲ့သည် နေမဝင်အင်ပါယာ၏ လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်သည်။
အကယ်၍ အရိပ်လုပ်ကြံရေးဗိမာန်သာ အမှန်တကယ်ဖျက်ဆီးခံခဲ့ရပါက အရိပ်လုပ်ကြံရေးဗိမာန်အရှင်သည် အကူအညီတောင်းရန် မလာဘဲနေမည်မဟုတ်ပေ။
ထို့ကြောင့် ဟွမ်းယီထုံသည် အပျက်သဘောဆောင်သောအတွေးများကို တွေးရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
‘သောက်ကျိုးနည်းဘယ်သူလဲဟ’
အရိပ်လုပ်ကြံရေးဗိမာန်ကိုဖျက်ဆီးဖို့ အင်အားရှိသည်တဲ့လား။
အရိပ်လုပ်ကြံရေးဗိမာန်တွင်ရှိသော အစီအရင်ကို သူမြင်ဖူးသည်။ သူကိုယ်တိုင်ပင်လျှင် ပြင်ပအရာဝတ္ထု၏အကူအညီမပါဘဲ ထိုအစီအရင်ကို အချိန်တိုအတွင်းမချိုးဖျက်နိုင်ပေ။
အကယ်၍ တစ်ဖက်လူသာ အစီအရင်ထဲတွင် အချိန်အကြာကြီးပိတ်မိနေပါက အရိပ်လုပ်ကြံရေးဗိမာန်အရှင်သည် သူ့ကို အကူအညီလှမ်းတောင်းရန်အတွက် အကြောင်းကြားရမည့်နည်းလမ်းကို စဉ်းစားနိုင်လိမ့်မည်ဖြစ်၏။
သို့သော် အကြောင်းကြားချက်တစ်စုံတစ်ရာမရှိသည့်သဘောမှာ တစ်ဖက်လူသည် အစီအရင်ကို အချိန်တိုအတွင်းဖောက်ဖျက်သွားသည်ဟု ဆိုလိုပေသည်။
ထိုခွန်အားအဆင့်အထိရောက်နိုင်သူမှာ သူ့ထက်ပင်သာလွန်သည်မှာ သေချာလှသည်။
အပေါ်ယံအရတော့ သူ့ထက်သန်မာသူဟူ၍ လူလေးဦးသာရှိသည်။
သူတို့လေးဦးသည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းလေးယောက်အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရသည်။
သူတို့လေးယောက်ကသာ ယခုလိုလုပ်နိုင်လေသည်။
သို့သော် ဟွမ်းယီထုံနားမလည်နိုင်သောအရာမှာ အရိပ်လုပ်ကြံရေးတပ်ဖွဲ့သည် အလယ်ပိုင်းဒေသရှိလူများနှင့် ထိတွေ့ဆက်ဆံစရာအကြောင်းမရှိချေ။
အလယ်ပိုင်းရှိအင်အားစုများကို စော်ကားမိဖို့မဆိုထားနှင့်။
ထိူလူမှာ ဘယ်သူလေလဲ။
ဟွမ်းယီထုံမှာ နားမလည်နိုင်ခြင်းများစွာဖြင့် အောက်ဘက်ရှိလူကို အမိန့်ပေးလိုက်သည်။
“အရိပ်လုပ်ကြံရေးဗိမာန်ကို ပိတ်ချထားလိုက်။ တစ်ယောက်ယောက်လာတယ်ဆိုရင် ငါ့ကို ချက်ချင်းအကြောင်းကြား”
အောက်ဘက်ရှိလူများကလည်း အမိန့်ကိုလက်ခံရရှိပြီးသည်နှင့် လူတစ်ယောက်ကို အရိပ်လုပ်ကြံရေးဗိမာန်ဆီသို့ ချက်ချင်းစေလွှတ်ခဲ့သည်။
ဟွမ်းယီထုံ၏စိတ်နှလုံးထဲမှာမူ တိမ်စိုင်တိမ်မည်းများလိပ်တက်လာလေသည်။
