ချင်းထျန်းနျန်၏ လက်ရှိအင်အားဖြင့် နေမဝင်အင်ပါယာ၏နေရာချထားမှုပုံစံသည် မည်မျှထိတ်လန့်စရာကောင်းကြောင်း အတိုင်းသားခံစားသိရှိနိုင်သည်။
သူတို့ထဲတွင် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းဝင် ပညာရှင်သုံးဦးရှိသည်။
သူတို့ထဲတွင် အဆင့်နှစ်ဆယ့်ခုနစ်ရှိသော ဖန်ကျင်းယောင်နှင့် အဆင့်သုံးဆယ့်တစ်ရှိသော ကောင်းဝေ့အန်တို့လည်းပါသည်။
နောက်ဆုံးလူကို ချင်းထျန်းနျန်ပင် မယှဉ်နိုင်ချေ။
အဆင့်ခုနစ်နေရာမှာရှိနေသော အထိန်းတော်မင်ဖြစ်သည်။
အရှေ့ဘက်တွင်မူ ထျန်းယွမ်မင်းဆက်၏တော်ဝင်အစောင့်များရှိနေသည်။
ချင်းထျန်းနျန်သည် ထိုကဲ့သို့သောနေရာချထားသောပုံစံကို မြင်လိုက်ရသောအခါတွင် သူ့ဦးရေပြားထုံသွားသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ဟွမ်ထျန်းမင်သည် သင်္ဘောဦးပိုင်းတွင် မတ်တတ်ရပ်နေလေသည်။
သူသည် ကျယ်လောင်ပြတ်သားလှသောအသံဖြင့် သူ့ကို စစ်ဆေးမေးမြန်းနေသည်။
“ခေါင်းဆောင်ချင်း ခင်ဗျားတို့ကျောင်းတော်ကကျောင်းသားယဲ့ချိုးပိုင်က ကျုပ်တို့နေမဝင်အင်ပါယာရဲ့အမှုထမ်းထျန်းရွှမ်ကို ထျန်းယွမ်မြို့တော်မှာ သတ်ဖြတ်သွားတယ်။ ကျုပ်တို့က အခု ရာဇဝတ်သားကိုဖမ်းဖို့ သီးသန့်ရောက်လာတာ။ သူ့ကို ကျုပ်တို့နေမဝင်အင်ပါယာဆီကို ခေါ်သွားရလိမ့်မယ်”
ချင်းထျန်းနျန်၏အမူအရာ ပျက်ယွင်းသွားရသည်။
အကယ်၍ သူသာ ယဲ့ချိုးပိုင်ကို နေမဝင်အင်ပါယာဆီကို ခေါ်ဆောင်သွားခဲ့ပါက ယဲ့ချိုးပိုင်မှာ အသက်ရှင်သန်ဖို့မျှော်လင့်ချက်ရှိပါဦးမလား။
ယဲ့ချိုးပိုင်သည် လျှို့ဝှက်တာအိုကျောင်းတော်သားတစ်ယောက်ဖြစ်သည်။ သူ့ကို ဘယ်လိုလက်လွှဲနိုင်မလဲ။ သို့သော် သူသည် ပို၍ပင်မယုံကြည်နိုင်စရာကောင်းသည့်အချက်ကို တွေ့လိုက်ရသည်။
ယဲ့ချိုးပိုင်သည် ပင်လယ်ရေလှိုင်းအဆင့်သို့ ဝင်ရောက်ခါစပင်ရှိသေးသည်။ နယ်မြေလေးခုအဆင့်သတ်မှတ်ချက်စာရင်းဝင်လူတစ်ယောက်ကို မည်ကဲ့သို့သတ်နိုင်မည်လဲ။
ဘေးနားရှိ ဓားသိုင်းခန်းမအကြီးအကဲကတော့ တည်ငြိမ်နေသောအမူအရာဖြင့် ဝင်ပြောလေသည်။
“ယဲ့ချိုးပိုင်က ထျန်းရွှမ်ကိုဘယ်လိုလုပ်သတ်နိုင်မှာလဲ။ အရှင့်သားက ယဲ့ချိုးပိုင်ကို အခြေအမြစ်မရှိတဲ့ရာဇဝတ်မှုတစ်ခုနဲ့ စွပ်စွဲနေတာများလား”
