ဆေးဖက်ဝင်ဆေးလုံးတဲ့လား..။
ယန်ရှုသည် ခမ်းနားထည်ဝါလှသောဆေးပြားပုံစံများနှင့် အတွင်းပိုင်းရှိ ရှေးကျသောအရှိန်အဝါကို ကြည့်လိုက်သည်။
ဤဆေးလုံး၏အဆင့်သည် မနိမ့်ကျကြောင်း သေချာပေါက်ပြောနိုင်လေသည်။
သို့သော် ယန်ရှုအံ့သြသွားရသည်မှာ…
ဤဆေးလုံးက ဘာဆေးလုံးမှန်း သူသေချာမသိတော့ခြင်းပင်။
ထိုအချိန်တွင် ဟုန်ရင်၏အသံသည် စံအိမ်တော်ထဲမှထွက်ပေါ်လာလေသည်။
“ဒါက အမြုတေဖောက်ထွင်းရေးဆေးလုံးပါ။ ချန်းယွမ်အဆင့်ကလူတွေ ရာနှုန်းပြည့်အောင်မြင်မှုနှုန်းနဲ့ဖြတ်ကျော်နိုင်ဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါသုံးပြီးရင်တော့ ထပ်ပြီးမတိုးတက်နိုင်တော့ဘူး”
ထိုစကားကိုကြားသောအခါ ယန်ရှုအံ့သြသွားရလေသည်။
ချန်းယွမ်အဆင့်မှလူတစ်ဦးအား ရာနှုန်းပြည့်အောင်မြင်မှုနှုန်းဖြင့် ဖြတ်ကျော်သွားစေနိုင်မည်ဖြစ်၏။
သာမညအဆင့်ငယ်တစ်ခုပင်ဖြစ်လင့်ကစား ချန်းယွမ်အဆင့်အတွင်းမှာမူ ထိုအဆင့်ငယ်လေးတစ်ခုကိုပင် ဖြတ်ကျော်နိုင်ရန်အလွန်ခက်ခဲလှသည်။
ဘဝမှာ ဘယ်တော့မှအဆင့်မတက်နိုင်တော့သည့်လူဘယ်နှယောက်လောက်များရှိသလဲ။
ယန်ရှု၏အခြေအနေနှင့်ဆိုလျှင် အနာဂတ်မှာ သူ ကျင့်ကြံစဉ်များကိုဖြတ်ကျော်၍မရနိုင်တော့ပါက အနာဂတ်ဆိုတာ ရှိနိုင်လေဦးမလား။
ထို့ကြောင့် ဤဆေးသည် ယန်ရှုအတွက် အလွန်အဖိုးတန်လှသည်။
ချင်းထျန်းနျန်ခမျာ အံ့သြဘနန်းဖြင့် မေးခွန်းထုတ်လေတော့သည်။
“ဟုန်ရင်.. ဒီဆေးက အရမ်းတန်ဖိုးကြီးတယ်။ ဒါ ဘယ်ကရတာလဲ”
ဟုန်ရင်ကလည်း များများစားစားမတွေးဘဲ ပြန်ပြောလိုက်သည်။
“ဒါက ဆရာ့ဆီကပါ”
လုချန်ရှန်း၏ဆေးလုံးတဲ့လား။
အကြီးအကဲခမျာ အသက်ရှူသံများပင်မြန်ဆန်လာသည်။
“လုချန်ရှန်းက ဒီဆေးကို ဘယ်လိုသန့်စင်ရမလဲဆိုတာသိတယ်လား”
ဤဆေးကို ကိုယ်တိုင်ကိုယ်ကျသန့်စင်မွမ်းမံရန် ဆေးဖော်နည်းကို ချပေးလျှင်ပင် သူ သန့်စင်မွမ်းမံနိုင်မည်မဟုတ်ချေ။
ဤဆေးလုံးသည် အနည်းဆုံးရှိလှ ကမ္ဘာမြေအဆင့်ဆေးလုံးဖြစ်သည်။ ထို့အပြင် အရည်အသွေးကလည်းအလွန်ကောင်းမွန်သည်။ ဆေးပြားပုံစံတွင် မသန့်စင်မှုများ လုံးဝမပါရှိချေ။
“လုချန်ရှန်း အခုဘယ်မှာလဲ”
ဟုန်ရင်လည်း ထူးဆန်းသလိုခံစားလိုက်ရသည်။
“ဆရာက အခု စံအိမ်တော်ထဲမှာမရှိတော့ဘူး”
“ဒါဆိုရင် လုချန်ရှန်းပြန်လာတဲ့အခါ မင်းငါ့ကိုအကြောင်းကြားရမယ်နော်”
ယဲ့ချိုးပိုင်သည် ဟုန်ရင်ကို ထူးဆန်းသောအမူအရာဖြင့်ကြည့်လိုက်သည်။
“ဂျူနီယာညီမလေး.. မင်း ဆရာ့ကို ဒီလိုပဲသစ္စာဖောက်လိုက်ရသလား။ ဆရာ့ရဲ့စရိုက်ကိုလည်း သိရဲ့သားနဲ့”
