ပင်မခန်းမထဲ၌..
ခေါင်းရိုက်သံက ခန်းမထဲ၌ ကျယ်လောင်စွာထွက်ပေါ်လာလေသည်။
အရိပ်လုပ်ကြံရေးအစီအရင်လည်း ပျောက်ကွယ်သွားသည်။
လုချန်ရှန်းက ဗိမာန်အရှင်၏ခေါင်းကို ပိတ်တီးလိုက်သည်ကို မြင်လိုက်ရသောအခါ အနက်ရောင်ဝတ်စုံဝတ်ထားသူခမျာ အံသြဘနန်းဖြစ်သွားရသည်။
သူ့ဗိမာန်အရှင်သည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့်ရှစ်နေရာ၌ ရှိသည်။
မရေမတွက်နိုင်သောလူအများအပြားက ကြောက်ရွံ့တုန်လှုပ်ရသော အရိပ်လုပ်ကြံရေးဗိမာန်အရှင်သည် ကော်လံမှဆွဲချုပ်ခံထားရပြီး ငယ်ရွယ်သေးပုံပေါ်သည့်လူတစ်ယောက်၏ခေါင်းရိုက်ခြင်ကို ခံနေရသည်တဲ့လား။
အရိပ်လုပ်ကြံရေးဗိမာန်အရှင်ကိုယ်တိုင်လည်း အံသြသွားရလေသည်။
သူ့အနေနှင့် မခုခံချင်၍မဟုတ်ဘဲ မခုခံနိုင်သောကြောင့်ပင်။
သူ့ရှေ့ရှိလူငယ်က သူ့အဝတ်အစားများကို ဆုပ်ကိုင်ထားသည်မှာ အန္တိမအတားအဆီးတစ်ခုကို သူ့ကိုယ်ပေါ်ချထားလိုက်သည့်အလားပင်။ သူ့မှာ သူ့ကျင့်ကြံစဉ်များကိုပင် ထုတ်မသုံးနိုင်ပေ။
မူလအတိုင်းဆိုလျှင် သူသည် ခေါင်းရိုက်ခံရလျှင်ပင် ဘာမှခံစားရမည်မဟုတ်ချေ။
သူတို့လိုအဆင့်မြင့်ပညာရှင်များသည် ခန္ဓာကိုယ်တစ်ဝိုက်တွင် ဝိညာဉ်ရေးရာချီစွမ်းအင်အကာအကွယ်ကို အမြဲချထားတတ်ကြသည်။
သို့သော် လုချန်ရှန်း၏လက်သည် ထိုအကာအကွယ်အလွှာကို ဖြတ်သန်းသွားပုံရပြီး သူ့ခေါင်းပေါ်သို့ ကျရောက်လာချေသည်။
လုချန်ရှန်းသည် ပြတ်သားရှင်းလင်းလှသောထိုအသံကို ကြားလိုက်ရသောအခါ ခံစားချက်များကောင်းမွန်သွားရသည်။
သူသည် မသိလိုက်မသိဘာသာဖြင့်မေးလိုက်မိသည်။
“မင်းရဲ့ဖရဲသီးက… မှည့်ပြီလား”
အရိပ်လုပ်ကြံရေးဗိမာန်အရှင် : “???”
အနက်ရောင်ဝတ်စုံဝတ်ထားသောအမျိုးသား : “???”
