မြင်းမြီးယပ်တောင် ဖျက်ဆီးခံလိုက်ရသည်ကို မြင်သောအခါ အထိန်းတော်မင်၏နှလုံးသား နာကျင်သွားရလေသည်။
ဤအရာသည် သူ့လက်ဝယ်ပိုင်ဆိုင်သမျှထဲတွင် တန်ဖိုးအရှိဆုံးအရာဖြစ်၏။
ဤမြင်းမြီးယပ်တောင်မရှိလျှင် သူ့စွမ်းအားများလည်း သိသိသာသာကျဆင်းသွားမည်သာ။
ထိုအခြင်းအရာကိုမြင်လိုက်ရသောအခါ ဟွမ်ထျန်းမင်၏အမူအရာ ပျက်ယွင်းသွားရလေသည်။
ဟုန်ရင်၏ခွန်အားသည် သူ့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသည်ဟုပင် ဆိုနိုင်သည်။
သူသည် ရာနှုန်းပြည့်ယုံကြည်မှုရှိသောကြောင့် အထိန်းတော်မင်ကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်၏။
လက်ရှိမှာ တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်တွင် အင်အားအကြီးဆုံးလူမှာ ယန်ရှုဖြစ်သည်။
သူသည်ပင် အထိန်းတော်မင်ကိုမယှဉ်နိုင်ပေ။
နောက်ထပ် ဟုန်ရင်ထပ်ပေါ်လာမည်ဟု ဘယ်သူထင်ထားမည်တဲ့လဲ။
သူ့အနောက်တွင် ခန်းမအသီးသီးရှိအကြီးအကဲများမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။
ဟုန်ရင်တစ်ယောက် သူ(မ)၏ခွန်အားကို ထုတ်ဖော်ပြသလာသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။
မူလက ချန်းယွမ်အဆင့်ကျင့်ကြံမှုကပင် သူတို့ကို အံ့အားသင့်စေခဲ့ပြီးဖြစ်၏။
သို့သော် ချန်းယွမ်ကနဦးအဆင့်၏အင်အားဖြင့် နယ်မြေလေးခုသိုင်းပညာအကျော်အမော်စာရင်းတွင် ထိပ်ဆုံးဆယ်ယောက်၌ပါ၀င်ပြီး ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်တစ်ဦးဖြစ်သော အထိန်းတော်မင်ကို မည်သို့နှိမ်နင်းနိုင်မည်တဲ့လဲ။
ဤသည်မှာ သူတို့ လုံးဝမကြားဖူးသောအရာဟုပြောနိုင်ပေသည်။
ယန်ရှုသည် ထိုအခြင်းအရာကိုမြင်သော် ခေါင်းတညိတ်ညိတ်ဖြင့် သက်ပြင်းချလိုက်သည်။
“ကျောင်းသားက ဆရာတွေထက်ကို သာသွားပြီပဲ။ ငါတို့ကျောင်းတော်မှာ ဒီလိုကျောင်းသားမျိုးတွေရှိနေသရွေ့ ကျောင်းတော်ကြီးအမြင့်ကိုတက်သွားတော့မှာ ကျိန်းသေပဲ”
ထို့နောက် ယန်ရှုသာ် တစ်ဖက်ကိုလှည့်၍ ဓားသိုင်းခန်းမအကြီးအကဲကိုကြည့်ကာ မေးလိုက်သည်။
“သူ့ဆရာက ဘယ်သူလဲ”
ဓားသိုင်းခန်းမအကြီးအကဲက ခဏမျှမှင်တက်သွားပြီး ပြန်ဖြေလိုက်သည်။
“စံအိမ်တော်က လုချန်ရှန်း”
“စံအိမ်တော်ကလား”
ယန်ရှု၏အာရုံသည် အချိန်အတော်ကြာမှပြန်စုစည်းလိုက်နိုင်ပုံပေါ်သည်။ ထို့နောက် သူက ရုတ်တရက်ကြီးပြောလာချေသည်။