ယခုတစ်ခေါက် အရိပ်လုပ်ကြံရေးဗိမာန်ဖျက်ဆီးခံရသည့်ကိစ္စမှာ သူ့အတွက် ထူးခြားသောခံစားချက်တစ်ခုကို ဖြစ်ပေါ်စေသည်။
တစ်ဖက်လူက ပိုအားကောင်းလေလေ၊ အဆင့်ကပိုမိုနက်နဲလေလေ၊ အန္တရာယ်ကို ပို၍ထိလွယ်ရှလွယ်ဖြစ်လာလေလေပင်။
တောင်ပိုင်းနယ်မြေ၌မူ လုချန်ရှန်း စံအိမ်တော်သို့ပြန်ရောက်လာပြီဖြစ်၏။
ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့က ချက်ချင်းကြိုဆိုလိုက်ကြသည်။
“ဆရာ ဘယ်သွားတာလဲ”
လုချန်ရှန်းက ဝါးကုလားထိုင်ပေါ်ကို ထိုင်ချလိုက်ပြီးပြောလေသည်။
“ဘာမှမဟုတ်ပါဘူး။ အရိပ်လုပ်ကြံရေးတပ်ဖွဲ့ကို သတ်ဖို့သွားတာ”
ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ခမျာ အံ့အားသင့်သွားရလေသည်။
“အဓိကကတော့ ငါမင်းကို အသိမပေးလို့မဖြစ်လို့သာပြောရတာ”
လုချန်ရှန်းက ကူကယ်ရာမဲ့စွာဖြင့်ခေါင်းခါယမ်းလိုက်သည်။
“မဟုတ်ရင် ငါက ဘာလို့အပြင်လျှောက်ထွက်နေရမှာလဲ။ နေပူဆာလှံရင်း တစ်ရေးတစ်မောပဲအိပ်နေမှာပေါ့”
“စကားမစပ် မင်းတို့နှစ်ယောက်. မြန်မြန်ထမင်းချက်ကြ”
“ငါ စွမ်းအင်တွေအများကြီးသုံးလာရလို့ ဗိုက်ဆာနေပြီ”
ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့စွာဖြင့်စိုက်ကြည့်ကာ မီးဖိုချောင်ထဲသို့ဝင်သွားလေသည်။
သူ့ကျင့်ကြံမှုအဆင့်က အလွန်မြင့်နေသည့်တိုင် သူကတော့ နေ့တိုင်းစားသောက်ချင်နေဆဲပင်။
သို့သော် သူ စံအိမ်တော်သို့ရောက်လာကတည်းက လေ့ကျင့်နေကြချိန်မဟုတ်လျှင် ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့သည်လည်း လုချန်ရှန်းနှင့်အတူစားသောက်နေတတ်ကြသည်။
သူသည် တစ်နေ့လျှင် သုံးနပ်စားပြီး တစ်ကြိမ်မျှလည်းအလွတ်မခံပေ။
ယခုမူ သူတို့နှစ်ယောက်လည်း အသားကျလာပြီဖြစ်၏။
ယွင်မင်ပင်လျှင် မရှက်နိုင်မရွံ့နိုင်အလကားလာစားသေးသည်။
အဓိကအကြောင်းပြချက်မှာ ဤဟင်းလျာများအတွက်အသုံးပြုထားသည့် ပစ္စည်းများနှင့် ဝိညာဉ်ရေးရာချီစွမ်းအင်များသည် အလွန်သန့်စင်လှသောကြောင့်ဖြစ်သည်။
တစ်ကိုက်ကိုက်လိုက်တိုင်း သူ့ကျင့်ကြံရေးအဆင့် အနည်းငယ်တိုးတက်လာသလို ခံစားလိုက်ရသည်။
ယခုလည်း အစားအသောက်အဆင်သင့်ဖြစ်သည့်အခါ ယွင်မင်သည် အရှက်မဲ့စွာဖြင့် လာရောက်စားသောက်ပြန်လေသည်။