လုချန်ရှန်းကလည်း ကိုးရိုးကားရားပြန်ရှင်းပြလေသည်။
“တောင်းပန်ပါတယ်။ ဒီတိုင်းနောက်လိုက်တာပါ”
ထိုအချိန်တွင် အရိပ်လုပ်ကြံရေးဗိမာန်အရှင်က ပြောလေသည်။
“ဆရာ နံပါတ်တစ်လုပ်ကြံရေးသမားကိုလည်း သတ်ပြီးပြီပဲဟာကို ဘာလို့ ဒီကိုရောက်လာရတာလဲ”
ထိုစကားကိုကြားသော် လုချန်ရှန်းကပြုံးလိုက်သည်။
လုချန်ရှန်း၏အပြုံးသည် ပုံမှန်ဆိုလျှင် အခြားလူများကို ပေါ့ပေါ့ပါးပါးခံစားရစေသည်။
ဤအခိုက်အတန့်မှာမူ အေးတိအေးစက်နိုင်လှသောအရှိန်အဝါများဖြင့် ပြည့်နှက်နေချေသည်။
အရိပ်လုပ်ကြံရေးဗိမာန်အရှင်သည် လုချန်ရှန်း၏အပြုံးကိုမြင်သောအခါ နှလုံးရပ်လုနီးပါးပင်။
အရိပ်လုပ်ကြံရေးဗိမာန်အရှင်သည် သူ့အခြေအနေကိုသတိပြုမိပြီး ထိတ်လန့်သွားရပြန်သည်။
သူသည် တစ်ပါးသူ၏အမူအရာကိုမြင်ရုံမျှဖြင့် ဘယ်တုန်းကမှမကြောက်ဖူးပေ။
လုချန်ရှန်းက နှာမှုတ်လျက်ပြောလိုက်လေသည်။
“မင်းက ငါ့တပည့်ကိုသတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ တရားမျှတရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ မင်းတို့အားလုံးက သူ့ကိုချောင်ပိတ်ပြီးလုပ်ကြံနေကြတာကို။ သူ့ဆရာအနေနဲ့ ငါလည်း မလှုပ်ရှားဘဲမနေနိုင်ဘူးလေ”
ယဲ့ချိုးပိုင်သည် နေမဝင်အင်ပါယာကိုဆန့်ကျင်ရာတွင် သူ့အကူအညီကိုမလိုအပ်ပေ။
သို့သော်လည်း အရိပ်လုပ်ကြံရေးက ရုတ်တရက်ကြားဝင်လာသည်။
ဤကိစ္စသည် လုချန်ရှန်း၏ဒေါသများကို ဖြေဖျောက်ဖို့ထွက်ပေါက်တစ်ခုပေးလိုက်သလိုပင်။ သူသည် အစကတည်းက အလွန်စိတ်တိုနေခြင်းပင်။ သူ့အနေနှင့် နေမဝင်အင်ပါယာကိုသွားမရှာရလျှင် အရိပ်လုပ်ကြံရေးတပ်ဖွဲ့ကို ရှာရပေလိမ့်မည်။ အရိပ်လုပ်ကြံရေးဗိမာန်အရှင်က အနည်းငယ်မျှမျက်မှောင်ကြုတ်လိုက်မိသည်။
“မင်းက ယဲ့ချိုးပိုင်ရဲ့ဆရာလား။ ဒါပေမဲ့ အချက်အလက်ထဲမှာ မင်းအကြောင်းကို ဖော်ပြမထားဘူး”
သူရှာတွေ့ခဲ့မှသာ ထူးဆန်းနေမည်ဖြစ်၏။
လုချန်ရှန်း တစ်ကိုယ်တည်းတွေးနေမိသည်။
“ငါက လူမသိသူမသိပဲနေတတ်လို့ အိမ်ထဲကတောင်မထွက်ဘူး”
သို့ဖြစ်လေရာ သူ့အချက်အလက်များကိုသာ တစ်ဖက်လူရသွားပါက သူ့ဘေးမှာ လျှို့ဝှက်အေးဂျင့်တစ်ယောက်ရှိနေပြီဟုပင် ဆိုနိုင်သည်။
လုချန်ရှန်း ပြောလိုက်သည်။
“ဒါက အရေးမကြီးပါဘူး။ စဉ်းစားကြည့်လိုက်တော့ ငါ ဘာမှ မလိုဘူး။ မင်းကလည်း ငါ့ကို ပေးစရာဘာမှမရှိဘူး။ ခေါင်းကိုရိုက်ရုံလေးနဲ့လည်း မလုံလောက်ဘူး…”