ဟုန်ရင်က သူ့လက်ကိုဖြန့်ကားလျက် ပြောလိုက်လေသည်။
“အဲ့လိုဆိုလည်း ဘာပြောရဦးမှာလဲ။ ကျွန်မဟာပါလို့လည်း မပြောနိုင်ဘူး မဟုတ်လား။ ပြောလိုက်လို့ကတော့ နောက်ထပ်မေးခွန်းတွေ ဆက်မေးလာလိမ့်မယ်”
ယဲ့ချိုးပိုင်မှ မျက်နှာကို လက်ဝါးဖြင့်သာအုပ်ထားမိတော့သည်။
သူ့ဆရာပြန်လာသောအခါတွင် သူတို့နှစ်ယောက် သူ့ကိုဘယ်လိုရင်ဆိုင်ရမလဲဆိုသည်ကို သူတွေးနေရပြီဖြစ်၏။
ထိုအချိန်မှာ ယန်ရှုကလည်း လက်သီးကိုဆုပ်လျက် ပြောလိုက်သည်။
“ငါဖြတ်ကျော်နိုင်သွားတဲ့အခါ မင်းရဲ့ဆရာကို ထပ်ပြီးကျေးဇူးတင်စကားလာပြောပါဦးမယ်”
ထိုသို့ပြောပြီးနောက် ယန်ရှုသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ လျှို့ဝှက်တာအိုကျောင်းတော်၏အတွင်းပိုင်းဆီသို့ ပျံသန်းသွားလေသည်။
ချင်းထျန်းနျန်နှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
ယဲ့ချိုးပိုင်သည် ပတ်ပတ်လည်ကိုကြည့်ကာ သူ့ခေါင်းကိုထိကိုင်လိုက်သည်။
“ဆရာက ဘယ်သွားတာလဲ။ သူ ပုံမှန်ဆိုရင် အပြင်မထွက်တတ်ဘူးမဟုတ်လား”
ဟုန်ရင်ကလည်း ခေါင်းခါလျက်ပြောလေသည်။
“ဆရာလည်း သူ့အလုပ်နဲ့သူ ရှိမှာပေါ့။ လေ့ကျင့်ကြရအောင်”
ယဲ့ချိုးပိုင် ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲမှာမူ မကျေနပ်နိုင်သေးပေ။
ဆရာ့မှာ…တကယ်ပဲလုပ်စရာရှိနေလေသလား။
ထိုအချိန်တွင် မြောက်ပိုင်းနယ်မြေရှိ မှောင်မည်းနေသော တောအုပ်ကြီးထဲတွင်..
တောထဲရှိသစ်ပင်များအားလုံး အဝါရောင်သမ်းပြီး ညှိုးနွမ်းခြောက်သွေးကုန်လေပြီ။
အရွက်များလည်းကြွေကျပြီး ညှိုးနွမ်းနေသောအကိုင်းအခက်များသာ ကျန်တော့သည်။
သို့သော်လည်း ခြောက်သွေ့လှသောဤသစ်ပင်ကြီးများက အလွန်ထူထပ်လှပေသည်။ အကိုင်းအခက်များသည် လေထဲတွင်ယှက်ထွေးနေသောပင့်ကူမျှင်များကဲ့သို့ပင်။
အလင်းရောင်တစ်စပင် ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲလှသော်လည်း ဖြာကျလာသောအလင်းတန်းအချို့သည် သစ်ပင်အကိုင်းအခက်များကြားမှ ထိုးဖောက်ဖြာကျနိုင်ချေသည်။
သို့ဖြစ်ရာ ဤနေရာသည် အလွန်ဆိုးဝါးပြီး မှောင်မိုက်နေလေသည်။
တောနက်ကြီးထဲတွင် အစီအရင်တစ်ခုရှိလေသည်။
အပြင်ကကြည့်လျှင် ကြီးမားလှသောတောင်တန်းကြီးဟုမြင်ရပေမည်။
သို့သော် အတွင်းဘက်တွင်မူ ဗိမာန်ကြီးတစ်ခုရှိလေသည်။
ဗိမာန်၏ကမ္ပည်းကျောက်တိုင်ပေါ်တွင် အရိပ်လုပ်ကြံရေးတပ်ဖွဲ့ဟု ရေးထွင်းထားသည်။
ထိုအချိန်တွင် ဗိမာန်၏အမြင့်ဆုံးအထပ်၌..