နံဘေးရှိ အထိန်းတော်မင်ကလည်း စူးစူးရှရှအသံဖြင့်ပြောလာလေသည်။
“မင်းကများ ရာရာစစပြောရဲရတယ်လို့။ ကျက်သရေသိက္ခာနဲ့ပြည့်စုံတဲ့အရှင့်သားက ဘာလို့လိမ်ရမှာလဲ”
ဖန်ကျင်းယောင်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့်ပြောလေသည်။
“ကျွန်တော်လည်း အဲ့ဒီမှာရှိနေတာ။ အဲ့ဒါကို မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတယ်”
ဓားသိုင်းခန်းမအကြီးအကဲသည် ဆက်လက်ငြင်းခုံချင်သော်လည်း ချင်းထျန်းနျန်က တားဆီးလိုက်သည်။
ယဲ့ချိုးပိုင်က ထျန်းရွှမ်ကိုသတ်တာ၊မသတ်တာက အရေးမကြီးတော့ဘူးဆိုသည်ကို ချင်းထျန်းနျန်နားလည်လိုက်သည်။
သူတို့သည် သက်သက်အကြောင်းရှာနေခြင်းပင်။
ယဲ့ချိုးပိုင်ကို ခေါ်ထုတ်သွားဖို့အကြောင်းပြချက်ရှာနေခြင်းသာဖြစ်၏။
ချင်းထျန်းနျန်တွင် ထိုအကြောင်းပြချက်ကို ပြန်လည်ချေပရန် အထောက်အထားမရှိပေ။
“ဒီကိစ္စကို စုံစမ်းဖို့လိုနေသေးတဲ့အတွက် မှန်မမှန် ပြန်ပြီးဆွေးနွေးပါဦး”
ဟွမ်ထျန်းမင်က ခေါင်းခါပြီး ပြောလာလေသည်။
“ဒီလိုလုပ်လို့မဖြစ်ဘူး။ ထျန်းရွှမ်က ကျုပ်တို့နေမဝင်အင်ပါယာကိုခစားသူတစ်ယောက်ပဲ။ ခင်ဗျားတို့ ကျုပ်ကိုရှင်းပြချက်မပေးနိုင်ရင် နောင်မှာ ကျုပ်တို့နေမဝင်အင်ပါယာအတွင် ဘယ်သူက တာဝန်ထမ်းဆောင်ဖို့ဆန္ဒရှိတော့မှာလဲ”
အထိန်းတော်မင်က စိတ်ကျေနပ်စွာခေါင်းညိတ်ပြလေသည်။
သူ့တွင် အကြောင်းပြချက်နှင့်အထောက်အထားများရှိနေသည်ဖြစ်ရာ အပြောင်းအလဲကို ရင်ဆိုင်ရာတွင် အေးအေးဆေးဆေးပင်။
အိမ်ရှေ့စံမင်းသားသည် တိုင်းပြည်ကိုအုပ်စိုးသူနှင့် ပိုပိုတူလာလေသည်။
ချင်းထျန်းနျန်က ခေါင်းယမ်းပြီးပြောလိုက်သည်။
“ယဲ့ချိုးပိုင်ကို မင်းလက်ထဲ ငါမအပ်နိုင်ဘူး”
ကျောင်းသားတစ်ယောက်ကိုတောင် မကာကွယ်နိုင်လျှင် လျှို့ဝှက်တာအိုကျောင်းတော်သည် အင်အားကျဆင်းသွားလိမ့်မည်ဖြစ်၏။
ထို့ပြင် ယဲ့ချိုးပိုင်၏ပင်ကိုယ်စွမ်းရည်နှင့်ဆိုလျှင် သူသည် အနာဂတ်မှာ ဓားသိုင်းပညာရှိဖြစ်လာမည်မှာ ဧကန်မုချပင်။
ထို့အပြင် သူ၏သခင်မှာ… လုချန်ရှန်းဖြစ်သည်။