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ မင်းရဲ့ကျင့်ကြံမှုကို ဘာလို့ ကိုယ်တိုင်မဖျက်ဆီးပစ်တာလဲ”
ထိုစကားကိုကြားသော် အရိပ်လုပ်ကြံရေးဗိမာန်အရှင်က ဒေါသတကြီးဖြင့်ပြန်ချေပလေသည်။
“ဒီကဆရာ..မင်း အိပ်မက်မက်နေတာမဟုတ်ဘူးလား”
ဤသို့ဖြင့် အရိပ်လုပ်ကြံရေးဗိမာန်အရှင်ဟာ စင်မြင့်ကြီးပေါ်ကို ခုန်တက်သွားလေသည်။
ဝိညာဉ်ရေးရာချီစွမ်အင်များသည် ထိုင်ခုံပေါ်၌ထူပိန်သွားချေသည်။ ချက်ချင်းပင် ခန်းမတစ်ခုလုံး ဗလာကျင်းသွားလေ၏။
ထို့နောက် အနက်ရောင်တံတိုင်းကြီးများသည် ကောင်းကင်ယံသို့ တစ်ခုပြီးတစ်ခု တစ်ဟုန်ထိုးဆန်တက်သွားချေသည်။
၎င်းတို့သည် လုချန်ရှန်းကို ဝိုင်းထားလိုက်ကြသည်။
သူ့ပတ်ပတ်လည်တွင် ဝင်္ကပါကဲ့သို့ မရေမတွက်နိုင်သောလမ်းဆုံများပေါ်လာလေသည်။
ဂိုဏ်းတိုင်းတွင် အကာအကွယ်အစီအရင်များရှိကြလေသည်။
လျှို့ဝှက်တာအိုကျောင်းတော်တွင်လည်း ရှိ၏။
အရိပ်လုပ်ကြံရေးတပ်ဖွဲ့မှာလည်း မလွဲမသွေရှိပေသည်။
နေမဝင်အင်ပါယာ၏အုပ်စိုးရှင်ပင်လျှင် ဤအစီအရင်မှာပိတ်မိနေပါက ခေါင်းခဲရပေလိမ့်မည်။
လုချန်ရှန်းက ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ခေါင်းတညိတ်ညိတ်လုပ်နေသည်။
“နောက်ဆုံးတော့ ငါတို့မှာ အကာအကွယ်တစ်ခုရလိုက်ပြီပဲ”
အစီအရင်ကိုထိန်းချုပ်နေရသော အရိပ်လုပ်ကြံရေးဗိမာန်အရှင်သည် ထိုစကားကိုကြားသောအခါ သေမတတ်ဒေါသူပုန်ထသွားရသည်။
“ဒီအစီအရင်မှာ အဓိကလမ်းကြောင်းကိုးခုရှိပြီး ပင်မလမ်းကြောင်းထဲမှာ လမ်းခွဲပေါင်းရှစ်ဆယ့်တစ်ခုရှိတယ်။ လွတ်လမ်းကတော့ တစ်ခုပဲရှိတယ်။ မင်း ဒီအစီအရင်ကို ဖောက်ထွက်နိုင်မှာလား”
ထိုစကားကြောင့် လုချန်ရှန်းအံ့သြသွားရသည်။
အဓိကလမ်းကကိုးလမ်း၊ လမ်းဆုံလမ်းခွက ရှစ်ဆယ့်တစ်လမ်း၊ ထွက်လမ်းက တစ်လမ်းတည်းသာရှိသည်တဲ့လား။
အကယ်၍များ လမ်းမှားသွားခဲ့လျှင် လွတ်လမ်းမရှိတော့ဘူးမဟုတ်လား။
ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် လုချန်ရှန်း ထိုလမ်းကြောင်းများကို မရွေးချယ်ဖို့ ဆုံးဖြတ်လိုက်သည်။
လုချန်ရှန်းမလှုပ်ဘဲငြိမ်နေသည်ကို မြင်သောအခါ အရိပ်လုပ်ကြံရေးဗိမာန်အရှင်က မရယ်ဘဲမနေနိုင်ချေ။
“မလှုပ်ဘဲနေလို့ အခြေအနေကောင်းမယ်များထင်နေတာလား။ ဒီဝင်္ကပါထဲမှာဆက်နေနေရင် မင်းရဲ့ဝိညာဉ်စွမ်းအင်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားမှာ”