လုချန်ရှန်းသည် သူ့ပန်းကန်လုံးကိုကောက်ယူလိုက်ပြီး ယွင်မင်ကို မကြည်ဖြူဟန်ဖြင့်ကြည့်လိုက်သည်။
ဤကောင်လေးက လာတိုင်း အများကြီးစားသွားတတ်သည်။ တစ်ခါတစ်ရံတွင် သူ့စိတ်ကျေနပ်သည်အထိပင် မစားနိုင်ချေ။
သို့သော် ဆရာတစ်ယောက်အနေဖြင့် သူ့တပည့်များရှေ့တွင် ပို၍ရက်ရက်ရောရောရှိပြရပေမည်။
သူ အလွန်တွန့်တိုမနေဘဲ စိတ်ထားမြင့်မြတ်နေရမည်မဟုတ်ပါလား။
ထမင်းစားနေရင်းဖြင့် ဟုန်ရင်က အမှတ်တမဲ့ပြောလိုက်ဟန်တူသည်။
“ဆရာ.. ဆေးဝါးခန်းမရဲ့အကြီးအကဲက ဆရာပြန်လာရင် သူ့ဆီလာစေချင်တယ်လို့ ပြောတယ်”
လုချန်ရှန်းကလည်း တအံ့တသြမေးလိုက်သည်။
“ဘာလို့လဲ။ ဒီလူကြီးကို ငါကောင်းကောင်းတောင်မသိတာကို။ ဒီနေ့ကျမှ ရုတ်တရက်ကြီး ဘာလို့လာခိုင်းတာလဲ”
ထိုစကားကိုကြားသော် ယဲ့ချိုးပိုင်က ဖြစ်စဉ်အစအဆုံးကို ပြောပြလိုက်သည်။
သူနားထောင်သည်။ ဆက်နားထောင်သည်။
လုချန်ရှန်း၏မျက်နှာ ဖြူဖျော့သွားရလေသည်။
ထိုစကားကိုကြားပြီးနောက် လုချန်ရှန်းက ပန်းကန်ပြားကိုစားပွဲပေါ်တင်ပြီးပြောလာလေသည်။
“မင်းတို့ထဲက ဘယ်သူက ငါ့ကိုချောက်ချတာလဲ”
ယဲ့ချိုးပိုင်က ဟုန်ရင်ကို ဖော်ထုတ်သင့်လားဆိုသည်ကိုတွေးရင်း တုံ့ဆိုင်းနေသည်။
သို့တည်းမဟုတ် စီနီယာအစ်ကိုတစ်ယောက်အနေနှင့် သူ့ဂျုနီယာညီမလေးအစား အပြစ်ခံယူသင့်သလား။
ယဲ့ချိုးပိုင် ကိုယ်စားအပြစ်ခံယူတော့မည့်ဆဲဆဲမှာပင်..
ဟုန်ရင်က ပြောလိုက်သည် ။
“အကိုကြီးပြောတာ”
တွေဝေတုံ့ဆိုင်းခြင်းအလျဉ်းမရှိ။ စိုးစဉ်းမျှပင် တုံ့ဆိုင်းမှုမရှိချေ။
သူ့မျက်နှာလည်း မနီရဲနေပေ။ အမှန်တရားကိုပြောနေသည့်အလားပင်။
ယဲ့ချိုးပိုင် ကြက်သေသေသွားရသည်။
ငါက မင်းကို ငါ့ဂျူနီယာညီမလေးလို သဘောထားတာလေ။ ဒါပေမဲ့ မင်းကတော့ ငါ့ကို မြေစာပင်လေးလို ဆက်ဆံလိုက်တာလား။
လုချန်ရှန်းသည် ယဲ့ချိုးပိုင်မရှင်းပြခင်မှာပင် လူသတ်ချင်နေသောမျက်လုံးများဖြင့် သူ့ကိုကြည့်နေချေသည်။
“မင်းရဲ့ရန်သူကိုသတ်ပြီး လက်စားချေဖို့ ငါကူညီပေးခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ ငါ့ကို ရောင်းစားပစ်တယ်ပေါ့လေ”
“ပြီးတော့ ဒီဆေးတွေကို ငါ သန့်စင်ထားတာမဟုတ်ဘူး”
“ကျွန်တော်..”