သူသည် ဘာမှ ကောင်းကောင်းမွန်မွန်မလုပ်တတ်သော်လည်း လုချန်ရှန်း၏စွမ်းအားကို ထိုးဖောက်မြင်နိုင်စွမ်းမရှိ။
ယခင်တုန်းကတော့ လုချန်ရှန်း၏ကျင့်ကြံရေးအဆင့်က နိမ့်ပါးလွန်းပြီး အရည်အချင်းမပြည့်မီဟုသာ သူထင်ခဲ့သည်။
သူသည် လုချန်ရှန်းအား သူ၏မျိုးဆက်တစ်ယောက်အဖြစ်သာ ဆက်ဆံပြီး သူ့ဘဝလေး တစ်သက်တာလုံးဘေးကင်းစေရန်အာမခံထားသည်။
လုချန်ရှန်းကမူ ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ကို ထူးချွန်ထက်မြက်သောပါရမီရှင်နှစ်ဦးဖြစ်လာအောင် သင်ကြားပေးနိုင်ခဲ့သည်။
ကျင့်ကြံနည်းကို သူ ဘယ်လိုလုပ်မသိဘဲနေပါ့မလဲ။
“ဒါဆို စစ်ပွဲစကြတာပေါ့”
ဟွမ်ထျန်းမင်၏အမူအရာသည် သုန်မှုန်သွားသော်ငြား သူ့မျက်လုံးထဲတွင် အပြုံးအရိပ်အယောင်များ ရှိနေချေသည်။
သူ့အကြံအစည် အောင်မြင်သွားသည်မှာ ထင်ရှားလှသည်။
သိုင်းပညာခန်းမအကြီးအကဲသည် ဒေါသအကြီးဆုံးလူပင်။
သူက ချင်းထျန်းနျန်၏ဘေးမှနေ၍ အော်ဟစ်လိုက်သည်။
“ယဲ့ချိုးပိုင်ကို သူတို့လက်မအပ်နိုင်ဘူး”
ဓားသိုင်းခန်းမအကြီးအကဲသည် ယဲ့ချိုးပိုင်၏အရည်အချင်းကို ကောင်းစွာသိထားသည်။ သူလည်း ခေါင်းညိတ်ပြီးသဘောတူလိုက်သည်။
“အမှန်ပဲ။ အလွန်ဆုံးရှိမှ ငါတို့တိုက်ကြရုံပေါ့”
“ငါတို့လျှို့ဝှက်တာအိုကျောင်းတော်က သူများတွေကို မကြောက်တတ်ဘူး”
ခေါင်းဆောင်ရူ၏အသံမှာ ပဲ့တင်ထပ်သွားပြီး သူ့အမူအရာသည် တည်ငြိမ်လွန်းလှသည်။
ချင်းထျန်းနျန်က သူတို့သဘောထားချင်းတူညီနေသည်ကို မြင်သောအခါ ခေါင်းညိတ်သဘောတူလိုက်သည်။
“ကောင်းပြီ။ တိုက်ကြရအောင်”
ထို့နောက် သူသည် အစီအရင်ခန်းမအကြီးအကဲကို ကြည့်လိုက်သည်။
အစီအရင်ခန်းမအကြီးအကဲကလည်း ထိုအခြင်းအရာကိုမြင်သောအခါ ချင်းထျန်းနျန်ဆိုလိုချင်သောအဓိပ္ပါယ်ကို နားလည်လိုက်သည်။ သူသည် တစ်ဖက်ကိုလှည့်ပြီး ကျောင်းတော်ထဲကိုပြေးဝင်သွားလေတော့သည်။
ချင်းထျန်းနျန်နှင့် အခြားသူများ၏အရှိန်အဝါများ တလူလူမြင့်တက်လာသည်ကိုမြင်သောအခါ ဟွမ်ထျန်းမင်က ခပ်ပြုံးပြုံးဖြင့်ပြောလေသည်။
“ခင်ဗျားတို့ နောင်တမရဖို့မျှော်လင့်ပါတယ်”
ထိုစကားကိုပြောပြီးနောက် ဖန်ကျင်းယောင်သည် ချင်းထျန်းနျန်ရှေ့သို့တိုက်ရိုက်ရောက်ချလာသည်။