“အိုး.. နံပါတ်တစ်လုပ်ကြံရေးသမားရဲ့ ဝိညာဉ်သင်္ကေတ ပျောက်ကွယ်သွားပြီတဲ့လား”
၎င်းတို့အနက်မှ အနက်ရောင်ဝတ်အမျိုးသားတစ်ဦးသည် ပုလ္လင်ပေါ်တွင် ထိုင်နေသောအမျိုးသားကို လေးလေးစားစားကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်။ အမွှေးတိုင်တစ်တိုင်စာမကုန်ခင်မှာတင် နံပါတ်တစ်လုပ်ကြံရေးသမားရဲ့ ဝိညာဉ်အမှတ်အသား ပျောက်သွားတာပါ။ စစ်ဆင်ရေးမအောင်မြင်ဘူးထင်ပါတယ်…”
ပုလ္လင်ကြီးပေါ်တွင်ထိုင်နေသောလူသည် မျက်နှာဖုံးစွပ်ထားသော်လည်းသူ၏ညာဘက်မျက်လုံးတွင်မူ ခပ်နက်နက်အမာရွတ်တစ်ခုရှိသည်။
အရိပ်လုပ်ကြံရေးတပ်ဖွဲ့တွင် အတွင်းပိုင်းအဆင့်များရှိသည်။
နံပါတ်တစ်လုပ်ကြံရေးသမားသည် အရိပ်လုပ်ကြံရေးသမားများထဲတွင် အောင်မြင်မှုနှုန်းအမြင့်ဆုံးနှင့် ဆုကြေးအများဆုံးရထားသူဖြစ်၏။
“နံပါတ်တစ်လူသတ်သမားလည်း မအောင်မြင်ဘူးလား”
ပုလ္လင်ပေါ်ရှိလူက မျက်မှောင်ကြုတ်လိုက်သည်။
“သတင်းတွေအရဆိုရင် ယဲ့ချိုးပိုင်က ပင်လယ်ရေလှိုင်းအဆင့်ပဲရှိသေးတာပါ။ နံပါတ်တစ်လုပ်ကြံရေးသမားရဲ့စွမ်းအားနဲ့ဆိုရင် ယဲ့ချိုးပိုင်ကိုသတ်ဖို့ လုံလောက်ပါတယ်”
“အချက်အလက်တွေ မှားနေတာများလား”
နံပါတ်တစ်လုပ်ကြံရေးသမားသည် ချန်းယွမ်ကနဦးအဆင့် ဖြစ်သည်။
ချန်းယွမ်အဆင့်ရှိသူတစ်ယောက်သည် ပင်လယ်ရေလှိုင်းအဆင့်သာရှိသူကိုပင် မသတ်နိုင်ခဲ့ပေ။
ဤသည်မှာ မယုံကြည်နိုင်လောက်အောင်ပင်။
“ဗိမာန်အရှင်..ပညာရှင်တစ်ယောက်ကများ ယဲ့ချိုးပိုင်ကို ကူညီနေတာများလား”
အရိပ်လုပ်ကြံရေးဗိမာန်အရှင်က ခေါင်းယမ်းလိုက်သည်။
‘နံပါတ်တစ်လုပ်ကြံရေးသမားကိုတောင် အနိုင်ယူနိုင်တယ်ဆိုတော့ သူ့အင်အားက အနည်းဆုံးတော့ အဆင့်သတ်မှတ်ချက်ရဲ့ထိပ်တန်းဆယ်ယောက်မှာ ရှိလိမ့်မယ်”
အရိပ်လုပ်ကြံရေးသည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့်ရှစ်နေရာ၌ ရှိသည်။
သို့သော် နေမဝင်အင်ပါယာ၏ စတုတ္ထအဆင့်ရှိသော ဧကရာဇ်အရှင်ပင်လျှင် အရိပ်လုပ်ကြံရေးဗိမာန်အရှင်ကို အလွန်ကြောက်သည်။
သူ၏လုပ်ကြံသတ်ဖြတ်ရေးစွမ်းရည်သည် အလွန်ကြောက်စရာကောင်းလှသည်။
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။
“အဆင့်သတ်မှတ်ချက်လား။ ငါက အဆင့်သတ်မှတ်ချက်ထဲမှာမရှိဘူး”