ယဲ့ချိုးပိုင်သည် သူ့အား လည်ပင်းညှစ်သတ်ပစ်မည့်ပုံပေါ်နေသော လုချန်ရှန်းကိုတစ်လှည့်၊ ဟုန်ရင်ကိုတစ်လှည့် ကြည့်လိုက်မိသည်။
ဟုန်ရင်၏နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း အသံမထွက်လာပေ။
ယဲ့ချိုးပိုင်က သူ(မ) ဘာကိုဆိုလိုချင်သလဲဆိုသည်ကို အတပ်ပြောပြနိုင်သည်။
ယေဘူယျအဓိပ္ပါယ်မှာ.
ဂရုစိုက်ပါ အစ်ကိုကြီးရေ…
ထိုအခြင်းအရာကိုမြင်သောအခါ ယဲ့ချိုးပိုင်က ခါးသီးလှသောအမူအရာဖြင့်ပြောလိုက်သည်။
“ဆရာ… ကျွန်တော်မှားပါတယ်…”
ထို့နောက် စံအိမ်တော်ထဲမှ လုချန်ရှန်း၏ငေါက်ငမ်းသံထွက်ပေါ်လာသည်။
“ယဲ့ချိုးပိုင် မင်း ဒီတစ်လလုံး စံအိမ်တော်ထဲကအလုပ်တွေ အကုန်လုပ်ရမယ်။ တောင်ပေါ်ကဆင်းပြီး အခုချက်ချင်းတံမြက်စည်းလှည်း”
ထမင်းစားပြီးနောက် လုချန်ရှန်းသည် ဆေးဝါးခန်းမသို့ အင်တင်တင်ဖြင့်ထွက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် တပည့်များသည် သူ့ကိုမြင်သောအခါ အံ့သြသွားကြရသည်။
သူ့မျက်နှာက နည်းနည်းသုန်မှုန်နေပုံပဲ..
သို့သော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်ကဖြစ်ပွါးခဲ့သော အဖြစ်အပျက်များအပြီးမှာ စံအိမ်တော်၏ဂုဏ်သတင်းသည် လျှို့ဝှက်တာအိုကျောင်းတော်တစ်ခွင် တဖြည်းဖြည်းပျံ့နှံ့သွားခဲ့သည်။
လုချန်ရှန်းကိုတွေ့သောအခါ သူကပြောလိုက်သည်။
“မင်္ဂလာပါ စီနီယာ”
နောက်ဆုံးတွင်မူ စံအိမ်တော်သည် လျှို့ဝှက်တာအိုကျောင်းတော်ကဲ့သို့ အကြီးအကဲရာထူး အပ်နှင်းထားခြင်းမျိုးမရှိသည့်အပြင် အခြားရာထူးမျိုးလည်း မရှိသောကြောင့် သူတို့အနေနှင့် စီနီယာဟုသာခေါ်နိုင်လေသည်။
သို့သော် သူသည် ယဲ့ချိုးပိုင်ကဲ့သို့သော တာအိုဓားသိုင်းပါရမီရှင်ကို ပြုစုပျိုးထောင်နိုင်ခဲ့သောကြောင့် ကျောင်းတော်ထဲရှိ လုချန်ရှန်း၏အဆင့်အတန်းမှာ အလွန်မြင့်မားလှသည်။
သူသည် ဓားသိုင်းစျာန်အဘိညာဉ်ကို နားလည်ရုံသာမက မြောက်ပိုင်းဒေသ မျိုးဆက်သစ်လူငယ်များ၏ နံပါတ်တစ်ဓားသိုင်းတာအိုပညာရှင်ကိုပင် အနိုင်ယူခဲ့သည်။
တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏အခြေအနေကို ကယ်တင်ပေးပြီး ပထမနေရာရရန် ကူညီပေးခဲ့သည်။