“အစီအရင်ကို အတင်းအကျပ်ဖျက်ဆီးဖို့ကတော့လား။ ဒါက မြေကမ္ဘာအထွတ်အထိပ်အဆင့်အစီအရင်တစ်ခုပဲ။ အစီအရင်ကို အတင်းအကျပ်ဖျက်ဆီးမယ်ဆိုတာ စိတ်ကူးယဉ်နေတာပဲ”
သို့သော် သူစကားမဆုံးခင်မှာပင်…
ဝင်္ကပါအစီအရင်ထဲတွင် အလွန်ပြင်းထန်လှသော ဝိညာဉ်ရေးရာချီစွမ်းအင်တစ်ခု ရုတ်တရက်ပေါက်ကွဲသွားလေသည်။
ထိုအထဲတွင် ဓားသိုင်းစျာန်အဘိညာဉ်နှင့် လှံတံစျာန်အဘိညာဉ်တို့၏အသံဗလံများပင် ပါလာချေသည်။
မီးတောက်စွမ်းအားသည် ခန်းမတစ်ခုလုံးကိုပျံ့နှံ့သွားပြီး မီးတောက်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။
အရိပ်လုပ်ကြံရေးဗိမာန်အရှင်ခမျာ ထိတ်လန့်သွားပြီး နောက်ဆက်တွဲတန်ပြန်တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခုတားဆီးရန်အတွက် သူ့ကျင့်ကြံမှုများကို အလျင်အမြန်ထုတ်လွှတ်လိုက်ရသည်။
အနက်ရောင်ဝတ်ရုံဝတ်ထားသောလူကတော့..
သူသည် မီးပင်လယ်တွင် အစောကတည်းက နစ်မြုပ်သွားခဲ့ပြီဖြစ်ပြီး လောင်ကျွမ်းပြာကျကာ သူ့ဝိညာဉ်လည်း ပျောက်ကွယ်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် မီးပင်လယ်သည် အရိပ်လုပ်ကြံရေးမျှော်စင်တစ်ခုလုံးကို လောင်ကျွမ်းသွားစေသည်။
အော်ဟစ်သံများကလည်း တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။
အရိပ်လုပ်ကြံရေးဗိမာန်ကြီးလည်း တစ်မုဟုတ်ချင်း ပြာဖြစ်သွားသည်။ ဗိမာန်၏အထက်နားတွင်မူ ဓာသိုင်းစျာန်အဘိညာဉ်နှင့် လှံတံစျာန်အဘိညာဉ်တို့သည် လေထုထဲ၌ပြည့်နှက်နေလေသည်။
ခဏအကြာတွင် ရက်စက်ကြမ်းကြုတ်သော ထိုစွမ်းအားများလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
လုချန်ရှန်း၏ပုံရိပ်လည်း ပေါ်ထွက်လာသည်။ သူသည် ပတ်ပတ်လည်ရှိမြင်ကွင်းကို ကြည့်လိုက်ပြီး တအံ့တသြပြောလိုက်မိသည်။
“ဘာဖြစ်သွားတာလဲ။ ငါက ဒီအစီအရင်ကို မချိုးဖောက်နိုင်မှာကိုစိုးရိမ်နေတာ”
“ကြည့်ရတာ ငါ ခွန်အားကိုအလွန်အကျွံသုံးလိုက်မိပုံပဲ။ ဒီအစီအရင်က အားနည်းလွန်းတယ်”
ယခုအချိန်တွင် အရိပ်လုပ်ကြံရေးဗိမာန်အရှင်သည် ဒူးတစ်ဖက်ထောက်လျက်သားအနေအထားဖြင့်ရှိနေပြီး သူ့အရှိန်အဝါကလည်း အားနည်းနေပြီဖြစ်၏။
ထိုစကားကိုကြားသောအခါ သူ့ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်သွားရသည်။
တစ်စုံတစ်ယောက်၏စိတ်နှလုံးကို သတ်ဖြတ်ခြင်းမှာ ဤအရာမျိုးကိုဆိုလိုခြင်းပင်။