အရိပ်လုပ်ကြံရေးဗိမာန်အရှင်နှင့် အနက်ရောင်ဝတ်လူသည် ထိတ်လန့်သွားပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။
အစိမ်းရင့်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော ယောက်ျားတစ်ယောက်ပင်။
“မင်းက ဘယ်သူများလဲ ဆရာ”
အရိပ်လုပ်ကြံရေးဗိမာန်အရှင်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များနှင့် ပြည့်နှက်သွားသည်။
သူ့မြင်ကွင်းမှဖုံးကွယ်ပြီး သူ့ရှေ့ကို တိတ်တိတ်လေးပေါ်လာနိုင်စွမ်းရှိသည်တဲ့လား။
ဘာအဓိပ္ပါယ်များလဲ။။ ဤလူ၏ခွန်အားက သူ့ထက်မနိမ့်နိုင်ချေ။
တကယ်တမ်းတွင် ပို၍ပင်သန်မာနေလေသည်။
သူသည် လုပ်ကြံရေးသမားတစ်ဦးဖြစ်ပြီး အချို့သောအရှိန်အဝါများကို အလွန်အမင်းအာရုံခံစားနိုင်သူဖြစ်၏။
အပြာရောင်ဝတ်ရုံနှင့်လူက သူ့လက်ကိုဖြန့်ကားပြီးပြောလိုက်လေသည်။
“မင်းတို့ အခုလေးတင် ငါ့အကြောင်းပြောနေကြတာ မဟုတ်ဘူးလား”
ထိုလူမှာ လုချန်ရှန်းပင်ဖြစ်သည်။
အရိပ်လုပ်ကြံရေးဗိမာန်အရှင်သည် မတ်တတ်ထရပ်ပြီး လုချန်ရှန်းကိုမေးလိုက်သည်။
“မင်း သူ့ကို သတ်လိုက်တာလား”
လုချန်ရှန်းကလည်း ခေါင်းညိတ်ပြသည်။
“ငါဘာပြောနေလဲဆိုတာ ငါသေချာပေါက်သိတယ်”
အရိပ်လုပ်ကြံရေးဗိမာန်အရှင်က အေးစက်စွာနှာမှုတ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်သည် ထိုနေရာမှ ရုတ်တရက်ပျောက်ကွယ်သွားသည်။
ခန်းမတစ်ခုလုံး မြူခိုးများ အုပ်ဆိုင်းသွားချေသည်။
ဤသည်မှာ အရိပ်လုပ်ကြံရေးအစီအရင်ဖြစ်သည်။
အကယ်၍ အခြားသူများအနေဖြင့် အရိပ်လုပ်ကြံရေးအစီအရင်ကို အသက်သွင်းရန် အတူတကွလုပ်ဆောင်ရန်လိုအပ်သော်လည်း အရိပ်လုပ်ကြံရေးဗိမာန်အရှင်ကမူ အစီအရင်ကို တစ်ယောက်တည်းဖန်တီးနိုင်လေသည်။
စွမ်းအားသည်လည်း ပိုမိုကြီးထွားလာမည်ဖြစ်၏။
လူချန်ရှန်းက ဟိုဟိုသည်သည်လှည့်ပတ်ကြည့်လိုက်ရင်း မျက်တောင်ခတ်လိုက်သည်။
“အရိပ်လုပ်ကြံရေးအစီအရင်လား”
အစီအရင်၏အပြင်ဘက်ရှိ အနက်ရောင်ဝတ်ရုံနှင့်လူက ဘဝင်ခိုက်နေဟန်ဖြင့် ပြောလာသည်။
“အရိပ်လုပ်ကြံရေးအစီအရင်က ငါတို့အရိပ်လုပ်ကြံရေးတပ်ဖွဲ့ရဲ့ လွတ်မြောက်ရေးနည်းလမ်းတစ်ခုပဲ”
“မင်း ဒီထဲကိုရောက်သွားပြီဆိုတာနဲ့ မင်းရဲ့အာရုံငါးပါးလည်း အကုန်ပိတ်ဆို့ခံလိုက်ရပြီ။ အဲဒါကို ကာကွယ်ဖို့မဖြစ်နိုင်ဘူး”