ဟုန်ရင်သည်လည်း နတ်သမီးကဲ့သို့မဟုတ်ပေ။
သူ(မ)၏ခွန်အားမှာ ပို၍ပင်တုန်လှုပ်ချင်စရာကောင်းသေးသည်။
သူ(မ)သည် ငယ်ငယ်ရွယ်ရွယ်နှင့် ချန်းယွမ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်၏။
သူ(မ)၏ခွန်အားသည် အကြီးအကဲများထက်ပင် မြင့်မားလေသည်။
ဟုန်ရင်သည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်ရှိ သတ္တမနေရာမှလူကို အနိုင်ယူနိုင်ခဲ့ပေသည်။
ချင်းထျန်းနျန်သည် အဆင့်နှစ်ဆယ့်ခြောက်တွင် ရှိနေသောကြောင့် သူသည် သဘာဝကျကျပင် ဟုန်ရင်နှင့်မယှဉ်နိုင်ချေ။
နယ်မြေလေးခုအဆင့်သတ်မှတ်ချက်သည် လာမည့်နှစ်ရက်အတွင်း ပြောင်းလဲနိုင်ဖွယ်ရာရှိသည်။
လုချန်ရှန်း ဘာကြောင့်စိတ်မလှုပ်ရှားဘဲနေနိုင်ရသလဲ။
စံအိမ်တော်ထဲကိုဝင်လိုက်ရခြင်းက ကောင်းကင်ယံကို ပျံတက်သွားခြင်းဖြစ်သည်ဟုပင် တချို့လူများကပြောကြလေသည်။
ဤသတင်းသည် တောင်ပိုင်းဒေသအရပ်ရပ်ကို ပျံ့နှံ့သွားလေ၏။
ရလဒ်အနေဖြင့် မရေမတွက်နိုင်သောလူများက စံအိမ်တော်သို့ဝင်ရောက်နိုင်မည်ဟု မျှော်လင့်ချက်ထားလျက် မျိုးဆက်သစ်လူငယ်များအား ကျင့်ကြံအားထုတ်ကြရန် တိုက်တွန်းခဲ့ကြသည်။
လုချန်ရှန်း ဆေးဝါးခန်းမသို့သွားနေစဉ်မှာပင်…
ပညာရှင်တစ်ယောက်နှယ်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် စာအုပ်ခြင်းတောင်းကိုထမ်းကာ လျှို့ဝှက်တာအိုကျောင်းတော်၏ အပြင်ဘက်တံတိုင်းအဝင်ဝသို့ ရောက်ရှိလာသည်။
တောင်တန်းဂိတ်တံခါးဝမှာ တာဝန်ကျသည့်တပည့်နှစ်ယောက်ရှိနေလေသည်။
“မင်းက ဘယ်သူလဲ။ မင်း ဘာလို့ ဒီကိုလာတာလဲ”
ပညာရှင်က ယဥ်ကျေးစွာပြန်ဖြေလိုက်သည်။
“ဆရာ့ကို လာရှာတာပါ”
“ဆရာလား”
ထိုနှစ်ယောက်သား အံ့ဩသွားကြသည်။ ဤပညာရှင်သည် လျှို့ဝှက်တာအိုကျောင်းတော်ထဲရှိ အကြီးအကဲတစ်ဦးထံမှာ တပည့်ခံချင်နေသည်ဟု သူတို့ထင်လိုက်မိသောကြောင့် ပြောလိုက်၏။
“စိတ်မကောင်းပါဘူး။ အခုက တပည့်ခေါ်ယူတဲ့အချိန်မရောက်သေးပါဘူး။ ကျေးဇူးပြုပြီး ပြန်သွားလိုက်ပါ”
သို့သော် ထိုပညာရှင်က ခေါင်းခါလျက်ပြော၏။
“ကျွန်တော် ဒီကို စာရင်းသွင်းဖို့လာတာမဟုတ်ဘူး။ ကျွန်တော့်ဆရာက ဒီမှာရှိပါတယ်။ သူက စံအိမ်တော်ကလို့ထင်တာပဲ”