“စံအိမ်တော်ကတဲ့လား… မအံ့သြတော့ပါဘူး”
ထိုအချိန်တွင် ယဲ့ချိုးပိုင်ကလည်း ဟုန်ရင်၏အနားသို့ ပြေးသွားလေသည်။
ဟုန်ရင်က လှည့်မကြည့်ဘဲ ပြုံးပြလိုက်သည်။
“ပြန်သက်သာလာပြီလား”
ယဲ့ချိုးပိုင်က ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ။ ငါ့အတွက်လက်စားချေပေးလို့ ကျေးဇူးတင်ပါတယ် ဂျူနီယာညီမလေး”
ဟုန်ရင်က လူသတ်ချင်နေသောအမူအရာဖြင့် ခေါင်းယမ်းပြလိုက်သည်။
“တစ်ယောက်ယောက်က ကျွန်မတို့ကို ကျွန်မတို့အိမ်တံခါးဝမှာတင် အနိုင်ကျင့်နေတာလေ။ သေချာပေါက် တိုက်ခိုက်ရမှာပေါ့”
“ဒါဆို အထိန်းတော်မင်ကို မင်းဆီအပ်ခဲ့ပြီနော်”
ဟုန်ရင်က ခေါင်းညိတ်ပြလိုက်သည်။
ထို့ကြောင့် ယဲ့ချိုးပိုင်သည် ဓားကိုကိုင်စွဲကာ ဟွမ်းထျန်းမင်ဆီသို့ ဦးတည်သွားလေတော့သည်။
ယဲ့ချိုးပိုင်သည် အကြိမ်ပေါင်းများစွာလုပ်ကြံခံရပြီးနောက်မှာ ဒေါသထွက်နေပြီဖြစ်၏။
ဟွမ်ထျန်းမင်က ထိုအရာကိုမြင်သောအခါ သရော်လိုဟန်ဖြင့်နှာမှုတ်လိုက်သည်။ သူ ရှောင်လည်းမပြေးသလို နောက်လည်းမဆုတ်ချေ။ ရှေ့တိုးသွားလေသည်။
ထို့နောက် သံသယကင်းစွာပင် ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့်ကျင့်ကြံရေးကို ဖော်ထုတ်ပြသလာသည်။
သူသည် မင်းသားတစ်ပါးဖြစ်သည်။ ယခုလိုအချိန်မျိုးမှာ သူ ဘယ်လိုများအရှုံးပေးနိုင်မည်တဲ့လဲ။
ယခုမူ အင်ပါယာအစောင့်အကြပ်များကို ခန်းမအသီးသီး၏အကြီးအကဲများက သတ်ဖြတ်နေကြသည်။
တော်ဝင်အစောင့်များကိုပင် အခြားသူများက တားဆီးထားကြသည်။
ယခုအချိန်တွင် ဟွမ်ထျန်းမင်၏ဘေးမှာ ဘယ်သူမှမရှိတော့ပေ။
ဤသည်မှာ အခွင့်အရေးတစ်ခုပင်။
ယဲ့ချိုးပိုင်က လုံးဝမထိန်းထားတော့သည့်အတွက် ဓားသိုင်းစျာန်အဘိညာဉ်များက ကောင်းကင်ယံကို ပျံတက်သွားလေသည်။
ဓားသွားချီစွမ်းအင်သည် ဓားရှည်တစ်ချောင်းနှယ် အသွင်ပြောင်းသွားပြီး ဟွမ်ထျန်းမင်ကို တိုက်ခိုက်လေသည်။
ဟွမ်ထျန်းမင်ကလည်း အော်ဟစ်လျက် လက်သီးဖြင့်ထိုးပစ်လိုက်သည်။
ဓားရှည်ကြီးများဆီသို့ ဦးတည်သွားသော လက်သီးအမှတ်အသားပေါ်တွင် ရှင်ဘုရင်အရှိန်အဝါတစ်ခုရှိနေလေသည် ။
ယဲ့ချိုးပိုင်က အသံခပ်နိမ့်နိမ့်ဖြင့်အော်ဟစ်လိုက်ပြီး မှော်နက်မိစ္ဆာချီစွမ်းအင်များကို မှော်နက်မိစ္ဆာဓားတွင် လွှမ်းခြုံပစ်လိုက်သည်။
ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ ဆဋ္ဌမသိုင်းကွက်..