“အရင်တုန်းက ငါတို့ကြားမှာ အနိုင်ရသူမရှိခဲ့ဘူး။ အခု ခင်ဗျားက ကျုပ်ထက် ဘာလို့ တစ်ဆင့်ပိုမြင့်နေရတာလဲဆိုတာကြည့်ရအောင်”
ချင်းထျန်းထျန်ကပြုံးလိုက်သည်။
“မင်းသိရမှာပါ”
ဤသို့ဖြင့် သူတို့နှစ်ယောက်သည် ကောင်းကင်ထက်ကိုပျံတက်သွားလေသည်။
ဤနေရာကို စစ်မြေပြင်အဖြစ်အသုံးပြုပါက အခြားသူများကို ထိခိုက်နစ်နာစေမည်ဖြစ်၏။
ထိုအချိန်တွင် ကောင်းဝေ့အန်ကလည်း ဓားသိုင်းခန်းမအကြီးအကဲထံသို့ရောက်ချလာသည်။
ဓားသိုင်းခန်းမအကြီးအကဲသည် သိုင်းပညာခန်းမအကြီးအကဲကို ကြည့်လိုက်သည်။
ဤလူနည်းစုအကြီးအကဲအားလုံးသည် ရေအလျဉ်ပြည့်လျှံရေးအထွတ်အထိပ်အဆင့်တွင် ရှိနေကြသည်။
ကွန်ဖြူးရှပ်ကျောင်းတော်မှအကြီးအကဲများသာလျှင် ချန်းယွမ်အဆင့်နှင့်ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။
တစ်ဦးချင်းတိုက်ပွဲတွင် သူတို့သည် အရှေ့ရှိလူကို မယှဉ်နိုင်ဟုဆိုနိုင်ပေသည်။
ကောင်းဝေ့အန်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ပြောလာလေသည်။
“ခင်ဗျားတို့ အတူတူတိုက်ခိုက်လို့ရတယ်။ မဟုတ်ရင် ခင်ဗျားတို့ ကျုပ်ကိုထိန်းမထားနိုင်မှာကို စိုးရိမ်မိပါရဲ့”
သို့ဖြစ်လေရာ အကြီးအကဲများမှာခေါင်းညိတ်ရုံသာတတ်နိုင်လေသည်။
ယခုအချိန်မှာတော့ တစ်ဖက်လူသည် အဆင့်ခုနစ်နေရာမှာရှိနေသော အထိန်းတော်မင်ဖြစ်နေချေသည်။
ဤသည်မှာ ရန်သူဘက်က အကြီးမားဆုံးသောလျှို့ဝှက်အန္တရာယ်ပင်ဖြစ်သည်။
ချင်းထျန်းနျန်ပင်လျှင် သူ့ကိုမယှဉ်နိုင်ချေ။
ရုတ်ခြည်းပင် ကျောင်းတော်ကြီး၏အတွင်းပိုင်းထဲမှ အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။
ထိုအလင်းတန်းသည် လူအုပ်ကြားထဲသို့ရောက်ရှိသွားသည် ။
ထိုလူမှာ အဘိုးကြီးတစ်ဦးဖြစ်လေသည်။
တကယ်တမ်းတော့ သူ့ခန္ဓာကိုယ်တွင် အသက်အရွယ်ကြောင့်ဆုတ်ယုတ်လာသော အရှိန်အဝါများရှိနေလေသည်။။
အကြီးအကဲများက ချက်ချင်းဦးညွှတ်လိုက်ကြသည်။
အထိန်းတော်မင်က ပြုံးလိုက်သည်။
“ယန်ရှု မင်း အခုထိမသေသေးဘူးလား”
ယန်ရှုသည် တောင်ပိုင်းဒေသရှိလျှို့ဝှက်တာအိုကျောင်းတော်၏အထွတ်အမြတ်အကြီးအကဲဖြစ်သည်။
သူသည် တောင်ပိုင်းဒေသကြီးတွင် အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့်တစ်ဆယ့်သုံးရှိသည်။