အရိပ်လုပ်ကြံရေးဗိမာန်အရှင်သည် သူ့ဆီသို့ ဖြည်းညင်းစွာချဉ်းကပ်လာနေသောလုချန်ရှန်းကို ကြည့်လိုက်သည်။ သူသည် ရင်ဘတ်ကို တင်းတင်းဆုပ်ထားသည်။ သူ၏ အနက်ရောင်မျက်နှာဖုံးသည် မီးတောက်များကြောင့် လောင်ကျွမ်းသွားပြီး ဖြူဖပ်ဖြူရော်ဖြစ်နေသောမျက်နှာကို ပေါ်လွင်နေစေသည်။
“မင်းက ဘယ်သူလဲ”
သူ့ရှေ့ရှိလူငယ်လေးတွင် ကြောက်စရာကောင်းလှသောခွန်အားများ ရှိနေလေသည်။
သူ့မှာ ခုခံဖို့ခွန်အားမရှိသလို ခံစားနေရသည်။
နေမဝင်အင်ပါယာ၏အုပ်စိုးသူအရှင်နှင့် ရင်ဆိုင်ရသောအခါ၌ပင် ဤသို့နှယ်မခံစားရချေ။
“မင်းက အလယ်ပိုင်းကလား”
နယ်မြေလေးခုအဆင့်သတ်မှတ်ချက်ရှိ ထိပ်ဆုံးလေးယောက်စလုံးမှာ အလယ်ပိုင်းဒေသမှဖြစ်သည်။
လုချန်ရှန်း ခေါင်းခါပြလိုက်သည်။
“ငါမဟုတ်ဘူး။ မင်းသိစရာလည်းမလိုဘူး။ မင်းက သေရတော့မဲ့လူပဲ”
“ပြီးတော့ မင်း စကားများများပြောလေလေ ကိစ္စတစ်ခုခုဖြစ်လာဖို့ လွယ်လေလေပဲဆိုတာ မသိဘူးလား”
သူသည် အရိပ်လုပ်ကြံရေးဗိမာန်အရှင်၏တုံ့ပြန်စကားကိုပင် မစောင့်တော့ဘဲ ခေါင်းကိုရိုက်ချလိုက်၏။
တစ်ခဏအတွင်းမှာပင် စူးရှသောအသံတစ်ခုထွက်ပေါ်လာသည်။
အရိပ်လုပ်ကြံရေးဗိမာန်အရှင်၏ခန္ဓာကိုယ်သည် ပျော့ကျသွားကာ မြေပြင်ပေါ်သို့လဲကျသွားချိန်တွင် သူ့မျက်လုံးများသည် အသက်မဲ့နေခဲ့သည်။
သူ့အရှိန်အဝါလည်း လုံးဝပျောက်ကွယ်သွားလေပြီ။
လုချန်ရှန်း၏လက်ဖဝါးသည် အရိပ်လုပ်ကြံရေးဗိမာန်အရှင်၏ဝိညာဉ်ကို တိုက်ရိုက်ပျောက်ကွယ်သွားစေလေသည်။
ထို့နောက် သူသည် လက်ညှိုးထပ်မံညွှန်လိုက်လေရာ အရိပ်လုပ်ကြံရေးဗိမာန်အရှင်၏အလောင်းပေါ်သို့ မီးတောက်တစ်ခုကျရောက်လာပြီး သူ့အလောင်းကိုချက်ချင်းမီးလောင်တိုက်သွင်းပစ်လိုက်သည်။
အလောင်းကို ဖျက်ဆီးခြင်းပင်။
လုချန်ရှန်းက ဤကိစ္စတွင် သူ တရာခံဖြစ်ကြောင်း အခြားလူများကို မသိစေချင်ပေ။
ကိစ္စအားလုံးပြီးစီးသည်နှင့် သူလက်ခုပ်တီးပြီး ပြောလိုက်သည်။
“ကောင်းပြီ။ ငါ့စိတ်အခြေအနေလည်း ပိုကောင်းလာပြီ။ အိမ်ပြန်ပြီးစားကြတာပေါ့”
ထို့နောက် လုချန်ရှန်းပျောက်ကွယ်သွားသည်။
အမွှေးတိုင်နှစ်တိုင်ထွန်းစာခန့်ကြာသော်..
တစ်စုံတစ်ယောက်ရောက်ချလာပြီး ပျက်စီးနေပြီဖြစ်သော အရိပ်လုပ်ကြံရေးဗိမာန်ကိုမြင်လိုက်သောအခါ ထိုလူ၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားရချေသည်။