ဟွမ်ထျန်းမင်၏ ပျက်ယွင်းနေသောအမူအရာအောက်မှာပင် ထိုလက်သီးချက်ကြီးသည် ခံနိုင်ရည်မရှိဘဲ ကွဲအက်သွားလေသည် ။
ယဲ့ချိုးပိုင်က ဓားဖြင့်ချဉ်းကပ်လာချိန်မှာပင် ဟွမ်ထျန်းမင်က ရုတ်တရက်ရယ်မောလိုက်သည်။
ထိုအခြင်းအရာကိုမြင်သော် ယဲ့ချိုးပိုင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက် သူ့အမူအရာ ပြောင်းလဲသွားရသည်။
သူ့ဘေးတွင် အရိပ်မည်းတစ်ခု လက်ခနဲဖြစ်သွား၏။
ထိုအရိပ်မည်းသည် ယဲ့ချိုးပိုင်၏နောက်ကျောဘက်ကို ဦးတည်လာနေခြင်းပင်။
အရိပ်လုပ်ကြံရေးသမားဖြစ်၏။
အရိပ်လုပ်ကြံရေးတပ်ဖွဲ့သည် မတိုက်ခိုက်ဘဲငြိမ်နေလျှင် ငြိမ်နေသည့်အတိုင်းရှိသလို တိုက်ခိုက်လာပြီဆိုလျှင်လည်း သေချာပေါက်သတ်ဖြတ်ခံရမည်ပင်။
တစ်ဖက်လူသည် အခွင့်အရေးရမည့်အချိန်ကိုစောင့်ဆိုင်းနေခဲ့ပြီး ယခုနောက်ဆုံးတွင်မူ ထိုအခွင့်အရေးကို အရယူလိုက်ချေပြီ။
သို့သော် ဓားမြှောင်သည် ယဲ့ချိုးပိုင်ရှေ့သို့မရောက်ခင်မှာပင် ပျောက်ကွယ်သွားလေသည်။
ဟွမ်ထျန်းမင် မျက်မှောင်ကြုတ်လိုက်သည်။
ဘာဖြစ်တာလဲ။ ဘယ်သူက တိုက်ခိုက်လိုက်တာလဲ..
ယဲ့ချိုးပိုင်က ထိုအရာကိုမြင်လိုက်ရသောအခါ အံ့ဩသွားပုံမပေါ်ပေ။ ထို့နောက်မှသာ တုံ့ပြန်လာခဲ့သည်။
သူ့ဆရာပင်ဖြစ်၏။
စံအိမ်တော်ထဲမှာမူ လုချန်ရှန်းသည် အပြင်လူများမမြင်နိုင်သော အတားအဆီးတစ်ခုကို တပ်ဆင်ထားသည်။
ထိုအချိန်တွင် အနက်ရောင်၀တ်စုံဝတ်ထားသော အမျိုးသားတစ်ဦးက လုချန်ရှန်း၏ရှေ့တွင် မတ်တတ်ရပ်လိုက်ချေသည်။
ထိုလူက လုချန်ရှန်းကိုကြည့်ကာ ထိတ်လန့်တကြားမေးသည်။
“မင်းကဘယ်သူလဲ”
ယခုလေးတင်ထွက်ပေါ်လာသောအင်အားသည် အာကာသကိုပင် ထိုးခွင်းပြီးဖမ်းချုပ်ထားတော့မည့်ပုံပေါ်သည်။
ခုခံဖို့ အခွင့်အရေးမရချေ။
ဤခွန်အားက ကြောက်စရာကောင်းလွန်းလှသည်။
လုချန်ရှန်းက ထိုလူကိုစိုက်ကြည့်ပြီး မေးလိုက်သည်။
“မင်း ဘယ်သူလဲဆိုတာသာပြောစမ်း။ ဘယ်ဂိုဏ်းကလဲ”
ထိုအချိန်မှာပင် သူ ခေါင်းခါလိုက်သည်။
“ထားလိုက်ပါတော့။ ငါ မင်းရဲ့စိတ်ဝိညာဉ်ကိုပဲ ရှာလိုက်တော့မယ်။ မင်းကိုယ်တိုင် ငါ့ကိုပြောပြလိမ့်မယ်လို့မထင်ဘူး”
ထိုစကားကိုပြောပြီးနောက် ထိုလူ၏ ကြောက်လန့်တကြားအကြည့်အောက်မှာပင် လုချန်ရှန်းသည် သူ့လက်ကို ထိုလူ၏ခေါင်းပေါ်သို့ တင်လိုက်သည်။
ချက်ချင်းပင် ထိုလူ၏ဝိညာဉ်သည် သူ့ခေါင်းထိပ်မှ ဖောက်ထွက်လာသည်။
ထိုဝိညာဉ်၏မျက်နှာသည် ကြောက်ရွံ့မှုနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေချေသည်။
စိတ်ဝိညာဉ်ရှာဖွေမှု။