အမြင်အာရုံလည်း ပိတ်ဆို့ထားသတဲ့လား။
လုချန်ရှန်း အံ့အားသင့်သွားရသည်။ သူ့မျက်လုံးထဲတွင် အရိပ်လုပ်ကြံရေးဗိမာန်အရှင်က သူ့ရှေ့မှာရပ်နေသည်ကိုမြင်နေရသည်။
သူသည် ထိုလူ့ကို အရူးတစ်ယောက်နှယ် ကြည့်နေမိသည်။
သူသည် တစ်ချိန်လုံး ဟိုနေရာမှသည်နေရာပြောင်းလျက် သူ့ထံသို့ချဉ်းကပ်လာသည်။
“ဒါကို အမြင်အာရုံပိတ်ဆို့တယ်လို့လာပြောနေတာလား”
လုချန်ရှန်းဒေါသထွက်သွားရလေသည်။ သူသည် အရိပ်လုပ်ကြံရေးဗိမာန်အရှင်ရှိရာနေရာကို လက်ညိုးညွှန်ပြလိုက်ပြီး ပြောလိုက်လေသည်။
“မင်းရဲ့ငှက်ပျောသီးကိုပဲ ပိတ်ဆို့။ မင်း ဒီနေရာမှာရပ်နေတာမဟုတ်ဘူးလား”
သူ ဘာကြောင့် စိတ်ဆိုးနေရသလဲ။
လုချန်ရှန်းအနေဖြင့် သူ့ကိုယ်သူ အလွန်ဉာဏ်ကောင်းလှသည်ဟု မထင်ထားသော်လည်း သူသည် အရူးတစ်ယောက်တော့မဟုတ်ပေ။
သူ့ဉာဏ်ရည်ဉာဏ်သွေးကို စော်ကားခံလိုက်ရသလိုခံစားရသည်။
အရိပ်လုပ်ကြံရေးဗိမာန်အရှင်မှာ အံ့သြသွားရလေသည်။
ဘာတွေဖြစ်နေတာလဲ..။
သူ့ကို သည်အတိုင်းရှာတွေ့သွားလေသလား။
ငါ့ရဲ့အရိပ်လုပ်ကြံရေးအစီအရင်က အတုကြီးများလား..
လုချန်ရှန်း ကံကောင်းထောက်မ၍ ရမ်းသမ်းမှန်းဆလိုက်နိုင်မည်ကိုစိုး၍ အရိပ်လုပ်ကြံရေးဗိမာန်အရှင်သည် သူ့နေရာကိုထပ်ပြောင်းလိုက်ပြီး လုချန်ရှန်း၏အနောက်ကို ရောက်သွားသည်။
လုချန်ရှန်းကလည်း အနောက်ကိုလှည့်ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။
“မင်း ပုန်းစရာနေရာတစ်ခုလောက် မရှာနိုင်ဘူးလား”
အရိပ်လုပ်ကြံရေးဗိမာန်အရှင်ဟာ သူ့ကိုမယုံကြည်နိုင်သည့်အတွက် သူ့နေရာကို ထပ်ပြောင်းလိုက်သည်။
ဤတစ်ကြိမ်တွင် လုချန်ရှန်းသည် ဒေါသမထိန်းနိုင်တော့ပေ။ သူသည် ရှေ့ကိုပြေးထွက်သွားပြီး အရိပ်လုပ်ကြံရေးဗိမာန်အရှင်ကို ကိုင်ချုပ်ထားလိုက်သည်။
“မင်း ငါမျက်စိကန်းနေတယ်လို့ထင်နေတာလား။ ငတုံးလို့ ထင်နေတာလား”
လုချန်ရှန်းသည် ထိုလူ့ကိုဆူပူကြိမ်းမောင်းရင်း ထပ်ပြန်တလဲလဲရိုက်နှက်နေလေတော့သည်။
ထိုရိုက်ချက်များသည် အရိပ်လုပ်ကြံရေးဗိမာန်အရှင်၏ခေါင်းပေါ်ကို ကျရောက်သွားသည်။
စူးရှသောအသံတစ်သံသည် ခန်းမတစ်ခုလုံးအနှံ့ ကျယ်လောင်စွာထွက်ပေါ်လာပေသည်..။