ယန်ရှုသည် မျက်လုံးမှိတ်ထားသကဲ့သို့ မျက်ခုံးများကိုနှိမ့်ထားလိုက်သည်။
သူသည် နေဝင်ချိန်နီးနေသောအဘိုးအိုတစ်ဦးကဲ့သို့ ဦးညွှတ်ကာ အားနည်းဖျော့တော့စွာပြောလိုက်သည်။
“ငါ ကျောင်းတော်ကို ထပ်ပြီးကာကွယ်ရမှာပေါ့”
ယန်ရှုသည် မူလက ဆိတ်ငြိမ်ရာကိုသွားရောက်ဖို့စီစဉ်ထားခဲ့သည်။
သူသာသွားလိုက်လျှင် နောက်ထပ် ရက်အနည်းငယ်မျှအသက်ရှင်နိုင်ဦးမည်ဖြစ်၏။
မသွားလျှင်မူ သေရပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်မှာ ဒုက္ခရောက်နေသဖြင့် သူသည် အေးချမ်းဆိတ်ငြိမ်ရာကို တောထွက်ဖို့စွန့်လွှတ်ခဲ့ရသည်။
သူသည် တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်အတွက် နောက်ဆုံးကိစ္စတစ်ခုလုပ်ဆောင်ပေးရန်အတွက် ဤနေရာသို့ရောက်လာရခြင်းပင်။
ဤသည်မှာ ဆိတ်ငြိမ်ရာကို သူတောထွက်သွားလျှင်ပင် သေရတော့မည်ဆိုသည်ကို သိထားသောကြောင့်ပင်။
အထိန်းတော်မင်က ရယ်မောလိုက်လေသည်။
“မင်းက ငါ့ပြိုင်ဘက်မဟုတ်မှာပဲစိုးရိမ်မိတယ်”
သူ့စကားဆုံးသည်မှင့် ကျောင်းတော်ကြီးကို အစီအရင်အဆောင်များက ဝန်းရံထားလိုက်လေသည်။
တဖြည်းဖြည်းနှင့် ကြီးမားလှသောသတ်ဖြတ်ရေးအစီအရင်ကြီးတစ်ခု ပေါ်ပေါက်လာသည်။
ဤသည်မှာ ကျောင်းတော်၏ခံစစ်အစီအရင်ပင်ဖြစ်သည်။
အထိန်းတော်မင်က ခေါင်းတခါခါဖြင့်ပြောလာလေသည်။
“ဒီလိုဆိုရင်တောင် မင်း ငါ့ဆီကနှစ်ချက်လောက်ပဲခံနိုင်မှာ”
နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့်တစ်ဆယ်နေရာသည် အဆင့်ပိုင်းခြားရေးစည်းတစ်ခုအလားပင်။
ထိုအဆင့်၏အရှေ့မှာရှိနေသူများက ပိုမိုသန်မာလာကြသည်။
အစီအရင်တစ်ခုက မလုံလောက်ပေ။
ယန်ရှုလည်း နားလည်သော်ငြား ယခုမူ သူ့မှာရှိသမျှအရာအားလုံးကို ပေးအပ်ရုံသာတတ်နိုင်သည်။
ဟွမ်ထျန်းမင်က ပြုံးလျက်ပြောလေသည်။
“ယဲ့ချိုးပိုင်ကို ကျုပ်တို့ဆီ အခုပဲလွှဲပေးပါ”
“မဟုတ်ရင် ခင်ဗျားတို့တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ကိုဖျက်ဆီးရလိမ့်မယ်”
“ငါဆိုရင်ရော”
ထိုအခိုကိတွင် အထိန်းတော်မင်၏ရှေ့၌ လှံတံရှည်ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦး ပေါ်လာလေသည်။