၎င်းသည် စိတ်ဝိညာဉ်ကို တိုက်ရိုက်လွင့်ပျောက်သွားစေမည်ဖြစ်ပြီး ပြန်လည်ဝင်စားရေးသံသရာကိုပင် ဝင်ရောက်နိုင်မည်မဟုတ်ချေ။
ထိုလူ၏ဝိညာဉ်က တစ်ချိန်လုံးဟစ်ကြွေးနေရှာသည်။
“ကျွန်တော် ပြောပါ့မယ်”
လုချန်ရှန်းကမူ သူ့ကိုလျစ်လျူရှုထားပြီး သူ့ဝိညာဉ်ကိုသာ ဆက်လက်ရှာဖွေနေခဲ့သည်။
သတင်းအချက်အလက်များသည် လုချန်ရှန်း၏ အသိဉာဏ်ပင်လယ်ထဲသို့ ဝင်ရောက်လာသည်။
သိပ်မကြာခင်မှာပင် ထိုလူ၏ဝိညာဉ်ဟာ လုံးဝကွယ်ပျောက်သွားလေသည်။
လုချန်ရှန်းလည်း ခေါင်းငုံ့လိုက်ပြီးနောက် အသက်မရှူတော့သည့် ထိုအနက်ရောင်ဝတ်လူကို ကြည့်လိုက်သည်။
သူက ခေါင်းတယမ်းယမ်းဖြင့် သက်ပြင်းချလိုက်သည်။
“မင်းဘာလို့ မပြောခဲ့သေးလဲ။ ဘာလို့ မပြောခဲ့သေးလဲ”
ထိုအဖြစ်ကိုမြင်နေရသော ငှက်ကလေး၏မျက်လုံးများမှာ အားကိုးရာမဲ့မှုများနှင့် ပြည့်နှက်နေသည်။
မင်း သူ့ကို ပြောဖို့အခွင့်အရေးပေးခဲ့လို့လား။
“အရိပ်လုပ်ကြံရေးတပ်ဖွဲ့…”
လုချန်ရှန်းက မြောက်ပိုင်းဒေသဘက်ကို လှမ်းမျှော်ကြည့်ရင်း ရယ်မောလိုက်သည်။
“ဒါဆိုလည်း သွားကြည့်ကြတာပေါ့”
ဤသို့ဖြင့် သူ ချက်ချင်းပျောက်သွားလေသည်။
ဤနေရာရှိအခြေအနေနှင့်ပတ်သက်ပြီး စိတ်ပူစရာမလိုပေ။
တိုက်ပွဲအခြေအနေက လုံးဝပြောင်းပြန်ဖြစ်သွားလေပြီ။
ဟုန်ရင်သည် အထိန်းတော်မင်ကို တိုက်ခိုက်နေခဲ့ပြီး အထိန်းတော်မင်ကလည်း မြန်မြန်ဆန်ဆန်ကာကွယ်နေရသည်။ ပြန်လည်ဝင်စားရေးလှံတံနည်းဗျူဟာက အထိန်းတော်မင်ကို အကြိမ်ကြိမ်သတ်မိလုနီးပါးပင်။ ယဲ့ချိုးပိုင်ကမူ ဟွမ်ထျန်းမင်ကို တိုက်ခိုက်လေသည်။
သူ၏တိုက်ခိုက်ရေးစွမ်းအားသည် မမြင့်မားလှသော်လည်း၊ သူ့ကျင့်ကြံမှုက တည်မငြိမ်ဖြစ်နေသေးသော်လည်း အရှိန်မြှင့်တင်ရန်အတွက် ဆေးဖက်ဝင် ဆေးလုံးများကိုမှီခိုနေရသည်မှာ သိသာလှသည်။ သို့သော် သူ့မှာ အသက်ကယ်သက်စောင့်ဆေးရတနာများစွာရှိသည်။
ယခုအချိန်မှာ နန်းတော်၏အစောင့်တပ်သားများလည်း လုံးလုံးသုတ်သင်ခံလိုက်ရချေပြီ။
ဟွမ်ထျန်းမင်သည် အခြေအနေမကောင်းကြောင်းရိပ်စားမိသောအခါ ပျက်ယွင်းနေသောအမူအရာဖြင့် အော်ဟစ်လိုက်သည်။
“တပ်ပြန်ဆုတ်ကြ”
နေမဝင်အင်ပါယာ၏အစောင့်တပ်သားများကရပ်တန့်လိုက်ပြီး ဟွမ်ထျန်းမင်ရှိရာဘက်သို့ ပြန်လာခဲ့သည်။
ချင်းထျန်းနျန်နှင့်တခြားသူများကမူ နောက်ကလိုက်မသွားပေ။
တစ်ဖက်လူကို သူတို့တားဆီးနိုင်ပေမယ့် သတ်တော့မသတ်နိုင်ချေ။
အဆုံးမှာမူ သူတို့၏ခွန်အားက တန်းတူရည်တူပင်။
ဟွမ်ထျန်းမင်က ချင်းထျန်းနျန်ကိုကြည့်ကာ ရုပ်ဆိုးအကျည်းတန်လှသောအမူအရာဖြင့် ပြောလာလေသည်။
“မင်းတို့လျှို့ဝှက်တာအိုကျောင်းတော်က အရမ်းကောင်းတာပဲ”
ချင်းထျန်းနျန်ကလည်း ပြုံးပြုံးလေးပြန်ပြောလိုက်သည်။
“ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား။ ဒီလိုကျောင်းသားတစ်ယောက်ရှိတာ သိပ်ကောင်းတာပဲ”
ထိုစကားကိုကြားသော် ဟွမ်ထျန်းမင်ခမျာ ချီစွမ်းအင်သွေးများဆောင့်တက်လာသည်။
ထို့နောက် သူက တစ်ဖက်ကိုလှည့်၍ ယဲ့ချိုးပိုင်ကို ကြည့်လိုက်သည်။ ထို့နောက် ခပ်နိမ့်နိမ့်အသံဖြင့်ပြောလိုက်သည်။
“မင်း လျှို့ဝှက်တာအိုကျောင်းတော်ထဲကနေ ဘယ်တော့မှမထွက်မိစေဖို့ပဲမျှော်လင့်ပါတယ်”
ဤသို့ဖြင့် ဟွမ်ထျန်းမင်သည် သင်္ဘောပေါ်သို့တက်သွားပြီး သူ့အဖွဲ့နှင့်အတူ လျှို့ဝှက်တာအိုကျောင်းတော်မှ ထွက်ခွာသွားခဲ့လေသည်။
ယဲ့ချိုးပိုင်ကလည်း တစ်ဖက်ကိုလှည့်၍ ချင်းထျန်းနျန်နှင့်အခြားလူများကိုကျေးဇူးတင်စွာဖြင့် လက်သီးဆုပ်၍အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်နဲ့ အကြီးအကဲတို့”
ချင်းထျန်းနျန်သည် ရှေ့သို့လျှောက်လာပြီး ယဲ့ချိုးပိုင်၏ပခုံးကိုပုတ်ကာ ပြုံးလိုက်လေသည်။
“မင်း ငါတို့ကို ကျေးဇူးတင်စရာမလိုပါဘူး။ မင်းက ဒီကျောင်းတော်သားတစ်ယောက်ဖြစ်နေတဲ့အတွက် မင်းကို ရန်သူလက်ထဲ ငါတို့မအပ်လိုက်နိုင်ဘူး”
“ဒါနဲ့ ဟုန်ရင် မင်းရဲ့ခွန်အားတွေက ငါ့နယ်ပယ်တွေထက်တောင် ကျယ်ပြန့်တာပဲ”
ထိုစကားကိုကြားသော် ဟုန်ရင်က ပြုံးရုံသာပြုံးပြီး စံအိမ်တော်ဆီကို လှည့်ပြန်သွားလေသည်။
ချင်းထျန်းနျန်ကမူ အမှုမထားချေ။ ဟုန်ရင်သည် အခြားသူများအပေါ် အလွန်အေးစက်တတ်သည်ကို သူမြင်ဖူးထားပြီးဖြစ်၏။
ထိုအချိန်မှာ ယန်ရှုက ပြုံးပြီးပြောလာလေသည်။
“အခုတော့ ငါ စိတ်ချလက်ချနဲ့ ဆိတ်ကွယ်ရာမှာကျင့်ကြံအားထုတ်နိုင်ပြီပေါ့။ ကျောင်းတော်မှာ ဒီလိုတပည့်မျိုးတွေရှိနေမှတော့ ကျောင်းတော်တိုးတက်ရေးအတွက် ဘာစိတ်ပူစရာလိုလဲ”
ချင်းထျန်းနျန် သက်ပြင်းချလိုက်မျသည်။
“အကြီးအကဲယန်..အခြေအနေက ဘယ်လောက်ထိယုံကြည်မှုရှိလဲ”
ယန်ရှုက ခေါင်းတခါခါဖြင့်ပြောလာချေသည်။
“၁၀ရာခိုင်နှုန်း”
ထိုစကားကိုကြားသောအခါ အားလုံးက စိတ်ပူပန်သွားပုံရသည်။
“၁၀ရာခိုင်နှုန်းတဲ့လား’
ဤသည်မှာ သေရတော့မည်ဟုဆိုနေသည့်အလားပင်။
ထိုအချိန်တွင် အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားသည်။
ယန်ရှုသည် မသိစိတ်ကလှမ်းယူပြီး ဖွင့်ကြည့်လိုက်သည်..။ ဆေးလုံးတစ်လုံးပင်တည်း။